url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/475-2016-11-23-11-23-41.html
အလွဲသုံးစားနဲ့ အချိန်တွေဖြုန်းမနေနဲ့
မိမိတို့ လူ့ဘဝကလေးဟာ အင်မတန်ရခဲပါတယ်ဆိုတဲ့ ဒုလ္လဘတရားထဲမှာလည်း အပါအဝင်ဖြစ်ပြီး ရထားတာကလေးကိုလည်း အလွဲသုံးစားနဲ့ သုံးပြီး မဖြုန်းဘဲနဲ့ အဖိုးတန်တဲ့အလုပ်နဲ့သုံးပြီး အချိန်ကုန်စေချင်တယ်။ ရခဲတဲ့ဘဝထဲမှာ ဘဝတဏှာခိုင်းတာနဲ့ပဲ အချိန်တွေအလကားဖြုန်းပြီး အိုခြင်းဆိုးတိုးနေတဲ့ဥစ္စာ။ သြော် ..... ငါတို့သည် မရစဖူး အရထူးတာကြီးကို အလွဲသုံးစားသုံးနေပါကလားဆိုတာကလေးကိုလည်း သိစေချင်တယ်။ ဘဝကြီးကို အလွဲသုံးစားနဲ့ အချိန်တွေဖြုန်းလိုက ်တဲ့အတွက် အနာကြီးနာနေတယ်ဆိုတာ သိအောင်လည်းလုပ်ကြဖို့လိုတယ်။ တစ်နေ့တစ်နေ့ အိုခြင်း ဆိုးခြင်းတွေတိုးပြီး နာခြင်းဆိုးဘက်ပြေးသွားတဲ့ဥစ္စာ။ သေခြင်းဆိုးနဲ့ နီးကပ်သွားတာကို မသိလိုက်တဲ့အခါ ရလာတဲ့ဘဝကြီး အလွဲသုံးစားနဲ့ ဖြုန်းလိုက်တာ သေချာတယ်ဆိုတာ ဘာမျှပြောစရာမလိုတော့ဘူး။ ဒါကြောင့် ဒီနေ့ကစပြီး အလွဲသုံးစားဇာတ်ကို အသိမ်းကြီးသိမ်း၍ အငြိမ်းကြီးငြိမ်းတဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်သန်သန်ထွားထွားကြီးမွေးရမယ်။ ၀ိပဿနာဆိုတာ နာမ်ခန္ဓာဉာဏ်ကပ်၍ ကံဖြတ်တဲ့အလုပ်မို့ သိရုံနှင့်မပြီးဘူး၊ ကျင့်မှရမယ်။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန်ရမှာ။ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။ လူပြော၊ သူပြော၊ အရင်ကပြောတာတွေကို မယုံပါနှင့်။ ခန္ဓာက ပြောတာကို အယုံကြီးယုံပါ။ ခန္ဓာကိုယ်ရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု၊ ပျက်မှုပဲရှိတယ်။ ရည်ညွှန်း - “ဓမ္မသံဝေဂနှင့်သြဝါဒကထာများ” မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလ
https://www.dhammaransi.com/index.php/new/476-2016-11-23-11-22-44.html
သစ္စာသိပြီးမှ လှုပါ
“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။ ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။ ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက် ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။ ပေါ်လိုက် ပျောက်လိုက်။ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်တွေ ချည်း တွေ့နေရမှာပဲ။ ပကတိမျက်စိနဲ့တွေ့ရမှာ မဟုတ်ဘူးနော်။ ဉာဏ်မျက်စိနဲ့သာ တွေ့ရမှာ.။ အဲ့ဒါတွေဟာ ဒုက္ခသစ္စာတွေချည်းပဲပေါ့။ ဘယ်မှာမရတော့ဘူးပေါ့။ အကောင်းဆိုလို့ ရမလဲ။ အဲ့ဒါတွေကိုမမြင်ကြလို့ အကောင်းတွေ ထင်ပြီးတော့ အဲ့ဒီရုပ်နာမ် ဘဝတွေကို တောင်းနေကြတာ။ တောင်းတော့ ရရော။ ရတော့ ဒုက္ခထဲ ပြန်နစ်ကရော။ အခုလို ဒုက္ခသစ္စာတွေကိုမြင်ထားတော့ အကောင်းတွေ မဟုတ်ဘူး ဆိုတာ သိရော။ သိတော့ အဲ့ဒီ ဒုက္ခသစ္စာတွေကိုတောင်းဦးမလား။ မတောင်းတော့ဘူး။ မတောင်းတော့ ဘာကိုပြောင်းပြီး တောင်းသလဲဆိုတော့ အဲ့ဒီ ဒုက္ခသစ္စာတွေမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ တောင့်တ တော့တယ်။ အဲ့ဒီလိုဖြစ်အောင်လို့ ဦးစွာပထမ ဒုက္ခသစ္စာကို သိအောင်လုပ်ပါ။ ပြီးမှ လှုပါလို့ ညွှန်ကြား ညွှန်ကြားနေရတာ။ အမှန်မှာ ဝဋ်ကို မတောင့်တမိအောင် ရှေးဆရာတော်ဘုရားကြီးများ ပြုပြင်ပေးကြသလို ၀ိဝဋ္ဋ ဒါန ဖြစ်အောင် ညွှန်ကြားတော်မူခြင်းပင် ဖြစ်၏။ အသစ် အဆန်းထွင်သည် မဟုတ်ချေ။ (မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘဝ သာသနာ မှ) # အလင်းတန်း မေတ္တာအရှင်
https://www.dhammaransi.com/index.php/new/477-2016-11-23-11-22-15.html
တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့်အကျိုးတရားများ
တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့်အကျိုးတရားများ ======================================= မိမိတို့နေ့စဉ်တရားတွေနာကြားခြင်း၊ဘာသာရေးဆောင်းပါများဘာသာရေးစာပေများ၊ တရားစာများကိုဖတ်ရှုခြင်းသည်အကျိုးမမဲ့ဘဲ ကောင်းကျိုးများကိုရစေတတ်တယ်၊ ကုသိုလ်တရားများကိုရစေတတ်တယ်ဆိုတဲ့အကြောင်းကိုသိစေချင်ပါတယ်။ တရားနာခြင်း(သို့)တရားဖတ်ခြင်းကို ဓမ္မဿဝနလို့ခေါ်ပါတယ်။တရားနားခြင်းကြောင့် (၁)။မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊ (၂)။ကြားဖူးသော အကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နာကြားရခြင်း။ (၃)။ယုံမှားသံသယဖြစ်နေသော အချက်များ၌ ယုံမှားပင်းရခြင်း။ (၄)။အယူမှန် သမ္မာဒိဋ္ဌိကိုရခြင်း။ (၅)။သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်းဟူသော အကျိုးတရားငါးပါကိုရစေပါတယ်။ဒါကတရားကိုတကယ်နာချင်တဲ့စိတ်နဲ့နားကြားမှသာလျင် အထက်ပါအကျိုးငါးပါးနဲ့ပြည့်စုံပါမှာ။ဆိုလိုတာက တရားနာလျင်ဒီအကျိုးတရားတွေရမယ်။ဒီအကျိုးတရားတွေကို ရည်သန်ပြီးနာမှသာလျင် ဓမ္မဿဝနအစ်ဖြစ်ပြီး အထက်ပါအကျိုးတရားများကိုရမှာဖြစ်ပါတယ်။ တကယ်လို့များ ဓမ္မကထိက(တရားဟောဆရာ)ကိုခင်မင်၍ဖြစ်စေ။တရားနာရင်းရယ်စရာ၊မောစရာအသောပါသဖြင့် ပျော်ရွှင်ချင်တဲ့စိတ်ထားဖြင့်ဖြစ်စေ၊တရားမနာလို့သူများကဲ့ရဲ့မှာဆိုးလို့ဖြစ်စေ၊တရားကိုနာဖော်မရဘူး၊ အပျင်းထူလိုက်တာ ဟုကဲ့ရဲ့ရှု့ံချမှာဆိုးလို့ဖြစ်စေ၊သူများအထင်ကြီးအောင် (ဒီလူကဘုရားအလုပ်၊တရားအလုပ်၊သာသနာ့အလုပ်ကိုတကယ်လုပ်တဲ့သူ) စတဲ့ချီးမွမ်းမှုများကိုရလို၍ဖြစ်စေ၊ထိုမှတစ်ဖန် တရားဟောသော ဆရာတော်ရဲ့အရည်ချင်းကိုစီစစ်လိုပြီးအရည်အချင်းနည်းလျင်ကဲ့ရဲ့မည် စတဲ့မကောင်းတဲ့စိတ်ထားဖြင့်ဖြစ်စေ တရားနာမည်ဆိုလျင်တော့ ဓမ္မဿဝန(တရားနာမှုအစစ်)မဟုတ်ပဲ ဓမ္မဿဝန အတုသာဖြစ်တဲ့အတွက် ထိုအကျိုးတရားများကိုရနိုင်မည်မဟုတ်ပါ။သေချာဂရုစိုက်ပြီး(ဓမ္မဿဝန)အစစ်ဖြစ်ဖို့လိုအပ်ပါတယ်။သို့မှသာ အထက်ဖော်ပြထားတဲ့အချက်(၅)ချက်နဲ့ပြည်စုံမှာဖြစ်ပါတယ်။ထိုသို့ပြည့်စုံခြင်းသည်ပင်လျှင် ကုသိုလ်အရာဖြစ်တယ်လို့ဆိုရမှာပါ။ နောက်တရားစာတွေ၊ဘာသာရေးစာပေတွေဖတ်တာဟာ ဓမ္မဿဝနကုသိုလ်ဖြစ်ပါတယ်။အကျိုးများလည်းများသလို ကုသိုလ်လည်းဖြစ်ပါတယ်။တရားနာခြင်းကြောင့်ရနိုင်တဲ့အကျိုးတရားငါးပါးသည် တရားစာဖတ်ခြင်း၊ဘာသာရေးစာပေတွေဖတ်ရင်လည်းထိုအကျိုးတရားငါးပါးကိုရနိုင်ပါတယ်။ တရားနာနေတဲ့အချိန်လေးမှာ၊တရားစာတွေဖတ်နေတဲ့အချိန်လေးမှာ မိမိစိတ်က အခြား အကုသိုလ်ဖြစ်စေမည့် အာရုံများသို့မရောက်နေပဲ၊တရားအာရုံပေါ်ကျရောက်နေတဲ့အတွက် မြတ်စွာဘုရားရှင်အပေါ်၌ ကြည်ညိုမှုသဒ္ဓါတရားတွေ၊ဆရာတော်များဟောတဲ့တရားတွေ၊ ဆရာတော်များရေးတဲ့ဘာသာရေးဆောင်းပါးတွေဟာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဖော်ထုတ်ခဲ့တဲ့ သဘာဝအရှိတရားတွေပဲဆိုတဲ့အသိတွေ၊ထိုတရားတွေကို တကယ်ကျင့်ကြံမယ်ဆိုရင် လက်ငင်းအကျိုးရနိုင်တဲ့တရားဂုဏ်တော်တွေကို အောက်မေ့နှလုံးသွင်းမိတဲ့အတွက် တရားပေါ်၌လဲ သက်ဝင်ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါပညာတွေ၊မြတ်စွာဘုရားပဋိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း မြတ်စွာဘုရားဟောဖော်တော်မူခဲ့တဲ့တရားတော်တွေကို မြတ်စွာဘုရားရှင်၏တပည့်သားတော် အရှင်မဟာကဿပ၊အရှင်အာနန္ဒာရဟန္တာမထေရ်မှစ၍ ယခုခေတ် မျက်မှောက်သံဃာတော်များ လက်ဆင့်ကမ်းသယ်ဆောင်လာလို့ ဒီတရားတွေနားကြားရတယ်ဆိုပြီး တရားတော်ကို သယ်ဆောင်တော်မူခဲ့တဲ့ သုပ္ပဋိပန႖စတဲ့ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတဲ့ သံဃာတော်တွေရဲ့ဂုဏ်ကိုကြည်ညိုမိတဲ့ သဒ္ဓါတရားတွေကြီးထွားလာပါတယ်။ တရားတော်တွေကိုနာကြားလိုက်တော့ဒါကအကုသိုလ်တရား၊မဆောင်အပ်၊နှလုံးမသွင်းအပ်၊ မပေါင်းဖော်အပ်တဲ့တရား၊ဒါက ကုသိုလ်တရား ဆောင်သင့်အပ်၊နှလုံးသွင်းအပ်၊ပေါင်းဖော်အပ်၊ပြုလုပ်အပ်တဲ့တရား၊ အကုသိုလ်တရားကတော့ငရဲစတဲ့အပါယ်လေးပါးကိုရောက်စေတတ်တဲ့တရား၊ ဒါနတရားကတော့ဖြစ်လေရာဘဝတိုင်း ချမ်းသာခြင်းကိုဆောင်တတ်တဲ့တရား၊သီလတရားကတော့ ဖြစ်လေရာဘဝမှာ အသက်ရှည်စေတတ်၊အနာရောဂါကင်းစေတတ်တဲ့တရား၊ဘာဝနာတရားကတော့ ဖြစ်လေရာဘဝမှာစိတ်ချမ်းသာစေတတ်၊စိတ်ဓာတ်တွေတည်ကြည်စေတတ်တဲ့တရား၊ စိတ်ဆင်းရဲမှုကင်းစေတတ်တဲ့တရား၊အချုပ်အနှောင်အချမခံရပဲ အချုပ်အနှောင်မှလွတ်ကင်းစေတတ်တဲ့တရား၊ဝိပဿနာတရားကတော့ မဂ်ဉာဏ်၊ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုရောက်စေတတ်တဲ့တရားဆိုပြီး ပိုင်ပိုင်နိုင်နိုင် ခွဲခြားနိုင်တဲ့ “ပညာ”တရားများလည်းတိုးပွားနိုင်ပါတယ်။ဒါကြောင့်နံပါတ်(၅)မှာသဒ္ဒါ၊ပညာတိုးပွားပြီး စိတ်ကြည်လင်ခြင်းဆိုပြီး အကျိုးတရားတစ်ပါးကိုထည့်သွင်းရေတွက်ထားတာပါ။ ဒီလိုသဒ္ဓါ၊ပညာတိုးလာခြင်းသည်ပင်ကုသိုလ်တရားများရလိုက်ခြင်းပင် ဖြစ်ပါတယ်။ မိမိနားကြားထားတဲ့၊မိမိဖတ်ထားတဲ့ တရားတစ်ခုလောက်ကိုပဲ သေခါနီးအချိန်ထိ ယူဆောင်ကျင့်ကြံလိုက်မယ်ဆိုရင်အတော်ကို အကျိုးထူးပါတယ်။(ဥပမာ)မေတ္တာတစ်လုံးကို ယူပြီး အရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာရှိတဲ့ အလုံးစုံသော သတ္တဝါများကို မေတ္တာပို့ကြည့်ပါ။လက်ငင်းအချိန်လည်းအေးချမ်းသလို၊သေဆုံးသွားရင်တောင် ဗြဟ္မာဘုံထိရောက်နိုင်ပါတယ်။တရားနာရင်းသေလို့ နတ်ပြည်ရောက်သွားတဲ့ သာဓကတွေ၊ဝတ္ထုတွေရှိပါတယ်။ ဒါကြောင့်အားလုံးသော သူများလည်း အချိန်ရလျင် ရသလောက်တရားနာစေချင်ပါတယ်။အချိန်ရရင် ရသလောက် ဘာသာရေးစာပေ၊တရားစာပေများကိုဖတ်စေချင်ပါတယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ
https://www.dhammaransi.com/index.php/new/478-2016-11-21-02-15-05.html
“အယုတ်အမြတ် ခုနှစ်ဖြာ သိဖွယ်ရာ”
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဘုံဘဝတို့သည် အကျဉ်းချုပ်အားဖြင့် သုဂတိဘုံဘဝ= ကောင်းမြတ်သော ဘုံဘဝ၊ဒုဂ္ဂတိဘုံဘဝ= မကောင်း ယုတ်ညံ့သော ဘုံဘဝဟူ၍ (၂)မျိုးး ဖြစ်ပေသည်။ ထို(၂)မျိုးတို့တွင် လူ့ဘုံဘဝသည် ကောင်းမြတ်သော ဘုံဘဝဖြစ်ပေသည် လူပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော လူ့ဘုံဘဝ၌ ဖြစ်ရတာချင်းတူကြပါသော်လည်း အချို့က ယုတ်ညံ့နေကြပေသည်။ အချို့က မြင့်မြတ်နေကြပေသည်။ ယင်းကဲ့သို့ အချို့က ယုတ်ညံ့နေ၍ အချို့က မြင့်မြတ်နေရခြင်း အကြောင်းကို မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုဘအမည်ရှိသည့် လူငယ်တစ်ယောက်က မြတ်စွာဘုရားအား လျှောက်ထားသည်မှာ မြတ်စွာဘုရား လူတို့သည် - (၁)။ အချို့က အသက်တိုကြ၊ အချို့က အသက်ရှည်ကြ၊ (၂)။ အချို့က အနာများကြ၊ အချို့က အနာနည်းကြ၊ (၃)။ အချို့က အဆင်းမလှကြ၊ အချို့က အဆင်းလှကြ၊ (၄)။ အချို့က တန်ခိုးနည်းကြ၊ အချို့က တန်ခိုးကြီးကြ၊ (၅)။အချို့က ပစ္စည်းရှားကြ၊အချို့က ပစ္စည်းပေါများကြ၊ (၆)။ အချို့က အမျိုးယုတ်ကြ၊ အချို့က အမျိုးးမြင့်မြတ်ကြ။ (၇)။ အချို့က ပညာနည်းပါးကြ၊ အချို့က ပညာကြီးမား ကြ၍ အယုတ်အမြတ်အားဖြင့် ဖြစ်နေကြတာကို တွေ့မြင်ရပါသည်ဘုရား။ (ဥပရိပဏ္ဏာသ-၂၄၃) ယခုလို အယုတ်အမြတ်အားဖြင့် ဖြစ်ကြရသည်မှာ ဘာ့ကြောင့် ပါလဲဘုရားဟု လျှောက်ထားသဖြင့် မြတ်စွာဘုရားက ပုဂ္ဂိုလ်သတ္တဝါတို့အယုတ်အမြတ်အားဖြင့် ဖြစ်ကြရခြင်းအကြောင်းမှာ ပုဂ္ဂိုလ်သတ္တဝါတို့ ပြုအပ်သော ကံကြောင့်ပင် ဖြစ်ကြရပေသည်ဟု ဟောကြားတော်မူလိုက်ပါသည်။ ❖(၁)။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည့် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်မရှည်ကြ။ အသက်တိုကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)ကံ ကို မပြုကြပေ။ ရှောင်ကြဉ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်ရှည်ခြင်းနှင့် ပြည့်စုံကြရပေသည်။ ❖(၂)။အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်း ကင်းမဲ့၍ တုတ် စသည်ဖြင့် ညှဉ်းဆဲခြင်း(ဝိဟေဌက) ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အနာရောဂါ များကြရပေသည်။ မကျန်းမမာ ဖြစ်နေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်းရှိသည် ဖြစ်၍ ညှဉ်းဆဲခြင်း (ဝိဟေဌက)ကံကို မပြုကြပေ။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန် သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ဗြဟ္မာပြည် တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် အနာရောဂါကင်းခြင်း၊ကျန်းမာခြင်းနှင့် ပြည့်စုံ ကြပေသည်။ ❖(၃)။အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသ ထွက်ခြင်းများ၍၊မကောင်းသော ကိုယ်မှုနှုတ်မှု တို့ကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန် သွားသောအခါ အပါယ်ငရဲသို့ ကျရောက် ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန် ဖြစ်ကြလျှင် အဆင်းမလှဘဲ အလွန် အရုပ်ဆိုးနေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသထွက်ခြင်းမရှိဘဲ၊ မေတ္တာရှေ့ထား၍ ကိုယ်မှု၊နှုတ်မှုများကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန် ဖြစ်ကြလျှင် ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းနှင့် ပြည့်စုံကြရပေသည်။ ❖(၄)။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့လာဘ်ရခြင်း၊ အပူဇော်ခံရခြင်း စသည်များကို တွေ့မြင်ရသောအခါ မကျေနပ်ကြ၊ဣဿဖြင့် ငြူစူတတ်ကြကုန်၏။ ပြစ်မှားတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် လူ့ပြည်၌ ပြန်ဖြစ်ကြရလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ဘုန်းကံ မရှိခြင်း ဖြစ်ကြရပေသည်။ အရာရာတွင် အောက်ကျ နောက်ကျ၊ မကြည်မသာ ဖြစ်နေတတ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့ လာဘ်ရခြင်း၊ အပူဇော်ခံရခြင်း စသည်တို့ကို တွေ့မြင်ရသောအခါ မငြူစူကြကုန်။ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ဘုန်းကံကြီးးမားကြပေသည်။ အရာရာတွင် ရှေ့တန်းမှနေရ၍ ကြည်သာ ရွှင်လန်းလျက် ရှိကြပေသည်။ ❖(၅)။အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊ လှူသင့်လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူခြင်း မပြုကြကုန်၊မပေးလှူဘဲ နေတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် အပါယ်ငရဲသို့ ကျရောက်သွားတတ်ကြပေသည်။ (ပစ္စည်းဥစ္စာတို့၌ စွဲလမ်းမူကြောင့် ပြိတ္တာများ ဖြစ်နေတတ်ကြပေသည်။) အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ရှားပါးနေတတ်ကြ၊ မရှိနွမ်းပါးနေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊လှူသင့် လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ပေါများကြွယ်ဝနေတတ်ကြပေသည်။ ❖(၆)။အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနကြီးး၍ ရှိခိုးထိုက်သူ၊ အရို အသေ ပြုထိုက်သူ၊ အလေးပြုထိုက်သူများကို ရှိမခိုး၊ အရိုအသေမပြု၊အလေးမပြုဘဲ နေကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ ပြန်ဖြစ်ကြလျှင် ဒွန်းစဏ္ဍားစသည့် ယုတ်နိမ့်သော အမျိုးအနွယ်တို့၌ ဖြစ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနမကြီးမူ၍ နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍ ရှိခိုးထိုက်သူ၊ အရိုအသေပြုထိုက်သူ၊ အလေးပြုထိုက်သူတို့ကို ရှိခိုးကြကုန်၏။ အရိုအသေပြုကြကုန်၏။ အလေးပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် မင်းမျိုး သူဌေးမျိုး စသည့် မြင့်မြတ်သော အမျိုးအနွယ်တို့၌ ဖြစ်ကြရပေသည်။ ❖(၇)။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းကား ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ် ၊မဖြစ်၊ အပြစ်ရှိ၊မရှိ၊ ဤပုဂ္ဂိုလ်များကို မှီဝဲအပ် မမှီဝဲအပ် စသည့် မေးမြန်းဖွယ်များကို မမေးမြန်းဘဲ နေကြကုန်၏။ အမှားမှားအယွင်းယွင်း ပြုလုပ်တတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပညာနည်းပါး၊ ပညာမဲ့သူများ ဖြစ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းသည်ကား ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ်၊မဖြစ်၊ အပြစ်ရှိ မရှိ၊ ဤပုဂ္ဂိုလ်များကို မှီဝဲအပ်၊မမှီဝဲအပ် စသည်ဖြင့် မေးမြန်းတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ဖြစ်ကြရလျှင်၊ သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြရပေသည်။ ဤကဲသို့ ပုဂ္ဂိုလ်သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ်နှင့် မြင့်မြတ်သည်၏အဖြစ်တို့သည် ကံကြောင့်သာ ဖြစ်ကြရပေသည်ဟု မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါသည်။ သို့ဖြစ်၍ မြင့်မြတ်သည့်အဖြစ်ကို အလိုရှိကြသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် မြင့်မြတ်ကြောင်း ဖြစ်သောကံ(၇)မျိုး တို့ကိုသာ ပြုကြရမည် ဖြစ်ပေသည်။
https://www.dhammaransi.com/index.php/new/479-2016-11-20-05-37-10.html
မမေ့မလျော့ ပြုလုပ်ရမည့် တရားများ
ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။ တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။ နောင်တ ၁၀-မျိုးကား ၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။ ၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။ ၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။ ၄။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။ ၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။ ၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။ ၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။ ၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။ ၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။ ၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။ အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။ ( ဉာဏ်လင်းအောင် ) ( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )
https://www.dhammaransi.com/index.php/new/480-2016-11-20-05-33-52.html
သမ္မာဒိဌိ နဲ့ သဒ္ဒါတရား
သမ္မာဒိဌိနဲ့ သဒ္ဒါတရား မိမိရဲ့ စိတ်သန္တာန်မှာ ကိန်းနေအောင် ဘယ်လိုအားထုတ်ရမလည်းလို့ မေးရင် သဒ္ဒါတရား ဆိုတဲ့ အဓိပ္ဖါယ်ကို သေချာသိနေဖို့ လိုအပ်ပါတယ်.အဲဒီတော့ သဒ္ဒါတရား အကြောင်းကို အရင်ဦးဆုံး လေ့လာရပါလိမ့်မယ်. ဘာကြောင့်လည်းဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ဘာလုပ်နေမှန်းသိမှ လုပ်နေတဲ့ အလုပ်တိုင်းဟာ အဓိပ္ဖါယ်ရှိမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ. သဒ္ဒါတရားဆိုတာ ယုံကြည်ခြင်းလို့ အဓိပ္ဖါယ်ရပါတယ်. ဘာကို ယုံကြည်ရမှာလည်းလို့ မေးရင် ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်းကို သဒ္ဒါလို့ ခေါ်ပါတယ်.ဘယ်ကံတွေကို ယုံကြည်ရင် သဒ္ဒါတရားဖြစ်မှာလည်းလို့ ဆက်မေးရင် လူတွေဟာ နေ့စဉ်နေ့တိုင်း မိမိနဲ့ မိမိ မိသားစု စားဖို့ ဝတ်ဖို့ နေဖို့ တစ်နည်း စားဝတ်နေရေးလို့ ခေါ်တဲ့ ဘဝရပ်တည်မှု ကိစ္စတွေကို မိမိတက်စွမ်းတဲ့ ကာယအားတွေ ဉာဏအားတွေကို အသုံးပြုရင်း ရုန်းကန်ရှာဖွေလုပ်ကိုင်နေကြရပါတယ်. အဲဒီလို လုပ်နေတဲ့နေရာမှာ ပကတိမျက်စိနဲ့ ကြည့်ရင် ဆိုက်ကားနင်းတဲ့ အလုပ် ကားမောင်းတဲ့ အလုပ် စျေးရောင်းတဲ့ အလုပ် ရုံးအလုပ် စသည်ဖြင့် အမည်နာမကွဲတွေ အများကြီးကို မြင်တွေ့နေကြရမှာပါ. မြတ်စွာ ဗုဒ္ဒဘုရားရှင်ဟာ အဲဒီလို မြင်တာ တွေဟာ သတ်မှတ်ချက်တွေကို ကြည့်နေလို့ သတ်မှတ်ချက်အတိုင်းသာ မြင်တွေ့နေကြရတာပါ.အဲဒါတွေကို ပညတ်ချက်လို့ ခေါ်ပါတယ်. တစ်နည်း သမုတိသစ္စာလို့ ခေါ်ပါတယ်.အဲဒီ သမုတိသစ္စာ ဆိုတာဟာ လောက လူသားတွေ အချင်းချင်း နားလည်ရလွယ်ကူအောင် ဆက်သွယ်ပြောဆိုရလွယ်ကူအောင် သတ်မှတ် ထားတာတွေပဲလို့ နားလည်လိုက်မယ်ဆိုရင် သမုတိသစ္စာရဲ့ သဘောကို လက်ခံတယ်လို့ ခေါ်ပါတယ်. အဲဒီ သမုတိသစ္စာရဲ့ နောက်မှာ ပရမတ်သစ္စာလို့ ခေါ်တဲ့ မှန်ကန်တဲ့ သစ္စာတရားတစ်ခုရှိနေတယ်လို့ မြတ်စွာ ဘုရားရှင်ဟာ လောက လူသားတွေ ကောင်းကျိုးကို ရည်ရွယ်ပြီး ဟောပြခဲ့ပါတယ်. အဲဒါကတော့ အဲဒီ ဆိုက်ကားနင်းတဲ့ အလုပ် ကားမောင်းတဲ့ အလုပ် စျေးရောင်းတဲ့ အလုပ် ရုံးအလုပ် စတဲ့ အမည်နာမတွေကို ဉာဏ်မျက်စိနဲ့ ခွဲခြမ်း စိတ်ဖြာပြီး ကြည့်လိုက်ရင် ဆိုက်ကားနင်း ကားမောင်း စျေးရောင်း ရုံး စတဲ့ ရှေ့က သတ်မှတ်ချက်တွေကွဲလွဲသွား ပေမဲ့ နောက်က အလုပ်ဆိုတာဟာ တူညီနေပါတယ်. အဲဒီ အလုပ်ကို လုပ်နေရင် အဲဒီအလုပ်က ရတဲ့ အကျိုးတရားတွေကို မိမိနေ့စဉ် ခံစားနေရတာဟာလည်း လူတိုင်းသိပြီးသားဖြစ်ပါတယ်. အဲဒီ အလုပ်ဟာပဲ ကံ လို့ ခေါ်ပါတယ်. အဲဒီ အလုပ်တွေကို မိမိ ဘယ်လိုလုပ်သလည်းဆိုတဲ့အပေါ် မူတည်ပြီး ရလာတဲ့ အကျိုးတရားတွေဟာ ကွဲသွားတယ်ဆိုတာလည်း လူတိုင်း မငြင်းနိုင်ပါဘူး. အဲဒီအလုပ်ဟာ ကံပါပဲ. ဉာဏ်ပညာ မျက်စိနဲ့ ကြည့်လိုက်ရင် မြတ်စွာ ဘုရားရှင်ဟာ လူတိုင်းနေ့စဉ် လုပ်နေတဲ့ အလုပ်တွေဟာ ကာယကံ နဲ့ လုပ်ကြ ရတယ် ဝစီကံနဲ့ ပြောဆိုရတယ်. မနောကံနဲ့ ကြံစည်တွေးတော ကြရတယ်.အဲဒီ ကံတွေဟာပဲ ဒီနေ့လုပ်လိုက်ရင် နောက်နေ့မှာ အတိတ်ကံ ဖြစ်သွားပြီး မိမိဘဝမှာ အကြောင်းတိုက်ဆိုင်တိုင်း အကျိုးပေးနေတယ်လို့ ဟောပြခဲ့ပါတယ်. အဲဒီလို့ မိမိရဲ့ ကာယကံအမှု ဝစီကံအမှု မနောကံ အမှုတွေဟာ မိမိရည်ရွယ်ထားတဲ့အတိုင်း ပြောတဲ့အတိုင်း လုပ်တဲ့အတိုင်း မိမိကို ပြန်ပြီး အကျိုးပေးနေတယ်လို့ လက်ခံယုံကြည်ခြင်းဟာပဲ ကံ ကံ၏အကျိုး ကိုယုံကြည်ခြင်းလို့ ခေါ်ပါတယ်. အဲဒီလို မိမိပြုလုပ်လိုက်တဲ့ ကံတွေဟာ မိမိကို ပြန်ပြီး အကျိုးပေးနေတယ်လို့ လက်ခံယုံကြည်ခြင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်လက်ခံလိုက်တဲ့ အကြောင်းတရားတစ်ခုဟာ ဟုတ်လည်း ဟုတ်တယ် မှန်လည်းမှန်လည်း လိုက်နာကျင့်သုံးလိုက်ရင်လည်း အကျိုးရှိမှာ သေချာတဲ့ အကြောင်းတရား ဖြစ်တဲ့ အတွက် သမ္မာလို့ ခေါ်ပြီး ဒီလို ယူဆလိုက်တာဟာ ဒိဌိလို့ ခေါ်ပါတယ်. ဒီလို မိမိပြုလုပ်လိုက်တဲ့ ကံနဲ့ အဲဒီ ကံရဲ့ အကျိုးတရားကို ယုံလိုက်တာကိုပဲ သမ္မာဒိဌိ အယူမှန်တယ်လို့ ခေါ်ပါတယ်. အဲဒီအယူအဆလေး ဟာ ဟုတ်လည်းဟုတ်တယ် မှန်လည်းမှန်တယ် လိုက်နာကျင့်သုံးရင်လည်း အကျိုးလည်းရှိတယ်လို့ သိလိုက်တဲ့ အသိလေးဟာပဲ မိမိရဲ့စိတ်မှာ မိမိရဲ့ ယူဆချက်ကြောင့် တစ်နည်း တရားကို နှလုံးသွင်းမိလိုက်တဲ့ အတွက်မိမိရဲ့ စိတ်ကို ကြည်စေပါတယ်. ဒါကိုပဲ ယုံတယ် ယုံလိုက်တဲ့ ထင်မြင်ယူဆချက်ဟာ ဓမ္မလမ်းကြောင်းပေါ်မှာ ဖြစ်တဲ့ အတွက် စိတ်ကို ကြည်လင်စေပါတယ်.ဒါကိုပဲ ယုံကြည်ခြင်း သဒ္ဒါတရားလို့ ခေါ်ပါတယ်.အဲဒီသဒ္ဒါတရားလေး မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်စေတယ်. ဖြစ်ပေါ်စေရုံနဲ့ ပြီးသလားလို့ မေးရင် မပြီးပါဘူး. အဲဒီ စိတ်ရဲ့ အစွမ်းသတ္တိ လေးကို မိမိရဲ့ စရဏ စွမ်းအားကို အသုံးချပြီး မိမိရဲ့ သွေးထဲမှာ ကိန်းနေအောင် အားထုတ်ရပါမယ်. သိယုံလေးနဲ့ မပြီးဘူးလို့ ဆိုလိုခြင်းပါ.အသိရဲ့ နောက်မှာ အကျင့်ကို အားကိုးပြီး ထိုအသိလေး စွဲနေအောင် အားထုတ်ရပါမယ်. အဲဒီလို အားထုတ်လိုက်မယ်ဆိုရင်. မကောင်းတဲ့လူဟာ ကောင်းတဲ့လူတွေ ဖြစ်လာမယ် ကောင်းတဲ့လူတွေဟာ လည်း ပိုပြီးကောင်းလာမယ်.အဲဒီလို ကောင်းလာဖို့ကြတော့ အချက်နှစ်ချက်နဲ့ ပြည့်စုံရပါတယ်. ပထမ အချက် ကတော့ ကလျာနမိတ္တလို့ ခေါ်တဲ့ မိတ်ဆွေကောင်းရှိခြင်းနဲ့ ဒုတိယအချက်ကတော့ ပရိယူပဒေသဝါသောစလို့ ခေါ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာဒေသရှိခြင်းပါပဲ.မကောင်းတဲ့လူတစ်ယောက်ရဲ့ စိတ်သန္တာန်မှာ အဲဒီ ကံ ကံ၏အကျိုးကို ယုံကြည်လာပြီဆိုရင် သူ့မှာ မိတ်ဆွေကောင်းရှိမှ အဲဒီမိတ်ဆွေကောင်းက ကောင်းတာတွေ လုပ်ဖို့ ပြောမယ် ကူညီမယ်ဆိုရင် လွယ်ကူစွာ လုပ်နိုင်မှာ ဖြစ်ပါတယ်. အဲဒီမိတ်ဆွေကောင်းမရှိရင် ပရိယူပဒေသ ၀ါသောစလို့ ခေါ်တဲ့မင်္ဂလာတရားနဲ့ အညီ ပတ်ဝန်းကျင်ကောင်းဖို့ လိုအပ်ပါတယ်.အဲဒီတော့မှ အဲဒီ ပတ်ဝန်းကျင် ရဲ့ ထောက်ပံ့မှုကြောင့် မကောင်းတာတွေကို ရှောင်နိုင်လာမှာ ဖြစ်ပါတယ်.ကောင်းတဲ့လူအဖို့တော့ အဲဒီလိုဆိုရင် ပိုကောင်းလာပါတယ်. အဲဒီလို မိမိရဲ့ ကံနဲ့ မိမိလုပ်လိုက်တဲ့ ကံဟာ မိမိကို အကျိုးပေးနေတယ်လို့ ယူဆလိုက်တဲ့ ယူဆချက်လေးဟာ ကံတရားနဲ့ ပတ်သတ်ပြီး ဓမ္မအတိုင်းလက်ခံလိုက်တာပါပဲ.အဲဒါဟာ သမ္မာဒိဌိပါပဲ.အဲဒီသမ္မာ ဒိဌိဆိုတဲ့ မဂ္ဖင်တရားလေး မိမိရဲ့ သန္တာန်မှာ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သဒ္ဒါတရားဖြစ်ဖို့ တံခါးပွင့်သွားပြီး သဒ္ဒါ တရားဟာ မိမိရဲ့စိတ်သန္တာန်မှာ ဝင်ခွင့် ဖြစ်ခွင့်ရသွားပါပြီ. အဲဒီလို မနောကံထဲမှာ ဖြစ်နေတာတွေကို ဝစီကံနဲ့ပြော မယ် ကာယကံနဲ့ လုပ်နေမယ်ဆိုရင် ဒါဟာ သဒ္ဒါတရားကို သိလည်းသိသွားပြီး အဲဒီသဒ္ဒါတရားကြောင့်ဖြစ်တဲ့ စိတ်ရဲ့ အနေအထားကိုလည်း ခံစားမိပြီဆိုရင် ဓမ္မကိုသိတဲ့သူလို့ ခေါ်လို့ ရပါပြီ. အဲဒီနောက် အဲဒီသူဟာ မိမိရဲ့ ကာယကံတွေဟာ မကောင်းတာတွေလုပ်ခဲ့မယ် ဝစီကံကလည်း မကောင်းတာတွေကို ပြောခဲ့မယ်. မနောကံ ကလည်း မကောင်းတာတွေကို တွေးခဲ့မယ်ဆိုရင်တောင် အဲဒီမကောင်းတာတွေကို သိခွင့်ရှိသွားပါတယ်. အဲဒါ ဟာ သမ္မာဒိဌိလို့ခေါ်တဲ့ ထင်မြင်ယူဆချက်မှန်ကန်တာရယ် အဲဒီထင်မြင်ယူဆချက်ကြောင့် ဖြစ်လာတဲ့ သဒ္ဒါတရားရဲ့ စွမ်းအားရယ် နှစ်ခုပေါင်းစပ်မိတဲ့ အတွက်ကြောင့် မကောင်းတာတွေကို မကောင်းတာမှန်း မကောင်းမှုကို မကောင်းမှုမှန်း သိခွင့်ရှိတာပါပဲ. ဒါဟာ ဓမ္မကို လက်ခံမိတဲ့အတွက်ကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေဟာ မိမိရဲ့မနောထဲမှာ ခဏကိန်းလာခြင်းပါပဲ.အဲဒီနောက်တော့ အဲဒီရထားတဲ့ အစွမ်းသတ္တိလေးကို အားကောင်းလာအောင် စရဏလို့ ခေါ်တဲ့ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အလုပ်ကို မနောကံထဲမှာတင် လမ်းဆုံးမသွားစေပဲ ပြောသင့်တဲ့ အချိန် ပြောသင့်တဲ့ နေရာမှာ ပြောမယ် လုပ်သင့်တဲ့ အချိန် လုပ်သင့်တဲ့ နေရာမှာ လုပ်နေမယ်ဆိုရင် တရားအားထုတ်နေခြင်းပါပဲ. အဲဒီလို လုပ်ဆောင်နေရင်း အဓိပတိတက်လာခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ. အဲဒီ သဒ္ဒါတရားလေးကြောင့်ပဲ မကောင်းတာတွေကို သိလာမယ် သိလာပြီး ရှောင်လာမယ် ရှောင်လာပြီးရင် ကောင်းတာတွေ တွေးမယ် ပြောမယ် လုပ်မယ်ဆိုရင် မိမိရဲ့ ကိုယ်ကျင့်တရားလေးဟာ မဂ္ဖင် လမ်းပေါ် ရောက်လာမယ်.အဲဒီလို ရောက်လာရင် သဒ္ဒါရဲ့ စွမ်းအားကြောင့် ကိုယ်ကျင့်တရားလေးကောင်းလာ ပြီး တစ်ပြိုင်နက် သီလလေးပါလုံလာမယ်. သဒ္ဒါတရားလေးဟာ သူ့အစွမ်းသတ္တိနဲ့ အဲဒီသူကို မကောင်းတာ တွေ ရှောင်စေတယ်.အဲဒီရှောင်နေရင်းကနေ အားမရတော့ပဲ ထပ်ခါတလည်းလည်းပြုလုပ်နေမယ် ဆိုရင် အာသေဝန ပစ္စယ သတ္တိတွေဟာ သဒ္ဒါတရားကြောင့် အားကောင်းလာမယ်.အာသေဝနပစ္စယ သတ္တိနဲ့ သဒ္ဒါတရားလေး ညီညွတ်လာတော့ သီလတရားလေးပါ လုပ်ဖြစ်လာတယ်. နောက်တော့ အာသေဝနပစ္စယ သတ္တိရယ် သဒ္ဒါတရားရယ် သီလရဲ့ စွမ်းအားရယ် အားကောင်းလာတော့ အာရုံတွေ ဖြစ်တိုင်းမှာ ကောင်းတဲ့ စိတ်ဟာ ဆန္ဒလေးနဲ့ တွဲခွင့်ရသွားပါတယ်. အဲဒီနောက် အားကောင်းလာတော့ ဆန္ဒဓိပတိဖြစ်လာမယ်.ဆန္ဒ လေးအားကြီးလာရင် စိတ်ကလည်း အားကောင်းလာတယ်.အဲဒီနောက် အရှေ့က တရားတွေရဲ့ အထောက်အ ပံ့တွေ များလာမယ်. အားကောင်းလာမယ်ဆိုရင် ကောင်းတာတွေကို လုပ်ဖို့် ၀ိရိယလေးပါ ပါလာမယ်. ၀ိရိယလေးဟာလည်း အာသေဝန ပစ္စယသတ္တိလေးဖြစ်အောင် ကြိုးစားလိုက်မယ်ဆိုရင် ၀ိရိယာဓိပတိ ဖြစ်လာမယ်. အဲဒီနောက် အကြောင်းအကျိုးတွေကို ဆင်ခြင်မိလာမယ်.ဆင်ခြင်မှုတွေ အားကောင်းလာတော့ ဝီမံသလို့ ခေါ်တဲ့ ပညာရဲ့ စွမ်းအားတွေ ဖြစ်လာမယ်.ပြီးရင် အားကောင်းလာတော့ မိမိရဲ့ စိတ်ဟာဝီမံသာအဓိ လို့ခေါ်တဲ့ ဉာဏ်ပညာတွေ အားကောင်းလာမယ်. အဲဒီလို သမ္မာဒိဌိရယ် သဒ္ဒါတရားရယ် သီလရယ် သုံးခုစလုံး အတန်သင့် အညမည ဖြစ်မယ် သဟဇာတ ဖြစ်လာမယ်ဆိုရင် ဒီအတိုင်းမနေတော့ဘူး အရင်က မကောင်းခဲ့ တဲ့အချိန်တုန်းက တရားစကားတွေ လာပြောရင် နားမထောင်ချင်ပေမဲ့ အဲဒီအချိန်ကျတော့ တရားအသံကြား ရင် နားထောင်ချင်လာမယ်. တရားနဲ့ ပတ်သက်တဲ့ နေရာတွေ သွားချင်လာမယ် မြင်ချင်လာမယ်. အဲဒါလို ကြားချင် မြင်ချင်တာက သုတ လို့ ခေါ်တယ်.သုတဆိုတာ အကြားအမြင်. ဗဟုသုတ ဆိုတာ ဗဟုဆိုတာ များ ပြားခြင်း သုတဆိုတာ အကြားအမြင် ဗဟုသုတဆိုတော့ အကြားအမြင်များပြားခြင်းလို့ ခေါ်တယ်. ကြားချင် မြင်ချင်လာတော့ တရားဓမ္မနဲ့ ပတ်သက်လာရင် နားထောင်တယ်.ကြည့်လာတယ်.သမ္မာဒိဌိကြောင့် သဒ္ဒါ တရားဖြစ်တယ်. သဒ္ဒါတရားကြောင့် သီလဖြစ်တယ်. သီလကြောင့် သုတ ဖြစ်လာတယ်.ဒီတင်ပြီးသလား ဆိုတော့ မပြီးဘူး သီလလေးအားကောင်းလာမယ်ဆိုရင် အဲဒီ ဓမ္မတရားတွေကြောင့် ပေးချင်ကမ်းချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်.ပိုပြီးအားကောင်းလာရင် ကိုယ့်အတွက်တောင် မငဲ့တော့ပဲ ပေးတဲ့ အလုပ်တွေ ပါ လုပ်ဖြစ်လာတယ်.အဲဒီလိုဆိုရင် ပါရမီဖြစ်သွားတယ်. ပါရမီဆိုတာ မိမိရဲ့ အကျိုးကို မငဲ့ကွက်ပဲ သူတစ်ပါး အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို တွေးလည်းတွေးတယ် ပြောလည်းပြောတယ် လုပ်လည်းလုပ် တဲ့ အကြောင်းတရားကို ပါရမီလို့ ခေါ်ပါတယ်.အဲဒီလို ပေးကမ်းစွန့်ကြဲလာတာဟာ စာဂ လို့ခေါ်ပါတယ်. စာဂ တရားလေးလည်း မိမိရဲ့ သန္တာန်မှာ ဖြစ်လာတယ်.ကံ ကံ၏အကျိုးကို ယုံတယ်ဆိုတဲ့ သမ္မာဒိဌိ ကနေ တွန်းပို့ လိုက်တာဟာ သဒ္ဒါတရားရယ် သီလတရားရယ် သုတတရားရယ် စာဂတရားရယ်တင်လမ်းဆုံးသွားလား.မ ဟုတ်သေးဘူး. အဲဒီလို အသိတွေကို စရဏလို့ခေါ်တဲ့ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အသိနဲ့ အကျင့် ညီမျှလာရင် အော်ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်. ဒီအကြောင်းဟာ ကောင်းကျိုးကိုဖြစ်စေတဲ့ အကြောင်းပဲ.အဲဒီ ကောင်းကျိုးကိုဖြစ်စေတဲ့ အကြောင်းကို ငါလုပ်လိုက်လို့ ဒီလို ကောင်းကျိုးကိုရတယ်.ငါမဟုတ်ပဲ တစ်ခြားသူ လုပ်လည်း ရမှာပဲ. ဒါဟာ ဓမ္မဂုဏ်တော်တွေနဲ့ ပြည့်စုံတယ်.ဒီလိုသိရှိ ခံစားမိရင် အကြောင်းအကျိုး အကောင်း အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်တဲ့ ပညာဉာဏ်လေးလည်း ဖြစ်လာတယ်.အဲဒီလို ဖြစ်လာတော့ မကောင်းကျိုးကိုလည်း သိတယ် မကောင်းကျိုးကို ဖြစ်စေတဲ့ အကြောင်းလည်း သိလာတယ်. ကောင်းကျိုးကို လည်း သိတယ် ကောင်းကျိုးကို ဖြစ်စေတဲ့ အကြောင်းတရားကိုလည်း သိလာတယ်. အဲဒီလို မကောင်းကျိုး မကောင်းကြောင်းနဲ့ ကောင်းကျိုး ကောင်းကြောင်းတွေကို သိလာတော့ ဟိရီလို့ ခေါ်တဲ့ မကောင်းတာကို တွေးရမှာ ပြောရမှာ လုပ်ရမှာ ရှက်လာတယ်.သြတ္တပ္ဖလို့ ခေါ်တဲ့ မကောင်းတာတွေးရမှာ ပြောရမှာ လုပ်ရမှာကို ကြောက်လာတယ်. ဟိရီတရားနဲ့ သြတ္တပ္ဖတရားနှစ်ပါးဟာလည်း မိမိရဲ့ မနောမှာ ဖြစ်လာတယ်. အဲဒါဟာ ဘာ ကြောင့်လည်းလို့ မေးရင် ကံ ကံ၏အကျိုးကို ယုံခြင်းလို့ ခေါ်တဲ့ သမ္မာဒိဌိ ဆိုတဲ့ ဟုတ်တယ် မှန်တယ် အကျိုးရှိ တယ် ဆိုတဲ့ ဓမ္မတရားကို လက်ခံခြင်းကြောင့် ဒီအကြောင်းတရားပေါ်မှာ ယုံလိုက်တဲ့အတွက် စိတ်ကလေးကြည် လာခြင်းဆိုတဲ့ အကျိုးလေးဖြစ်လာတယ်.ဒါကိုပဲ ယုံကြည်ခြင်း သဒ္ဒါတရားလို့ ခေါ်ပါတယ်. နိဂုံးချုပ်ဆိုရသော် လူရယ်လို့ ဖြစ်လာရင် အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ကံတရားတွေ ရှိတယ်.အဲဒီကံ တရားတွေဟာ လက်ရှိရနေတဲ့ ဘဝကို ကျေးဇူးပြုနေတယ်. အဲဒီကံတရားတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု တွေ မကောင်းမှုတွေကြောင့် ဖြစ်ရတယ်. ဒါကိုပဲ စဉ်းစားကြည့်ရင် သိနိုင်တယ်.ဆိုပါစို့ ငယ်ငယ်က ကိုယ်ကျက် ခဲ့တဲ့ စာလေးတစ်ကြောင်း ညအခါ လသာသာ ကစားမလား နားမလားဆိုတဲ့ စာကြောင်းလေးပေါ့. ခုချိန်မှာ တစ် စုံတစ်ယောက်က ညအခါ လသာသာလို့ ဆိုလိုက်တာနဲ့ နောက်က စာကြောင်းလေးကို သူမဆိုလည်း ကိုယ်က ရနေပြီ. ဒီအကြောင်းအရာလေးကို ကြည့်ခြင်းအားဖြင့် ငယ်ငယ်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းဟာ အတိတ်ကံ ဆိုတာ ဖြစ်တယ်. အဲဒီအတိတ်ကံဟာ ပစ္စုပ္ဖာန်မှာ အကြောင်းတိုက်ဆိုင်ရင် ကျေးဇူးပြုပြီး ပေါ်လာတယ်ဆိုတာ စဉ်းစားမိတဲ့သူတိုင်း လက်ခံနိုင်ပါတယ်. အဲဒီတော့ အတိတ်မှာ မကောင်းတာတွေ လုပ်ခဲ့တဲ့သူတွေလည်း ရှိမယ်. ကောင်းတာတွေ လုပ်ခဲ့တဲ့သူတွေလည်းရှိမယ်. မကောင်းတာတွေ လုပ်ခဲ့မယ်ဆိုရင်လည်း ကိုယ်ပဲ ခံရမယ်. ကောင်းတာတွေလုပ်ခဲ့ရင်လည်း ကိုယ်ပဲ စံရမယ်. ဒါတွေဟာ ကိုယ်နေ့စဉ်ပြုနေတဲ့ ကာယကံ ဝစီကံ မနောကံဆို တဲ့ ပစ္စုပ္ဖာန်ကံတရားပေါ်မှာ အများကြီးမူတည်နေတယ်လို့ ယူဆခြင်းအားဖြင့် ကိုယ်ယူဆတဲ့ အကြောင်းအရာ လေး တစ်ခုဟာ ဟုတ်လည်းဟုတ်တယ် မှန်လည်းမှန်တယ် လိုက်နာကျင့်သုံးရင်လည်း အကျိုးရှိတယ်လို့ ယူဆ ပြီး သမ္မာဒိဌိ အသိမျိုး ဖြစ်ကြပါစေ.ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဒါတရားကို ထူထောင်နိုင်ကြပါစေ.ဒီသမ္မာဒိဌိကြောင့် ဖြစ်လာတဲ့ သဒ္ဒါတရားကို ဖြစ်သထက်ဖြစ်အောင် အားကောင်းသထက် အားကောင်းအောင် နှလုံးသွင်း အားထုတ်နိုင်ကြပါစေ.ဒီမှတစ်ဆင့်တက်လို့ ကိုယ်ကျင့်သီလတရားတွေ အကြားအမြင် ဗဟုသုတ တရားတွေ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားတွေ အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာဉာဏ်တရားတွေ မကောင်းမှုတွေကို တွေးရမှာ ပြောရမှာ လုပ်ရမှာ ရှက်ခြင်းဆိုတဲ့ ဟိရီတရားတွေ မကောင်းမှုတွေကို တွေးရမှာ ပြောရမှာ လုပ်ရမှာကို ကြောက်ခြင်းဆိုတဲ့ သြတ္တပတရားတွေ မိမိရဲ့ စိတ်သန္တာန်မှာ ကိန်းလို့ အားထုတ်နိုင်ကြ ရင်း မြတ်စွာဗုဒ္ဒ ဂေါတမဘုရားရဲ့ အဆုံးအမတွေကို ဖြန့်ဝေကြပါစို့….. မှတ်ချက်။ ။ကိုယ်တိုင်ရေး. Credit - ဗုဒ္ဓကမ္ဘာ
https://www.dhammaransi.com/index.php/new/481-2016-11-20-05-32-30.html
၀ိပဿနာ လုပ်ငန်း
၀ိပဿနာကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့၏ လိုရင်းအချက်ကို ပြပေအံ့။ ၀ိပဿနာဉာဏ် သုံးပါးတွင် ရှေးဦးစွာ အနိစ္စထင်မြင်မှုသည် အရေးအကြီးဆုံး ဖြစ်၏။ အဘယ်သို့ ထင်မြင်ရမည်နည်းဟူမူ အရိပ်ပွဲပြရာ၌ တခုသောအရိပ်မှာ တခဏအတွင်း၌ပင်လျှင် လှုပ်ရှားမှုတွေ အဆက်ဆက် အဆင့်ဆင့် ပြောင်းလဲမှုတွေ အဘယ်မျှ လျင်မြန်လေသနည်း။ အဘယ်မျှ အထွေထွေ အပြားပြား များလေသနည်း ဟု ဓာတ်ရိပ်ကြီးငယ်တခုကို စေ့စုံစွာ စဉ်းစား၍ ကြည့်ရှုကြပါလျှင် ဓာတ်ရိပ်၌ ၀ိပရိဏာမ၊ အညထာဘာဝ အချက်တို့သည် တမိနစ် တစက္ကန့်အတွင်းမှာပင် ရာထောင်မက ရှိနေကြသည်ကို တွေ့မြင်ကြကုန်ရာ၏။ တွေ့မြင်သမျှသော ထိုဝိပရိဏာမ အညထာဘာဝမှုတို့သည် ထိုဓာတ်ရိပ်မှာ အနိစ္စချည်းပေတည်း။ မရဏမှုချည်းပေတည်း။ ဓာတ်၏သေဆုံးမှုချည်းပေတည်း။ ထိုဓာတ်ရိပ်ကို သွားခြင်း အခိုက်အတန့်၊ ရပ်ခြင်း အခိုက်အတန့်၊ ထိုင်ခြင်း အခိုက်အတန့်၊ အိပ်ခြင်း အခိုက်အတန့်၊ ကွေးခြင်း အခိုက်အတန့်၊ ဆန့်ခြင်း အခိုက်အတန့်၊ ထိုထိုကိုယ်အင်္ဂါအစိတ်တို့၏ အထွေထွေ ပြောင်းလဲခြင်း အခိုက်အတန့်တို့ကို လုပ်ကြံ၍ စေ့စုံစွာ ကြည့်ရှုကြပါလျှင် ထိုအရိပ်မှာ ထိုထိုအခိုက်အတန့်အတွင်း၌ ဓာတ်တို့၏ အနိစ္စမှုတွေ၊ မရဏမှုတွေ ပြည့်လျက်နေသည်ကို သိမြင်ကြကုန်လတံ့။ သွားခြင်း အခိုက်အတန့်တွင် တခုတခုသော ခြေလှမ်းအတွင်း၌ ဓာတ်တို့၏ အနိစ္စတွေ မရဏတွေ ပြည့်လျက်နေသည်ကို သိမြင်ကြကုန်လတံ့။ ကြွင်းကျန်သော အခိုက်အတန့်တို့၌လည်း ထိုနည်းတူ အသီးသီး အနိစ္စမှုတွေ မရဏမှုတွေ ပြည့်လျက်နေကြကုန်သည်သာတည်း။ ဤဓာတ်ရိပ်ဥပမာအတိုင်း မိမိ မိမိတို့၏ ကိုယ်ခန္ဓာကိုယ်မှာလည်း ဘယ်အခါမှာမဆို ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အနိစ္စအမှုတွေ မရဏအမှုတွေ ကိုယ်နှင့်အပြည့်၊ ခေါင်းနှင့်အပြည့်၊ ထိုထိုအင်္ဂါကြီးငယ်တို့ှနှင့် အပြည့် ရှိလျက်နေကြကုန်၏။ ထိုကဲ့သို့ ဘယ်အခါမဆို တကိုယ်လုံး၊ တကောင်လုံး ပြည့်လျက်ရှိနေကြကုန်သော အနိစ္စအချက်၊ မရဏအချက်တို့ကို ဉာဏ်ဖြင့်ပေါင်းရုံး၍ ကြည့်ရှုတတ်ကြပါကုန်မူကား မိမိ မိမိတို့၏ ကိုယ်ခန္ဓာ၊ ကိုယ်အင်္ဂါတို့သည် တစက္ကန့် တမိနစ်အတွင်းမှာပင် အခါများစွာ ပျက်ဆုံးပြိုကွဲပြောင်းလဲ၍ နေကြသည်ကိုလည်း သိမြင်ကြကုန်လတံ့။ တစက္ကန့် တမိနစ်အတွင်းမှာပင် ကိုယ်ခန္ဓာကြီး အခါခါ ပြောင်းလဲမှု၊ ဦးခေါင်းအင်္ဂါ အခါခါပြောင်းလဲမှု၊ ခြေအင်္ဂါ၊ လက်အင်္ဂါ အခါခါ ပြောင်းလဲမှု၊ ကျောအင်္ဂါ၊ ဝမ်းအင်္ဂါ အခါခါ ပြောင်းလဲမှု၊ အသည်းအင်္ဂါ၊ အဆုတ်အင်္ဂါ အခါခါ ပြောင်းလဲမှုတို့ကိုလည်း သိမြင်ကြကုန်လတံ့။ ဤသို့ သိကြ မြင်ကြ ထင်ကြကုန်သည်ရှိသော် အနိစ္စာနုပဿနာအလုပ်တွေ နေရာကျပြီဟု မှတ်။ အနိစ္စာနုပဿနာအလုပ် နေရာကျလျှင်လည်း အနတ္တာနုပဿနာ အလုပ်လည်း နေရာကျလေတော့သည်။ နေရာကျဆိုသည်ကား တသက်လုံး စွဲမြဲကြရန် အချက်ကျသည်ကို ဆိုသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်သည်ကို ဆိုသည်မဟုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမှာကား ပါရမီဣန္ဒြေ အရင့်အနုသို့လိုက်၍ အမြန်အနှေး ရှိပြန်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမည်သည် အမှန်အားဖြင့် အလွန်သိနိုင်ခဲ၏။ သောတာပန်ဖြစ်၍ နေသော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ငါ သောတာပန်ဖြစ်ပြီ-ဟု အမှန်အားဖြင့် သိနိုင်ခဲ၏။ အဘယ့်ကြောင့်နည်းဟူမူ ကိလေသာတို့၏ အနုသယအခိုက်အတန့် နက်နဲလှသောကြောင့်တည်း။ ကိလေသာတို့၏ အနုသယ အခိုက်အတန့် နက်နဲပုံကို မသိကြကုန်သော ယောဂီပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့၏ ၀ိက္ခမ္ဘနကိစ္စနှင့် ကင်းကွာ၍ နေရုံမျှကိုပင် ငါ သောတာပန်ဖြစ်ပြီဟု ထင်တတ်ကြ၏။ ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့၏ သမုစ္ဆေဒကိစ္စနှင့် အနုသယဘုံကြီးပါ ကင်းပြတ်၍သွားမှသာလျှင် သောတာပန် အစစ်အမှန် ဖြစ်ပေသည်။ ၀ိပဿနာ ယောဂီပုဂ္ဂိုလ်တို့မှာမူကား အထင်အမြင် နေရာကျသော အနိစ္စာနုပဿနာဉာဏ်ကိုရ၍ နေရလျှင်ပင် ကောင်းမြတ်လှပြီဟု ဝမ်းမြောက်၍သာ ထိုအလုပ်ကို တသက်ပတ်လုံး စွဲမြဲကြရမည်။ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့မှာသော်လည်း စိတ္တသုခအကျိုးငှါ ထိုအလုပ်ကို မလွှတ်ကြပေကုန်။ ယောဂီပုဂ္ဂိုလ်တို့မှာလည်း ထိုအလုပ်ကို တသက်လုံး ဆွေးနွေးကြသည်ရှိသော် ဉာဏ်ပညာအဆင့်ဆင့် ရင့်သန်၍ သွားကြသဖြင့် ယခုဘဝတွင်ပင် မသေမီ အကြား၌သော်လည်းကောင်း၊ သေခါနီး အခါ၌သော်လည်းကောင်း ပုထုဇ္ဇနဘူမိ၊ ပုထုဇ္ဇနဂတိတို့ကို လွန်မြောက်၍ အရိယဘူမိ၊ အရိယဂတိသို့ ပေါက်ရောက်ကြကုန်လတံ့။ ယခုဘဝ၌ပင် မပေါက်ရောက်ရှိကြသော်လည်း နောက်ဘဝ၌ နတ်ပြည်သို့ရောက်ကြ၍ ပေါက်ရောက်ကြကုန်လတံ့။ လယ်တီ ဆရာတော်ဘုရားကြီး ( ၀ိပဿနာ ဒီပနီ-မှ )
https://www.dhammaransi.com/index.php/new/482-2016-11-20-05-31-55.html
ကုသိုလ်စိတ် များများဖြစ်အောင် ပြုပြင်နည်း
https://www.dhammaransi.com/index.php/new/483-2016-11-20-05-27-43.html
ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တဝန်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။ ရှေးအခါက ဝင်္ဂတိုင်းကို အစိုးရသော ဝင်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှှ နှင်ထုတ်လိုက်၏။ မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွ့ံ၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။ မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ဝင်္ဂတိုင်းသို့ ထွက်ပြေး၏။ ဝင်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ဝင်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း သိသွားသဖြင့် ဝင်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။ ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ဝင်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန် လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။ မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကိုမပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည် ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။ ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ဝင်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။ သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ဝန်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။ အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။ ( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် ) ( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်နဝါရီလ )
https://www.dhammaransi.com/index.php/new/484-2016-11-20-04-26-34.html
လမ်းမှန်ကို မြန်းစေဖို့
* လူသားအားလုံး ဘာသာရှိ ဖြစ်စေ... * လူသားအားလုံး ဘာသာမဲ့ ဖြစ်စေ... * လူသားအားလုံး ဘာသာတူဖြစ်စေ... * လူသားအားလုံး ဘာသာကွဲပင် ဖြစ်ပါစေ... " ဒါန" ဖြင့် ကောင်းကံကို မဆယ်တင်နိုင်ကြသမျှ ကံကောင်းထောက်မ ဘဝသို့ မရောက်ကြရနိုင်ပါ ။ " သီလ" ဖြင့် ဆိုးကံကို မဖယ်ဖျင်ခဲ့သမျှလည်း ကံဆိုးမှောက်ဘဝမှ မလွတ်မြောက်နိုင်ကြရနိုင်ပါ ။ * သီလ သည် မိမိရှိ ကြိုက်, မကြိုက် စိတ်အစွဲကို ဖြိုခွဲ ပစ်ရာ လက်နက်တည်း။ * ဒါန သည် မိမိရှိ ဒိဋ္ဌိ တဏှာကဲ ပစ္စည်းစွဲကို လက်လွှဲ စွန့်ချပစ်ရာလက်နက်တည်း။ ကုသိုလ်ဒါနပြုတိုင်းလည်း သူစွဲ, ငါစွဲ ( တဏှာ,မာန,ဒိဋ္ဌိ) ကင်းဖို့လိုပေ၏ ။ * ငါလှူလျှင် သူများထက် သာမှဟေ့ မာနသံကြီးပါနေပြီ။ * ငါ့အလှူ လူသန့်ချည်း ရွေးဖိတ်မယ် တဏှာသံပါနေပြီ။ * ငါ့စိတ်တိုင်းမကျ ရေစက်ကိုမချဘူး ဒိဋ္ဌိသံကြီးပါနေပြီ။ ထိုတွင်..... ကုသိုလ်မဖြစ်ဘဲ အကုသိုလ်သို့ အလှည့်ချခံရပြီး စားရမည့်ထမင်းအိုး သိုးသွားခြင်းပမာပင်။ * ဗုဒ္ဓဝါဒီတို့၏ အလှူပွဲများကို လေ့လာသုံးသပ်ပါလျှင် အောက်ပါအချက်များသာ တွေ့ရတတ်သည်။ (၁) အမျှော်အလှူက များ၏။ မည်သို့သော ပုဂ္ဂိုလ်မျိုးကို မည်သည့်ပစ္စည်းများ ပေးလှူကာ ဆုတောင်းရလျှင် ငါ့အတွက်တော့...အတွေးဝင်သော အလှူတည်း။ (၂) အပျော်အလှူက များ၏။ ပညာမဲ့သောသဒါ္ဓသည် အရွှင်မျိုးသို့သာ ထိုးဆင်းသွားတတ်ချေရာ ဖြစ်, ပျက်မြင် ဆင်ခြင်စိတ်မပါက လိုလားရာပုဂ္ဂိုလ်ကို လိုလားသောပစ္စည်းများ ပေးလှူကာ မိတ်ဖြစ်ဆွေ ဖြစ် အသင်းဖွဲ့နည်းပမာ အခင်ရှာနေခြင်း။ (၃) မတော်အလှူလည်း ပါသေး၏။ အပျော်အလှူများ ၏ တစ်စိတ်တစ်ဒေသဖြစ်သော မြို့အလိုက်, ရပ် ကွက်အလိုက် အပြိုင်ကြဲပွဲများတွင်ဦးဆောင်၏။ လုပ်ရပ်လိုက်၍, ဦးဆောင်များအပေါ် အားနာ၍, လူရှေ့သူရှေ့ ခေါင်းခါရမှာရှက်၍ မရှိမဲ့ရှိမဲ့ဖြင့် ထည့်ဝင်လိုက်ရခြင်း ဟူ၍ပင်။ * ထိုသုံးမျိုး မည်သို့အကျိုးပေးမည်နည်း။ * ထိုသုံးမျိုး သတိအင်အား မည်သည့်နေရာထား သနည်း။ (က) ဗုဒ္ဓဝါဒီတို့၏ မွဲခြင်းသည် ဒါနနည်း၍မဟုတ်။ လွဲနေခြင်းကြောင့်တည်း။ (ခ) ဗုဒ္ဓဝါဒီတို့၏ မွဲခြင်းသည် အကျိုးမပေး၍ မဟုတ်။ အဝင်ကားနည်း, အရွှင်ကား ကြီးလွန်းနေခြင်း ကြောင့်တည်း။ စေတနာအကျိုးပေးကား စမ််းရေပမာ စိပ်စိပ်သာ။ အလှူနှင့် အသုံးကား တောင်ကျရေအရာ ပရမ်းပတာ လက်ဖွာဖွာပင်။ ထို့ကြောင့် ဒါန, သီလ, သဒါ္ဓ ပြည့်ဝ စစ်မှန်စွာဖြင့် မည့်သည့်အလှူ, မည်သည့်ပစ္စည်း, မည်သည့်ပုဂ္ဂိုလ်ကို မဆို လှူသမျှတို့သည့် မဟာကုသိုလ် ဖြစ်၍ လမ်းမှန် ကို မြန်းနိုင်ပါလိမ့်မည်။ ။ အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဝနဝါသီဉေယျဓမ္မသာမိထေရ် (သုညသင်္ခါရကထာ)
https://www.dhammaransi.com/index.php/new/485-2016-11-19-04-13-53.html
လူချ င်းသာတူ၍ အသက်ရှူ ကွဲသောအခါ
သာဝတ္ထိ ပြည်သူ၊ပြည်သားမျ ားသည်လည်း ရာဇဂြို လ်၊ ဝေသာလီ စသည်တို့ကဲ့သို့ လူထဲက လူမျှ သာ။ သို့တစေလည်း အသက်ရှူ ကား အမှတ်မဲ့ရှူ ရှိုက် နေသူနှင့်.. အမှတ်နှင့် ရှူ ရှိုက်နေသူမျ ား ဟူ၍ ကွဲထွက်သွားကြ သည်။ ထိုစဉ် သာဝတ္ထိ ပြည်သူ၊ပြည်သားမျ ားသည် တစ်ခါယူ နှစ်ခုတွဲပါ နည်းဖြင့် .. အိပ်သော်မှ သတိလက်မလွတ်။ လေဝင်၊လေထွက် မှတ်လျ က်က အိပ်ကြသည်။ နိုးလာသော် သတိ လက်မလွတ်။ လေဝင်၊လေထွက် သတိအမှတ် မပျ က် ထကြသည်။ သည့်နောက် တစ်နေ့လုံးလုံးလည်း.....လယ်ထွန် သူသည်.. ထွန်ရင်းကပင် သတိ အမှတ်မပျ က် ထင်ရှားရာ မှတ်လျ က်က ထွန်ချေ ရာ..... လယ်ထွန်ခြင်းသည်ပင် ကမ္မဋ္ဌာန်း ဖြစ်လာ၏။ ထိုထွန်မှုကြီး၌ သတိသည် တရားခံ ဖော်ထုတ်လျ က်က ရှိ၏။ ထမင်းချ က်သူသည် ဆန်ကော်၊ ဆန်ဆေးစသည့် ပြု လုပ်ရင်းကပင်.. အလုပ်တွင်း သတိသွင်းပေး၍ ကမ္မဋ္ဌာန်အလုပ်ပေး နေ၏။ သည့်အတူ ရေထမ်းသွားသော သားငယ် စသည်မျ ား၊ ငရုတ်သီး ထောင်းသော သမီးငယ် စသူမျ ားသည် လည်း ..ကိုယ်လုပ်သောအမှု ကမ္မဋ္ဌာန်းရှုသောအားဖြင့် အလုပ်တွင် သတိစွဲ ကိုယ်နှင့် စိတ် တွဲပွဲလုပ်ပေးနေ ကြသည်။ သို့ဖြင့် အပူလှန့်၍ လန့်ပျံ နေသောစိ်တ် အပူနည်း နည်းသလောက် ကိုယ်ဆီ ရောက်လာကြပြီ။ တစ်ဖန် အာရုံဆွဲ၍ ဝဲပျ ံနေသောစိတ် အာရုံတိတ်ဆိတ် စိတ်တိတ်ဆိတ်လာသဖြင့် ကိုယ်ထံ ပြန်အိပ်လာကြပြီ။ တစ်ချ က်အမှတ် တစ်ချ က် အတွေးရပ် တစ်ချ က် အမြတ်ပေါ်လာသည်ကို သတိပြု ။ တစ်ချ က် အတွေးတိတ် တစ်ချ က်သွေးတိတ် တစ်ချ က် စိတ်အေးသည်ကို သတိပြု ။ သို့ဖြင့် သာဝတ္ထိနေမျ ား လူချ င်းတူလျ က်က အသက် ရှူ ချ င်း ကွဲလာကြရာ ..... အချူ ိ ့ ဓာတ်ရိုင်းကြီးမျ ား အခိုးဖြတ်တောက်ချ ရာမှ အောက်ကိုမစုန်.. အထက် အထက်သို့သာ ခုန်တက်နိုင်သည့် ဖြူ စင် အဆင့် ရောက်သွားကြသည်။ အချူ ိ ့ ဓာတ်ယဉ်ခိုးမျ ားကို တန့်စေရာမှ အထက်သို့ မေးတင်.. အထက်မှ အထက် တိုးဝင်သည့် ဖြူ စင်အဆင့်သို့ ရောက်သွားကြလေပြီ။ သို့တစေလည်း သူတို့လေ ဓာတ်အိမ်ငှားပေမို့ ဓာတ်သွေးမျ ားတောင်းခံသည့် ဓာတ်အားခမျ ားလည်း သွေးဖြင့်ပေးဆပ်နေကြရပါသေးသည်။ သို့တိုင်လည်း မကင်းနိုင်သေး၍ စိတ်မျှ သာ ရှိကြ သည်။ မူးမူးရူးရူးမျ ားကား မဟုတ်ကြ။ တစ်ဖန် ဓာတ်အိမ်အတွက် ဓာတ်ရိက္ခာမျ ားလည်း ဆက်နေကြရဆဲပင်။ သည့်အတူ ဓာတ်မှမွေးဖွား ဓာတ်သား၊ဓာတ်သမီးမျ ား ကိုလည်း စောင့်ရှောက်နေရဆဲပင်။ ဤသည်မှာ သာဝတ္ထိနေ သောတာပန်၊ သကဒါဂါမ် လူအရိယာမျ ား... ဓာတ်နှင့်မကင်းသဖြင့် ဓာတ်စာ ဖြည့်တင်းပေးရသော အပိုင်း ....။ ။ ။ တစ်ဖန် သူတို့လေ ....... ( မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး ဝနဝါသီဉေယျ ဓမ္မသာမိထေရ် )
https://www.dhammaransi.com/index.php/new/486-2016-11-19-01-18-15.html
သရဏဂုံ ဆောက်တည်တတ်စေချင်
ဗုဒ္မ္စဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုရင်သေသေချာချာသိထားသင့်သောအကြောင်းအရာလေးပါ။ ဘုရားတရားသံဃာ ရတနာသုံးပါးသည် ကိုးကွယ်ရာ အားထားရာဖြစ်သောကြောင့် သရဏ မည်၍ ရတနာသုံးပါအပေါ်တွင် ယုံမှားတွေဝေမှုမရှိပဲ ကြည်ညိုလေးမြတ်ကိုးကွယ်ဆည်းကပ်သော သဒ္မ္စါ ပညာ စသည့် ကုသိုလ်စိတ်များသည် သရဏဂုံတည်သည်မည်၏။ ယင်းသရဏဂုံသည် လောကီသရဏဂုံ၊လောကုတ္တရာသရဏဂုံ ဟူ၍အခြေခံအားဖြင့် နှစ်မျိုး ရှိပါသည်။ လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ်တို့အဖို့ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သောအခိုက်ခဏမှာပင် ရနာသုံးပါးအပေါ်၌တွေဝေယုံမှားမှု မယုံကြည်မှုများကင်းပြတ်ပြီးဖြစ်သဖြင့် အထူးဆောက်တည်ရန်မလိုတော့ချေ။ အလိုလိုသရဏဂုံတည်ပြီးဖြစ်သည်။ လောကီသရဏဂုံ (၄)မျိုးရှိပါသည်။ (၁)မိမိကိုယ်ကို ရတနာသုံးပါးအားအပ်နှင်း၍ သရဏဂုံဆောက်တည်ခြင်း (အတ္ထိသန္တိယျာတနသရဏဂုံ) (၂)မိမိကိုယ်ကိုရတနာသုံးပါးသာလျှင် ကိုးကွယ်လဲလျှောင်းရာရှိသည် အဖြစ်ကိုပြုခြင်း၊ရတနာသုံးပါးအပေါ်၌လုံးဝအားကိုထားခြင်း (ကပ္မရာယဏသရဏဂုံ) (၃)မိမိကိုယ်ကိုရတနာသုံးပါ၏တပည့်အဖြစ် ခံယူခြင်း(သိóဘဂူပန သရဏဂုံ) (၄)ရတနာသုံးပါးအားဝတ်တွားခယ မိမိကိုယ်ကိုနှိမ်ချ၍ အလွန်ရိုသေသောအခြင်းအရာကိုပြသခြင်း (ပဏိပါတ သရဏဂုံ) ပဏိပါတသရဏဂုံတွင်…… (၁)သာကိီဝင်မင်းမျိုးတို့က ဘုရားရှင်အားဆွေမျိုးအဖြစ်ရှိခိုးခြင်း၊ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း အရိုအသေပြုခြင်း မျိုးသည် သရဏဂုံဆောက်တည်ရာမရောက်ပေ။ (၂)အကြောက်တရားကိုအခြေခံ၍ ရှိခိုးခြင်း ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း အရိုအသေပြုခြင်း မျိုးသည် သရဏဂုံဆောက်တည်ရာမရောက်ပေ။ (၃)ဘုရားရှင်အားလောကီလမ်းညွှန်အဆုံးအမ စကားကိုနာယူရသောကြောင့်ဆရာအဖြစ်မှတ်ယူ၍ ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်းအရိုအသေပြုခြင်း မျိုးသည်သရဏဂုံဆောက်တည်ရာမရောက်ပေ။ (၄)သီလသမာဓိ ပညာဂုဏ်စသည်တို့ကို ရည်မှတ်၍ ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း အရိုအသေပြုလျှင် ဒက္ခဏေယျပဏိပါတ ဖြစ်၍သရဏဂုံတည်သည်မည်၏။ ` မှတ်ချက်။ ။ဘုရားတရားသံဃာ တို့ကိုမပြစ်ပါယ်ဘဲ လာဒ်လာဘရွှင်စေလို၍ နတ်ကိုပူဇော်ခြင်း၊နတ်ဖမ်းစားမည်ကိုစိုးရိမ်၍ ရိုးရာတင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်ချေ၊သရဏဂုံတော့ညစ်နွမ်းပါသည်။ သို့ရာတွင် ရတနာသုံးပါးမှတစ်ပါးသော သီလသမာဓိ ပညာဂုဏ်ကြီးမြတ်မှုကိုရည်မှတ်လျှက် အထက်တွင်ဖေါ်ပြခဲ့သောလောကီသရဏဂုံ ဆောက်တည်ပုံလေးမျိုးကို ပြုလုပ်လျှင်သော်၎င်း၊သရဏဂုံဆောက်တည်ထားသူ သေဆုံးလျှင်သော်၎င်း သုရဏဂုံလုံးဝပျက်စီးပါသည်။ ဘုရားကိုပစ်ပါယ်ပြီး နတ်ကိုဖြစ်စေ တခြားသော ဘုရားအလောင်း(အန်းကုုံး)ဘိုးတော်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုကားသရဏဂုံပျက်သည်မည်၏။ ရတနာသုံးပါး ဂုဏ်တော်များ၌ မသိနားမလည်ခြင်း ၊ရတနာသုံးပါးအပေါ်၌ တွေဝေခြင်း၊မှားယွင်းစွာယူဆခြင်း၊မရိုမသေမလေးမစား ပြုခြင်းတို့ကြောင့် ဆောက်တည်ထားသောသရဏဂုံ ညစ် နွမ်းပါသည်။သို့ဖြစ်၍ သရဏဂုံ ညစ်နွမ်းခြင်း၊ပျက်စီးခြင်းမရှိရအောင် သတိဆောင်ကြရာ၏။ သရဏဂုံသည် ထေရဝါဒဗုဒ္မ္စဘာသာ၏ ပထမအသက်ဖြစ်ပါသည်။ အယူဝါဒပျက်စီးခြင်း ထေရဝါဒဗုဒ္မ္စဘာသာဝင်သည်……ဘုရား၊တရား၊သံဃာ၊ကံ ကံ၏အကျိုး၊အကြောင်းနှင့်အကျိုးဆက် သွယ်ဖြစ်မှု ၊အတိတ်ဘဝ အနာဂါတ်ဘဝ တို့ကိုယုံကြည်ရာ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်)နှင့် အကုသိုလ်ကံ (မကောင်းသောအလုပ်)ပင်ဖြစ်သည်။လောက၌မည်သူမဆို ကောင်းတာ လုပ်လျှင်ကောင်းကျိုးခံစားရ၏ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရ၏။ မိမိပြုလုပ်သော ကံသည်မိမိ၏ကိုယ်ပိုင်ဥစ္စာ(ကမ္မóကာ)မည်ပါ၏။မိမိပြုလုပ်သောကံအရ ဆိုးမွေကောင်းမွေကိုခံယူ ရမည်ဖြစ်၏။ဤသို့ယုံကြည်လက်ခံခြင်းကို `(ကမ္မóကတာသမာဒိဌိ) ဟုခေါ်ပါသည်။ ဗုဒ္မ္စဘာသာဝင်တစ်ဦးသည် ထိုသို့လက်ခံယုံကြည်နေက အမှန်ကိုလက်ခံယုံကြည်ခြင်းဖြစ်၍ အယူဝါဒမပျက်မစီးတည်နေသည်မည်၏။ ဤသို့ဘုရား၊တရား၊သံဃာ စသည်တို့ကို မယုံကြည်တော့ဘဲအောက်ပါတို့ကိုလက်ခံယုံကြည် ပါကဗုဒ္မ္ဂဘာသာအဖြစ်ပျက်စီးရုံမက အယူဝါဒမှန်လည်း ပျက်စီသည် မိစ္ဆာဒိဌိ ဖြစ်သည်မည်၏။ (၁)လောက၌ ဖန်ဆင်းရှင်ရှိ၏ မြေကြီး၊ဟိမဝန္တာတောင် ၊စင်္ကြာဝဠာ၊မဟာသမုဒ္ဒယာနှင့် သတ္တဝါအားလုံးတိုကို ဖန်ဆင်းရှင်ကဖန်ဆင်း၏ဟုမှားယွင်းစွာယူဆတတ်ကြသည်။(ဖန်ဆင်းရှင်ဝါဒ) (၂)လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူ၍မရှိ ၊ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကု သိုလ်မမည်၊မကောင်းမှုကိုပြုသော်လည်း မကောင်းမှု အကုသိုလ် မမည်ဟုယူဆတတ်ကြ၏၊ယင်းသို့ ယူဆခြင်းသည်အကြောင်းကိုပါယ်ခြင်းဖြစ်၍ အကိရိယဒိဌိ ဟုခေါ်ပါသည်။ (၃)တဖန် ကုသိုလ်ကံ အကုသိုလ်ကံ တို့၏အကျိုးတရားဟူ၍မရှိ ။ကုသိုလ်ကံ အကုသိုလ်ကံ တို့ပြုလုပ်သော်လည်း မည်သည်ကောင်းကျိုးမကောင်းကျိုး ကိုမျှမခံစားရဟူ၍ ယူဆတတ်ကြသည်။ ယင်းသို့ယူဆခြင်းသည် အကျိုး ၀ိဘက် ကိုပါယ်ခြင်းဖြစ်၍ နတ္ထိကဒိဌိ ဟုခေါ်ပါသည်။ (၄)ထို့ပြင် ကုသိုလ်ကံ အကုသိုလ်ကံ ဟူ၍လည်းမရှိ ၊ကုသိုလ်ကံ အကုသိုလ်ကံ တို့၏အကျိုး ဟူ၍လည်းမရှိ ဟုယူဆတတ်ကြသည်။ယင်းသို့ယူဆခြင်းသည် အကြောင်းအကျိုးကိုပါယ်ခြင်းဖြစ်၍ အဟေတုကဒိဌိ ဟုခေါ်ပါသည်။ ဤသို့ အယူမှား (မိစ္ဆာဒိဌိ)တစ်မျိုးမျိုးကို လက်ခံံယုံကြည်လိုက်လျှင် အယူမှန်(သမာဒိဌိ) ပျက်စီးလေတော့သည်။ထေရဝါဒဗုဒ္မ္ဂဘာသာ အဖြစ်မှ အလိိုုလို ပျက်ပြယ်ပြီးဖြစ်ပါ၏။
https://www.dhammaransi.com/index.php/new/487-2016-11-19-01-15-46.html
သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင်…
သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင်… သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင်ထွက်လေ ဝင်လေကို ဘယ်ပေါ် အသုံးချသလဲ။ခန္ဓာကိုယ်ရဲ့ ဣရိယာပုတ် တစ်ခုကို ရွေးရတယ်။ဣရိယာပုထ် ရွေးမယ်ဆိုရင် ဘာရွေးမလဲ။လမ်းလျှောက်နေမယ်ဆိုရင် လှုပ်ရှားနေသည့်အတွက်ကြောင့်စိတ်ကလမ်းကို ကြည့်ရတာတစ်မျိုး၊ထွက်လေ ဝင်လေကို ရှုရတာ တစ်မျိုးမို့ ဒီလိုဆိုရင်စိတ်ဟာ အလုပ်များတယ်။ အလုပ်တွေ မပိုဘူးလား။မကြည့်ရင်လည်း ခလုတ်တိုက်ဦးမယ်။အဲဒီနည်းက မသင့်တော်ဘူး။လမ်းလျှောက်ပြီးလည်း အားမထုတ်နဲ့။မတ်တတ်ရပ်ပြီး အားထုတ်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးလဲမသွားအောင် ထိန်းထားရဦးမယ်။အလုပ်တစ်ခု ပိုတယ်။အိပ်ပြီး အားထုတ်မယ်ဆိုရင် လုံ့လဝီရိယကလျော့ပြီး မကြာခင် အိပ်ပျော်သွားမှာ။အဲဒါကတော့ ဇိမ်ခံလွန်းအားကြီးတယ်။လဲလျောင်းနေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။လမ်းလျှောက်နေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။ရပ်နေရင်လည်း မကောင်းဘူး။❖အကောင်းဆုံးက မတ်မတ်ကလေး ထိုင်နေတဲ့ဣရိယာပုထ်က ငြိမ်သက်တယ်တဲ့။❖အဲဒါကြောင့် အာနာပါနကမ္မဋ္ဌာန်း အားထုတ်တဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို မြတ်စွာဘုရားက“ပလ္လင်္ကံ အာဘုဇိတွာ- တင်ပလ္လင်ခွေထိုင်ပါ”တဲ့။“ဥဇုံ ကာယံ ပဏိဓာယ”- ခါးအထက် ခန္ဓာကိုယ်ကိုဆန့်ဆန့်ထား။တင်ပလ္လင်ခွေ ထိုင်တဲ့အခါကျတော့ လူက လှုပ်ရှားမှုနည်းပြီးတော့ ငြိမ်သက်မှု ပိုလာတယ်။အိပ်နေတာလိုလည်း ဇိမ်ခံလွန်းနေတာ မဟုတ်ဘူး။လမ်းလျှောက်တာတို့ မတ်တတ်ရပ်တာတို့လိုလည်းထိန်းစရာ မလိုဘူး။ဒါကြောင့် အမျိုးသားတွေဆို တင်ပလ္လင်ခွေ ထိုင်။အမျိုးသမီးတွေဆို ထက်ဝက် တင်ပလ္လင်ခွေထိုင်ပြီးခါးအထက်ကိုယ်ကို ဆန့်ဆန့်လေး ထားတဲ့။ ဘာကြောင့် ဆန့်ဆန့်ကလေး ထားခိုင်းသလဲဆိုရင်ကျောမှာ အရိုးအဆစ်ကလေးတွေ ၁၈ ခုလောက်ရှိတယ်။ အဲဒီ အရိုးးလေးတွေကို မတ်မတ်ကလေးထားရမယ်။ ဒီလိုမထားဘဲ ခါးလေးကုန်းထိုင်မယ်ဆိုရင် အရိုးအဆစ်တွေ တစ်ခုနဲ့တစ်ခု ဖိနေသည့်အတွက်ကြောင့် ကြာလာတဲ့အခါ ခါးကိုက်တဲ့ရောဂါ၊ခါးညောင်းတဲ့ရောဂါ ခါးအောင့်တဲ့ရောဂါတွေဖြစ်လာနိုင်တယ်။အဲဒါကြောင့် ခန္ဓာကိုယ်ရော၊ ခေါင်းရောမတ်မတ်ကလေးထားလို့ ပြောတာ။စာပေက တရားထိုင်နည်းတွေ သေချာသင်ပေးတယ်။✦ပလ္လင်္ကံ အာဘုဇိတွာ - တင်ပလ္လင်ခွေ ထိုင်နည်း၊✦ဥဇုံ ကာယံ ပဏိဓာယ - ခါး အထက် ခန္ဓာကိုယ်ကိုမတ်မတ်ကလေးထားတဲ့။✦ပဋိမုခံ သတိံ ဥပဋ္ဌပေတွာ- အာရုံဘက်ကို စိတ်ကိုလွှတ်လိုက်။အာရုံကို စိတ်ကို ဦးတည်ထား။ဘယ်ကို ဦးတည်ပြီး သတိထားရမလဲဆိုရင်နှာခေါင်းက ထွက်နေတဲ့ လေကလေး ထိတဲ့နေရာကို သတိထားရတယ်။နှုတ်ခမ်း တိုတဲ့ လူကတော့ နှာခေါင်းဖျားမှာ ထိတယ်။နှုတ်ခမ်း ရှည်တဲ့ သူကျတော့ နှုတ်ခမ်းထိပ်ဖျားလေးမှာလေကလေး လာထိတယ်။ ဆိုလိုတာက ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကိုယ့်နှာခေါင်းမှာ -အသက်ရှူသွင်း လိုက်တဲ့အခါ လေထိတဲ့နေရာ။ရှိုက်ထုတ်လိုက်တဲ့အခါ လေထိတဲ့နေရာ။အဲဒီ ထိတဲ့နေရာကလေးမှာ စိတ်ကို ထားပါလို့ပြောတာ။သမထကျင့်စဉ်အရ အာနာပါန ကျင့်တော့မယ်ဆိုရင်“လေ” ကို မှန်မှန်လေးနဲ့ ဖြည်းဖြည်းရှူ။အေး တချို့ကျတော့ သမာဓိ မရနိုင်လို့ သမာဓိရအောင်ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတဲ့နည်းလည်းရှိတယ်။ အဲဒီနည်းက စာလာပေလာတော့ မဟုတ်ဘူး။ကြိုက်တဲ့သူက လုပ်နေကြတာ။ ရှူးရှဲ၊ရှူးရှဲလုပ်တဲ့နည်းက ကြာလို့ရှိရင် မောပြီးသွားတတ်တယ်။ခန္ဓာကိုယ်ကို ပင်ကိုရှူနေကျ အနေအထားလေးနဲ့ရှူလိုက်ပါတဲ့။စိတ်တွေ ဘာတွေ ဖြေလျော့ထားလိုက်။Tension လုပ်မထားနဲ့။အာရုံလေးပေါ်မှာ စိတ်ကလေးကို လွှတ်ထားပြီး၊ငြိမ်နေအောင် စိတ်နဲ့ခန္ဓာကိုယ်မှာ တင်းကျပ်နေတာမရှိစေဘဲနဲ့ အားလုံးအကြောတွေ ဖြေလျော့ထားပြီး၊နှာသီးဝမှာ လေကလေးထိတဲ့နေရာမှာ စိတ်ကိုငြိမ်သွားအောင် ထားပါတဲ့။လေကလေးကိုအာရုံပြုရင်းကနေ စိတ်ကလေး ငြိမ်လာတယ်။ထွက်လေ ဝင်လေလေး ရှုမှတ်နေတာကိုဘာနိမိတ်ခေါ်သလဲဆိုရင် “ပရိကမ္မနိမိတ်”(sign of preliminary) တဲ့။ပရိကမ္မနိမိတ် ဆိုတာ ဘာပြောတုံးဆိုရင်ပြင်ဆင်ပေးနေတဲ့ အာရုံနိမိတ်လို့ ပြောတာ။❖အဲဒီ အာရုံနိမိတ် အတော်လေး ကြာလာတဲ့အခါစိတ်ထဲမှာ တော်တော် ထင်ထင်ရှားရှားကြီး ဖြစ်လာတဲ့အခါကျလို့ရှိရင် စိတ်က မှတ်ယူနိုင်တဲ့ အနေအထားရောက်ရင် “ဥဂ္ဂဟနိမိတ်” လို့ ခေါ်တယ်။❖နောက်ဆုံးကျတော့ ဒီထွက်လေ ဝင်လေလေးဟာပုံသဏ္ဌာန်လေး ပြောင်းလာတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်လာတယ်။ သူက ပြောင်းတာ မဟုတ်ဘူး။ကိုယ့်စိတ်က ပြောင်းတာ။ လေလေးကို ရှူနေရင်းဒီထွက်လေ ဝင်လေလေးဟာ ဘာဖြစ်လာသလဲဆိုရင် မီးခိုးတန်းကလေး ထွက်လာသလိုမြင်လာတယ်။တချို့ကျတော့ ပုလဲလုံးကလေးတွေ ထွက်လာသလိုမြင်ရတယ်။တချို့ကျတော့ ဒီနှာခေါင်းဝ နှာသီးဖျားမှာဘောလုံးကလေးက လည်နေသလို မြင်တာမျိုးလည်းရှိတယ်။ အမျိုးစုံပေါ့။မီးခိုးတန်းကြီးလိုလည်း မြင်လာတယ်။အာရုံအလင်းတန်းကြီးနှစ်ခု ထွက်နေတယ်လို့လည်းမြင်လာတယ်။ ဒါလူတစ်ယောက်နှင့် တစ်ယောက်အမှတ်သညာချင်း မတူသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံနိမိတ်က တစ်ယောက်နှင့်တစ်ယောက် မတူဘူးတဲ့။အဲဒီ အာရုံနိမိတ်ပေါ်လာရင် ပေါ်လာတဲ့ နိမိတ်ပေါ်မှာဆက်ပြီး အလုပ်လုပ်ရမယ်တဲ့။ဒါကို “နိမိတ်ရတယ်” ခေါ်တယ်။ “နီဝရဏတရား ငါးပါးကင်းသွားတယ်”▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬အဲဒီ နိမိတ်ပေါ်မှာ ရှုမှတ်ပွားများပြီး သမာဓိစွမ်းအားတွေ မြှင့်မြှင့်ပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့သန္တာန်မှာ --နီဝရဏဆိုတဲ့ တရားတွေ ငြိမ်းလာတယ်။ဘာတွေ ငြိမ်းလဲဆိုရင် --အာရုံခံစားချင်တဲ့ ဆန္ဒတွေ ငြိမ်းလာတယ်။-ကာမစ္ဆန္ဒ လို့ဆိုတဲ့ ပျော်စရာရွှင်စရာတွေပေါ်မှာပျော်ရွှင်ချင်တဲ့ လောဘ နည်းလာတယ်။-အာရုံတစ်ခုပေါ်မှာ မုန်းတီးတဲ့ ဆန့်ကျင်တဲ့သဘောထားတွေ ပျောက်သွားတယ်။-စိတ်မငြိမ်မသက် ဖြစ်ပြီးတော့ စိတ်ထဲမှာပူပန်နေတာတွေ ပျောက်သွားတယ်။-အာရုံနဲ့ ဆက်ပြီးတော့ စိတ်ဟာ စွမ်းဆောင်နိုင်စွမ်းမရှိအောင် စွမ်းရည်သတ္တိတွေကျသွားတာ။ဒါတွေ မရှိတော့ဘူး။သူ ရှုမှတ်နေတဲ့ အာရုံပေါ်မှာလည်းပဲ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ အတွေးလေးတွေ သံသယတွေမရှိတော့ဘူး။ အဲဒါ မရှိတာကို“နီဝရဏတရား ငါးပါးကင်းသွားတယ်” လို့ ပြောတာ။ဘယ်သူက ကင်းအောင် လုပ်တာလဲဆိုရင်“သမာဓိစွမ်းအား” က ဖယ်ရှားပစ်လိုက်တာ။စိတ် စိတ်ချင်း ဖယ်ရှားနေတာ။စိတ်ထဲမှာ ခုနကပြောတဲ့ အညစ်အကြေးတွေမလာတော့ဘူး။ နီဝရဏတရား ငါးပါး လုံးဝပျောက်ကင်း သွားတယ်။❖ခုနက နိမိတ် အလင်းတန်း သို့မဟုတ် မီးခိုးတန်းလေးနှစ်ခု ပေါ်တယ်။ နောက် ဘာတွေ ဆက်ဖြစ်နေလဲဆိုရင် ဒီအာရုံနိမိတ်ပေါ်မှာ စိတ်ကူးနေတာတွေပေါ်လာတယ်။❖စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ် ကူးနေတာကို ခေါ်တာ။ ဆိုလိုတာက စိတ်နှင့် အာရုံ မပြတ်ထိနေတာ။ပေါင်းကူးပေးနေတဲ့ သဘောကို စိတ်ကူးတယ်လို့ ခေါ်တယ်။ အဲဒါကို စာပေလိုပြောရင်“ဝိတက်”လို့ ခေါ်တယ်။မိမိရဲ့ စိတ်ကလေးကို အာရုံပေါ် တွန်းပို့နေတာ။အဲဒီသဘောလေးဟာ ထင်ထင်ရှားရှား ပေါ်လာတယ်။သူ့ရဲ့ စွမ်းဆောင်ချက်တွေက ကောင်းလာတယ်။ပေါ်လာတဲ့ နိမိတ်ကလေးပေါ်မှာ ကိုယ့်ရဲ့စိတ်ကစဉ်ဆက်မပြတ် စိတ်ကူးနေတဲ့ ဒီ ဝိတက်သဘောတွေ ပေါ်လာတယ်။❖နောက်တစ်ခုက အဲဒီ အာရုံနှင့် စိတ်ကလေးကိုချည်နှောင်ထားသလို အာရုံပေါ်မှာ စိတ်ကလေးကရစ်ဝဲပြီးနေတဲ့ “ဝိစာရ” ဆိုတဲ့ သဘောပေါ်လာတယ်။“ကြံစည်တယ်” လို့ မြန်မာလို ပြောကြတယ်။ကြံစည်တယ်ဆိုတာ ဒီအာရုံ အနီးကလေးမှာရစ်ဝဲနေတယ်။ စိတ်ကလေးက အာရုံနဲ့ ကွာမသွားဘူး။အမြဲတမ်း တွဲနေတာ ဖြစ်တယ်။ဒါ “ဝိစာရ ရဲ့ စွမ်းရည်သတ္တိ။”❖နောက် ဘာဖြစ်လာသလဲဆိုရင် အဲဒီအာရုံကလေးပေါ်မှာခုနက မီးခိုးတန်း အလင်းတန်း ကလေးပေါ်မှာစိတ်ကလေးက နှစ်ခြိုက်နေတယ်ပေါ့။ဒါကို “ပီတိ” လို့ ခေါ်တယ်။❖ကျေနပ်နေတယ်။ နှစ်ခြိုက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုရင် ကိုယ်ရော စိတ်ရော ပေါ့ပေါ့ပါးပါးဖြစ်နေတယ်။ ခန္ဓာကိုယ်မှာ ညောင်းတာ ညာတာ ၊ကိုက်တာ ခဲတာတွေ မရှိဘူး ပျောက်သွားတယ်။စိတ်ထဲမှာလည်း ပူပန်တာ တစ်ခုမှ မရှိဘူး။စိတ်ကလေး ချမ်းမြေ့လာတယ်။ဒါကို “သုခ” လို့ ခေါ်တယ်။အဲဒီလိုဖြစ်နေအောင် ဘယ်သူက စွမ်းဆောင်ပေးသလဲဆိုရင် နောက်ပိုင်းက “သမာဓိ ဆိုတဲ့ စွမ်းအား”ကအာရုံပေါ် စိတ်တွေ စုသွားအောင် ထိန်းထားတယ်။
https://www.dhammaransi.com/index.php/new/488-2016-11-18-05-47-12.html
ဘာ့ကြောင့် အိမ်မြှောင်စုတ်ထိုး
ဘာ့ကြောင့် အိမ်မြှောင်စုတ်ထိုး အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။ မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ "ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သမီးတို့ . . . " လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။ လူလူချင်း အုုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။ လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ "ဝိသုဒ္ဓိနတ်" ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ "ကိုယ်စောင့်နတ်" က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ "အိမ်စောင့်နတ်" က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။ ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။ ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။ သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။ သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။ သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။ အဲ့ . . . သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။ သားတို့ သမီးတို့ . . . အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးကွဲ့။ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။ အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမဘောလျှာ့ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။ တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ်။ နတ်မတယ် ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။ အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။ အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။ အိမ်မြှောင်ဆိုတာ စျာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့။ ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ်။ လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။ (မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
https://www.dhammaransi.com/index.php/new/489-2016-11-10-03-03-36.html
နှလုံးသွေးဟာ စရိုက် ( ၆ ) ပါး အလိုက် သွေးအရောင် ပြောင်းနေရပုံ
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမထားတော်မူခဲ့သော ... စိတ် စေတသိက် တို ့ရဲ့ အစွမ်းအာနုဘော်ကြောင့် နှလုံးဗူးအတွင်းရှိ တစ်ဆုပ်စာမျှ အသစ် အသစ် ဖြစ်နေသော နှလုံးသွေးဟာ စရိုက် ( ၆ ) ပါး အလိုက် သွေးအရောင် ပြောင်းနေရပုံ ... ( ၁ ) ကာမရာဂစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က ဟင်းသပြဒါးရေလို နီနီ ရဲရဲ ဖြစ်ပေါ်လာတယ် ... အရပ်ထဲမှာ ပြောကြတာကတော့ နာရွက်ဖျား နှာခေါင်းဖျား မီးတောက်နေတယ်ဆိုတာမျိုးပေါ့ ... ( ၂ ) ဒေါသစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က မဲပုပ်ပုပ် ဖြစ်လာတယ် ... ( ၃ ) မောဟစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က အမဲသားဆေးရေလို နီကျဲကျဲ ဖြစ်လာတယ် ... ပတ်ဝန်းကျင်မှာ မြင်ဘူးမှာပေါ့ သူများတွေက ဘဝအကျိုးပေးကောင်းလို ့ အဆင်ပြေနေတာတွေကို ကြည့်ကာ အဆင်မပြေတဲ့ ကိုယ့်ဘဝကို အလိုမကျပြီး ဝိစိကိစ္ဆာ ဆိုတဲ့ အကြောင်းအကျိုး အပေါ်ကို ဉာဏ်မရှင်းပဲ ဋ္ဌင်းဒဌက်လို ငေးမောနေတာတွေ ... ( ၄ ) ဝိတက်စိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က ပဲပိဇာတ်ပြုတ်ရေလို နီနောက်နောက် ဖြစ်လာတယ် ... သူများတွေက အနာကင်း အဆင်းလှ ဥစ္စာပေါ ရုပ်ချော ပညာတတ်ကြီးတွေကို မနာလိုဝန်တိုတဲ့ ဣဿာ မစ္ဆရိယစိတ် အားကြီးလာတဲ့အခါ သူများ စည်းစိမ် ဥစ္စာ တွေကို မတရားလိုချင်တဲ့ အဘိဇ္ဈာစိတ် အားကြီးစွာဖြစ်လာတဲ့အခါ သူတစ်ပါးကို ပျက်ဆီး စေချင်တဲ့ ဗျာပါဒစိတ် အားကြီးလာတဲ့အခါ သွေးရောင်ဟာ ညစ်နွမ်းလာပြီး ... သံလိိုက်ဓါတ်နဲ ့တူတဲ့ အဘိဇ္ဈာ ဗျာပါဒ ဣဿာ မစ္ဆရိယ တွေက ရောဂါ အမျိုးမျိုးတွေကို ဆွဲယူတော့တာပဲဆိုတာတော့ အားလုံးကို သတိပေးချင်ပါတယ် ... ( ၅ ) သဒ္ဓါစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က ဝါဖျော့ဖျော့ နေရာက အဝါရင့်ရောင်ဖြစ်လာတယ် ... ( ၆ ) ပညာစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါ သွေးရောင်က ဆွတ်ဆွတ်ဖြူရာမှ မှန်ကဲ့သို ့ကြည်လင်လာပြီး ပတ္တမြားလုံးတွေလို အလင်းရောင်တွေ တောက်ပလာတယ် ... စိတ် စိတ္တဇ ဥတုဇလေကြောင့် နှလုံး သွေး ထွက်ရာဝင်ရာ အဝမှာ အဆို ့ရှင်လိပ်ပြာတောင်ကလေး ၂ ခုဟာ အချက်ကျကျ ခတ်ပေးလိုက်လို ့ ဒီသွေးတွေဟာ ဒိတ်ဒိတ် ဒိတ်ဒိတ် နဲ ့ အချက်ကျကျ တစ်ကိုယ်လုံးကို ပျံ ့နှံ ့နေတယ် ... ဒီစိတ်ဟာ နှလုံးသွေးကို မှီနေသောကြောင့် ဒီနှလုံးသွေးဖောက်ရင် စိတ်လည်း ဖောက်ပြန်လာတယ် ... ဒီနှလုံးကညှစ်လွတ် လိုက်တော့ ဗဟိုသွေးကြောကနေ တစ်ကိုယ်လုံး ပျံ ့နှံ ့သွားတာပေါ့ အဲ့ဒါကြောင့် ... ဒေါသစိတ် ဖြစ်နေတဲ့ သူဟာ ဒေါသသွေးများ တစ်ကိုယ်လုံး ပျံ ့နှံ ့သွားပြီး အသားတွေလဲ ဒေါသစိတ် ဖြစ်လွန်းတော့ နီပြီးတုန်လာတာတွေ ့ရတယ် နောက်တော့ ညိုပုပ်လာပြီး မကောင်းတဲ့ အမှုမျိုးစုံကျူးလွန်တဲ့အထိ ဖြစ်လာတော့တာပေါ့ ... ဘုရား ရဟန္တာ များကြတော့ ပညာစိတ်ကြောင့် နှလုံးသွေးဟာ အထူးကြည်လင်လိို ့ ကိုယ်ရောင် ကိုယ်ဝါ တွေဟာ တစ်ကိုယ်လုံး တောက်ပလာပြီး ရောင်ခြည်တော်လွတ်တဲ့ အထိဖြစ်ပေါ်လာရတယ် ... ရူးသွားတာလဲ ဒီနှလုံးသွေးကြောင့်ပဲ ကြောက်အားကြီးလာရင် နှလုံးသွေးက အေးပြီး ပြစ်ချွဲသွားတော့ တစ်ကိုယ်လုံး အေးစက်လာတယ် နောက်တော့ အအေးလွန် ပြစ်ချွဲလွန်ကာ နှလုံးသွေးရပ် သေရတာပေါ့ ... ထင်ရှားတဲ့ဥပမာလေး တစ်ခုပြောပြပါ့မယ် ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နာဟာ အေးချမ်း တည်ငြိမ် ကြည်လင် နေတဲ့ ပုံစံအနေအထားမျိုး မဖြစ်နိူင်ပါဘူး ဒေါသစိတ်ကြောင့် ဒေါသရုပ်ပဲထွက်မယ် ...
https://www.dhammaransi.com/index.php/new/490-2016-11-10-00-50-10.html
မစ္ဆရိယ အကြောင်း
# မစ္ဆရိယ အကြောင်း # ***************** ဝန်တိုခြင်းသဘောသည် " မစ္ဆရိယ " တည်း။ ယခုကာလ၌ မလှူရက် မပေးကမ်းရက်သောသူကို မစ္ဆရိယ ွှှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိူးမဟုတ်။ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင်မပေးချင်မှုတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘ သဘောသာဖြစ်သည်။မိမိ ပစ္စည်းကိုဖြစ်စေ အခြားပစ္စည်းကိုဖြစ်စေ ဂုဏ်ကိုဖြစ်စေ သူတစ်ပါးမရစေလိုသော သဘောကိုသာ ဝန်တိုမှု မစ႓္ဆရိယ သဘောဟု မှတ်ပါ။ မစ္ဆရိယ ( ၅ ) မျိုး ************** ၁။ အာဝါသမစ္ဆရိယ= မိမိနေရာ ၌ ဝန်တိုမှု။ ၂။ ကုလမစ္ဆရိယ= မိမိ အမျိုးအပေါ် ဝန်တိုမှု။ ၃။ လာဘမစ္ဆရိယ= ပစ္စည်းလာဘ်လာဘကို ဝန်တိုမှု။ ၄။ ဝဏ္ဍမစ္ဆရိယ= ကိုယ့်အဆင်း ဂုဏ်သတင်း ၂လုံး၌ ဝန်တိုမှု။ ၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသောတရား(အတတ်ပညာ)ကိုဝန်တိုမှု။ ကျမ်းဂန်လာ မစ္ဆရိယ ၅ ပါးကိုစဉ်းစားလျှင် သူတပါးလှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ သီလရှင်များ၌အဖြစ်များဖွယ်ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤ မစ္ဆရိယ သောင်းကျန်းလျှက်ရှိသည်။ လူအများ၌လည်း ကိုယ့်ထက်အိမ်ကောင်းရာကောင်းရှိမှာစိုးခြင်း ကိုယ့်ထက် ဥစ္စာပေါမှာစိုးခြင်း ရောင်းဝယ်ကောင်းမှာစိုးခြင်း ကိုယ့်ထက်ဆွေမျိုးဉာတိပေါမှာ စိုးခြင်း ကိုယ့်ထက်လှမှာစိုးခြင်း ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း ကိုယ့်ထက်တတ်သိမှာစိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယ ပင်တည်း။ ထိုသို့ မစ႓္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ပဲ မိမိ မှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကား ဤ မစ္ဆရိယ ကို ဝါသနာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘဝ ၌ သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာ ဖြစ်ဖို့သာ ပြင်ကြပါတော့a… …… …ဟု အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ ကောက်နှုတ်ရေးသား တင်ပြလိုက်ရပါသည်။
https://www.dhammaransi.com/index.php/new/491-2016-11-10-00-47-17.html
၀ိပဿနာရှုခြင်းကြောင့် စူဠသောတာပန်ဖြစ်ခြင်း
၀ိပဿနာရှုခြင်းကြောင့် စူဠသောတာပန်ဖြစ်ခြင်း ******** ၀ိပဿနာအားထုတ်စဉ်တွင် မိမိ၏ ခန္ဓာကို သမာဓိအားကောင်းစွာဖြင့် ကြည့်နေလျှင် ခန္ဓာဖောက်ပြန်မှု အမျိုးမျိုးကို တွေ့နိုင်၏။ ခန္ဓာတို့တွင် ပူလိုက် အေးလိုက် တင်းသွားလိုက် လျော့သွားလိုက်နှင့် ဓာတ်တွေဖောက်ပြန်မှု အမျိုးမျိုး ဖြစ်လိုက် ပျက်လိုက် (ဖြစ်ပျက်) ကို ဉာဏ်ဖြင့် တွေ့မြင်ရ၏။ ဤသို့ ဖြစ်ပျက်ကိုတွေ့လျှင်ပင် တစ်ဘဝအတွက် အပယ်မကျနိုင် အာမခံချက်ရတဲ့ စူဠသောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။ { မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ } ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/492-2016-11-09-11-16-45.html
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ ********-****- မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည် ပေမယ့် အဘိုးလေး၊ အဘွားလေးပါမကျန် ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။ ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သင့်တော်ကြ မှာပါ၊ နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဉာဏ်ရဖို့ အရေးကြီးပါတယ်၊ တချို ့တ ရားအားထုတ်ကြပါတယ်၊ တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊ ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ လိုက်တာ..၊ ဘာလို့များလဲလို ့ သိဖို ့အလွန်အရေး ကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ သတိပဌာန် အားထုတ်ရင် သင့်တော်ပါတယ်၊ အဆင်ပြေပါတယ်၊ လွယ်ပါတယ််၊ သတိအားမ ကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့ မရပါဘူး၊ ခဲယမ်းတယ်လို့ ခေါ်ပါတယ်။ အသက်အရွယ်ရလာတော့ ဘယ်လောက်ပဲ သတိကောင်းကောင်း မိစ္ဆာသတိပဲ အစွဲများပါတယ်၊ ရပ်ထဲရွာထဲမှာနေရင် မိစ္ဆာသတိပဲ အဖြစ်များပါတယ်၊ သတိပဌာန် အလုပ်အားထုတ်တယ်ဆိုတာ ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာပါ၊ လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥ ပါဒါန် အစွဲတွေေြ ကာင့် သားမှတ်မိ၊ မယားမှတ်မိ၊ ခင်ပွန်းယောက်ျားမှတ်မိ၊ လုပ်ခဲ့ကိုင်ခဲ့တာ တွေကို အကုန်မှတ်မိနေတယ်၊ သတိတော့ကောင်းတယ်၊ ဘာသတိဆိုတော့ မိစ္ဆာသတိ။ သမာ သတိကျပြန်တော့ အားမကောင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေအတွက်သတိပဠာန် အားထုတ်တာ အလွန့် အလွန် ပင်ပန်းပါတယ်။ ခက်တယ်လို့ခေါ်ပါတယ်။ မိမိကိုယ်ကို သတိပဌာန် ရှုဘူး၊ မှတ်ဘူး၊ ပွားများဘူးပါလိမ့်မယ်။ တကေလို့များ မိမိတို့ က သတိအားမကောင်းဘူး၊ ဝီရိယတော့အားကောင်းပါတယ်ဆိုရင် သတိပဌာန်နဲ့ လုံးဝ အဆင် မပြေနိုင်ပါဘူး။ သတိပဌာန်ဆိုတာ “သတိပဌာန” သတိပြဌာန်းတယ်လို့ ခေါ်ပါတယ်။ သတိအား ကောင်းတဲ့သူတွေလုပ်တဲ့အလုပ်ပါ၊ တကေလို့များ မိမိတို့က သတိအားမကောင်းဘဲနဲ့ ခိုင်းလို့သာ မှတ်နေရ၊ ခိုင်းလို့သာရှုနေရ၊ ခိုင်းလို့သာ အားထုတ်နေရဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ ခဲယမ်းတယ်လို့ခေါ်ပါတယ်။ တချို့တချို ့ကတော့ သတိအားမကောင်းပေမဲ့ ဝီရိယအားကောင်းပါ တယ်၊ ပြေးဟဲ့၊ လွှားဟဲ့၊ ပြောဟဲ့၊ ဆိုဟဲ့ ဆိုတဲ့ ကိုယ်ကောင်ကြီး ဝီရိယမဟုတ်ပါဘူး။ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်၊ ကြိုးစားနိုင်တဲ့ “ဝီရိယ”၊ ဖြစ်ပြီးသား အကုသိုလ်တွေကို ချက်ချင်း ရပ်ပြီးတော့ ပယ်ဖျက်နိုင်တဲ့ စိတ်ဝီရိယ ကိုပြောတာပါ။ တကယ်နိဗ္ဗာန်လိုလားလို ့ တရားအားထုတ်မယ်ဆိုရင်၊ ကိုယ့်မှာသတိကောင်းရဲ့လား၊ ဝီ ရိယကောင်းရဲ့လား၊ သိရပါမယ်။ သူများခိုင်းလို့သာ လုပ်နေရတယ်၊ သူများပြောလို့သာလုပ်နေ ရတယ်၊ ကိုယ်က ဘယ်သန်မှန်းမသိ၊ ညာသန်မှန်းမသိ၊ အဲလိုအားထုတ်နေရင် “ ခုလိုဆိုတော့ လွယ်ပါတယ် " ဖြစ်မလာပါဘူး။ တချို ့က သတိပဌာန်အားထုတ်ရင် နိဗ္ပာန်ရောက်တယ်ဆိုပြီး.. ဘယ်နည်းဘယ်နည်းတွေကို ပယ်လိုက်ကြတယ်။ တကယ်သတိပဌာန်ကို မွှန်းစရာကောင်းတယ် ဆိုရင် ဘုရားရှင်တော်မြတ်ကြီး ၄၅ ၀ါပတ်လုံး မဟာသတိပဌာနသုတ် တစ်သုတ်ကိုပဲ ဟောကြား မှာပေါ့။ အဲဒီလို မဟုတ်ပါဘူး။ တရားနာတဲ့ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဟောပေးတာပါ။ ဘုရားရှင်တော်မြတ် ကြီး ဉာဏ်တော်အရ ဘယ်လိုမှ ပြောစရာမလိုပါဘူး။........ အများသိအောင်ပြောချင်တာက၊ ကိုယ်သတိအားကောင်းရင် သတိပဌာန်အားထုတ်...ဖြစ်ပါတယ်၊ လွယ်ပါတယ်။ ကိုယ်ဝီရိယ အားကောင်းရင်းနဲ့ သတိပဌာန် အားထုတ်ရင်....နှစ်ပေါင်းရာ၊ ထောင်ချီအားထုတ် အဆင်ပြေမှာ မဟုတ်ပါဘူး။ တချို ့ကျတော့ သဒ္ဒါအားကောင်းလိုက်တာ သူများတွေပြောတဲ့ ရိပ်သာဆိုတာ မသွား ပါဘူး၊ တရားစခန်းဆိုတာ မဝင်ပါဘူး။ ဒါပေမဲ့ မနက်မိုးလင်း ဘုရားဆွမ်းတော် မကပ်ရဘဲ မနေ နိုင်၊ ရှိမခိုးရဘဲ မနေနိုင်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ မကပ်လှူရဘဲ မနေနိုင်ဘူး။ သံဃာတော်တွေကို ဆွမ်းမလောင်းရဘဲ မနေနိုင်ဘူး။ အဲဒီသဒ္ဓါတရား အားကောင်းလာတာနဲ့အမျှ တဏှာတွေလျော့ သွားမှာ။....ကိုယ်သာရာ သာရာ လုပ်သွားလိမ့်မယ် အဆင်ပြေပြေ။...အဲဒါကိုများ ကိုယ်ကဘာမ သိ ညာမသိနဲ့ သဒ္ဓါအားကောင်းတဲ့သူကို.....မှတ်ဟေ့ရှုုဟေ့ ပြောရင်..အလွှဲကြီးလွှဲသွားပါပြီ။ သဒ္ဓါတရား အားကောင်းတဲ့သူကို ဘေးလူက နင်တရားအားထုတ်တာ မဟုတ်ဘူး၊ ရိပ်သာသွားပါလား၊ တရားစခန်းသွားပါလား။ ဦးဇင်း မပြောရဲဘူး။ ကုသိုလ်ချင်းအတူတူ ဘယ်ကု သိုလ် လုပ်ရတာ ပိုလွယ်သလဲ၊ တချို ့ဒါန လွယ်တယ်၊ တချို ့သီလ လွယ်တယ်၊ တချို ့သမထ လွယ်တယ်၊ တချို ့ဝိပဿနာ လွယ်တယ်၊ တချို ့ကတော့ဝေယာဝိစ္စလုပ်ရတာ လွယ်တယ်။ တချို ့ တစ်ခုခုကို စိုက်စိုက်စူးစူး လုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သမာဓိနဲ ့အားထုတ်တာပျော်တယ်၊ မှန်ပါဘုရား ဟုတ်ပါဘုရားလို ့ သာဓုခေါ်ရုံနဲ ့ ပြီးမဲ့တရားမျိုး မဟုတ်ပါဘူး။ ကိုယ်သန်ရာ ကိုယ်လုပ်တဲ့သူဟာ အလုပ် လွယ်ပါတယ်၊ မကျွမ်းကျင်၊ မသန်၊ အားမရှိတဲ့အလုပ်ကို ကိုယ်လုပ်....ခဲယမ်း လိုက်တာ၊ ပင်ပန်းလိုက်တာ။ တရားရလွယ်တာ မလွယ်တာ လမ်းကြောင်းမှန်တာပေါ် မူတည်ပါတယ်။ လွယ်ဖို ့ခက် ဖို ့က ဗဟုသုတ အရေးကြီးပါတယ်။ သတိအားကောင်းရင် သတိပဌာန်အားထုတ် လွယ်မှလွယ်။ အသိဉာဏ်ပညာ အားကောင်းရင် မဂ္ဂင်တရားတွေ၊ ဗောဇျွင်တရားတွေအားထုတ် လွယ်မှလွယ်။ သူများထိုင်ခိုင်းလို ့ မထိုင်ဖြစ်ရင်လဲ စိတ်ပျက်စရာ မလိုပါဘူး။ တရားတစ်မျိုးမျိုးလောက် ပြည့် စုံရင်ကို....မကွေ ့မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်ရောက်အောင် လမ်းမှန်ဖြင့် ကျင့်နေ တဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ မျက်စိမှိတ်မှ ဘယ်လိုထိုင်မှဆိုတာ တရားမှန် မဟုတ်ပါဘူး။ နားလည် ပါ၊ သဘောပေါက်ပါ။ အဆင်မပြေတဲ့နည်းကို ပေတေပြီး ရအောင်လုပ်နေတဲ့နည်းဟာ အရှုံးကြီး ရှုံးပါတယ်၊ အရှုံးကြီးရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်၊ လူ့ဘဝရခိုက် မရှုံးစေပါနဲ့။ ကိလေသာ..မိစ္ဆာတွေ ဖြစ်နေတာကိုတော့ ဉာဏ်နဲ ့သိရပါမယ်။ ဒါနထက် သီလ၊ သီလ ထက် သမထ၊ သမထထက် ၀ိပသနာ၊ တစ်ဆင့်ထက်တစ်ဆင့်၊ တစ်ဆင့်ထက်တစ်ဆင့်၊ နုညံ့ သိမ်မွေ ့ ခက်ခဲပါတယ်။ ထိုင်တာကိုပဲတရား ထင်ထားတဲ့ ပုဂ္ဂိုလ်အတွက်၊ ထိုင်တဲ့အချိန်သာ တရားဖြစ်ပြီး၊ မထိုင်တဲ့အချိန် မတရားတွေ ဖြစ်နေကြမယ်ဆိုရင်၊ အရှုံးကြီးရှုံးပါတယ်။ ကြောက် စရာကောင်းပါတယ်။ မရွေးတော့လို ့ ရမဲ့နိဗ္မာန်ကို မြင်လိုက်စမ်းပါ။ ကိုယ်သန်ရာ ကိုယ်လုပ်တဲ့ သူဟာ အလုပ် လွယ်ပါတယ်၊ တရားရလွယ်ပါတယ်။ ဒါကြောင့်မို့လို့ အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ကျန်းမာသူပဲဖြစ်စေ၊ မကျန်းမာ သူပဲဖြစ်စေ၊ ကိုယ်သန်ရာ ကိုယ်လုပ်တဲ့သူဟာ အလုပ် လွယ်ပါတယ်၊ တရားရလွယ်ပါတယ်ဆိုတာ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။ { (၂.၁၀.၂၀၀၅)တော်သလင်းလကွယ်.တနင်္ဂနွေနေ့၊ မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံ မိ ဘိုးဘွားရိပ်သာတွင် ဓမ္မဒူတအရှင်ဆေကိန္ဒ ဟောကြားတော်မူသော “ခုလိုဆိုတော့ လွယ်သားပဲ" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ } (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/493-2016-11-09-07-50-38.html
နိဗ္ဗာန်၏ လက္ခဏာ
နိဗ္ဗာန်၏ လက္ခဏာ __________________ ❆ ❆ နိဗ္ဗာန်သည် ချမ်းသာခြင်း လက္ခဏာရှိတယ် ။ ❆ ❆ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း လက္ခဏာ ရှိတယ် ။ ❆ ❆ နိဗ္ဗာန်သည် စိတ်နှလုံးကို ရွှင်ပြုံးစေခြင်း လက္ခဏာ ရှိတယ် ။ နိဗ္ဗာန်သည် အထည်ရှိသလား ၊ မရှိဘူးလား ??? အထည်ရှိရင် ဆွေးမြေ့တဲ့ သဘော ၊ အထည်ရှိ တော့ ပျောက်ပျက်ရမယ် ၊ ဖောက်ပြန်ရမယ် ၊ ဆိုတဲ့သဘော လွတ်ကင်းနိုင် ရဲ့လား ••• { မလွတ်ကင်းနိုင်ပါ ဘုရား } ၊ အထည်ရှိရင် ပျက်မယ် ၊ နိဗ္ဗာန်သည် အထည်ရှိရင် ဆွေးမြေ့ ဖောက်ပြန် ပျက်စီးမယ် ၊ ဒါဖြင့် နိဗ္ဗာန်သည် အထည်ရှိပါရဲ့လား ၊ မရှိဘူးလား မေးရင် ၊ ဘယ့်နှယ်ဖြေကြမလဲ { မရှိပါ ဘုရား } ၊ အထည်မရှိဘူး ။ နိဗ္ဗာန်မှာ အထည် သဏ္ဍာန် မရှိ ။ နိဗ္ဗာန်မှာ လုံးရပ်လည်း မရှိ ဘူး ၊ သဏ္ဍာန်လည်း မရှိဘူး ၊ ပုံဟန်နိမိတ် ကော •••.{ မရှိပါဘုရား } ၊ အထည်မရှိရင် ဘယ်လိုများ နေရမှာတုံး ? လုံးရပ်သဏ္ဍာန် ၊ ပုံဟန်နိမိတ် မရှိလို့ရှိရင်ဖြင့် သိမှုကလေးနဲ့ ချမ်းသာနေတာလား ?.မေးရလိမ့်မယ် ၊ နိဗ္ဗာန်မြင်ပြီး သကာလ ၊ ကြည့်နေ ၊ သိနေရတာနဲ့ပဲ ၊ ချမ်းသာ နေတာပါလားလို့ ••• မေးစရာ မရှိဘူးလား ••• { ရှိပါတယ် ဘုရား } ။ ခန္ဓာ ရှိတုန်းတော့ ဟုတ်တယ် ။ သိမှုကလေးနဲ့ပဲ ချမ်းသာပြီး နေရမှာလားလို့ မေးရင် ၊ ခန္ဓာ ရှိတုန်းတော့ ဟုတ်တယ် ၊ ခန္ဓာ ရှိတုန်းတော့ ဒီနေရာကလေး ကြည့်နေရတာကို ဘယ့်နှယ် ဖြစ်နေသလဲ { ချမ်းသာနေပါတယ် ဘုရား } ။ ဘာပြုလို့ ချမ်းသာရသတုံးဆိုတော့ ၊ အအိုလည်းမရှိဘူး ၊ အနာကော မရှိဘူး ၊ အသေ ကော မရှိဘူး ၊ အကွဲ ကော မရှိဘူး ၊ သောက ပရိဒေဝ ကော မရှိပါ ဘူး ၊ ဒီနေရာလေးဟာ ၊ တော်တော် ကောင်းတဲ့နေရာပဲ ၊ " ရဟန္တာ ပုဂ္ဂိုလ် များသည် ၊ အဲဒီနေရာကို မြင်ထားကြရတယ် " ။ ခင်ဗျားတို့ ဒီမဂ်ကို အားထုတ်ကြည့်လို့ ၊ ဒီမဂ် ရောက်တယ်ဆိုရင် ••• မြင်ရမယ် ။ အတော်ထူးတဲ့နေရာ ။ ဒီနေရာ အတော်ထူးတဲ့ နေရာပဲ ၊ သုံးဆယ်တစ်ဘုံ လိုက်ကြည့်လိုက်တော့ တစ်မျိုး ၊ တစ်မျိုးဆိုတော့ ဒီနေရာ အကောင်းဆုံးပဲဆိုတာ သဘောကျပြီ မဟုတ်လား { တင်ပါ့ ဘုရား } ။ ဒီနေရာ အကောင်းဆုံး ။ အဲဒီတော့ ကိလေသာ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ ရဟန္တာ ဖြစ်ကြပြီ ၊ မဂ်လေးတန် ၊ ဖိုလ်လေးတန် တန်းကနဲ ရကြပြီ ၊ သောတာပန် ဖြစ်တော့ ၊ သောတာပန် နိဗ္ဗာန်ပေါ့ဗျာ ၊ ဒီလိုမြင်နေတဲ့ အခါကျလို့ရှိရင်ဖြင့် သောတာပန်ကလည်း ဒီနေရာအကောင်းဆုံး ၊ သကဒါဂါမ် ကလည်း ဒီနေရာ အကောင်းဆုံး ၊ အနာဂါမ် ကကော ဒီနေရာ အကောင်းဆုံး ၊ ရဟန္တာ ကကော ဒီနေရာ အကောင်းဆုံး ၊ ဘုရား ကကော ••• { ဒီနေရာ အကောင်းဆုံး ပါဘုရား } ။ သူတို့ ဘယ်နှယ်ကြောင့် ဒီနေရာ အကောင်းဆုံးရယ်လို့ ဆုံးဖြတ်ချက် ချကြပါလိမ့် မလဲလို့ မေးခွန်းထုတ်တယ်နော် ••• ခုနက ပြောခဲ့တဲ့ ••• အိုမှု ၊ နာမှု ၊ သေမှု ၊ မွဲမှု ၊ ကွဲမှု ၊ တွေ လုံးဝ ရှာမတွေ့ဘူး ၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုတွေ မရှိတော့ဘူး ။ အဲဒီတော့ ဒီနေရာမှာ " အလွန်အေးချမ်း " တဲ့နေရာ ပဲဆိုတာ ••• " မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ်ရ ၊ ပစ္စဝေက္ခဏ ဉာဏ်ရ တဲ့ ပုဂ္ဂိုလ်က မသိပေ ဘူးလား ၊ သိတယ် ။ မစားဖူးလို့ မကြိုက်ဘူးပြောတာ ။ ဒီနေရာဟာ ကျုပ်တို့က မသွားဖူးလို့ ၊ မသွားဖူးတဲ့ ၊ မစားဖူးတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူးပြောတာကို ကျုပ်တို့က အမှန်မယူနဲ့ ၊ မစားဖူးပဲ နဲ့ မကြိုက်ဘူး ပြောတဲ့ဟာအဓိပ္ပါယ် မရှိဘူး ၊ စားဖူးလို့ မကြိုက်ဘူးဆိုရင် တော့ အဓိပ္ပါယ် ရှိတယ် ၊ ပုထုဇဉ် စိတ်နဲ့ မကြိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ၊ မစားဖူးပဲနဲ့ မကြိုက်တာ ဖြစ်လေသောကြောင့် သူ့ စကားကို အတည်မပြုနဲ့ လို့ ကန့်ကွက်လိုက်တယ် ။ အားတဲ့ အချိန် နိဗ္ဗာန်ကို အာရုံပြုနေတယ် ။ အရိယာပုဂ္ဂိုလ်များ အားလပ်ချိန် ရတော့ ဆွမ်းခံကိစ္စ ငြိမ်း ၊ ရေသောက်ဖို့ ကိစ္စငြိမ်းတဲ့ အချိန် ဘာလုပ်နေကြသလဲ ••• { နိဗ္ဗာန် အာရုံပြုနေကြပါတယ်ဘုရား } ၊ ဒါဖြင့် သူတို့ စားကောင်းလို့ စားနေတယ် ။ နိဗ္ဗာန်သည် အမြတ်ဆုံး ။ အဲဒီတော့ နိဗ္ဗာန်ထက် မြတ်တဲ့ တရားရှိသေးသလား ၊ နိဗ္ဗာန် အမြတ်ဆုံးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထားတယ် ၊ ပုထုဇဉ်ဉာဏ်နဲ့ စာပြီး ၊ ကြိုက်ပြန်လို့ ရှိရင်လည်း ဒုက္ခ မရှိဘူးဆိုရင်ဖြင့် ကြိုက်ရတာပဲ ။ အရိယာကတော့ ကိုယ်တိုင်သိ ။ အရိယာကတော့ ကိုယ်တိုင်သိ " ပစ္စက္ခသိ " ။ ကျုပ်တို့က " သုတသိ " ပြောသံကြားနဲ့ သိတယ် ၊ အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့က လက်တွေ့မှ ယုံတယ်ဆိုရင်လည်း ••• လုပ်ကြတာပေါ့ ••• ယောင်ချာချာ တော့ လုပ်မနေ နဲ့နော် ••• အလုပ် လုပ်ကြည့် ကြပါ ။ ဒကာ ဒကာမတွေ ကျုပ်တို့က ဘာဖြစ်ဖြစ် လက်တွေ့မှ ယုံတဲ့ခေတ် ၊ ပြောသံကြားခေတ် မဟုတ်ဘူးလို့ ဆိုလို့ရှိရင် ••• အလုပ် လုပ်ကြည့်ပါ ။ ဘယ့်နှယ်တုံး ••• { လုပ်ကြည့်ရမှာပါ ဘုရား } ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/494-2016-11-08-23-38-35.html
ကြီးပွာတိုးတက်ချင်ရင်
¤¤¤¤¤¤¤¤¤¤¤¤¤¤ ကြီးပွာတိုးတက်ချင်ရင် ¤¤¤¤¤¤¤¤¤¤¤¤¤¤ ဒီဃဇာဏုသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတာ အတိအကျ guide line ဆွဲပေးထားတာ ရှိတယ်။ ■ ဥဋ္ဌာန_သမ္ပဒါ ■ စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါတဲ့။ အဲဒီ ကြိုးစားပါဆိုတဲ့ စကားထဲမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်။ ကြိုးစားတိုင်းအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး။ ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက သုံးချက်ထည့်ထားတယ်။ (၁) "ဒက္ခ " လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ ကြိုးစားပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ အရောင်းအဝယ်လုပ်ရင် အရောင်းအဝယ် ကျွမ်းကျွင်ရမယ်။ ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။ ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။ (၂) "အနလသ" ဇွဲကောင်းရမယ်။ ဇွဲမရှိရင်လည်း မအောင်မြင်ဘူး။ (၃) "ဥပါယဝီမံသာ " နည်းပညာရှိရမယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး။ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဟောခဲ့တဲ့ တရားနော်။ မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ " ဥဋ္ဌာနသမ္ပဒါ "ဆိုတဲ့ အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။ ■ အာရက္ခသမ္ပဒါ ■ ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်မှူ၊ ဒါလည်း သိပ်အရေးကြီးတာပဲ။ ရှာတော့ရှာပါရဲ့။ အထိန်းအသိမ်းမတတ်တော့ အလေအလွင့်တွေ ဖြစ်တယ်၊ ဒါလည်း မဖြစ်စေနဲ့တဲ့။ ■ သမဇီဝိတာ ■ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ အမြဲတမ်းညှိနှိုင်းပြီးတော့ သုံးစွဲရမယ်တဲ့။ ■ ကလျာဏမိတ္တ ■ မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးမသြဝါဒပေးမယ့် အကြံပေးမယ့် ပုဂ္ဂိုလ်တွေ ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ။ စီးပွားတိုးတက်ချင်ရင် ဒီသင်္ဂဟတရားလေးပါးနဲ့ ပြည့်စုံအောင်လုပ်လို့ ဆိုတာ မြတ်စွာဘုရားက guide line ပေးထားတာပဲ။ ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
https://www.dhammaransi.com/index.php/new/495-2016-11-08-23-11-32.html
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း ================================ (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ ÷÷÷ အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ÷÷÷ အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ÷÷÷ အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး... ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။ (၄) “မရဏာနုဿတိကုသိုလ်” ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။ (၅) “အသုဘဘာဝနာကုသိုလ်” မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက ်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား… လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။ ကဲ.... စာဖတ်သူအပေါင်းတို့ရေ... မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။ (ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ )
https://www.dhammaransi.com/index.php/new/496-2016-11-08-23-09-53.html
ဗုဒ္ဓ အလိုတော်ကျ ကျန်းမာရေးကောင်းအောင် နေထိုင်နည်း
အ့ံသြဘွယ် ကောင်းလောက်အောင်…လွန်ခဲ့သော နှစ်ပေါင်း( ၂၅၀၀ )ကမြတ်ဗုဒ္ဓရဲ ့ ဟောကြားချက် ဟာယနေ ့ထက်တိုင် မှန်ကန်နေဆဲဖြစ်ပြီး ယနေ ့ ခေတ် လူသားများ လိုက်နာကျင့်သုံးလျှက်……… ရှိပါတယ်…… အာရောဂျံ ပရမာလာဘံာ ကျန်းမာခြင်းဟာ လာဒ်ကြီးတစ်ပါးဖြစ်သည့်အတွက်…… ကျန်းမာရေး ကောင်း်ူချင်သူုဟာ…………………… ၁။ သပ္ပယကာရီ ကျန်းမာရေး ကောင်းအောင် လေ့ကျင့်ခန်း လုပ့်ခြင်း အစားအသောက်များကို လတ် လတ်ဆတ်ဆတ်စားခြင်း လေကောင်းရှု ခြင်း မိမိနှင့်သင့်လျှော်သောရာသီဥတု နှင့်ညီသောအလုပ်မှာနေခြင်း………………… ၂။ သပ္ပာယေ မတ္တံ ဇာနာတိ အစား အစာများကို..သင့်တော်သလောက် သာစားသုံးခြင်း..ကိုယ်ကနှစ်သက်ပေမဲ့ လည်း.အတိုင််းအတာတစ်ခုထိသာ စားသုံခြင်း……………… ၃။ ပရိဏတ ဘောဇီဝတော အစာကိုကြေညက်အောင်ဝါးစားရခြင်း ၄။ ကာလစာရိစ တောတိ သွားလာရေးမှာ လိမ္မာ ပါးနပ်ခြင်း…… ( နေအရမ်းပူရင် ထီဆောင်းသွားခြင်း စသည်………) ၅။ ဗြဟ္မစာရီစ မေထုံ ရှောင်ခြင်း( လွန်ကျုးပြုရင်အသက်တို) ၆။ သီလဝါ ကိုယ်ကျင့်တရား ကောင်းခြင်း ၇။ ကလျာဏ မိတ်တောစ ကျန်းမာရေးကို စောင့် ရှောက်ပေးတတ်သော မိတ်ဆွေ များနှင့်ပေါင်းသင်းနေထိုင်ခြင်း ဤခုနှစ်ချက်သည် ဗုဒ္ဓအလိုတော်ကျ ဖြစ်သည်။ ________________________________
https://www.dhammaransi.com/index.php/new/497-2016-11-08-23-08-45.html
အလုပ်သာ မှန်မှန်လုပ်နေပါ
ထမင်းအိုးကို ရဲနေတဲ့မီးကျီးစုပေါ် တင်ထား၊ ”နပ်ပါစေ_ နပ်ပါစေ”လို့ ဆုတောင်းရသေးလား (မတောင်းရပါဘုရား) တောင်းနေဖို့မလိုပါဘူး၊ မီးကျီးတွေ အေးမကုန်အောင် ယပ်သာခတ်ပေး (မှန်ပါ) မီးထိုးပေးနေရုံပဲ (မှန်ပါဘုရား) အချိန်ကျရင် ထမင်းဟာ နပ်လာမှာပဲ (မှန်ပါ) ဆုတောင်းလို့ နပ်တာလား (မဟုတ်ပါ ဘုရား) ဆုတောင်းလို့ နပ်တာ မဟုတ်ပါဘူး_ တဲ့၊ မီးအပူရှိန် လျော့မသွားအောင်၊ ရဲနေအောင် ယပ်ခတ်ပေးနေလို့ပါ (မှန်ပါဘုရား) ဒီမှာလဲ ထို့အတူပဲတဲ့၊ အရှုခံတစ်ခုခုပေါ်မှာ ဝိပဿနာဉာဏ်နဲ့သာ ရှုပေးနေပါ၊ (မှန်ပါ) ကြိမ်ဖန်များစွာသာ ရှုပေးနေပါ (မှန်ပါ) ရှုဖန်များလာတော့ ဖြစ်_ပျက်တွေ မြင်လာလိမ့်မယ် (မှန်ပါဘုရား) ဒီလို ဖြစ်_ပျက်တွေ မြင်လာတာဟာ ဆုတောင်းလို့ မြင်တာလား၊ အလုပ်_လုပ်လို့ မြင်တာလား (အလုပ်လုပ်လို့ မြင်လာတာပါ ဘုရား) ဟုတ်တယ်၊ အလုပ်သာ လုပ်နေပါ (မှန်ပါ) ကြာတော့ ဖြစ်_ပျက်တွေကို မုန်းလာလိမ့်မယ် (မှန်ပါ)၊ မုန်းလာလဲ မလျှော့နဲ့၊ ဆက်သာရှုနေ၊ (မှန်ပါ) ဒီမှာ အရေးကြီးလာပြီ၊ မလျှော့နဲ့ (မှန်ပါ) နောက်တော့ လောကီဝိပဿနာဉာဏ်ငါးပါးဟာ ရင့်လာတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးဖြစ်လာ (မှန်ပါ) ဖြစ်လာပြီးတော့ ဖြစ်ပျက်တွေမရှိတဲ့ နိဗ္ဗာန် ဘက်ကို သူ့ဟာသူ ကူးသွားလိမ့်မယ် (မှန်ပါဘုရား) ဖြစ်ပျက်တွေမရှိတာက နိရောဓသစ္စာပေါ့ဗျာ (မှန်ပါ) ဖြစ်ပျက်တွေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဉာဏ်တွေဟာ မရင့်သေးခင် ဖြစ်ပျက်ဒုက္ခသစ္စာ တွေဘက်မှာ ရှိနေမယ် (မှန်ပါ) ရင့်လာတဲ့အခါကျတော့ ဖြစ်ပျက်တွေ မရှိတဲ့ နိရောဓသစ္စာဘက်၊ နိဗ္ဗာန်ဘက်ကို ပြေးဝင်သွားလိမ့်မယ် (မှန်ပါဘုရား) မိုးကုတ်ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/498-2016-11-08-23-08-24.html
ဗိုလ် ငါးပါး
ဗိုလ် ငါးပါး ++++++++++++++ တရားအားထုတ်ရာမှာ ဗိုလ်ငါးပါးလို့ခေါ်တဲ့စိတ်ကို ကြီးကြပ်စောင့်ထိန်းသည့် တရားငါးမျိုးကို ညီညွှတ်မျှတအောင် သုံးစွဲခြင်းဖြင့် တရားအသိဉာဏ်ကို လွယ်ကူလျှင်မြန်စွာ သိရှိနိုင်ပြီး၊ နိဝရဏတရားနှင့် ကိလေသာတို့ကိုလည်း လွှမ်းမိုးဖယ်ရှားနိုင်ပါတယ်။ ဗိုလ် ငါးပါးမှာ= ၁။ သဒ္ဒါဗိုလ် (ယုံကြည်မှု) ၂။ ပညာဗိုလ် ၃။ သတိဗိုလ် (ပိုတယ်မရှိပါ၊ လိုတယ်သာရှိပါတယ်။) ၄။ ၀ိရိယဗိုလ် ၅။ သမာဓိဗိုလ် တို့ ဖြစ်ပါတယ်။ သဒ္ဒါနှင့် ပညာ၊ ၀ိရိယနှင့် သမာဓိ တို့ဟာ ချိန်ခွင်သဖွယ် အတိုးအလျော့ မရှိဘဲ ညီညွှတ်မျှတအောင် “သတိ”နှင့် စောင့်ထိန်းပေးပြီး ရှုမှတ်ကြရပါတယ်။ သတိကတော့ ပိုတယ်မရှိ၊ လိုတယ်သာရှိတယ် ဆိုသလို အရာရာအရေးကြီးပြီး အဓိကကျကြပါတယ်။ { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား ပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/499-2016-11-08-03-05-43.html
“အယုတ်အမြတ် ခုနှစ်ဖြာ သိဖွယ်ရာ”
“အယုတ်အမြတ် ခုနှစ်ဖြာ သိဖွယ်ရာ” •••••••••••••••••••••••••••••••• မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဘုံဘဝတို့သည် အကျဉ်းချုပ်အားဖြင့် သုဂတိဘုံဘဝ= ကောင်းမြတ်သော ဘုံဘဝ၊ဒုဂ္ဂတိဘုံဘဝ= မကောင်း ယုတ်ညံ့သော ဘုံဘဝဟူ၍ (၂)မျိုးး ဖြစ်ပေသည်။ ထို(၂)မျိုးတို့တွင် လူ့ဘုံဘဝသည် ကောင်းမြတ်သော ဘုံဘဝဖြစ်ပေသည် လူပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော လူ့ဘုံဘဝ၌ ဖြစ်ရတာချင်းတူကြပါသော်လည်း အချို့က ယုတ်ညံ့နေကြပေသည်။ အချို့က မြင့်မြတ်နေကြပေသည်။ ယင်းကဲ့သို့ အချို့က ယုတ်ညံ့နေ၍ အချို့က မြင့်မြတ်နေရခြင်း အကြောင်းကို မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုဘအမည်ရှိသည့် လူငယ်တစ်ယောက်က မြတ်စွာဘုရားအား လျှောက်ထားသည်မှာ မြတ်စွာဘုရား လူတို့သည် - (၁)။ အချို့က အသက်တိုကြ၊ အချို့က အသက်ရှည်ကြ၊ (၂)။ အချို့က အနာများကြ၊ အချို့က အနာနည်းကြ၊ (၃)။ အချို့က အဆင်းမလှကြ၊ အချို့က အဆင်းလှကြ၊ (၄)။ အချို့က တန်ခိုးနည်းကြ၊ အချို့က တန်ခိုးကြီးကြ၊ (၅)။အချို့က ပစ္စည်းရှားကြ၊အချို့က ပစ္စည်းပေါများကြ၊ (၆)။ အချို့က အမျိုးယုတ်ကြ၊ အချို့က အမျိုးးမြင့်မြတ်ကြ။ (၇)။ အချို့က ပညာနည်းပါးကြ၊ အချို့က ပညာကြီးမား ကြ၍ အယုတ်အမြတ်အားဖြင့် ဖြစ်နေကြတာကို တွေ့မြင်ရပါသည်ဘုရား။ (ဥပရိပဏ္ဏာသ-၂၄၃) ယခုလို အယုတ်အမြတ်အားဖြင့် ဖြစ်ကြရသည်မှာ ဘာ့ကြောင့် ပါလဲဘုရားဟု လျှောက်ထားသဖြင့် မြတ်စွာဘုရားက ပုဂ္ဂိုလ်သတ္တဝါတို့အယုတ်အမြတ်အားဖြင့် ဖြစ်ကြရခြင်းအကြောင်းမှာ ပုဂ္ဂိုလ်သတ္တဝါတို့ ပြုအပ်သော ကံကြောင့်ပင် ဖြစ်ကြရပေသည်ဟု ဟောကြားတော်မူလိုက်ပါသည်။ ❖(၁)။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည့် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်မရှည်ကြ။ အသက်တိုကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)ကံ ကို မပြုကြပေ။ ရှောင်ကြဉ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်ရှည်ခြင်းနှင့် ပြည့်စုံကြရပေသည်။ ❖(၂)။အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်း ကင်းမဲ့၍ တုတ် စသည်ဖြင့် ညှဉ်းဆဲခြင်း(ဝိဟေဌက) ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အနာရောဂါ များကြရပေသည်။ မကျန်းမမာ ဖြစ်နေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်းရှိသည် ဖြစ်၍ ညှဉ်းဆဲခြင်း (ဝိဟေဌက)ကံကို မပြုကြပေ။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန် သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ဗြဟ္မာပြည် တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် အနာရောဂါကင်းခြင်း၊ကျန်းမာခြင်းနှင့် ပြည့်စုံ ကြပေသည်။ ❖(၃)။အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသ ထွက်ခြင်းများ၍၊မကောင်းသော ကိုယ်မှုနှုတ်မှု တို့ကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန် သွားသောအခါ အပါယ်ငရဲသို့ ကျရောက် ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန် ဖြစ်ကြလျှင် အဆင်းမလှဘဲ အလွန် အရုပ်ဆိုးနေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသထွက်ခြင်းမရှိဘဲ၊ မေတ္တာရှေ့ထား၍ ကိုယ်မှု၊နှုတ်မှုများကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန် ဖြစ်ကြလျှင် ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းနှင့် ပြည့်စုံကြရပေသည်။ ❖(၄)။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့လာဘ်ရခြင်း၊ အပူဇော်ခံရခြင်း စသည်များကို တွေ့မြင်ရသောအခါ မကျေနပ်ကြ၊ဣဿဖြင့် ငြူစူတတ်ကြကုန်၏။ ပြစ်မှားတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် လူ့ပြည်၌ ပြန်ဖြစ်ကြရလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ဘုန်းကံ မရှိခြင်း ဖြစ်ကြရပေသည်။ အရာရာတွင် အောက်ကျ နောက်ကျ၊ မကြည်မသာ ဖြစ်နေတတ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့ လာဘ်ရခြင်း၊ အပူဇော်ခံရခြင်း စသည်တို့ကို တွေ့မြင်ရသောအခါ မငြူစူကြကုန်။ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ဘုန်းကံကြီးးမားကြပေသည်။ အရာရာတွင် ရှေ့တန်းမှနေရ၍ ကြည်သာ ရွှင်လန်းလျက် ရှိကြပေသည်။ ❖(၅)။အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊ လှူသင့်လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူခြင်း မပြုကြကုန်၊မပေးလှူဘဲ နေတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် အပါယ်ငရဲသို့ ကျရောက်သွားတတ်ကြပေသည်။ (ပစ္စည်းဥစ္စာတို့၌ စွဲလမ်းမူကြောင့် ပြိတ္တာများ ဖြစ်နေတတ်ကြပေသည်။) အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ရှားပါးနေတတ်ကြ၊ မရှိနွမ်းပါးနေတတ်ကြပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊လှူသင့် လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ပေါများကြွယ်ဝနေတတ်ကြပေသည်။ ❖(၆)။အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနကြီးး၍ ရှိခိုးထိုက်သူ၊ အရို အသေ ပြုထိုက်သူ၊ အလေးပြုထိုက်သူများကို ရှိမခိုး၊ အရိုအသေမပြု၊အလေးမပြုဘဲ နေကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ ပြန်ဖြစ်ကြလျှင် ဒွန်းစဏ္ဍားစသည့် ယုတ်နိမ့်သော အမျိုးအနွယ်တို့၌ ဖြစ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနမကြီးမူ၍ နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍ ရှိခိုးထိုက်သူ၊ အရိုအသေပြုထိုက်သူ၊ အလေးပြုထိုက်သူတို့ကို ရှိခိုးကြကုန်၏။ အရိုအသေပြုကြကုန်၏။ အလေးပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် မင်းမျိုး သူဌေးမျိုး စသည့် မြင့်မြတ်သော အမျိုးအနွယ်တို့၌ ဖြစ်ကြရပေသည်။ ❖(၇)။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းကား ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ် ၊မဖြစ်၊ အပြစ်ရှိ၊မရှိ၊ ဤပုဂ္ဂိုလ်များကို မှီဝဲအပ် မမှီဝဲအပ် စသည့် မေးမြန်းဖွယ်များကို မမေးမြန်းဘဲ နေကြကုန်၏။ အမှားမှားအယွင်းယွင်း ပြုလုပ်တတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့ ကျရောက်ကြပေသည်။ အကယ်၍ ကံကောင်း ထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပညာနည်းပါး၊ ပညာမဲ့သူများ ဖြစ်ကြရပေသည်။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းသည်ကား ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ်၊မဖြစ်၊ အပြစ်ရှိ မရှိ၊ ဤပုဂ္ဂိုလ်များကို မှီဝဲအပ်၊မမှီဝဲအပ် စသည်ဖြင့် မေးမြန်းတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ဖြစ်ကြရလျှင်၊ သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင် ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြရပေသည်။ ဤကဲသို့ ပုဂ္ဂိုလ်သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ်နှင့် မြင့်မြတ်သည်၏အဖြစ်တို့သည် ကံကြောင့်သာ ဖြစ်ကြရပေသည်ဟု မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါသည်။ သို့ဖြစ်၍ မြင့်မြတ်သည့်အဖြစ်ကို အလိုရှိကြသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် မြင့်မြတ်ကြောင်း ဖြစ်သောကံ(၇)မျိုး တို့ကိုသာ ပြုကြရမည် ဖြစ်ပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/500-2016-11-08-03-02-46.html
ကံ၏သဘော ဘယ်လိုစောကြော
ကံ၏သဘော ဘယ်လိုစောကြော ====================== သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္စျတိ သဗ္ဗသော၊ သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။ သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်၊ နိရုဇ္စျမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္စျတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္စျတိ-ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။ ကံတွေပါလာ --------------- ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။ ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။ လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။ သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး ပေါလိုက်တာ။ ဒါပေမယ့် သုံးချင်တဲ့အခါ သတိထားလိုက်တော့ ဟာ ဘယ်နားမှာ ဘာပစ္စည်းတွေရှိတယ်ဆိုပြီးတော့ အလွယ်တကူ ယူပြီး သုံးနိုင်တယ်။ အဲဒီလိုပဲ ကံတွေကလဲ အများကြီး။ ကိုယ့်ကံတွေကိုတောင် မမှတ်မိဘူး။ ဟိုဘဝများစွာ သံသရာက ကံတွေဆိုတာ သာပြီးတော့ မမှတ်မိသေး။ ကောင်းကံက လွှမ်း --------------------- ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ ပါလာတယ်။ အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။ အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။ အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက အကျိုးပေးမယ်လို့ ကပ်လာပါရဲ့။ ကောင်းတဲ့ကံတွေက လွှမ်းသွားလို့ အကျိုးပေးခွင့်မရလိုက်ဘူး။ မကောင်းကံတွေက အကျိုးပေးမယ်လို့ နေပြန်ရော။ ကောင်းတဲ့ကံတွေက အများကြီးက လွှမ်းလိုက်ပြန်ရော။ မကောင်းကံတွေ အကျိုးပေးခွင့် မရပြန်ဘူး။ အဲဒီလိုနည်းအားဖြင့် မကောင်းကံတွေလေ အကျိုးပေးမယ်လို့ စောင့်နေပေမယ့် အခွင့်မရလို့ ဟိုနောက်ဘဝကျတောင် သူတို့ အကျိုးပေးမယ်လို့ ကြံစည်ရာက မရတာနဲ့မို့လို့ ဒီလိုနဲ့ပဲ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံအဖြစ်နဲ့ ပရိနိဗ္ဗာန်စံတော့ ကျန်ရစ်ကြတယ်။ ဒါတောင် ကပ်ကပ်သပ်သပ် ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက မှားမှားယွင်းယွင်း ကံကလေးတွေအချို့ ပြုခဲ့မိလို့လေ .. ခါးတော်နာရတယ်၊ ဘုရားဖြစ်တော့ စိ ဉ္စမာနဝိကာတို့ရဲ့ အစွပ်အစွဲ ခံရတယ်။ အရှင်ဒေဝဒတ်တို့ရဲ့ ကျောက်လှိမ့်ချခံရတယ်။ ဒီ့အပြင် နောက်ဆုံးကျတော့ ဝမ်းတော်လားရတယ်။ ကောင်းကံတွေ ပြုလို့ ----------------------- ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။ အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။ အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊ သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊ နေ့စဉ် နေ့စဉ် တွေ့ရာမြင်ရာနဲ့ စကားပြောတဲ့အခါ မေတ္တာသံနဲ့ စကားပြောရင်း, ကရုဏာသံနဲ့ စကားပြောရင်း ကောင်းတဲ့ကံတွေချည်း ခုလို တတ်သိနားလည်တဲ့ ဘဝမှာ စုသွားရတယ်။ နို့မို့လို့ရှိရင် အကုသိုလ်ကံတွေက အခွင့်သာလို့ မကောင်းကျိုးတွေ ပေးမှဖြင့် မိမိတို့လဲ မကောင်းလူတွေဖြစ် မကောင်းသတ္တဝါတွေဖြစ် မကောင်းစိတ်တွေဖြစ်ပြီးတော့ မကောင်းကံတွေ ပြန်ပြီးတော့ တိုးပွားလာပြန်တာပဲ။ ဒါကြောင့် ဒီဘဝ အထိုက်အလျောက် လူကောင်းဖြစ်တယ်ဆိုရင် ပိုကောင်းအောင် လုပ်ရတယ်။ အထိုက်အလျောက် သူတော်ကောင်း ရဟန်းသံဃာဖြစ်တယ်ဆိုရင် ပိုကောင်းအောင် ကြိုးစားရတယ်။ မကောင်းကံတွေက ပါ,ပါနေသေးလို့မို့ ပိုကောင်းအောင် ကြိုးစားရတယ်။ အရှင်ဇနကာဘိဝံသ
https://www.dhammaransi.com/index.php/new/501-2016-11-08-03-01-31.html
ရတနာသုံးပါးနဲ့ မဟေမာ
ရတနာသုံးပါးနဲ့ မဟေမာ ************************* တစ်ခါတုန်းက သီဟိုဠ်ကျွန်းလို့ခေါ်တဲ့ ယခုသီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာ မဟေမာ ဆိုတဲ့ အမျိုးသမီးလေး တစ်ဦး ရှိခဲ့ဖူးတယ်။ သူမဟာ ရုပ်ရည်အင်မတန် ချောမောလှပသလို အသိအလိမ္မာရှိပြီး ရတနာသုံးပါးကို အလေးထား ဦးစားပေးတဲ့ သူလည်းဖြစ်တယ်။ သူမရဲ့ မိဘတွေဟာ မဟေမာလေးကို ငယ်စဉ်အခါကတည်း ဘုရားသွား ကျောင်းတတ် အမြဲတမ်းခေါ်ဆောင် သွားလေ့ရှိခဲ့တယ်။ သို့အတွက်ကြောင့် သူမဟာ ငယ်စဉ်အခါကတည်းက ဗုဒ္ဓတရားတော်များနှင့် ရင်းနှီကျွမ်းဝင်ကာ ရတနာသုံးပါးဂုဏ်တော်များနှင့် ပဋ္ဌာန်း ၊ ဓမ္မစကြာ တရားတော်တွေကို နှုတ်တက်အာဂုံ ရွတ်ဆိုနိုင်ခဲ့တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာ မဟေမာဟာ မဟာတိတ္ထလို့ခေါ်တဲ့ သမုဒ္ဒရာဆိပ်ကမ်း တစ်ဘက်မှာ နေတဲ့ သင်္ဘောသားလေး တစ်ယောက်နဲ့တွေ့ဆုံပြီး ချစ်ကြိုက်မိခဲ့တယ်။ တစ်နေ့မှာတော့ သင်္ဘောသားလေးဟာ ကုန်ရောင်းသွားရင်း လမ်းခရီးမှာ ဖျားနာနေတဲ့ အတွက်ကြောင့် သူမထံ ပြန်ရောက်မလာခဲ့ဘူး။ ဒါနဲ့သူမဟာ အရဲစွန့်ပြီး ချစ်သူ သင်္ဘောသားလေးနောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သူမမှာ ရတနာသုံးပါးမှ တစ်ပါး အခြား အားကိုးစရာမရှိတဲ့ အတွက်ကြောင့် သူမအိမ်က ထွက်ကတည်းက ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကိုအာရုံပြုပြီး ပဋ္ဌာန်းနဲ့ ဓမ္မစကြာတရားတော်တွေကို ရွတ်ဖတ် ပွားများလာခဲ့တယ်။ သူမရင်ထဲမှာ အချစ်သောကမီးအပူတွေ တောက်လောင်လို့နေပေမဲ့ သူမဟာ ရတနာသုံးပါးကို မေ့မသွားခဲ့ဘူး။ သို့သော်လည်း သူမဟာ ပုထုဇဉ်ဖြစ်သည့်အလျောက် သူမသေရမှာထက် ချစ်သူနဲ့ ခွဲခွါရမှာကို ပိုပြီးကြောက်ရွံ့နေခဲ့တယ်။ ဒီလိုနဲ့ သူမဟာ တစ်ဦးတည်း ချစ်သူရှိတဲ့အရပ်ဆီသို့ ထွက်လာခဲ့ရာ မြစ်ဆိပ်တစ်ခုကို ရောက်လာခဲ့တယ်။ အဲဒီမြစ်ဆိပ်ကနေ သူမဟာ လှေငယ်လေး တစ်စီးကို လှော်ခတ်ကာ သမုဒ္ဒရာကြီးကို အရဲစွန့်ပြီး ကူးခဲ့ပါတယ်။ သမုဒ္ဒရာအလယ်အရောက်မှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူမလှေကလေးဟာ လှိုင်းလုံးတွေကြားမှာ တိမ်းမှောက်ပြီး ရေထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အာရုံပြုလျက် သမုဒ္ဒရာအတွင်းမှာ ဆက်လက် ကူးခတ်နေခဲ့ပါတယ်။ အဲဒီလို သူမ သမုဒ္ဒရားအတွင်းမှာ ကူးခတ်နေစဉ်မှာပဲ သမုဒ္ဒရာစောင့် နဂါးမင်းဟာ သူမရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေရဲ့ အသံကို ကြားပြီး သူမထံ ရောက်လာခဲ့တယ်။ ပြီးတော့ နဂါးမင်းက…. “အို….. မိန်းကလေး၊ သင့်ရဲ့ အဆင်းရုပ်ရည်းကား တင့်တယ်လှပပါပေစွ၊ အဘယ့်ကြောင့် လှိုင်းလေ အင်မတန်ပြင်းထန်ပြီး၊ ငါးမန်းတွေ အလွန်ပေါတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးထဲမှာ အသက်စွန့်ပြီး လက်ပစ်ကူးနေရပါသလဲ” လို့ မဟေမာကို မေးလိုက်တယ်။ “အို …. အရှင်နဂါးမင်း၊ အကျွန်ုပ်ရဲ့ နှလုံးသားကို အချစ်ဆိုတဲ့ ရာဂဘီလူးဟာ သန်လျက်ဓားနဲ့ ခုတ်ဖြတ်ထားအပ်ပြီ၊ အကျွန်ုပ်ဟာ သမုဒ္ဒရာမှာအလယ်မှာ ရေနစ်သေရမှာထက် ချစ်သူနဲ့ ခွဲရမှာကို ပိုပြီး ကြောက်လှပါတယ်။ ဒါကြောင့် သေလိုကသေစေ၊ ရှင်လိုက ရှင်စေဆိုပြီး သမုဒ္ဒရာကို လက်ပစ် ကူးနေရခြင်း ဖြစ်ပါတယ်” “အို… ချစ်လှစွာသော နှမငယ်၊ သင်သည်မပြုအပ်၊ မပြုထိုက်သော အမှုကို ပြုဝံ့လေစွ၊ ချစ်ခြင်း ရာဂတရားဟာ သင့်ကို အနိုင်အထက် နှိပ်စက်လေခြင်းကား အံ့သြဖွယ်ရှိပါပေစွ။ နှစ်နှမ… သင်တို့ သီဟိုဠ်ကျွန်းသူတို့ မည်သည်မှာ ဘုရား၊ တရားကို သိတတ်ကြကုန်၏။ မြတ်စွာဘုရားရှင်၏ တရားတော်တွေကို နှုတ်တတ်အာဂုံ ဆောင်နိုင်တယ်လို့ ငါကြားသိရ ဖူးပါတယ်၊ သင်ကော မည်သည့် တရားတော်များကို အာဂုံဆောင်ခဲ့ပါသနည်း” “ဟုတ်ပါတယ် အရှင်နဂါးမင်း၊ အကျွနု်ပ်ကား နေ့စဉ်ပင်လျှင် ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကို ပွားများကာ ဘုရားရှင်ကို ပူဇော်လျက်ရှိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို နှုတ်တတ်အာဂုံဆောင်ခဲ့ပါတယ်” “အို…. ကောင်းလိုက်လေခြင်း ချစ်နှမ၊ ငါဟာ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာကို အင်မတန ်နာယူလိုလှပါတယ်၊ ငါ့အားဟောကြားပေးပါ ချစ်နှမ။” “ကောင်းလှပါပြီ အရှင်နဂါးမင်း၊ ကျွနု်ပ်ရွတ်ဖတ်ပူဇော်ပေးပါ့မယ်။ နားထောင်ပါလေ” ထိုခဏမှာပဲ နဂါးမင်းကြီးဟာ တရားတော်နာယူဖို့ ရတနာမဏ္ဍပ်ကြီးကို သမုဒ္ဒရာအတွင်းမှာ ဖန်းဆင်း ပေးလိုက်ပါတယ်။ ပြီးတော့ မဟေမာလေးကို ရတနာမဏ္ဍပ်အတွင်း ခင်းထားတဲ့နေရာမှာနေစေပြီး ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို မဟေမာထံမှ ရိုရိုသေသေနာယူခဲ့တယ်။ မဟေမာလည်း မိမိနှုတ်တတ်အာဂုံဆောင်ထားတဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်တွေကို အသံကြည်ကြည်လင်လင်ဖြင့် ရွတ်ဖတ်ပူဇော်လိုက်တယ်။ ပြီးတဲ့အခါမှာတော့ နဂါးမင်းကြီးဟာ တရားတော်ကို ကြည်ညိုစွာ နာကြားခွင့်ရတာမို့ ဝမ်းမြောက်ဝမ်းသာနဲ့ မဟေမာအား နဂါးပြည်ဖြစ် နတ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ပေးပြီး ရွှေငွေကို အလိုရှိတိုင်း ပေးတတ်တဲ့ ပတ္တမြားရတနာ တစ်ခုကိုလည်း ဆုချလိုက်ပါတယ်။ နောက်ပြီး နဂါးမင်းဟာ သူ့ရဲ့ တန်ခိုးနဲ့ပဲ မဟေမာကို မဟာတိတ္ထအရပ်ရှိ သင်္ဘောသား လုလင်ရဲ့အိမ်ကို အရောက်ပို့ပေးလိုက်ပါတယ်။ အဲဒီအခါ မဟာတိတ္ထရွာသားတွေဟာ မဟေမာထံက အလွန်ထူးဆန်းလှတဲ့ ပတ္တမြားရနာကို တွေ့မြင်ပြီး “ဒီရတနာကို ဘယ်လိုရသလဲ” ဆိုတာကို မေးမြန်းစုံစမ်းကြပါတယ်။ အဖြစ်မှန်ကို မဟေမာက ရှင်းပြပေမယ့် ဘယ်သူမျှ မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ရွာသားတွေ ကုန်းချောလျှောက်ထားလို့ ရှင်ဘုရင်ထံတော်မှောက်အထိ မဟေမာ ရောက်သွားရပါတယ်။ နန်းတော်တွင်း ရောက်တဲ့အခါ ဘုရင်မင်းမြတ်က မဟေမာထံက ပတ္တမြား ရတနာကို သိန်းယူစေပါတယ်။ အဲဒီအခါ မဟေမာလက်ထဲက လွှတ်လိုက်တာနဲ့ ပတ္တမြားရတနာဟာ ကျောက်ခဲ အသွင်ပြောင်းသွားပါတယ်။ ဘုရင်မင်းမြတ်လည်း အင်မတန်အံ့သြပြီး သုံးကြိမ်တိတိ ပေးလိုက်ယူလိုက် စမ်းသပ်ပေမယ့် မဟေမာ လက်ထဲက ယူတိုင်းယူတိုင်း ပတ္တမြား ရတနာဟာ ရိုးရိုးကျောက်ခဲ အဖြစ် ပြောင်းပြောင်းသွားပါတယ်။ အဲဒါနဲ့ ဘုရင်မင်းမြတ်လည်း အကြောင်းစုံ သိသွားပြီး မဟေမာကို ဆုတော်ငွေ များစွာ ဆုလာဘ်တော်အဖြစ်ပေးပြီး မဟာတိတ္ထရွာကိုလည်း အပိုင်စားပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မဟေမာလေးဟာ ရတနာသုံးပါရဲ့ ကျေးဇူးတော် ဂုဏ်တော်တွေကို ပိုမို သိမြင်လာကာ၊ ဘုရားရှိခိုးခြင်း ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း ဝတ်တို့ကို နေ့စဉ်မပျက် ပြုပါတယ်။ ကြွယ်ဝလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ သာသနာတော်ကိုလည်း အစွမ်နိုင်ဆုံး ချီးမြှောက်ပူဇော်ကာ လူအဖြစ်နဲ့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေရပြီး၊ သေလွန်တဲ့အခါ တုသိတာ နတ်ပြည်ကို လားရောက် ရပါတယ်။ ဒါက သီဟိုဠ်ရာဇဝင်မှာလာတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အသက်မသေဘဲ ချမ်းသာရာ ရခဲ့တဲ့ မဟေမာရဲ့ဝတ္ထုဇာတ်လမ်းလေးပါ။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုသိပြီး အမြဲမပြတ် နှလုံးသွင်း ပွားများနိုင်ကြပါစေ….. အရှင်ပညာဝုဓ (ဓမ္မရိပ်သာ) 20.10.15
https://www.dhammaransi.com/index.php/new/502-2016-11-07-12-34-09.html
ဂုဏ်ကြီးသူကို အားမကိုးထိုက်ကြောင်း
ဥပ ကတ္တုံယထာ ခုဒ္ဒေါ၊ သမတ္ထော နတထာမဟာ။ ကူပေါ ဟိ ဟန္တိ ပိပါသံ၊ နတု ပါယော မဟမ္ဗုဓိ ။ ။ ဤဂါထာ၏ဆိုလိုရင်း အဓိပ္ပါယ်မှာ သေးငယ်သော ရေတွင်းသည် ရေငတ် ခြင်းအားသာကို ပယ်ဖျောက်နိုင်သော် လည်း အလွန်တရာကြီးကျယ်လှသော သမုဒ္ဒရာကြီးသည် ရေငတ်ခြင်းအာသာ ကို မပယ်ဖျောက်နိုင်။ ဤသက်သေသာဓကအားဖြင့်ဆ၍ သိသင့်သောသဘောမှာ ဤလောက၌ စည်းစိမ်ဥစ္စာ ဂုဏ်သိန်နည်းပါးသော သာမန်လူများသည် တစ်ဦးတစ်ယောက် ကို ချီးမြှောက် မ စ ခြင်းငှါလွယ်ကူစွာ တတ်စွမ်းနိုင်သကဲ့သို့ ထို့အတူစည်းစိမ် ဥစ္စာ ဂုဏ်သိမ်ကြီးမြင့်သော လူကြီးဂုဏ် ကြီးရှင်များသည် တစ်ဦးတစ်ယောက်ကို ချီးမြှောက်ခြင်းငှါ လွယ်ကူစွာမစွမ်းနိုင် ဟု ဆိုလိုသည်။ ဤလောက၌ ဥစ္စာစည်းစိမ်ဂုဏ်သိမ် နည်းပါးသောသူ၊ ဂုဏ်ကြီးမားသောသူ ဟူ၍ နှစ်မျိုးရှိလေသည်။ ထိုကဲ့သို့ အဆင့်အတန်း နှစ်မျိုးရှိလေရာ အလွန်မထင်ရှားလှ သာမာန်ဂုဏ်မျှရှိ သောသူများသည် သူတစ်ဦးတစ်ယောက် ကို ချီးမြှောက် မ စ မည်ဆိုလျှင်များသော အားဖြင့် တတ်စွမ်းနိုင်ကြသည်။ အလွန် အထက်တန်းကျသော ဂုဏ်ကြီးရှင်များ သည်ကား သူတစ်ဖက်သားကို ထိုကဲ့သို့ ချီးမြှင့် မ စ ခြင်းငှါ များသောအားဖြင့် မစွမ်းနိုင်ဘဲရှိတတ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ဖြစ်ရ ပါသနည်းဟု စဉ်းစားဆင်ခြင်လိုက်သည် ရှိသော် ဂုဏ်သေးသိမ်သောသူများသည် တက်ကြွခြင်းတည်းဟူသော မာန၊ ရစ်ခြင်း တည်းဟူသော မဒ တရားများနည်းပါး စွာရှိကြသဖြင့် စိတ်နှလုံးအစဉ်သည် ပျော့်ပျောင်းလျက်ရှိ၏။ ထိုသာမာန်လူတို့၏စိတ်သဘောကို စည်းစိမ်နှင့် ဂုဏ်သိန်တို့ကများစွာ ဖုံးလွှမ်းကာဆီးခြင်းမရှိ။ ထိုသို့ဖြစ်ခဲ့ရာ လူတစ်ဦးတစ်ယောက်အပေါ်မှာ ကြင်နာသနားခြင်းတည်းဟူသော တရားများသည် သန့်ရှင်းစင်ကြယ်စွာ ဖြစ်လေ့ရှိ၏။ ထို့ကြောင့်တစ်ဦးတစ် ယောက်ကို ဖြစ်စေ၊ အချင်းချင်းကို ဖြစ်စေ ကူညီထောက်ပံ့ မ စ ခြင်းငှါ လွယ်ကူစွာဖြစ်နိုင်ကြလေ၏။ မျက်မြင်ဒိဋ္ဌအားဖြင့်ကြည့်လိုက်သော် ဂုဏ်မမြင့်သောသာမာန်လူများသည် အချင်းချင်းထောက်ပံ့ကူညီကာသင့် တင့်စွာ နေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရ၏။ တစ်မိသားချင်း တစ်အူ တုံဆင်းဖြစ်သော ညီအစ်ကိုမောင်နှမ တို့ရှိကြရာ သာမာန်အားဖြင့် ဂုဏ် ရည်တူဖြစ်၍နေကြသောအခါ တစ်ဦး နှင့်တစ်ဦး ချစ်ခင်တင့်သင့်စွာပေါင်း သင်း၍ ပြုံးပြုံးရွှင်ရွှင်နေထိုင်လျက်ရှိ ကြသည်ကို များသောအားဖြင့်တွေ့ မြင်ရလေသည်။ တစ်ယောက်သော သူမှာ အရေးအရာကြုံကြိုက်၍နေ လျှင် ကိုယ်ဖိရင်ဖိဂရုတစိုက်အရေး တကြီးစိတ်ရောကိုယ်ပါ ကူညီဆောင် ရွက်တတ်ကြလေသည်။ မြို့ကြီး ပြကြီးတွင် နေထိုင်ကြသောသူတို့ နှင့် ကျေးလက်ရွာငယ်များမှာနေထိုင် ကြသောသူတို့၏ အလေ့အလာကို ကြည့်ရှုခြင်းအားဖြင့်လည်းဤသ ဘောအဓိပ္ပါယ်ကို အလွယ်တကူ နှင့်သိမြင်နိုင်ကြလေသည်။ တောလက်ကျေးရွာ၌ နေထိုင်ကြ သော သူများမှာ များသောအားဖြင့် မြို့ကြီးပြကြီးတို့၌ နေထိုင်သောသူ များကဲ့သို့ ဂုဏ်မရှိရှာကြ။ ထိုဂုဏ် ကိုလည်းလိုက်စားရန် မျက်စိမကျယ် ကြ။ ဂုဏ်ပကာသနကိုလိုက်စားနေ ကျမဟုတ်သောကြောင့်လည်းထို ဂုဏ်များကို အရေးတကြီးကြံစည် ခြင်းအားဖြင့် အားထုတ်လေ့မရှိကြ။ ထိုက်သည့်အားလျော်စွာ အချင်းချင်း ပေါင်းသင်းဆက်ဆံကာ တစ်ယောက် အရေးရှိလျှင် တစ်ယောက်က ကူညီ စောင့်ရှောက်ခြင်းအားဖြင့် ချမ်းချမ်း သာသာနေထိုင်လျက်ရှိကြပေသည်။ ဂုဏ်ကြီးသောသူများ၏စိတ်သဘော သည် ဂုဏ်သေးသိမ်၍ သာမညဖြစ် သော သူတို့၏စိတ်သဘောနှင့်မတူ ဘဲ အထက်အထက်ဖြစ်သောဂုဏ် ကိုသာ လှမ်းလိုသည့်ဆန္ဒရှိကြကုန် ၏။ ထိုထက် ဂုဏ်အဆင့်များသို့ လှမ်း၍ တက်နိုင်လေအောင်ဂုဏ် ကြီးရှင်များကို အချင်းချင်းပေါင်းသင်း ကြရ၏။ ဂုဏ်ကိုရရှိရန်အတွက်နေ့စဉ် ရက်ဆက် အလုပ်များပြားကြရကုန်၏။ စိတ်နေစိတ်ထားမြင့်မားသဖြင့် အောက်လူများကို အလေးမမူ၊ မထီ မဲ့မြင်အရေးမလုပ်၊ ဂရုမစိုက်အမှတ်မဲ့ နေတတ်ကြ၏။ ထိုသို့ဖြစ်သောကြောင့် အောက်လူများကို မချီးမြှောက်နိုင်ဘဲ အထက်သို့သွေးတက်လျက်အောက် သို့ မလှည့်နိုင်ရှာကြလေသည်။ သေချာစွာစဉ်းစားလိုက်သည်ရှိသော် ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကြီးမြင့်ခြင်း၊ ပစ္စည်းရှိသောသူတို့၏ ပစ္စည်းတိုးတက် ခြင်းများသည် ထိုသူ၏အစွမ်းသတ္တိ တစ်ခုတည်းနှင့် ဖြစ်မြောက်နိုင်ကြ သည်မဟုတ်။ ဂုဏ်သေးသိမ်သော အောက်လက်ငယ်သားတို့၏ ကူညီ လုပ်ကိုင်ခြင်းအားဖြင့် ဖြစ်ပွားနိုင်ကြ လေသည်။ သို့ရာတွင်ချီးမွှမ်းစကား ပြောကြားကြသောအခါ ပစ္စည်းရှင် ဂုဏ်ကြီးရှင်တို့၏အစွမ်းကိုသာ ချီး ကျူးလေ့ရှိကြလေသည်။ ဥပမာ စစ်ပွဲကြီးတစ်ခုတိုက်ခိုက်၍အောင် မြင်သောအခါ ရင်ကိုမြေကတုတ် လုပ်၍ သက်စွန့်ကြိုးပမ်းတိုက်ခိုက် ကြရှာသော စစ်သားများကိုမချိး မွှန်းကြဘဲ ဘုရင်၏ဘုန်းတော်၊ သမ္ဘာတော်ကြောင့်သာလျှင် အောင်ပွဲ ရသည်ဟူ၍ ချီးမွှန်းထောပနာပြုလုပ် ကြသကဲ့သို့လည်း။ လယ်တီပဏ္ဍိတဦးမောင်ကြီး (နီတိမဥ္ဇရီကျမ်း)
https://www.dhammaransi.com/index.php/new/503-2016-11-07-12-32-59.html
ကြည်လင်အေးချမ်းသောစိတ်ရှိပါစေ
နောက်ကျိ၍ ဘောင်ဘင်ခတ်နေသော ရေအိုင်ထဲ၌ ငါးတို့သည်ရှိကြကုန်၏။ ခရု၊ ယောက်သွား၊ ကျောက် စရစ်ခဲစသည်တို့သည်လည်း ရှိကြကုန်၏။ ယင်းသို့ ရှိနေကြသည်သာဖြစ်သော်လည်း ၄င်းတို့ကိုမမြင်ရ ပေ။ အကြောင်းမူကား ရေအိုင်သည် နောက်ကျိ လျက် ရေပြင်သည်လည်း မတည်မငြိမ်လှိုင်းခတ် နေသောကြောင့်ပေတည်း။ အကယ်၍ထိုရေအိုင်သည် ကြည်လင်လျက် လှိုင်းဘောင်ဘင်မခတ်ဘဲ တည်ငြိမ်နေပါမူ ငါးတို့ကိုကောင်းစွာ မြင်နိုင်၏။ ခရု၊ ယောက် သွား၊ ကျောက်စရစ်ခဲ စသည်တို့ကို ကောင်းစွာ မြင်နိုင်ရာ၏။ ဤဥပမာဖြင့် နောက်ကျိသောစိတ်နှင့်ကြည်လင် သောစိတ်ကို နှိုင်းယှဉ်၍ သိနိုင်ပေသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစသော ကိလေသာအညစ်အကြေး ဖုံးလွှမ်းနေလျှင် အမှန်ကိုမမြင်နိုင်။ မသိနိုင်။ နောက်ကျိညစ်ထေးသော ကိလေသာစိတ် သည် အမှား အမှန် အဆိုး၊ အကောင်းကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ လိုချင်တပ်မက်မှုကြီးလွန်းခြင်း၊ အမျက် ဒေါသ ကြီးလွန်းခြင်း၊ ပလွှားဝင့်ဝါလွန်းခြင်း၊ မနာလိုဝန်တိုခြင်းစသည့် ကိလေသာ အညစ်အကြေးတို့မှ ကင်းသောစိတ်သည် ကြည်လင်သောစိတ်မည်၏။ ကြည်လင်သောစိတ်သည် အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း သည်သာတည်း။ (ဧကကနိပါတ်၊ ပဏိဟိတအစ္ဆဝဂ်၊ စတုက္က သုတ်နှင့်ပဥ္စမသုတ်) ဗုဒ္ဓ၏ဥပမာတစ်ထောင်၊ လေးမြိုင်၊ စာ-၁၇၈။ လူသည် ရုပ်နှင့်စိတ်တို့ပေါင်းစပ်ဖွဲ့စည်းထား ရာဖြစ်ပါသည်။ ရုပ်ကျမ်းမာဖို့လိုသလိုစိတ် ချမ်းသာဖို့လည်းလိုပါသည်။ ရုပ်ခန္ဓာနှင့် စိတ်သည် အပြန်အလှန်မှီတွယ်ဆက်နွယ် နေပါသည်။ ရုပ်ခန္ဓာမကျန်းမာလျှင်စိတ်ကို ပင်ပန်းဆင်းရဲစေပါသည်။ ထို့အတူစိတ် ဆင်းရဲပူပန်လွန်းရလျှင်လည်း ရုပ်ကျန်း မာရေးကို ထိခိုက်စေပါသည်။ အမှန်တော့ ရုပ်နှင့်စိတ်တွင် စိတ်ကဦးဆောင်သူဖြစ်ပါ သည်။ ကာယကံမှု၊ ဝစီကံမှုတို့မည်သည် စိတ်ကစေခိုင်းသည့်အတိုင်း ပြုမူဆောင် ရွက်ကြရခြင်းဖြစ်ပါသည်။ လူတစ်ဦးချင်းစီ၏စိတ်သည် ထိုသူ၏ ကံကြမ္မာကို လွှမ်းမိုးနေပါသည်။ စိတ်ဓါတ် ကြံ့ခိုင်လျှင် ဘဝလည်းကြံ့ခိုင်ပါလိမ့်မည်။ စိတ်ဓါတ်ရှင်းသန့်လျှင် ဘဝလည်းရှင်းသန့် ပါလိမ့်မည်။ စိတ်ဓါတ်ယိမ်းယိုင်လျှင်ဘဝ လည်း ယိမ်းယိုင်ပါလိမ့်မည်။ စိတ်ဓါတ် သေးသိမ်လျှင် ဘဝလည်းသေးသိမ် ပါလိမ့်မည်။ ထို့ကြောင့်လည်း မန္တလေး အနောက်မြို့နယ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဃိယဆရာတော်ကြီးက ဖျင်းညံ့သဘော၊ စိတ်ဓါတ်ဟော၏။ စိတ်ဓါတ်မြှင့်တင်၊ ဖျင်းညံ့စင်၏။ ဖျင်းညံ့သဘော၊ စိတ်ဓါတ်ဟော၏။ စိတ်ဓါတ်လွင့်စင်၊ ဖျင်းညံ့ဝင်၏။ ဟုမိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။ စိတ်နှင့်ရုပ်အဆင်းလည်းဆက်နွယ်နေပါ သည်။ စိတ်အေးချမ်းနေသော်လည်း ရုပ်အဆင်းသဏ္ဍာန်လည်းနှုးညံ့သိမ်မွေ့ ပါလိမ့်မည်။ စိတ်ကြမ်းတမ်းခက်ထန် လျှင် ရုပ်အဆင်းသဏ္ဍာန်လည်းကြမ်း တမ်းခက်ထန်ပါလိမ့်မည်။ စိတ်မှုန်မှိုင်း ညစ်ထေးနေလျှင် ရုပ်ရည်အဆင်း လည်း မှုန်မှိုင်းနေပါလိမ့်မည်။ စိတ် ကြည်လင်နေလျှင် ရုပ်အဆင်းသဏ္ဍာန် လည်း ကြည်လင်ပါလိမ့်မည်။ အများအားဖြင့်လူတို့သည် စည်းစိမ် ဥစ္စာကိုမြတ်နိုးတန်ဖိုးထားတတ်ကြ သည်။ ရာထူးအရှိန်အဝါ၊ ဂုဏ်ပကာ သနတို့ကို မက်မောတတ်ကြသည်။ ကျော်ကြားထင်ရှားမှုကို လိုချင်ကြ သည်။ အမှန်စင်စစ် ထိုအရာတို့ထက် ပိုမို၍ တန်ဖိုးထားအပ် မြတ်နိုးအပ် လိုချင်မက်မောအပ်သောအရာတစ်ခု ကိုကား အများအားဖြင့် မေ့လျော့နေ ကြသည်။ ထိုအရာကား ငြိမ်းချမ်း ကြည်လင်ဖြူစင်သိမ်မွေ့သောစိတ် နှလုံးရှိခြင်းပင်ဖြစ်ပါ၏။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝခြင်းသည်ကောင်းပါ၏။ သို့တစေ ယင်းအရာများနှင့်ပြည့်စုံနေ စေကာမူ ကြည်လင်ဖြူစင်သောစိတ် နှလုံးမရှိသော် ဘဝတွင် နေရကျိုးမနပ် လေပါ။ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံချမ်းသာ စေကာမူ စိတ်နှလုံးကြည်လင်ချမ်းသာ မှုမရှိသောဘဝတွင် နေပျော်လိမ့်မည် မဟုတ်ပါ။ ခေါက်ရှာငှက်ပျံနှင့်တူသော လောကဓံတရား၏ဒဏ်ကိုလည်း တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့မလွယ် ပါ။ ဤလောက၌ မိမိ၏မိသားစုများဘဝပေး အခြေအနေများအပေါ်မိမိစိတ်ကြိုက် ပြုပြင်ဖန်တီး၍ ရနိုင်သည်တို့လည်း ရှိမည်။ မရနိုင်သည်တို့လည်းရှိမည်။ ဘဝပေးအခြေအနေအရ ပျော်ရာမှာ မနေရဘဲ တော်ရာမှာ နေရခြင်းမျိုး တွေရှိနေနိုင်ပေသည်။ မိမိ၏သား သမီးတို့ကိုဆုံးမ၍မရနိုင်သည်တို့ရှိ သလို ဆုံးမ၍ရသည်တို့လည်းရှိနေ နိုင်မည်။ ဆိုချင်သည်မှာ မိမိနှင့်ပတ် သတ်သူများ၊ ပြင်ပဗဟိဒ္ဓအခြေအနေ များအပေါ်မိမိစိတ်ကြိုက်ဖန်တီး၍မရ နိုင်လေပါ။ ထိုအရာများကို မိိမိမပိုင် လေပါ။ ဤကမ္ဘာပေါ်တွင် မိမိတစ်ဦး တည်းသာ သီးသန့်ပိုင်ဆိုင်ပြီး မိမိ စိတ်ကြိုက်ပုံဖော်ဖန်တီး၍ ရနိုင်သော အရာမှာ မိမိ၏စိတ်နှလုံးသာဖြစ်၏။ သည်စိတ်နှလုံးကို အေးချမ်းအောင်၊ နူးညံ့သိမ်မွေ့အောင်၊ သန့်စင်အောင်၊ ကြည်လင်ချမ်းမြေ့အောင် ထားနိုင်ဖို့ ကြိုးစားရမည်မှာ မိမိဘဝ၏အရေး အကြီးဆုံးနှင့်ပဓါနအကျဆုံးလုပ်ငန်း ဆောင်တာတစ်ရပ်ဖြစ်ပါ၏။ ဤလုပ်ငန်းဆောင်တာကို ထမ်းဆောင် ရန်အတွက် ပထမဦးဆုံးလိုအပ်ချက် မှာ စိတ်၏သဘောသဘာဝကိုနားလည် ထားဖို့ပင်ဖြစ်ပါသည်။ စိတ်ဟူသည် ပကတိအားဖြင့် ဖြူစင်ဝင်းလက်ပါ သည်။ သို့တစေ ကိလေသာကာမဂုဏ် အာရုံတို့၏ သွေးဆောင်မှုကိုခံရသော အခါ ညစ်နွမ်းသွားပါသည်။ ကိလေသာ တို့၏ အတိုက်ဓါတ်၊ အဆွယ်ဓါတ်နောက် သို့ မဆင်မခြင်လိုက်ပါသွားမိသောအခါ စိတ်၏နဂိုနေပျက်ယွင်းသွားသည်။ တည်ငြိမ်ရာမှ လှုပ်ရှားယိမ်းထိုးသွား သည်။ အေးချမ်းရာမှ ပူလောင်သွား သည်။ ကြည်လင်ရာမှ မှုန်မှိုင်းသွား သည်။ ထို့ကြောင့်စိတ်ကိုသတိထား စောင့်ကြည့်ဖို့လိုပါသည်။ တချို့က စိတ်ကိုစိတ်အတိုင်းထားပါဟု လွဲလွဲမှားမှား ဆိုတတ်ကြပါသည်။ စိတ်ကိုစိတ်အတိုင်း ပစ်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော်စိတ်သည် အာရုံအမျိုးမျိုးနောက်သို့ကောက်ကောက် ပါလိုက်နေတတ်သည်။ တစ်ခါတစ်ရံမျှ ငြိမ်သက်၍မနေ။ ထိုထိုဤဤယောက် ယက်ခတ်လှုပ်ရှားပြေးလွှားနေသည်မှာ စိတ်၏ အစုန်သဘောဖြစ်ပါသည်။ ဤသို့ အာရုံအမျိုးမျိုးတွင် ကပ်ငြိဗျာများနေသည် နှင့်အမျှ စိတ်အစဉ်တွင် ကြည်လင်မှုပျောက် ဆုံးနေပေလိမ့်မည်။ စိတ်ကိုစိတ်အတိုင်း ထားပါဟူသော အယူအဆသည် အကျိုး စီးပွားမဲ့စေသော အယူအဆမှားသာဖြစ် ကြောင်း ဓမ္မဒူတအရှင် ဆေကိန္ဒဆရာ တော်က ဤသို့မိန့်တော်မူခဲ့ပါ၏။ စိတ်ကိုစိတ်အတိုင်းထားပါ။ စိတ်ဆိုတာ ဖြူစင်ပြီးသားပါလို့ အပြောသက်သက်နဲ့ လူပြိန်းအကြိုက်နည်းတွေလည်းရှိတတ်ပါ တယ်။ စိတ်ဆိုတာ နဂိုက ပြိုးပြိုးပြက်ပြက် အရောင်ထွက်တယ်။ သန့်ရှင်းတယ်လို့ မြတ်ဗုဒ္ဓရဲ့စကားကိုယူပြီး ကိုယ့်အကြိုက် ကိုယ်ပြောဆိုနေကြတာပါ။ ပုထုဇဉ်တွေရဲ့ စိတ်ဟာမကောင်းမှုမှာသာအပျော်များ တယ်။ အဖြစ်များတယ်လို့လဲမြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။ စိတ်ကိုစိတ်အတိုင်းထားလို့မရပါဘူး။ ကိလေသာအခံရှိတဲ့စိတ်က ပုထုဇဉ်တွေရဲ့ စိတ်ပါ။ ကိလေသာဓါတ်ဆိုးတွေကိုမပယ် သတ်နိုင်သရွေ့ ဒီဓါတ်ဆိုးတွေကဒီစိတ်ကို ခြယ်လှယ်ကြပါတယ်။ စိတ်ကိုစိတ်အတိုင်း ထားလိုက်ပါလို့လွယ်လွယ်ပြောတဲ့နည်းနဲ့ ဘုရားရှင်ရဲ့စိတ်ချမ်းသာစွာနေနည်းက မတူပါဘူး။ လုံးဝဆန့်ကျင်ဘက်ပါ။ သို့ဖြစ်၍ စိတ်ကိုကြည်လင်အေးချမ်းစေ လိုသော် စိတ်ကိုစိတ်အတိုင်းထား၍မရပါ။ စိတ်ကိုပစ်ထားလျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ သာဋ္ဌေယျစသော ဆူးပင်ရိုင်းများစိတ် ဥယျာဉ်အတွင်း အပြိုင်းအရိုင်းတောထ နေပေလိမ့်မည်။မကောင်းမှုပြုရမှာမရှက် ခြင်း၊ မကောင်းမှုကိုမကြောက်ခြင်း၊ ပျံ့ လွင့်ခြင်း၊ တပ်မက်ခြင်း၊ အမြင်မှားခြင်း၊ ထောင်လွှားခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်း၊ ဆုံးဖြတ်မှုမရှိခြင်း စသည် စိတ်တွင်မစင်ကြယ်မှုများဖြင့် ပြည့်လျှမ်းနေပေလိမ့်မည်။ စိတ်ထဲသို့ အညစ်အကြေးများ ဝင်ရောက်မလာစိမ့် သောငှါ စိတ်တွင် မည်သို့ဖြစ်နေသည်ကို သတိဖြင့် စောင့်ကြည့်ဖို့လိုပါသည်။ မိမိ၏ စိတ်ကို သတိနှင့်စောင့်ကြည့်မှသာ မိမိ၏ အတွင်းသန္တာန်တွင် လေပြည်လေညင်း တိုက်ခတ်နေသလား၊ တည်ငြိမ်အေးချမ်း နေသလား၊ ပူလောင်ဆူပွက်နေသလား ဟူသည်ကို ကြည်ကြည်လင်လင်သိမြင် နိုင်ပေသည်။ နေ့စဉ်နှင့်အမျှကိုယ့်စိတ်ကိုယ်သိပြီးစိတ် ကလေးကို အေးနေအောင်ထားတတ်ဖို့ လိုပါသည်။ မိမိဘဝင်မကျတာ၊ အလို မကျတာ၊ မနှစ်မြို့နိုင်တာတွေ့ကြုံရ သည့်တိုင် အကြီးအကျယ်တုန်လှုပ်မသွား ဖို့လိုပါသည်။ စိတ်တွင်အလွန်အမင်းထိ ခိုက်ခြင်းမျိုး အဖြစ်မခံဖို့လိုပါသည်။ မည်သို့သောအခြေအနေမျိုးနှင့်ကြုံတွေ့ ဆုံစေ မိမိ၏စိတ်ကြည်လင်အေးချမ်းမှု မပျက်ပြားအောင် ထိန်းသိမ်းဖို့လိုပါ သည်။ မိမိ၏စိတ်ကြည်လင်အေးချမ်းမှု သည် မိမိ၏လက်ထဲမှာသာရှိရမည်ဟု စွဲစွဲမြဲမြဲသန္နိဋ္ဌာန်ချထားသင့်ပါသည်။ စိတ်ကြည်လင်အေးချမ်းစေသောနောက် တစ်နည်းမှာ အတောမသပ်သော အပိုလို အင်ဆန္ဒများနောက်သို့ ကောက်ကောက်ပါ မလိုက်ပါရန်ဖြစ်ပါသည်။ အပိုလိုအင်ဆန္ဒ များလေ စိတ်လှုပ်ရှားဗျာများရလေ၊ စိတ် မချမ်းသာဖြစ်ရကာ နယ်နိမိတ်မဲ့သောအပို လိုအင်ဆန္ဒများကို ဇတ်သတ်ထိန်းချုပ်မှသာ စိတ်နှလုံးအနားရပေလိမ့်မည်။ စိတ်ကြည်လင် အေးချမ်းအောင်ဆောင်ရွက်သောနည်းလမ်း များထဲတွင် အကောင်းဆုံးနည်းလမ်းမှာ ၀ိပဿနာဘာဝနာတရားအားထုတ်ခြင်းဖြစ် ပါသည်။ ဤသည်နှင့်စပ်လျဉ်း၍ဆရာတော် ဦးဇောတိကက တရားအားထုတ်ရင်စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဉာဏ်တွေသန့်ရှင်း လာတယ်။ မလုပ်သင့်တာတွေမလုပ်ဖြစ်ဘူး။ အမှားအယွင်းနည်းသွားတယ်ဆိုရင်ပဲစိတ် ချမ်းသာလာတယ် ဟု မိန့်တော်မူခဲ့ပါသည်။ ပကတိကြည်လင်သန့်စင်နေသောကြေးမုံ ပြင်တွင် ထင်သည့်ပုံရိပ်များသည်ပြတ်သား ရှင်းလင်းသည်။ ထို့အတူစင်ကြယ်သန့်ရှင်း သော ကြည်လင်အေးချမ်းသော၊ စိတ်အစဉ် ၌သာ သိမ်မွေ့နက်ရှိုင်းသောတရားဓမ္မများ အသိပညာအတွေးအခေါ်များ ပီပီပြင်ပြင် ထင်ဟပ်နိုင်ပါလိမ့်မည်။ စိတ်အညစ်အကြေး များဖြင့် ညိုမောင်မှုန်မှိုင်းနေသော စိတ်ထဲ သို့ သိမ်မွေ့နက်ရှိုင်းသော ဓမ္မအသိများ၊ အတွေးအခေါ်များ ဝင်ရောက်နိုင်မည်မဟုတ် ပါ။ နေ့စဉ်နှင့်အမျှစိတ်ကို အေး နေအောင်၊ တည်ငြိမ်နေအောင်၊ ကြည်လင်နေအောင် ထားတတ်သူသည် စိတ်ထားပိုကောင်းလာ ပါသည်။ စိတ်ပေါ့ပါးနူးညံ့လာပါသည်။ သည်လိုလူမျိုးက သူ၏မိသားစုနှင့်သူ၏ ပတ်ဝန်းကျင်ကို ကောင်းစွာအကျိုးပြုနိုင်ပါ သည်။ ဘဝတိုတိုမှာ နေရစဉ်အခိုက်စိတ် အညစ်အကြေးရှင်းရှင်းနှင့် ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်းနေနိုင်မှသာ ဘဝဟာ အဓိပ္ပါယ်ရှိပြီးနေပျော်သော မင်္ဂလာ ရှိသော ဘဝဖြစ်လာပေလိမ့်မည်။ မင်းနန်(မော်ကျွန်း)
https://www.dhammaransi.com/index.php/new/504-2016-11-07-12-32-26.html
သားတော်ရာဟုလာ ရဟန္တာဖြစ်တာ
သားတော်ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘဝနဲ့လား ရဟန်းဖြစ်မှလား ++++++++++++++++++++++++++++++ ဒကာ။ ။ သားတော်ရာဟာလာဟာ အသက် (၇)နှစ်သားမှစ၍ ရှင်သာမဏေပြုသွားတာကို တော့ လူတိုင်းလိုပဲသိကြပါတယ်။ ဒါပေမယ့် ရဟန္တာအရှင်မြတ်ကြီးဖြစ်သွားတာကိုတော့ ရှင်သာမဏေဘဝနဲ့လား။ ရဟန်းဘဝကျမှ လားဟု မကွဲမပြားရှိနေကြလို့ဖြေရှင်းပေးပါ ဦးဆရာတော်။ ဆရာတော် ။ ။ သားတော်ရာဟုလာနှင့်စပ်လို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ရာဟုလာ သုတ္တန်တွေဟာ တော်တော်များတယ်။ အဘိဏှာ ရာဟုလောဝါဒသုတ်ကို မကြာခဏမပြတ်ဆိုသလို သတိပေးဟောကြားတော်မူတယ်။ မဟာရာဟု လောဝါဒသုတ်ကိုတော့ ရာဟုလာသာမဏေလေး အသက်(၁၈)နှစ်အရွယ်မှာ ရွှေနန်းတော်ကြီးနဲ့ ဆွေမျိုးဉာတိမိခင်စွဲ ဂေဟတိတပေမဆန္ဒရာဂ ကို ပယ်ရှားနိုင်ရန်အသက်(၁၈)နှစ်အရွယ်မှာ ဟောကြားတော်မူတယ်။ နောက်ရှင်ရာဟုလာရဟန်းဖြစ်စ ၀ါမရသေး တဲ့အချိန်ကာလမှာ အရဟတ္တဖိုလ်ကိုရယူ ကာ ရဟန္တာမထေရ်မြတ်ဖြစ်ရေးအတွက် စူဠရာဟုလောဝါဒသုတ်ကို ဟောကြား ချေချွတ်ဆုံးမတော်မူလျက် အရဟတ္တဖိုလ် သို့ပေါက်ရောက်အောင် ပို့ဆောင်ဟော ကြားတော်မူသောကြောင့် ရှင်ရာဟုလာ ဟာရဟန်းဖြစ်စ ၀ါမရသေးမီကလေးမှာ ပဲ ရဟန္တာဖြစ်တော်မူတယ်လို့မှတ်ယူရ မယ်။ ဒကာ ။ ။ ခုလိုကွဲကွဲပြားပြားခြားခြားနားနား သိရတာကျေးဇူးတင်လှပါတယ်ဆရာတော်။ ဒီကိစ္စကငြင်းခုံကြလွန်းလို့ပါ။ အရှင်သြဘာသာဘိဝံသ အပ္ပမာဒအမေးအဖြေ
https://www.dhammaransi.com/index.php/new/505-2016-11-07-12-32-10.html
နကုလပိတာ
နကုလပိတာဒကာကြီးနဲ့ နကုလပိတာ ဒကာမ ကြီးတို့အကြောင်းကို ပြောကြရအောင်။ နကုလ ရဲ့အမေနဲ့ နကုလရဲ့အဖေ၊ သူတို့ကဘယ်မှာ နေတုံးဆိုလို့ရှိရင် ဘဂ္ဂတိုင်း သုသုမာရဂိရိ ဆိုတဲ့ မြို့မှာနေကြတယ်။ မြတ်စွာဘုရားက အဲဒီမြို့ရောက်လာပြီးတော့ ဘေသကဠာလို့ ခေါ်တဲ့ ဘေးမဲ့တောအုပ်ကြီးထဲမှာသီတင်း သုံးနေတယ်။ အဲဒီအချိန်မှာ နကုလပိတာ ဆိုတဲ့ ဒကာမကြီးက မကျန်းမမာဖြစ်တယ်။ အဲဒီအခါမှာ နကုလမာတာအိမ်ရှင်မက psychotherapy ကိုအသုံးပြုပြီး ကျန်းမာ အောင် ကုသပေးတယ်။ ဒီသုတ္တန်ကမှတ် သားစရာကောင်းတယ်။ နကုလပိတုသုတ် လို့ခေါ်တယ်။ အင်္ဂုတ္ထိုလ် ဆက္ကနိပါတ်မှာ ပါတယ်။ ဒီသုတ္တန်မှာ ပြဆိုထားတာက ဒီလိုပါ။ နကုလပိတာဆိုတဲ့ ဒကာကြီးက မကျန်း မမာဖြစ်နေတော့ နကုလမာတာက အနီး အနားမှာ ထိုင်ရင်း ယခုလိုတရားစကား ပြောကြားတယ်။ ရှင်သေရင် ငဲ့ကွက်တွယ်တာပြီး စိတ်မချ တဲ့အနေနဲ့ မသေပါနဲ့တဲ့။ အတွယ်အတာ နဲ့ သေတာမကောင်းဘူး။ မြတ်စွာဘုရား ကိုယ်တိုင်ကလည်းပဲ ဒါမျိုးကိုကဲ့ရဲ့ရှုတ် ချတော်မူတယ်။ ဆိုလိုတာကတော့ သူ့ကိုစိတ်ချပါလို့ပြော တာ။ စိတ်မချမရှိပါနဲ့လို့ပြောတာနော်။ သူပြောပုံက နေကောင်းအောင်ပြောတဲ့ပုံ မရှိဘူး။ ရှင်သေရင်လွတ်လွတ်ကျွတ်ကျွတ် သေပါဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်နေတယ်။ သူ့အပေါ်မှာဘာမှတွယ်တာငဲ့ကွက်ပြီး မနေနဲ့။ ဘာမှမပူပါနဲ့လို့ပြောတာ။ နောင် ရေးကိစ္စအတွက် ရှင့်စိတ်ထဲမှာဘာမှ တွေးပူမနေနဲ့။ ကိုယ့်တရားလေးကိုယ် နှလုံးသွင်းပြီး အေးအေးချမ်းချမ်းနေလို့ ပြောလိုတာပဲ။ နကုလမာတာကဆက် ပြောတယ်။ သြော် ငါမရှိတော့ရင် နကုလမာတာဟာ ကလေးတွေကို လုပ်ကိုင်ကျွေးမွေးနိုင်မှာ မဟုတ်ဘူး။ အိမ်ထောင်ရေးကိစ္စတွေ ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ရှင်စိတ်ပူ ကောင်းပူမိလိမ့်မယ်။ အဲဒီလိုရှင်စိတ်မပူ ပါနဲ့တဲ့။ ကျွန်မဟာချည်ကောင်းကောင်း ငင်တတ်တယ်။ ရက္ကန်းရက်တတ်တယ်။ အိမ်တွင်းလုပ်ငန်းကျွမ်းကျင်ပါတယ်။ အဲဒါနဲ့ကလေးတွေကိုထမင်းဝအောင် ကျွေးနိုင်ပါတယ်။ နောက်တစ်ခု ရှင်စဉ်းစားလိမ့်မယ်။ ငါသေသွားလို့ရှိရင် နကုလမာတာဟာ နောက်အိမ်ထောင်များပြုသွားလေမလား လို့။ ဒါအတွက်လည်းရှင်မပူပါနဲ့တဲ့။ ရှင်နဲ့ကျွန်မအသိဆုံးပဲတဲ့။ ကျွန်မတို့ ဗြဟ္မစရိယသိက္ခာပုဒ်ကိုစောင့်ထိန်း တာ ၁၆နှစ်ရှိပြီတဲ့။ စာထဲမှာ အဲဒီအတိုင်း ပါပါတယ်။ နောက်တစ်ခုကျတော့ ရှင်ကတွေးမိ ကောင်းတွေးမိလိမ့်မယ်။ ငါမရှိတဲ့ နောက် နကုလမာတာဟာ ကျောင်းသွား ပြီးတော့ ဘုရားဖူးတရားနာမှာမဟုတ် ဘူးလို့ ရှင်စဉ်းစားမိကောင်းစဉ်းစားမိ လိမ့်မယ်။ ရှင်မရှိရင်ကျွန်မပိုတောင် သွားဖြစ်ဦးမယ်။ မပူပါနဲ့တဲ့။ နောက်တစ်ခုက ရှင်ထင်ကောင်းထင် လိမ့်မယ်တဲ့။ ကျွန်မဟာရှင်မရှိတဲ့နောက် ကျလို့ရှိရင် ကိုယ်ကျင့်တရားတွေပြည့်ဝ မှာ မဟုတ်ဘူး။ ဥပုသ်စောင့်ဖြစ်မှာမဟုတ် ဘူးလို့ အောက်မေ့ကောင်းအောက်မေ့မိ လိမ့်မယ်တဲ့။ ကျွန်မဟာမြတ်စွာဘုရားရဲ့ သီလအရှိဆုံး တပည့်မဥပါသကာတွေ ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်။ မယုံရင်ဘုရားသွားမေးကြည့်ပါတဲ့။ ဒီနေရာမှာ ဒီစကားလေးတောင်ပါး လိုက်သေးတယ်။ နောက်တစ်ခုက ငါသေသွားလို့ရှိရင် နကုလမာတာဟာသာသနာတော်မှာ ထောက်တည်ရာတို့ သက်သာရာတို့ ရဦးမှာမဟုတ်သေးဘူးလို့ထင်ကောင်း ထင်မိလိမ့်မယ်။ ကျွန်မဟာသောတာ ပန်ပါတဲ့။ သာသနာမှာ ရဲရဲဝံ့ဝံ့နဲ့ ထောက်တည်ရာ ရပြီးသားပုဂ္ဂိုလ်ဖြစ် ပါတယ်တဲ့။ ဒီအတွက်လည်းမပူပါနဲ့ တဲ့။ ရှင်စိတ်ချမ်းသာအောင်နေပါ။ ကျွန်မတို့အတွက်ဘာမှမပူပါနဲ့။ အားလုံးဟာစိတ်ချရစေရမယ်။ ဒီလိုပြောလိုက်တဲ့အခါကျတော့နကုလ ပိတာ ဒါယကာကြီးဟာ စိတ်ချမ်းသာ သွားပြီး နေကောင်းသွားသတဲ့။ ကျန်းမာရေးကောင်းသွားသတဲ့နော်။ လန်းလန်းဆန်းဆန်းဖြစ်ပြီးရောဂါ ဝေဒနာတွေပျောက်ပြီးတော့ တကယ် လည်း ကျန်းမာသွားတယ်တဲ့။ နကုလ ပိတု သုတ္တန်မှာ ဒီအတိုင်းပဲပါတယ်။ အေး ဒါလည်းပဲ psychotheraphy ပဲ။ အဲဒီတော့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့ရေ နကုလမာတာ ဒကာမကြီးက မိမိရဲ့အိမ်သားများ အပေါ်မှာ အားပေးစကားပြောကြား ပြီးတော့ ရောဂါဝေဒနာပျောက်အောင် စိတ်နဲ့ကုစားပေးတာဟာ မြတ်ဗုဒ္ဓရဲ့ စာပေထဲမှာ တကယ့်ကိုမှတ်တမ်းရှိ ပါတယ်။ အေးဒါကြောင့်မို့ ဘယ်နည်း နဲ့ပဲဖြစ်ဖြစ် ဒီတရားဓမ္မကို အာရုံပြုပြီး တော့ ကြည်နှုးတဲ့စိတ်စွမ်းအားတွေ ဟာ ရောဂါကိုကုစားနိုင်ပါတယ်။ ဒါကိုပဲ Buddhist psychotherapy လို့ခေါ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့သည် ဘဝသံသရာကြုံတွေ့ လာတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ ရောဂါဝေဒနာဆိုတာ ဖြစ်တတ်တယ်။ ဖြစ်လာတဲ့အခါကျလို့ရှိရင် ဆေးချည်း ပဲအားမကိုးဘဲနဲ့ ဟောဒီဓမ္မစွမ်းအား လေးတွေကိုလည်း အားကိုးပြီးတော့ ရောဂါဝေဒနာပျောက်ပြီးသက်ရှည် ကျမ်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဘုန်းကြီးကဆု တောင်းပါတယ်။ အားလုံးတရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓ၏ psychotherapyနည်းကိုအသုံးပြု၍ ကျန်းမာမှု၊ ချမ်းသာမှုရရှိနိုင်ကြပါစေ ကုန်သတည်း။ ဒေါက်တာနန္ဒမာလာဘိဝံသ ရောဂါကုစားစိတ်စွမ်းအား
https://www.dhammaransi.com/index.php/new/506-2016-11-07-12-30-32.html
သားမြတ်သမီးမြတ်ရတနာဖြစ်ဖွယ်ရာ
သားမြတ်သမီးမြတ်ရတနာဖြစ်ဖွယ်ရာ +++++++++++++++++++++++ လူ့ဘောင်လူ့လောက၌ နေထိုင်ကြသော ပုဂ္ဂိုလ် တို့သည် မိဘနှင့်သားသမီးဟူ၍ နှစ်မျိုးရှိကြပေ ၏။ သားသမီးများကလည်း မိကောင်းဖကောင်း များနှင့်သာ အတူတကွ နေထိုင်လိုကြပေသည်။ မိဘများကလည်း သားမြတ်သမီးမြတ်ရတနာ လေးများနှင့်ပင် အတူတကွ နေထိုင်လိုကြပေ သည်။ မိဘများကလည်း သားသမီးများကို ငယ်ရွယ် စဉ်ခါမှစ၍ သားမြတ်သမီးမြတ်ရတနာများ ဖြစ်ရလေအောင် အမျိုးမျိုးပြုစုစောင့်ရှောက် သွန်သင်ဆုံးမကြပေသည်။ သားသမီးများ ကလည်း သားမိုက် သမီးမိုက်၊ သားဆိုး၊ သမီးဆိုးများ မဖြစ်လိုကြပေ။ သားမြတ် သမီးမြတ် ရတနာများသာဖြစ်လိုကြပေ သည်။ ဤကဲ့သို့သားမြတ်သမီးမြတ်ရတနာ များ ဖြစ်ဖို့ရာမှာ သားမြတ်သမီးမြတ်ဖြစ် ကြောင်း အင်္ဂါငါးပါးနှင့် ပြည့်စုံကြရမည် ဟု ရှေးပညာရှိများက ဖွင့်ပြကြပေသည်။ သားမြတ်သမီးမြတ်ရတနာဖြစ်ကြောင်း အင်္ဂါငါးပါးမှာ သားငယ်သမီးငယ်တို့ သည် ငယ်ရွယ်စဉ်ကပင် ၁။ အလှူဒါနပြုခြင်း၌ ၀ါသနာပါခြင်း။ ၂။ တရားဓမ္မကျင့်ခြင်း၌ ၀ါသနာပါခြင်း။ ၃။ ဟုတ်မှန်ရာဘက်၌ ရဲရင့်သောစိတ် ဓါတ်ရှိခြင်း။ ၄။ အတတ်ပညာသင်ယူရာ၌ စွဲမြဲ သော စိတ်ဓါတ်ရှိခြင်း။ ၅။ စီးပွားဥစ္စာရှာရာ၌ စွဲမြဲသောစိတ် ဓါတ်ရှိခြငး်ဟူ၍ ငါးပါးဖြစ်ကြပေသည်။ ၁။ အလှူဒါနပြုခြင်း၌ဝါသနာကြီးခြင်း ဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ် ငယ်ရွယ် စဉ်ကပင် မိမိအတွက်ရရှိသော စားသောက် ဖွယ်ရာများကို သူငယ်ချင်းမိတ်ဆွေများ အား ပေးလှူလေ့ရှိ၏။ အလှူခံများနှင့် ကြုံတွေ့ရသောအခါ မိမိမုန့်ဖိုးထဲက နည်းများမဟူ ပေးလှူတတ်ကြပေ သည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်းအင်္ဂါ တစ်ပါးနှင့်ပြည့်စုံနေကြခြင်းပင်ဖြစ် သည်။ ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သားငယ် သမီးငယ်တို့သည် အလှူဒါနပြုလုပ် ခြင်း၌ ၀ါသနာမရှိခဲ့သော် မိဘဘိုးဘွား ကြီးကဲသူများက အလှူဒါနပြုဖို့ရာ ပြောဆိုညွှန်ကြားတိုက်တွန်းပေးကြ ရပေသည်။ သားငယ်သမီးငယ်တို့ အလှူဒါနကိုနည်းများမဟူ ပြုကြ ရပေသည်။ အလှူဒါနပြုမှနောင်ဘဝ များ၌ စီးပွားဥစ္စာပေါများကြွယ်ဝ၍ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ်များကို ပြုလုပ်နိုင်ကြသ ဖြင့် နိဗ္ဗာန်ချမ်းသာရောက်သည့် ဘဝတိုင်အောင် ချမ်းသာသုခများ ရရှိနိုင်ကြပေသည်စသဖြင့်ပြောဆို ညွှန်ကြားတိုက်တွန်းပေးကြရပေ သည်။ ၂။ တရားဓမ္မကျင့်ခြင်း၌ ၀ါသနာရှိခြင်း ဟူသည် အကြင်သားငယ် သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ်ငယ်စဉ် ကပင် သီလစောင့်ထိန်းခြင်း၊ ပုတီးစိပ် ခြင်း၊ ၀ိပဿနာတရားအားထုတ်ခြင်း တို့၌ ၀ါသနာရှိကြပေသည်။ မိဘ ဘိုးဘွား ကြီးကဲသူများနှင့် အတူတကွ ကျောင်းကန်ဘုရားများသို့ လိုက်၍ တရားဓမ္မတို့ကိုလေ့ကျင့်ပေးကြပေ သည်။ ထိုသားငယ်သမီးငယ်တို့ သည် သားမြတ် သမီးမြတ်ဖြစ် ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည် သီလ ဆောက်တည်ခြင်းစသောတရားဓမ္မ ကျင့်ခြင်း၌ ၀ါသနာမရှိခဲ့သော် မိဘ ဘိုးဘွား ကြီးကဲသူများက အကျင့် သီလတရားဓမ္မတို့ကိုကျင့်ဖို့ရာ ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြ ရပေသည်။ သားငယ်သမီးငယ်တို့ အကျင့်သီလတရားဓမ္မရှိမှသာ အရာရာမှာ တင့်တယ်ကြပေသည်။ ပစ္စည်းဥစ္စာရလွယ်ခြင်း၊ ဂုဏ်သတင်း ကောင်းခြင်း၊ သူတစ်ပါးတို့ချစ်ခင် ကြည်ညိုခြင်းစသော အကျိုးနှင့် နောက်နောင်ဘဝများတွင်ကောင်း မြတ်သော ဘုံဘဝများသို့ရောက် ရှိရခြင်း၊ နိဗ္ဗာန်ချမ်းသာသို့ရောက်ရှိ ရခြင်းအကျိုးတို့ကို ရရှိနိုင်ကြပေ သည် စသည်ဖြင့် ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြရပေသည်။ ၃။ ဟုတ်မှန်သောဘက်၌ ရဲရင့်သော စိတ်ဓါတ်ရှိခြင်းဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ်ငယ် စဉ်ကပင် ကြောက်ရွံ့သောစိတ်မရှိ ကြပေ။ ရဲရင့်သောစိတ်ဓါတ်ရှိကြပေ သည်။ အရာရာတွင် မကြောက်ရွံ့ တတ်၊ မှန်ကန်သည့်ဘက်ကရပ် တည်၍ ပြောဆိုတတ်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည်အရာရာ တွင် ကြောက်လန့်နေခဲ့သောမိဘ ဘိုးဘွား ကြီးကဲသူများက သား ငယ်သမီးငယ်တို့ လူဆိုတာရဲရင့် ရသည်။ မှန်ကန်သည့်ဘက်က ရပ်တည်၍ ပြောဆိုတတ်ကြရပေ သည်။ မကြောက်သင့်သောအရာ များကိုကြောက်နေပါက လူ့ဘဝ၌ မတိုးတက်နိုင်ပေ။ ဆုတ်ယုတ် သွားတတ်ကြပေသည်ဟု ပြောဆို ညွှန်ကြားတိုက်တွန်းပေးကြရပေ သည်။ ၄။ အတတ်ပညာသင်ယူရာ၌ စွဲမြဲ သော စိတ်ဓါတ်ရှိခြင်းဟူသည် အကြင်သားငယ် သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ် ငယ်စဉ်ကပင် အတတ်ပညာကို သင်ယူရာ၌ စွဲစွဲမြဲမြဲမတတ်မနေ တတ်မြောက်အောင် သင်ယူတတ် ကြပေသည်။ စာမှန်မှန်ကျက်၍ ကျောင်းမှန်မှန်တက်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည်အတတ် ပညာကို သင်ယူရာ၌ စွဲစွဲမြဲမြဲမရှိ ကြချေ။ ပျင်းရိနေတတ်ကြပေ သည်။ ထိုသားငယ်သမီးငယ်တို့ ကို မိဘ ဘိုးဘွား ကြီးကဲသူများ က သားငယ်သမီးငယ်တို့လူဆို တာ ပညာတတ်မှ သူတစ်ပါး အကျိုးတို့ကိုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ပေသည်။ ပညာ မတတ်ပါက အခိုင်းအစေဖြစ် တတ်ကြပေသည်။ ပညာဆိုတာ အမြတ်ဆုံးဥစ္စာဖြစ်ပေသည်။ ပညာရွှေအိုးလူမခိုးဟု ဆိုရိုးပြုကြ သည် စသည်ဖြင့် ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြရပေသည်။ ၅။ စီးပွားဥစ္စာရှာရာ၌စွဲမြဲသောစိတ်ဓါတ် ဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ပညာတတ်မြောက်၍ စီးပွားရှာသော အရွယ်သို့ရောက်သောအခါ စီးပွား ဥစ္စာရှာဖွေရာတွင် (ဓမ္မိယလဒ္ဓ) တရားသဖြင့် စီးပွားဥစ္စာကိုမရမနေ ရအောင်ကြိုးစား၍ရှာဖွေတတ်ကြ ပေသည်။ ထိုသားငယ်သမီးငယ် တို့သည် သားမြတ်သမီးမြတ်ဖြစ် ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေ ခြင်းပင်ဖြစ်ပေသည်။ ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ်သမီးငယ်တို့သည် ပညာတတ် မြောက်၍ စီးပွားဥစ္စာရှာဖွေသည့် အရွယ်သို့ရောက်သောအခါစီးပွား ဥစ္စာကိုစွဲစွဲမြဲမြဲရှာလေ့မရှိကြပေ။ ရှာချည်တစ်လှည့်၊ မရှာချည်တစ် လှည့်ဖြစ်နေတတ်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့ကို မိဘ ဘိုးဘွား ကြီးကဲသူများက သားငယ် သမီးငယ်တို့ လူဆိုတာ စီးပွားဥစ္စာ ကို တရားသဖြင့် ရအောင်ကြိုးစား ၍ ရှာဖွေရသည်။ စီးပွားဥစ္စာရှိမှ ဒါနလည်းပြုလုပ်နိုင်သည်။ သီလ လည်းဆောက်တည်နိုင်သည်။ သမထ ၀ိပဿနာတရားတို့ကို လည်း (အချိန်ယူ၍) ပွားများအား ထုတ်နိုင်ကြပေသည်။ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များရှိမှ ဤဘဝ၊ နောင်ဘဝတို့၌ ချမ်းသာစွာနေ ထိုင်ရပြီး နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်ရှိသွားနိုင်ပေသည်စသည် ဖြင့် ပြောဆိုညွှတ်ကြားတိုက်တွန်း အားပေးကြရပေသည်။ ဤသို့ဖော်ပြအပ်ခဲ့ပြီးသော အင်္ဂါငါးပါး တို့နှင့်ပြည့်စုံကြသောသားသမီးတို့ သည် သားမြတ်ရတနာ၊ သမီးမြတ် ရတနာများဖြစ်ကြ၍ မိမိအတွက်၊ မိဘဆွေမျိုးများအတွက်၊ လူမျိုး ဘာသာ သာသနာအတွက်အကျိုး များအောင် ဆောင်ရွက်နိုင်ကြမည် ဖြစ်ပေသည်။ သဒ္ဓမ္မရံသီရိပ်သာဆရာတော်
https://www.dhammaransi.com/index.php/new/507-2016-11-07-12-28-54.html
လွတ်မြောက်တဲ့စိတ်ဆိုတာ
လွတ်မြောက်တဲ့စိတ်ဆိုတာ ` အရဟတ္တဖိုလ်စိတ် ´ ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် - ၁။ မိတ်ကောင်း , ဆွေကောင်း ဆရာကောင်း, သမားကောင်း ရှာရမယ်။ ၂။ မိတ်ကောင်း , ဆွေကောင်း , ဆရာကောင်း , သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။ ၃။ တရားဓမ္မ နာယူရမယ်။ ၄။ လုံ့လဝီရိယ ရှိရမယ်။ ၅။ ပညာ ရှိရမယ်။ #အဲဒီအခြေအနေကောင်း ငါးမျိုး ရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ ??? #လောဘကလွတ်ဖို့ အသုဘကို ပွားပါ။ #ဒေါသကလွတ်ဖို့ မေတ္တာကို ပွားပါ။ #အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနသတိကို ပွားပါ။ #ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွားပါ။ #အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိ်မ့်မယ်။ အဲဒီအချိန်​မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
https://www.dhammaransi.com/index.php/new/508-2016-11-07-12-28-24.html
စိတ်ကိုစောင့်ရှောက် ချမ်းသာရောက်
* စိတ်ကိုစောင့်ရှောက် ချမ်းသာရောက် * ~~~~~~~~~~~~~~~~~~~~~~~ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။(ဓမ္မပဒ) ပဏ္ဍိတာ-ကြောင်းကျိုးမြင်သိ ပညာရှိသည်။ အတ္တာနံ-မိမိကိုယ်ကို ။ ဒမယန္တိ-မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။ ပညာရှိ ဆိုတာ ကိုယ့်ကိုယ်ကို မဂ်ဖိုလ်ရအောင် ဆုံးမပါတယ်တဲ့ မြတ်စွာဘုရားရှင်၏ အဆုံးအမစကား တစ်ဝါကျကိုပဲ အဓိပ္ပာယ် ကျယ်ကျယ်ပြန့်ပြန့် သိပြီး တန်ဘိုးထားကာ လိုက်နာကျင့်ကြံရင်ကို အဲဒီပုဂ္ဂိုလ်ရဲ့ဘဝက တော်တော်လေး တန်ဘိုးရှိသွားပြီနော်။ လေးလေးနက်နက်လေး ပြန်စဉ်းစားကြည့်ကြမယ်နော် ကိုယ့်ကိုယ်ကို မဂ်ဖိုလ်ရအောင် ဘယ်လောက်ထိ ဆုံးမပြီးပြီလဲ ? မိမိဖာသာလေး မေးကြည့်မယ်နော် ငါ့စိတ်က လောကဓံ အကောင်းအဆိုး တစ်မျိုးမျိုး ကြုံတဲ့ခါ ဘယ်လောက်ထိ ခံနိုင်ရည် ရှိပြီလဲ? အကောင်း လောကဓံ ၄-ပါးနဲ့ ကြုံတဲ့ခါ တဏှာလောဘနဲ့ ဘယ်လောက်ထိ သာယာယစ်မူးသွားသလဲ? အဆိုးလောကဓံ ၄-ပါးနဲ့ ကြုံတဲ့အခါ ဒေါသနဲ့ ဘယ်လောက်ထိ စိတ်တိုအမျက်ထွက်သွားသလဲ? ကိုယ့်စိတ်မှာ ကပ်ငြိ ကပ်ငြိ လာတဲ့ ကိလေသာဆိုးတွေကို ဖယ်ရှားပစ်ဖို့ကြ ကိုယ်တိုင် ဖယ်ရှားပစ်ရမှာနော် သူများက ဖယ်ရှားပစ်ပေးလို့ ရကို မရနိုင်ပါဘူးနော်။ အမေ အဖေတို့က မိမိတို့ရဲ့ သားသ္မီးတွေကို ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက်သလို မိမိရဲ့ စိတ်ကို ကိလေသာရန်သူဆိုတဲ့ ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ် ။ အမေ အဖေတို့က မိမိတို့ရဲ့ သားသ္မီးတွေကို ချမ်းသာရောက်အောင် အစစ အရာရာ ပြုလုပ်ပေးကာ စောင့်ရှောက်သလို မိမိရဲ့ စိတ်ကို ချမ်းသာရောက်အောင် ဒါန သီလ သမထ ဝိပဿနာတို့ကို ပြုလုပ်ခြင်းဖြင့် စောင့်ရှောက်ဖို့ လိုအပ်ပါတယ် ။ မြောင်မြို့နယ် ဆယ်ရွာ အလှုအကြိုတရားအဖြစ် မိမိ ဟောခဲ့ဖူးသော ``စိတ်ကိုစောင့်ရှောက် ချမ်းသာရောက်´´တရားတော် ကောက်နှုတ်ချက် အရှင်ဉာဏာဝုဓ( ဉာဏရောင်ခြည် )
https://www.dhammaransi.com/index.php/new/509-2016-11-07-12-24-31.html
အနိုင်မဲ့ရနံ့
လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့သင်းကြိုင်ပါတယ်၊ ပျံ့နှ့ံအားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။ သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ သက်ရှိလူသေတွေပါပဲ။ “ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရားဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြောထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့် မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကို ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။ “ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသတ်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမမှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလရှိတဲ့သူပေါ့။ “သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံအပြုအမူဆိုး၊ ကာယကံအပြုအမူကြမ်း အားလုံးပါဝင်ပါတယ်။ ညှဉ်းဆဲခြင်း စတဲ့အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ စျေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း၊ ၀ိတ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “မှားခြင်း” ဆိုတဲ့အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံးပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှု မှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “သေရည်အရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲပ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရ မရှိတဲ့စကား၊ အဓိပ္ပာယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ဝစီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။ ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွားဘုရားရှင်က မိန့်ကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့အနှောင်း သေချာသွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။ ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ် မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။ သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်း ဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်…တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူဖြစ်ရပါမယ်… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်းခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာလုပ်ငန်းတွေဟာ မဂ်ဖိုလ်နှိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင် မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ။ ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်းတရားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပါပမိတ္တ ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက်အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။ တချို့ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်းပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။ သီလပျက်အပုပ်နဲ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ, တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။ သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန်ဝိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူးအရေးကြီးလှပါတယ်။ ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။ တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ဖြစ်ပါတယ်လို့ “သီလဂန္ဓော အနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ စာကြွင်း – ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသည့် အနှိုင်းမဲ့ရနံ့ စာအုပ်မှ စာပိုဒ်အချို့ကို ဓမ္မကုသိုလ်အလို့ငှာ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/510-2016-11-07-12-23-38.html
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ မေတ္တာပို့ သံပေါက်
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ မေတ္တာပို့ သံပေါက် ####################### ၁။ စုဝေးညီညာ တို့သူငါ ကျမ္မာကြပါစေ။ ၂။ မိဘသားရင်း ဆွေမျိုးရင်း ဘေးကင်းကြပါစေ။ ၃။ ရပ်သူရွာသား မိတ်ဆွေများ စီးပွါးတိုးပါစေ။ ၄။ ယောကျာ်းမိန်းမ ဟူသမျှ ဒုက္ခကင်းပါစေ။ ၅။ ရဟန်းရှင်လူ တိုင်းပြည်သူ အပူကင်းပါစေ။ ၆။ သိကြားဗြဟ္မာ နတ်ဒေဝါ ချမ်းသာကြပါစေ။ ၇။ လူကိုစောင့်ကြပ ်အနတ်နတ် ဥပါဒ်ကင်းပါစေ။ ၈။ စိုးရိမ်ကြောင်းကြ ဗျာပါဒ နေ့ညကင်းပါစေ။ ၉။ မျက်နှာရွှင်လန်း ပွင့်စပန်း ဘုန်းတန်းကြီးပါစေ။ ၁၀။စည်းစိမ်မပျက် ဂုဏ်သိန်တတ် အသက်ရှည်ပါစေ ၁၁။ကြောက်ထိပ်လန့်ဖွယ် အန္တရာယ် ပျောက်ပျယ် လွယ်ပါစေ။ ၁၂။ထိမယ့်ခလုတ် ငြောင့်သစ်ငုတ် ရှောင်ဆုတ်လွတ် ပါစေ။ ၁၃။ကိုယ်နှင်နီးဝေး လာမည့်ဘေး ရှောင်ပြေးလွတ် ပါစေ။ ၁၄။ကြံစည်သလောက် ခရီးပေါက် ပြီးမြောက်ကြ ပါစေ။ ၁၅။ကပ်ကြီးသုံးပါး ဘေးဆိုးများ ရှောင်ရှားလွတ်ပါစေ ၁၆။တစ်ဦးတစ်ဦး မေတ္တာကူး အထူးချစ်ပါစေ။ ၁၇။ငြူစူဝန်တို ရန်မလို ကြည်ညိုနိုင်ပါစေ။ ၁၈။တစ်ယောက်တစ်ယောက် ပြစ်မကောက် စောင့် ရှောက်ကြပါစေ။ ၁၉။ဆွေချင်းမျိုးရင်း ရပ်သားခြင်း နှီးရင်းကြပါစေ။ ၂၀။နှလုံးစိတ်တူ ရန်မမူ ကြည်ဖြူကြပါစေ။ ၂၁။ရန်တုံ့မပြန် လောကဓံ သည်းခံနိုင်ပါစေ။ ၂၂။မြန်မာပြည်ကြီး ဒုက္ခမီး အပြီးအေးပါစေ။ ၂၃။စပါးဆန်ရေ အထွေထွေ ရွှေငွေပေါပါစေ။ ၂၄။မရှိစကား လူတို့နား မကြားရပါစေ။ ၂၅။တိုင်းပြည်မြို့ရွာ ငြိမ်းချမ်းသာ ပမာရေသို့အေး ပါစေ။ ၂၆။အမျိုးဘာသာ သာသနာ ရောင်ဝါနေသို့ထွန်း ပါစေ။ ၂၇။အများလူပေါင်း ချမ်းသာကြောင်း ဆုတောင်း မေတ္တာချွေ။ ၂၈။သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာစေ။ ဓမ္မရတနာ
https://www.dhammaransi.com/index.php/new/511-2016-11-07-12-23-17.html
ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား?
မြတ်စွာဘုရားရဲ့ အဆုံးအမအမှန်တွေဟာ ဒီ tradition ကနေ ခွဲထွက်ဖို့လိုအပ်တယ်၊ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေးဝင်ရောက်နေတာ ဗုဒ္ဓရဲ့အဆုံးအမအစစ်က ခုနကပြောတဲ့အတိုင်းပဲ ဘယ်အချိန်အလုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ၊ ကောင်းကင်က ကြယ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊ အကုသိုလ်မဖြစ်အောင် လုပ်ရမယ်၊ ကုသိုလ်ဖြစ်အောင် သတိ ဆောင်ရမယ်၊ ဒါမြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။ မြတ်စွာဘုရားရဲ့အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ လုပ်ကောင်းတယ်၊ အကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်၊ တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊ တချို့ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူကရှိသေးတယ်နော်၊ သြော် ဒါ သံဃာတွေ သီတင်းသုံးနေတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ်၊ respect ပေးလို့ ချွတ်ရင်ကုသိုလ်ရတယ်၊ ဒါမှန်တယ်၊ မချွတ်ချင်ဘူးဆိုရင်လဲ မလေးမစားလုပ်တာ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။ သံဃာတွေနဲ့တွေ့ရင် ချွတ်တယ်၊ သို့သော် ဗမာပြည်မှာ လိုက်နာမှုနှစ်ခုဟာ ဆန့်ကျင်နေတာ တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်ကမဆင်းဘူး၊ မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ ဖိနပ်တော့ချွတ်တယ်၊ ဒါ အဓိပ္ပါယ်မရှိဘူးနော်၊ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ၊ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေ့ါ၊ ဒီလိုဆိုလိုတာပေါ့၊ ရှေးတုန်းကဆိုရင် ဘုရားကျောင်းကန် ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊ ဖိနပ်စီးပြီးဝင်လာကြတယ်၊ ဘုရားနဲ့တွေ့တဲ့အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊ ဒီလိုကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေ ပေါ်လာတာ၊ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊ စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊ စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊ လေးစားလို့ လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ်လုပ်တယ် ဒီလိုပြောရမယ်၊ ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့ကဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊ ဒါ အစဉ်အလာ တစ်ခုပဲနော်။ tradition လို့ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊ ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊ အခုတော့လဲ စီးနေကြတာပဲ။ အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊ တချို့က သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းဘူးလို့ ပြောကြတယ်၊ မဟုတ်ပါဘူး၊ မဝင်ကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာနေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်၊ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊ ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့သိမ်က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲ သမုတ်ထားတယ်၊ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံးရှိနေတာပဲနော်၊ ဒါကြောင့်မို့ မဝင်ကောင်းဘူးဆိုတာမဟုတ်ဘူး။ တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရသလား၊ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့မေးတယ်၊ ရှင်သာရိပုတ္တရာ သမုတ်တဲ့သိမ်ထဲမှာတော့ ဘယ်ကုဋီတင်ကမှာတုန်း၊ သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့ ကိုယ့်ဟာကိုယ် သင့်တော်၏ မသင့်တော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊ အေး ဒါကြောင့်မို့လို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
https://www.dhammaransi.com/index.php/new/512-2016-11-07-12-22-39.html
ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး။
ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး။ ********** “ကံ” က အကျိုးပေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ ၁။ ဘဝတစ်ခုကို ပေးတာကို “ပဋိသန္ဓေ အကျိုး” လို့ခေါ်ပါတယ်။ ၂။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးကို “ပဝတ္တိအ ကျိုး” လို့ ခေါ်ပါတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပဝတ္တိအကျိုးမှာကျတော့ ကံတရားတွေဝငိပြီး အ ကျိုးပေးလို့ ရသေးတယ်။ “ခီဏံ ပုရာဏံ” အတိတ်ကံဟောင်းတွေကလည်း ကုန်ပြီး ဘဝသစ်တစ်ခုကို မထုတ်နိုင် တော့ဘူး။ “နဝ နတ္တိ သမ္ဘဝံ” နတ္တိ သမ္ဘဝဆိုတာ အသစ်ဖြစ်တာလည်း မရှိတော့ဘူး။ ဘုရား၊ ရဟန္တာတွေမှာ ကံအသစ်က မဖြစ်တော့ဘူး။ ဘာလို့ မဖြစ်လည်းဆိုရင် ကိလေသာ ကုန်သွားလို့။ အဲဒါကြောင့်မို့ “ကိလေသ နိရောဓေ ကမ္မ နိရောဓော” တဲ့။ ကိလေသာ ကုန်သွားရင် ကံလည်း ကုန်သွားပါတယ်။ သို့သော် အတိတ်ကံရဲ့ စွမ်းအားတွေက ခန္ဓာရှိနေသေးရင်တော့ ရှိနေတဲ့ ခန္ဓာ နဲ့ ဆက်စပ်ပြီး ဒုက္ခပေးနိုင်သေးတယ်။ ဘုရားဖြစ်တဲ့ဘဝ၊ ရဟန္တာဖြစ်တဲ့ ဘဝမှာ အတိတ်ကံဟောင်းတွေက ခန္ဓာရှိနေလို့ ဒုက္ခ ပေးနိုင်သေးတယ်။ သို့သော် နောက်ဘဝတစ်ခု ဖြစ်ပေါ်စေဖို့ ဆိုတာကျတော့ မတတ်နိုင်တော့ဘူး။ ဘာဖြစ်လို့ မတတ်နိုင်ဘူးဆိုတော့ ကိလေသာဆိုတဲ့အဖေါ် မရှိတော့လို့ ဖြစ်ပါတယ်။ ဘာနဲ့တူသလဲဆိုရင် မျိုးစေ့လေးတစ်ခုကိုကြည့်။ မျိုးစေ့လေးဟာ မြေ၊ ရေရဲ့အကူအညီ မပါလို့ရှိရင် အပင်မပေါက်နိုင်ဘူး။ အဲဒီလိုပဲ ကံတရားတွေ၊ ကံဟောင်းတွေ ရှိနေလင့်ကစား ကိ လေသာဆိုတဲ့ အကူမပါဘူးဆိုရင် ဘဝတစ်ခု အကျိုးမပေးတော့ဘူး။ အပင်တစ်ပင် မပေါက်နိုင် တော့ဘူးလို့ ဆိုလိုပါတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဒီသဘော အလွန်ထင်ရှားပါတယ်။ အဝိဇ္ဇာဆိုတဲ့ ကိလေသာရှိလို့ သံင်္ခ ါ ရဆိုတဲ့ကံရှိတယ်။ အဲဒီ အဝိဇ္ဇာနဲ့ သင်္ခ ါရ၊ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်ပြီး အကျိုးကို ထုတ်လုပ်ကြတယ်။ “၀ိညာဏ” ဆိုတဲ့ ဘဝသစ် ပဋိသန္ဓေတစ်ခု ရလာပါတယ်။ ဒါကြောင့် ဘဝ တစ်ခုဟာ ကံ ကိလေသာတွေရဲ့ အကျိုးဆက်လို့ပြောတာပါ။ ကံနဲ့ ကိလေသာတွေ ပေါင်းစပ်ပြီး ထုတ်ထားတာပါ။ သူတော်စင်အပေါင်းတို့ ခန္ဓာကြီးကို ကြည့်လိုက် ကံနဲ့ ကိလေသာ နှစ်ရပ်က ပေါင်းစပ်ပြီး တော့ ထုတ်လုပ်ထားတဲ့ ခန္ဓာကြီးပဲ။ အဲဒီ ကံနဲ့ ကိလေသာ နှစ်ရပ်ကပေါင်းစပ်ပြီး ထုတ်လုပ်ထား တဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေ ကုန်သွားလင့်ကစား သူ့ရဲ့ အကျိုးဆက် ခန္ဓာကြီးရှိနေသေး သမျှ ဟောဒီ ကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။ { သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော် ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော် ပါသည်} (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/513-2016-11-07-12-19-25.html
နောက်ဆုံးအမွေ
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ နောက်ဆုံးအမွေ။ ============================ လောကမှာ မြင်မြင်သမျှ သတ္တဝါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တို့တစ်တွေ ့နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊ “ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ဆိုးကျိုးခံစားကြရမှာ ပဲ” လို့-ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် မကောင်း တာ မလုပ်ဖြစ်အောင် ရှောင်ရှားရပါမယ်။ မကောင်းတဲ့အမွေဆိုတာ ဘယ်သူမှ မခံချင်ကြပါ။ ကောင်းတဲ့အမွေသာ ခံချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတာကို သတိထားပြီး ရှောင်ကြဉ်လာတယ်၊ ကောင်းတာတွေကို ကြိုးစားပြီး လုပ်ဖြစ်လာတယ်၊ ဒါဟာ ကြီးမားတဲ့ အမြတ်ကြီး တစ်ခုပါပဲ။ နောက်တစ်ခု ဆင်ခြင်သင့်တာက မိသားစုနဲ့ပဲ နေနေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ပဲနေနေ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် “ငါမြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ၊ ငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေ တစ်နေ့ကျလို့ရှိရင် ငါနဲ့ ကွဲသွားမှာပဲ၊ ခွဲခွာရမှာပဲ” လို့ ဒီသဘောကို ဆင်ခြင်စဉ်းစားပေးရပါ မယ်။ အဲဒီလို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် တွယ်တာမှုတွေကို လျှော့ချ ပေးပါတယ်၊ တွယ်တာမှုကို လျှော့ချပေးလိုက်နိုင်တာနဲ့ တစ်ပြိုင်တည်း သောကဆိုတာ လျော့ကျသွားပါ တယ်။ တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကကို လျော့ကျသွားအောင် လုပ်လို့မရပါ။ တို့တစ် တွေက များသောအားဖြင့် တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကလျှော့ဖို့ ကြိုးစားနေကြပါတယ်၊ တွယ်တာမှုကြောင့် သောကဖြစ်တယ်လို့ သိပ်မသိကြပါ။ သားသမီးအပေါ် တွယ်တာတာတို့၊ ပစ္စည်းဥစ္စာ အပေါ် တွယ်တာတာတို့၊ မိတ်ဆွေ သင်္ဂဟအပေါ် တွယ်တာတာတို့ ရှိနေသရွေ့ တွယ်တာမှုမှန်သမျှ သောကကိုဖြစ်စေ တတ်ပါ တယ်။ အဲဒီ တွယ်တာမှုတွေကို လျှော့ချပြီး တွယ်တာမှုကို မေတ္တာနဲ့ အစားထိုးရပါမယ်၊ မေတ္တာဆိုတာ တွယ်တာတာ မဟုတ်ပါ။ မေတ္တာက အကျိုးစီးပွားကို လိုလားတာပါ၊ မိတ်ဆွေ တွေ အပေါ်မှာထားတဲ့ စိတ်ဓာတ်မျိုး ထားတယ်၊ အင်မတန်မှ သန့်ရှင်းပါတယ်။ လောကမှာ မိသားစုမှာလည်းပဲ သံယောဇဉ်နဲ့ မနေဘဲနဲ့ မေတ္တာနဲ့နေလို့ရပါတယ်၊ မေတ္တာနဲ့ နေတာက ပိုပြီးတော့ အဆင်ပြေပါတယ်၊ သူ့ကောင်းကျိုးကို လိုလားတယ်၊ ပတ် ဝန်းကျင်ကောင်းအောင် အာရုံစိုက်တယ်။ သံယောဇဉ်ဆိုတာက သူ့ကို မြင်နေရမှ၊ မမြင် ရလို့ရှိရင် ကိုယ့်စိတ်ထဲမှာပူနေပါတယ်၊ ကိုယ့်မျက်စိအောက်က ပျောက်နေလို့ရှိရင် ပူနေတယ်၊ တစ်စုံတစ်ခုများ ဖြစ်သလားလို့တွေးပူကြပါတယ်၊ ဒီလို-သောကတွေကို ဝေစေတတ်ပါတယ်။ ဒါကြောင့် အဲဒီ သောကဆိုတာတွေကို လျှော့ချချင်လို့ရှိရင် ပစ္စည်းအပေါ် တွယ်တာတာပဲ ဖြစ်ဖြစ်၊ လူအပေါ် တွယ်တာတာပဲဖြစ်ဖြစ် အဲဒီ-တွယ်တာမှုကို လျှော့ချနိုင်ရပါမယ်။ (၁၀)ရက် တရားစခန်း ဝင်လိုက်တယ်၊ အာရုံတစ်ခုအပေါ်မှာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားတယ်၊ တစ်ခါတစ်ရံကျတော့ (၁၀)ရက်သာ ပြည့်သွားတယ် အာရုံစူးစိုက်မှု ဟုတ်တိ ပတ်တိ မရခဲ့ဘူး၊ တရားစခန်းမှ ပြန်ထွက်လာတယ်၊ အသိဉာဏ် ပါမလာဘူး၊ ဒုန်ရင်းအတိုင်းပဲ ပြန်ဖြစ်သွားတယ်၊ တိုးတက်မှု မရှိဘူးဆိုရင် အရှုံးကြီး ရှုံးပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နောက်ဆုံး အမွေခံအဖြစ် ကောင်းတာလုပ်ရင် လည်း ကောင်းတဲ့အမွေ၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ရကြမှာဖြစ်တယ်လို့ သိ ရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှု၊ မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။ ။ { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက် နုတ်ရေးသား ပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/514-2016-11-07-12-18-13.html
ရုပ်လှ အပြစ်
ရုပ်လှ အပြစ် ========= စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။ ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။ သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်ဖောက်ပြန်ပြန်ကလေး ဖြစ်လိုက်ရော။ အဲဒီလို ဖောက်ဖောက်ပြန်ပြန် ဖြစ်တာနဲ့ပဲ ငရဲကျပြီး တော်တော်ကြာတော့ နပုံးပဏ္ဍုက်ဖြစ်ရတယ်။ တိရစ္ဆာန်ဖြစ်ရတယ်။ တိရစ္ဆာန်မှာလဲပဲ အထီးမဟုတ် အမ,မဟုတ် ဖြစ်ရတယ်။ လူဖြစ်ပြန်တော့လဲပဲ ယောက်ျားမဟုတ် မိန်းမ,မဟုတ် ဖြစ်ရတယ်။ နောက် မိန်းမဘဝ ဖြစ်ရတယ်။ နောက် တော်တော်ကလေး ကြာတော့မှ ယောက်ျားဘဝ ဖြစ်ရတယ်။ ကြည့်စမ်း .. သူများမဟုတ်ဘူး။ အရှင်အာနန္ဒာအလောင်း။ ဒါ့ကြောင့် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အလိမ္မာဆိုတာ အင်မတန် လိုတယ်။ အဲဒီအခါတုန်းက သာသနာပဖြစ်လို့ နေမှာပေါ့။ သာသနာတွင်းသာ ဖြစ်မယ်၊ သူတော်ကောင်းတွေနဲ့သာ ပေါင်းသင်းဆက်ဆံရမယ်ဆိုရင် အရှင်အာနန္ဒာအလောင်းတို့လို ပုဂ္ဂိုလ်မျိုးဟာ အကြောင်းမဲ့ မကောင်းတဲ့အလုပ်တွေ မလုပ်မိပါဘူး။ အခုတော့ ကာလဒေသက မကောင်းတာနဲ့၊ မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းတို့ရဲ့ အဆုံးအမတွေနဲ့ မတွေ့ရတာနဲ့ အရှင်အာနန္ဒာအလောင်းတောင် ရုပ်ချောတဲ့ဘဝမှာ မှားမှားယွင်းယွင်း ဖြစ်ရတယ်။ ဒီတော့ ရုပ်အဆင်းလှတာဟာ အင်မတန် သတိထားစရာ ကောင်းတယ်။ ဘုန်းကြီးတို့ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေ ရုပ်အဆင်းလှတာနဲ့ ပျက်စီးကြတယ်။ တော်တော်များများ ပျက်စီးကြတယ်။ ရုပ်အဆင်းလှတာနဲ့ပဲ ဒီ့အပြင် မတရားတဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့် ရုပ်အဆင်းလှမှု အမျိုးမြတ်မှုဟာ ကိုယ်က လိမ္မာပါမှ အထက်တန်းတိုးပြီးတော့ အကျိုးရတယ်။ ရုပ်အဆင်းလှပေမယ်လို့ အမျိုးမြတ်ပေမယ်လို့ စိတ်ထားမတတ်လို့ရှိရင် ပြန်ပြီးတော့ အောက်တန်းကျဖို့ ဖြစ်တယ်။ အရှင်ဇနကာဘိဝံသ
https://www.dhammaransi.com/index.php/new/515-2016-11-07-12-17-54.html
သူတောင်းစား
သူတောင်းစား ••••••••••••••••• တရားကျအားမထုတ်ချင်ပဲနဲ့ခင်ဗျားတို့ကနိဗ္ဗာန်ရချင်.. ဘုန်းကြီးရှေ့သွားကန်တော့ သည်တော့ဘုန်းကြီးကဆုပေးတယ်.. ဝဋ်ဘဝတိုတိုနဲ့မဂ်ဖိုနိဗ္ဗာန်ကိုရလွယ်ကြသည်ဖြစ်စေ'တဲ့ အဲလိုဆိုတော့ခင်ဗျားတို့ကလည်းအချောင်သမားတွေ။တရားအလုပ်မလုပ်ချင်ဘူး။ဘာပြန်ပြောတုန်းဆိုတော့.. ပေးတဲ့ဆုအတိုင်းပြည့်စုံရပါလို၏'တဲ့.. ခက်လိုက်တဲ့ဖြစ်ခြင်း..အတော်ဆိုးတဲ့လူတွေ ဘယ်ရမလဲဗျ ပေးတဲ့ဘုန်းကြီးကလည်းထုံးစံအတိုင်းပေးတာ။ခင်ဗျားတို့ကလည်းအလကားလိုချင်တာဆိုတော့ကိုက်နေတာပဲ.. ခင်ဗျားတို့ကဘုရားနားသွားပြီးရှေ့ကနေပိတ်ထိုင်။ပြီးတော့ကျယ်လောင်ကျယ်လောင်နဲ့ဘုရားရှိခိုးကြတယ် အမှန်ကတော့ခင်ဗျားတို့ဟာကကျက်ထားတဲ့စာမေ့သွားမှာစိုးလို့ဘုရားရှေ့သွားပြန်တာနဲ့တူနေတယ် ဘာလို့လဲဆိုတော့ပါးစပ်ကသာဆိုနေတာစိတ်ကဘုရားဂုဏ်တော်ဆီကိုရောက်မှမရောက်ပဲ မှန်ပါဘုရား.. နှုတ်တတ်ရနေလို့သာဆုံးသွားတာ။ဒီတော့စာပြန်တာနဲ့တူနေတာပေါ့။ ပြီးတော့ဆုတောင်းကြသေးတယ်။ ဒီလိုဘုရားရှိခိုးရသည့်အတွက်ပေါ့လေ.. ပဋိသန္ဓေအို'နာ'သေဘေးမှလွတ်ရပါလို၏တဲ့.. မှန်ပါ.. ဘယ်...ဒီဆုမျိုးဘုရားကပေးလိမ့်မလဲ ပေးနိုင်တာမှမဟုတ်တာ ဒါကိုခင်ဗျားတို့ကဇွတ်တောင်းနေကြတယ် ဘုရားကိုနားပူနားဆာလုပ်ကြတယ် ရုပ်တုတော်မိုလို့ပေါ့ဗျာ.. သက်တော်ထင်ရှားဘုရားသာဆိုလို့ရှိရင်'နားငြီးတယ်'ဆိုုပြီးခြေထောက်နဲ့ဆီးကန်ချင်စရာ မှန်ပါဘုရားး ခင်ဗျားတို့ကတော်တော်အတောင်းရမ်းထူတဲ့လူတွေ။ အတောင်းရမ်းထူတဲ့လူတွေဆိုတာဘယ်အမျိုးတုံးး သူတောင်းစားမျိုးပါဘုရားး အေး.. အဲဒီအထဲကဖြစ်နေပြီခင်ဗျားတို့က ဒါမျိုးကဆုတောင်းယူလို့ရတာမဟုတ်ဘူးလုပ်ယူမှရတာ။အဲတာလုပ်ယူကြ တစာစာတောင်းမနေနဲ့ တန်ရာတန်ကြေးလုပ်အားပေးပြီးယူကြ မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘဝသာသနာ
https://www.dhammaransi.com/index.php/new/516-2016-11-07-12-15-03.html
သာသနာတွင်း ချမ်းသာခြင်း
❦ ဘုရားရှင်က ချစ်သားရဟန်း သာသနာဘောင် နေတယ်ဆိုတာ ဝိနည်းပညတ်တော်ကို လည်း မကျော်လွန်ရဘူး ၊ အဘိဓမ္မာပရမတ် ကို လည်း မဖောက်ဖျက်ရဘူး ၊ နှစ်ပါးလုံးကို ထိန်းနိုင်မှ အဆင်ပြေတယ်ဟု မိန့်တော်မူပါတယ် ။ ❦ ဝိနည်းပညတ်တော်ကို ကျော်လွန်ရင် သီလပျက်တယ် ။ ❦ အဘိဓမ္မာပရမတ်ကို ဖောက်ဖျက်ရင် ပညာပျက်တယ် ။ ❦ သီလပျက်တော့ ခြေထောက်ကျိုးတာပဲ ၊ ❦ ပညာပျက်တော့ ခေါင်းပြတ် တာပဲ ၊ ❦ သီလ ခြေထောက်လည်း မကျိုးစေနဲ့ ၊ ပညာခေါင်းလည်း မပြတ်စေ နဲ့ ၊ မကျိုးအောင် ၊ မပြတ်အောင် မထိန်းနိုင်လျှင် ...သူများပါးစပ် လမ်းဆုံးပြီ ၊ ဝါဂွမ်း ဖြစ်ပြီ ၊ ❦ ဝါဂွမ်းသည် တောင်ဘက်က ပါးစပ်နဲ့ မှုတ်လိုက်တော့ ...မြောက်ဘက် လွှင့် ၊ မြောက်ဘက်က ပါးစပ်နဲ့ မှုတ်လိုက်တော့ .. တောင်ဘက်ကို လွှင့် ၊ မတည်မြဲဘူး ၊ ဒီအတိုင်းပဲ သူများပြောတာ လျှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်သည် ဝါဂွမ်း.ဖြစ်နေတာပဲ ၊ ကိုယ်ပိုင် ဉာဏ် ဖြင့် ဆင်ခြင် ကြည့်ပါ ၊ သူများဘယ်လိုပြောပြော ၊ ကိုယ်တိုင် အလုပ် သဘောနှင့် တိုင်းတာကြည့်လျှင် အဖြေမှန် ပေါ်လာလိမ့်မယ် ၊ ❦ လေတိုက်ရင် ဝါဂွမ်းဆိုတာ လွှင့်စမြဲပဲ ၊ လေ ဆိုတာလည်း သူ့သဘာဝ အတိုင်းတိုက်မှာပဲ ၊ ဒီတော့ လေ ဘယ်လောက်တိုက် တိုက် ၊ ကိုယ့်ဝါဂွမ်း မလွှင့်ဖို့ရာ အရေးကြီးတယ် ၊ ဝါဂွမ်း မလွှင့်အောင် ကျောက်ဖိထားလိုက်ပေါ့ ။ ❦ ဒီအတိုင်းပါပဲ ၊ စိတ်ကလေးသည် ဝါဂွမ်းနဲ့ တူတယ် ၊ စိတ်ဆိုတဲ့ ဝါဂွမ်း မလွှင့်အောင် " သတိ " ကျောက်တုံး ဖိလိုက်ရင် ...ဝိနည်းပညတ် လေတိုက်တိုက် ၊ အဘိဓမ္မာ လေတိုက်တိုက် မလွှင့် တော့ပါဘူး ၊ စိတ်ကို သတိနဲ့ဖိ ၊ စိတ်ကို " သမာဓိ " နဲ့ဖိ ၊ စိတ်ကို " ဝီရိယ " နဲ့ဖိ ၊ စိတ်ကို " ပညာ " နဲ့ဖိ ၊ စိတ်ကို " သဒ္ဓါ " နဲ့ဖိ ထားလိုက် ၊ ဘယ်အာရုံ လေတိုက်တိုက် မလွှင့်နိုင်တော့ ပါဘူး ၊ စိတ်တစ်ခုကို သတိ ဖြင့် ထိန်းထားရုံဖြင့် " ဝိနည်းပညတ်တော်ကိုလည်း " လိုက်နာပြီးသားဖြစ်တယ် ၊ " အဘိဓမ္မာပရမတ်ကိုလည်း " စောင့်ရှောက်ပြီးသားဖြစ်တယ် ၊ စိတ်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက် ကာမျှဖြင့် သီလခြေထောက်လည်း...ကောင်း ၊ ပညာဦးခေါင်းလည်း...ကောင်း ပြီး ၊ နိဗ္ဗာန်မြို့သို့ အရောက်သွားနိုင်မှာ ဖြစ်တယ် ၊ စိတ်တစ်ခုကို ထိန်းနိုင်ရင် ...အားလုံးကို ထိန်းရာ ရောက် သဖြင့် " ဒုက္ခဝဋ် " မှလည်း ကျွတ်လွတ် နိုင်ပါတယ် ၊ စိတ်ကို သတိ ၊ ပညာ ဦးဆောင်ပြီး ထိန်းထားနိုင်ရင် ချမ်းသာမှု ဆိုတာ ရမှာ အမှန်ဖြစ် တယ်လို့ ဘုရားရှင်က ဟောကြားလိုက်ပါသည် ။ ❦ ဒုက္ခငြိမ်းအောင် စိတ်ကို ထိန်းနိုင်ကြပါစေ ❦ { အရှင်ရာဟုလာ }
https://www.dhammaransi.com/index.php/new/517-2016-11-07-12-14-34.html
ဘုရားတိုင်း ဘုရားတိုင်းမှာ တူညီသောအချက်
ဘုရားတိုင်း ဘုရားတိုင်းမှာ တူညီသောအချက်………… ဘာတွေလဲ……………? °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တိုင်းရဲ ့တူညီသောဖြစ် ရိုးဖြစ်စဉ် သဘောကိုဓမ္မတာဟု ခေါ်ပါတယ်………… ဓမ္မတာ ပေါင်း ( ၃၀ )ရှိ ပါတယ်…… ၁။ နောက်ဆုံး အလောင်းတော်ဟာ မယ်တော်ဝမ်း တိုက်၌ ပဋိသန္ဓေ နေရခြင်း…… ၂။ မယ်တော်ဝမ်း၌ တင်ပျဉ် ခွေ ရှေ့သို ့မျက်နှာ ပြုခြင်း။ ၃။ အလောင်းတော်ကို ရပ်ပြီးဖွားရခြင်း… ၄။ တောအရပ်မှာ မွေး ဖွားခြင်း။ ၅။ ဖွားလျှင် ဖွားခြင်း မြောက်အရပ်သို ့ ခုနှစ်ဖဝါးလှမ်းပြီး သီဟနာဒ ကြုံးဝါး ရခြင်း။ ၆။ နိမိတ်ကြီးလေးပါး မြင်ပြီး သားတယောက်ရမှ တောထွက်ခြင်း။ ၇။ ကြာသင်္ကန်းဖြင့် ဒုက္ကရ ဆိုတာ အနည်းဆုံး ခုနှစ်ရက် ကျင့် ရခြင်း။ ၈။ ဘုရားဖြစ်မည့် နေ ့နို ့ဃနာဆွမ်း ဘုန်းပေးရခြင်း။ ၉။ မြက်အခင်း ပေါ်မှာ ဘုရားအဖြစ် ရောက်ရခြင်း။ ၁၀။ ဗောဓိပလ္လင်ပေါ်မှာ အာနာပါန ကမ္မဌာန်း… စီးဖြန်းရခြင်း။ ၁၁။ မာရ် စစ်သည် အောင်မြင်ခြင်း။ ၁၂။ ဗောဓိပလ္လင်ထက်မှာ ဝိဇ္ဇာသုံးပါးရ့ခြင်း။ ၁၃။ သတ္တသတ္ထာဟစံတော်မူခြင်း။ ၁၄။တရားဟောရန် ဗြဟ္မာတောင်းပန်ရခြင်း။ ၁၅။ ဓမ္မစင်္ကြာတရားဟောရခြင်း။ ၁၆။ သြဝါဒ ပါတိမောက် ပြရခြင်း။ ၁၇။ဇေတဝန်ကျောင်းမှာ နေရခြင်း။ ၁၈။ တန်ခိုးပြရခြင်း။ ၁၉။ တာဝတိ ံသာမှာအဘိဓမ္မာတရားဟောရခြင်း။ ၂၀။ သင်္ကဿမြို ့ တံခါးသို ့တာ ဝတိ ံသာက ဆင်းရခြင်း။ ၂၁။ ဖလသမာပတ် ကိုမပြတ်ဝင်စားခြင်း။ ၂၂။ ကျွတ်ထိုက်သောဝေနေယျကိုကြည့်ရခြင်း။ ၂၃။ အကြောင်းပေါ်လျှင် ဝိနည်း ပညတ်ရခြင်း။ ၂၄။ အကြောင်း့ဖြစ်လာလျှင် ဇတ်တော် ဟောရခြင်း။ ၂၅။ ဆွေမျိုးအစည်းအဝေးမှာဗုဒ္ဓဝင်ကိုဟောရခြင်း။ ၂၆။ အာဂန္တုရဟန်းများ နှင့်ပဋိသန္ဓာရ ဟောရခြင်း။ ၂၇။ ဝါဆို ဝါကျွတ်တဲ ့အခါ ပန်ကြားပြီး သွားခြင်း။ ၂၈။ ဗုဒ္ဓ ကိစ္စ ငါးပါးပြု ခြင်း။ ၂၉။ ပရိနိဗ္ဗာန် ဝင်စံ မည့်နေ ့ သားပြွမ်းဆွမ်းကို ဘုန်းပေးရခြင်း။ ၃၀။ ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို ့ ကို ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုခြင်း။
https://www.dhammaransi.com/index.php/new/518-2016-11-07-12-13-37.html
သတိပဋ္ဌာန်လေးပါး ရှုပွားပုံ
သတိပဋ္ဌာန်လေးပါး ရှုပွားပုံ ••••••••••••••••••••••••• ၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်း တရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ၀ိပဿနာ ရှုခဲ့သော် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။ ၂။ တစ်ဖန် စိတ်၊စေတသိက်ဟူသောနာမ်တရားတို့ကို သိမ်း ဆည်းပုံ နည်းသုံးနည်းတို့တွင် ဝေဒနာ(ဝေဒနာစေတသိက်(ဝါ) ဝေဒနာငါးမျိုး)တို့ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်း ပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် ဝေဒ နာနုပဿနာကို ပွားများ အားထုတ်နေသည် မည်ပေသည်။ ၃။ အသိစိတ် ၀ိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် စိတ္တာနု ပဿနာ သတိပိပိပဋ္ဌာန်က်ို ပွားများအားထုတ်နေသည် မည်ပေသည်။ ၄။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရား တို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိ ပဿနာရှုခဲ့သော် ဓမ္မနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။ နီဝရဏငါးပါးတို့ကို အဦးမူ၍, ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ၀ိပဿနာ ရှုလျှင်သော်လည်းကောင်း, ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့် နှစ်ပါးနည်း, သစ္စာနည်း စသည်တို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရား တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် ဓမ္မနုပဿနာ ပွားများနေသည် မည်ပေသည်။ ဝေဒနာ, အသိစိတ်,ဖဿ သုံးမျိုးတို့တွင် တစ်မျိုးမျိုး ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -- - ၁။ ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်နှင့် အာရုံ ရုပ်တရားတို့ကို ပူးတွဲ သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း, ၂။ ယင်း နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ ရုပ် နာမကို ပူးတွဲသိမ်းဆညး် ရမည် ဖြစ်ကြောငး်ကိုလညး် ကောငး် ---- အထက်တွင် အကြိမ်ကြိမ် ရှင်းပြပြီး ဖြစ်ပေသည်။ သို့ဖြစ်ရကား -- - ၁။ သတိပဋ္ဌာန်တစ်ပါးကို ပွားများ အားထုတ်ပါက သတိပဋ္ဌာန်လေးပါးလုံး ကိုပင် အားထုတ်သည် မည်ပေသည် -- - ဟူသော အချက်တစ်ရပ်။ ၂။ ခန္ဓာငါးပါးကို ကရိညာပညာသုးံ မျိုးတြ့ုိဖင ့် ထိုးထွင်းသိမြင်အောင် ရှုပွား နေခြင်းသည် သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သည်ပင် မည်ပေသည် ဟူသော အချက်တစ်ရပ်။ ၃။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်း ဆည်း မရှုပွားနိုင်လျှင် အကြောင်းတရားနှင့် တကွသော ယင်း ပရမတ်ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ၀ိပဿနာ မရှု နိုင်လျှင် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်နေသည် မမည်ဟူသော အချက်တစ်ရပ်။ ဤ အချက်သုံးရပ်တို့ကား ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလား တောင့်တလျက်ရှိသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျှော်လင့်တောင့်တလျက်ရ ှိသော အသင်သူတော်ကောင်းသည် ရိုသေလေးမြတ်စွာ ဦးထိပ်ရွက် ပန်ဆင်လျက် မှတ်သားနာယူလေရာသည်။ " ဖားအောက်တောရဆရာတော်
https://www.dhammaransi.com/index.php/new/519-2016-11-07-12-13-22.html
သတိမထားမိသော အဂါရဝကြီးများ
သတိမထားမိသော အဂါရဝကြီးများ ••••••••••••••••••••••••••••••• ဘုရားနဲ့ပတ်သက်လာတဲ့အခါမှာ အားလုံးဟာ ရတနာသုံးပါးဦးထိပ်ထားတယ်လို့ ဗုဒ္ဓဘာသာသူတော်ဝင်တွေဆိုကြတဲ့အထဲမှာ မြတ်စွာဘုရားဟာ တကယ်ကိုလေးစားရမည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဘုရားကို ကြည်ညိုလေးစားလွန်းတဲ့ အနေအထားတွေကို ပြသပြီးတော့ မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်းမှာ မြတ်စွာဘုရားရဲ့ အထိမ်းအမှတ် စေတီတွေ ပုထိုးတွေ ရုပ်ပွားစေတီတော်တွေ ဘုရားဆင်းတုတော်တွေ အိမ်တိုင်းမှာလည်း ရုပ်ပွားဆင်းတုတော်တွေ နေရာတိုင်းနေရာတိုင်းမှာလည်း ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်တွေ ဒီလိုကိုးကွယ်ပြီးတော့ ထားကြတာ။ အဲ့ဒီလို ကို်းကွယ်ထားတဲ့အခါမှာ ဂါရဝတရားအလေးအနက်ထားမှုဟာ အင်မတန်မှ အရေးကြီးတယ်။ဒါမှ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို လေးစားတယ်ဆိုတဲ့ သရုပ်ပေါ်မှာဖြစ်တယ်ပေါ့။အဲ့ဒီတော့ မြတ်စွာဘုရားကို လေးစားတယ်ဆိုတာ ဘယ်လိုဟာလည်း ။ မလေးစားဘူးဆိုတာကျတော့ ဘယ်လိုဟာလည်း။ မြတ်စွာဘုရားလို့ဆိုတဲ့အခါမှာ သက်ရှိထင်ရှား မြတ်စွာဘုရားကိုတော့ ဒီကနေ့ခေတ် မမှီလိုက်ကြဘူးပေါ့။ မှီလိုက်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့လေးစားမှုဆိုတာ ဘယ်လိုပြကြသလဲ။ဘုရားကိုထိုင်ရှိခိုးနေလို့ လေးစားတယ်လို့ ပြရမလားဆိုတော့ အဲ့ဒီလိုမဟုတ်ဘူးသူက လေးစားတယ်ဆိုတဲ့အဓိပ္ပာယ်က စိတ်ထဲမှာအလေးအနက်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ပြတာ။ အဲ့ဒီမှာ အဂါရဝတရား(၆)ပါးထဲမှာ သတ္ထုအဂါရဝ-ဘုရားအပေါ်မှာ မလေးစားဘူးလို့ဆိုတဲ့နေရာ အဋ္ဌကထာကျမ်းစာတွေမှာ ဘယ်လိုဖွင့်ပြထားလဲဆိုတော့ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိနေတဲ့အချိန်မှာတဲ့ ဘုရားကိုလေးစားတဲ့ ပုဂ္ဂိုလ်တွေဟာ တနေ့သုံးကြိမ်း ဘုရားကို ဆည်းကပ်တယ်။ အလေးထားတယ်ဆိုတာ တန်ဖိုးထားတယ်ကို ပြောတာနော်။မြတ်စွာဘုရားကို တနေ့သုံးကြိမ်းဆည်းကပ်တယ်။ မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် သုံးကြိမ်ဆည်းကပ်ကြတယ်။စိတ်ထဲမှာ ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။တခြားအလုပ်တွေ ဘေးဖယ်ထားပြီးတော့ ဘုရားကိုလေးစားတာ။ အဲ့ဒီလို သက်တော်ထင်ရှားရှိနေတဲ့အချိန်မှာ တနေ့သုံးကြိမ် ဘုရားကို ဆည်းကပ်တယ်။ အကယ်၍တနေ့သုံးကြိမ် ဘုရားနဲ့အတူတကွရှိနေရဲ့သားနဲ့ ဘုရားရဲ့အနီးအပါးမှာ ရှိရဲ့သားနဲ့ ဘုရားကိုတနေ့သုံးကြိမ် မဆည်းကပ်ဘူးဆိုရင် ဒါကအလေးမထားရာ ရောက်တယ်လို့ ဒီလိုပြောတာ။ အဲ့ဒီတော့ အဂါရဝ-ဆိုတာ အဲ့လောက်နဲ့တင် အဂါရဝ-ဖြစ်တယ်။ဟောနောက်တစ်ခုပြောရမယ်ဆိုရင် သက်တော်ထင်ရှားရှိနေတဲ့အချိန်တော့ ထားလိုက်တော့ ပရိနိဗ္ဗာန်စံသွားပြီးဆိုလို့ရှိရင် မြတ်စွာဘုရားကိုယ်စား ဘာရှိတုန်းဆိုရင် မြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေ ဌာပနာထားတဲ့ အခုစစ်ကိုင်းဆင်များရှင်စေတီတော်လိုမျိုးပေါ့နော်။ သူက ကောင်းမှုတော်စေတီတော်ဘုရားကြီးထက်လည်း ရှေးကြတယ်။ ကောင်းမှုတော်စေတီတော်ကြီးနဲ့ဆိုရင်တော့ ဉာဏ်တော်က သေးပေမယ့်လို့ နောင်တော်ကြီး လို့ပြောရမှာပေါ့။အဲ့ဒီတော့စစ်ကိုင်း မြို့ဦးမြို့ထိပ်မှာရှိတော့ မြတ်စွာဘုရားရဲ့ဓာတ်တော်အစစ်တွေကို အာရုံပြုပြီးတော့ ရှိခိုးကြမယ် ဆုပန်ကြမယ်ဆိုရင်လည်း ဆုတောင်းလို့ရှိရင် ပြည့်ကြမှာသေချာပေါက်ပဲ။ သေသေချာချာအလေးအနက်ထားပြီးတော့ဆုတောင်းရင် ပြည့်ပါတယ်။အလေးအနက်ထားဖို့ လိုအပ်တယ်။ ဆုတောင်းပြည့်ချင်ရင် ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းဖို့လိုအပ်တယ်ပေါ့။ ဆုတင်တောင်းပြီးတော့ ဘုရားကို ပေါက်ဆိန်ပေါက်ရှိခိုးပြီး ထသွားရင်တော့ ပြည့်ချင်မှပြည့်မှာပေါ့။ အေးဆုတောင်းပြည့်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲ သဒ္ဓါဆိုတာရှိရမယ်။သီလဆိုတာရှိရမယ်။ သုတဆိုတဲ့ အကြားအမြင်ဗဟုသုတရှိရမယ်။ စာဂလို့ဆိုတဲ့ စွန့်လွတ်မှုရှိရမယ်။ပညာလို့ဆိုတဲ့အသိပညာရှိရမယ်။ သဒ္ဓါ သီလ သုတ စာဂ ပညာ-လို့ဆိုတဲ့ ဒီငါးမျိုးရှိပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်။ အကယ်၍အဲ့ဒါမပါဘူးဆိုရင်တော့ ပြည့်ချင်မှပြည့်မှာပေါ့။ ဘာပဲလုပ်လုပ် အလေးအနက်ထားပြီးလုပ်သင့်တယ်ပေါ့နော်။ အဲ့ဒီလို လုပ်မယ်ဆိုရင် အေးဓာတ်တော်မွေတော်အစစ်တွေ တည်ရာဖြစ်တဲ့ ဒီ သက္ကရာဇ်(၇၀၀)ကျော်မှာ တည်ထားကိုးကွယ်ခဲ့တဲ့ ဆင်များရှင်စေတီတော်ကြီးမှာ။ အင်မတန်မှ ကျက်သရေရှိတယ်။မြို့ရဲ့မျက်နှာဖုံးဖြစ်နေတဲ့ ဒီစေတီတော်ကြီးမှာ လာရောက်ပြီးတော့ ရှိခိုးကြမယ် ဦးတိုက်ကြမယ် ဆိုရင် ဓာတ်တော်တွေကို အာရုံပြုလိုက်မယ်ဆိုရင် ဒါ သတ္ထုဂါရဝ-မြတ်စွာဘုရားကိုလေးစားတယ်လို့ ဒီလိုဆိုရမှာပေါ့။အဲ့ဒီတော့ ဘုရားကို မလေးစားဘူးဆိုတာကြတာတော့ တစ်ဖက်ကနေကြည့်မယ်ဆိုရင် ဒီဘုရားကိုလာရောက်ပြီးတော့ ရှိခိုးကြတာတို့ ဝတ်တက်ကြတာတို့ မလုပ်ဘူးဆိုရင် တစ်ဖက်ကပြောမယ်ဆိုရင် အလေးမထားဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့။ အလေးထားတယ်ဆိုတာ ရိုသေနေမှ အေးထားတယ်ပြောတာ မဟုတ်ဘူးနော်။ အလေးအနက်ထားတယ်ဆိုရင် အလုပ်တစ်ခုလုပ်တော့မှာပဲ အဲ့ဒါကြောင့်မို့လို့ ဘုရားကို အလေးထားမှုဟာ အင်မတန်မှ အရေးကြီးတယ်။သက်တော်ထင်ရှား မြတ်စွာဘုရားလက်ထက်က ဘုရားကို တစ်နေ့ သုံးကြိမ်သွားရောက်ပြီး ဆည်းကပ်ရင် ဘုရားကို အလေးထားရာရောက်တယ်တဲ့။ အဲ့ဒီလို မလုပ်ဘူးဆိုရင် အလေးမထားရာရောက်တယ်ပေါ့။ အခုသက်တော်မရှိတော့ဘူး။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားပြီ။ ပရိနိဗ္ဗာန်စံသွားတဲ့မြတ်စွာဘုရားရဲ့စေတီတော်ကို လာရောက်ပြီးတော့ ဖူးမျှော်မှုမလုပ်ဘူးဆိုရင် ဒါဘုရားကို မလေးစားရာ ရောက်တယ်။ ဟိုလိုဆော်ကားနေမှ မလေးစားတာ မဟုတ်ဘူး။ ဘုရားဖူးမရောက်ရင်ပဲကို မလေးစားဖူးလို့ဆိုတာ။ မလေးစားဘူးဆိုတာ အလေးမထားဘူးလို့ပြောတာ။ ကို်ယ်နေ့စဉ်စားဝတ်နေရေး လုပ်နေတာကို အလေးထားသော်လည်း ဘုရားကို အလေးမထားဘူးဆိုတဲ့အဓိပ္ပာယ်ပဲရောက်တယ်။ ဒါကြောင့်မို့လို့ စိတ်ဓာတ်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ပြောတာ။ အလေးအနက်ထား ကုသိုလ်တွေရဖို့အတွက် ။ ဂါရဝ-မင်္ဂလာဆိုတာ တစ်ချို့ကလွယ်လွယ်လေး အောက်မေ့နေတာ။လူတွေ့လို့ရှိရင် ခေါင်းလေးငုံ့သွားမယ် ခါးလေးကိုင်းသွားမယ် ဒါလေးလောက်ပဲ ဂါရဝ-လို့ထင်နေကြတာ။ မဟုတ်ဘူး အလေးထားတာကို ပြောတာ။ အဲ့ဒီတော့ မြတ်စွာဘုရားကို လာရောက်ပြီးတော့ ရှိခိုးမှုမပြုဘူး စေတီတော်ကြီး ရှိနေတဲ့နေရာမြင်လိုက်တဲ့အခါ လက်အုပ်ချီလိုက်ရမယ်။ ဒီလိုဆိုလိုတယ်။စေတီတော်ကြီးအနီးအပါးမှာ ကျင်ကြီးကျင်ငယ်စွန့်မယ်။ထီးဆောင်းလာမယ် ဖိနပ်စီးလာမယ် မလေးစားရာ ရောက်တယ်လေ။ တိဘက် လူမျိုးတွေရဲ့ ဘုရားပေါ်လေးစားမှုပြပုံလေး အဲ့ဒီလောက်မပြတောင်မှပဲ စိတ်ထဲက ရိုကျိုးလာလို့ရှိရင် လူတိုင်း လူတိုင်းဟာ လေးစားဖို့ ဝန်မလေးဘူးပေါ့။ တကယ်အလေးအနက်ထားလာလို့ ရှိရင် တိဘက်တွေက ဘုရားကို ဘယ်လောက်လေးစားတုန်းဆိုရင် ဘုရားရှိရာအရပ်ကို သွားတဲ့အခါမှာ ရိုးရိုးခြေထောက်နဲ့မသွားဘူး။ ဝမ်းလျားထိုးပြီး ရှိခိုးပြီးသွားတာ။အဲ့ဒါ တစ်မိုင်လည်းမဟုတ်ဘူး နှစ်မိုင်လည်းမဟုတ်ဘူး။ ဘုရားကို ဝမ်းလျားထိုးထိုးပြီးတော့ ရှိခိုးပြီးသွားမယ်။ အားလုံးတွေ့ဖူးကြပါလိမ့်မယ်။ဗုဒ္ဓဂါယာနားမှာ ဘုရားကို ဝမ်းလျားထိုးပြီးတော့ ရှိခိုးကြတာရှိတယ်လေ။ သံသုမာဒ ပတိတ ဝဏ္ဍနာ - မိကျောင်း ရှိခိုးနည်း ရှိခိုးတာပေါ့။ အဲ့ဒီတော့ ဘုရားဖူးလာလို့ရှိရင် တစ်ချို့က ခြေထောက်နဲ့လာတာ မဟုတ်ဘူး။ ဘုရားရှိတဲ့ဘက်ကို ဦးတည်ပြီးတော့ ဦးတိုက်ဝမ်းလျားမှောက်လိုက် အဲ့ဒီနေရာ ခဲလေးချမှတ်လိုက် အဲ့ဒီနေရာခြေထောက်နဲ့ချ ရှေ့ကို အလျားထိုးလိုက်။ခဲလေးချမှတ်လိုက် နောက်ထပ်အလျားထိုးလိုက်နဲ့ အဲ့ဒီပုံစံနဲ့လာတာ။ ဘယ်လောက်လေးစားတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။ အဲ့ဒီလောက်ကြီး မလုပ်နိုင်တောင်မှပဲ အလေးအနက်ထားပြီး ဘုရားကို ရောက်မယ်ဆိုရင်တော့ ကျေနပ်စရာကြီးပဲပေါ့။ ဒီလိုဆိုတာနော်။ အဲ့ဒီတော့ ဒီစေတီတော်နဲ့ ပတ်သက်လာတဲ့အခါမှာ မြတ်စွာဘုရားရှိတဲ့နေရာမှာကျောပေးပြီးတော့ ထိုင်တာတို့ ဘုရားထဲလာပြီးတော့ ထွေရာလေးပါး စကားတွေ လျှောက်ပြောတာတို့ အတွဲတွေလာတာတို့ ဒါ မလေးစားရာရောက်တယ်။ဘုရားဆိုတာက လေးစားရမယ့်နေရာပဲ။ လေးစားရမယ့်နေရာဆိုတော့ လေးစားတဲ့အနေနဲ့ပဲ လာသင့်တယ်ပေါ့။ တခြားအနေအထားမျိုးနဲ့ မလာသင့်ဘူး။ အေးမြန်မာလူမျိုးတွေကတော့ ဘုရား တရား သံဃာ ရတနာသုံးပါး ဦးထိပ်ထားတယ်လို့တာဆိုတာ တကယ်ကတော့ ဦးထိပ်မထားဘူးအောက်ရောက်ရောက်သွားတယ် တစ်ခါတစ်လေကျတော့ အဲ့လိုဖြစ်နေတယ်။ နောက်မှာ ထားတာက များများသွားတယ်ပေါ့။ ဘုရားထက် အပျော် အပါးဘက်ကို အားရောက်သွားတယ်ပေါ့။ ဒါကြောင့်မို့ သတ္ထုအဂါရဝဆိုတဲ့နေရာမှာ ဘုရားထက်မြင့်တဲ့နေရာထိုင်တယ် ဘုရားကျောပေးထိုင်တယ်။ဘုရားရှေ့မှာထွေရာလေးပါး စကားတွေပြောနေတယ်။မရိုမသေနေတယ် ထိုင်တယ်ဆိုရင် ဒါတွေက အဂါရဝ-လို့ခေါ်တယ်။မလေးစားဘူးလေ။ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံဖြစ်တယ်ပေါ့။ တစ်ခါတုန်းက ဘုန်းကြီးတို့ မုံရွာမှာတရားပွဲရှိလို့သွားတယ်။ တရားဟောပြီးတဲ့အခါကျတော့ ရုပ်ပွားဆင်းတုတော်ကြီးကို ကန်တော့ဖို့ ဘုရားရဲ့ဂန္ဓာကုဋီတိုက်ကိုသွားတဲ့အခါကျတော့ နိုင်ငံခြားသားတစ်ယောက် ဘုရားရှေ့မှာတရားထိုင်နေတာတွေ့တယ်။ အဲ့ဒီတော့ သူ့နားကဖြတ်ပြီးတော့ ဘုန်းကြီးတို့အတွင်းကိုဝင်ပြီးတော့ ကန်တော့တယ်။ကန်တော့တော့ သူကလာစကားပြောတယ်။ ဘယ်နိုင်ငံကလဲ ဘာညာစကားပြောပြီးတော့ သူကဘာပြန်မေးလဲဆိုတော့ ဗမာဗုဒ္ဓဘာသာတွေတဲ့ ဘုရားရှေ့ထိုင်ပြီးတော့ စကားထိုင်ပြောနေကြတယ်တဲ့။ ဆူညံ ဆူညံနဲ့ဝင်လာ ဘုရားကိုရှိခိုးပြီး ထသွား။ဘယ်သူမှတလေးတစား လုပ်တာကိုမတွေ့ရဘူးဆိုတာကို သူကပြောပြတယ်။ဟုတ်နေတော့လည်း ကိုယ်က ဘာပြောလို့ရမှာလဲ ။တို့ဆီက ပေါလို့နဲ့တူပါတယ်လို့ မင်းတို့ဆီကတော့ ရှားလို့ လေးစားတာထင်တယ်လို့ ဒီလိုပဲပြောရတော့တာ။ အဲ့ဒီတော့ လေးစားမှုဆိုသည်မှာ အလေးထားမှုကိုပြောတာ။ အဲ့ဒါဗုဒ္ဓအဂါရဝ-သတ္ထုအဂါရဝ-လို့ခေါ်တယ်။ဒီအဂါရဝတရား(၆)ပါးမှာ သတ္ထု အဂါရဝေါ-ဘုရားကိုတလေးတစားမလုပ်တာ။ဓမ္မေ အဂါရဝေါ-တရားနဲ့ပတ်သက်ပြီးအလေးအစားမရှိတာ။ သံဃေ အဂါရဝေါ-သံဃာနဲ့ပတ်သက်ပြီး လေးစားမှု မရှိတာ။သိက္ခာယအဂါရဝါ-ကိုယ်ကျင့်ရမယ့် ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး တလေးတစားမရှိတာ။ အပ္ပမာဒေ အဂါရဝေါ-ကုသိုလ်တရားနဲ့မမေ့ရဘူးဆိုတဲ့ အပ္ပမာဒတရားပေါ်မှာ လေးစားမှုမရှိတာ။ပဋိသန္ဓာရေ အဂါရဝေါ - လူဆိုတာအချင်းချင်း ဆက်သွယ် ပြီးတော့နေရတာ။ပဋိသန္ဓာရ-တို့ဆိုတာဟာ ပြေပြစ်စကားပြောရတယ် ။ဧည့်ခံတာ စကားပြောတာမျိုးလုပ်ရတယ်။အဲ့ဒါမလုပ်လို့ရှိရင် ဒါကိုအလေးအနက်မထားရာ ရောက်တယ်တဲ့။ဟောအလေးအနက်မထားတာ(၆)မျိုးဆိုပြီး အဂါရဝ(၆)မျိုးဆိုပြီး ဒီလိုဟောထားတာ ရှိတယ်။ အဲ့ဒီအဂါရဝ(၆)မျိုးဆိုတာ သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် တန်ဖိုးမထားတာ မလေးစားတာကိုအဂါရဝလို့ခေါ်တယ်။ တန်ဖိုးထားတတ်ရမယ် လေးစားတတ်ရမယ်။ဘုရားကို တန်ဖိုးထားပြီဆိုကတည်းက ဒီပုဂ္ဂိုလ်ဟာ ဘုရားရှေ့မှာ မဟုတ်တာဘယ်လုပ်တော့မလဲ။ တန်ဖိုးထားတယ်လေ ဘုရားကို။အခုက တန်ဖိုးကိုတခြားနေရာသွားထားတာနဲ့ တူတယ်။မြတ်စွာဘုရားကို တန်ဖိုးမထားပဲနဲ့ ဘုရားထက်တန်ဖိုးကြီးနေတဲ့ အရာကို သွားပြီးတန်ဖိုးသွားထားတယ်နဲ့တူတယ်။ အဲ့ဒါကြောင့်မို့လို့ ဒါမျိုးတွေဟာ ဗုဒ္ဓအဂါရဝ-ဖြစ်တယ်တဲ့။ အဲ့ဒီတော့ ဂါရဝ-လေးစားရမယ်ဆိုတာ နံပါတ်(၁)ဘုရားကို လေးစားရမယ်။နံပါတ်(၂)ပစ္စေကဗုဒ္ဓါ ဘုရားပြီးရင်တော့ ထူးခြားတဲ့အမြတ်ဆုံးပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓပဲ။ နံပါတ်(၃)ကဗုဒ္ဓရဲ့တပည့်သာဝက၊ ရဟန္တာအရှင်မြတ်တွေကိုလေးစားရမယ်။နံပါတ်(၄)က အာစရိယ-ကိုယ့်ကို ဘဝမှာအခြေကျအနေကျအောင် သွန်သင်ပြသခဲ့တဲ့ ကျေးဇူးရှင်ဆရာတွေကို လေးစားရမယ်။နံပါတ်(၅)က ဥပစ္ဇျာယတဲ့ ကိုယ့်ကို အနီးကပ် ကြီးကြပ်သင်ကြားပို့ချပေးတဲ့ပုဂ္ဂိုလ်မျိုးကို လေးစားရမယ်တဲ့။ နံပါတ်(၆)က အမေကိုလေးစားရမယ်။ နံပါတ်(၇)က အဖေကို လေးစားရမယ်။ နံပါတ်(၈)က ကိုယ့်ထက်ကြီးတဲ့အကိုကြီးကို လေးစားရမယ်။ နံပါတ်(၉)က ကိုယ့်ထက်ကြီးတဲ့အမကြီးတွေကို လေးစားရမယ်။ ဒါက မိသားစုထဲနဲ့သွားဆိုင်တယ်ပေါ့။ဒါတွေဟာ ဂါရဝတရားထားရမယ့်ပုဂ္ဂိုလ်တွေလို့ မင်္ဂလသုတ်မှာ အဋ္ဌကထာမှာ ဒီလိုဖွင့်ထားတယ်။ အဲ့ဒီတော့ လေးစားတယ်ဆိုသည်မှာ ခုနကပြောသလို အရိုအသေပေးရုံတင်လေးစားတယ်လို့ပြောတာမဟုတ်ဘူး။ အလေးအနက်ထားရမယ် ဒီပုဂ္ဂိုလ်တွေကို။ အခုတော့ ခင်ပွန်းကြီး(၁၀)ပါးဆိုပြီးတော့ လုပ်ကြတယ်လေ။ အလေးအနက်ထားရမယ့်ပုဂ္ဂိုလ်တွေကို ခင်ပွန်းကြီး(၁၀)ပါးဆိုပြီးပြောတာ အခုပြောတဲ့ပုဂ္ဂိုလ်တွေကလည်း အလေးအနက်ထားရမယ့်ပုဂ္ဂိုလ်တွေပဲ။အဲ့ဒါမှ ဂါရဝမင်္ဂလာဆိုတာ ကိုယ့်သန္တာန်မှာ ပြည့်စုံမှာဖြစ်တယ်ပေါ့။တန်ဖိုးထားတတ်ရမယ်။ အလေးအနက်ထားတတ်ရမယ်လို့ ဒီလိုဆိုလိုတာ။ ဟုတ်ပြီ အဲ့လိုအလေးအနက်မထားနိုင်ဘူးဆိုရင် ဥပမာမယ် ဘုရားကို မလေးစားဘူးဆိုသည်မှာ ဘုရားကိုကျောပေးထိုင်တယ်။နောက်ပြီးတော့ စေတီရင်ပြင်ထဲမှာ ထီးဆောင်းဝင်တယ်။ဖိနပ်စီးဝင်တယ်။ ထွေရာလေးပါးစကားတွေကိုပြောတယ်။ဘုရားကိုရှိခိုးဝတ်ချခြင်းမပြုဘူးဆိုတာ။ အဂါရဝဖြစ်တယ်လို့ ဒီလိုဆိုတယ်။ဒါကြောင့်မို့လို့ ဒါဟာအင်မတန်မှ အရေးကြီးတယ်ပေါ့။ကိုယ်လုပ်တဲ့အလုပ်ကတော့ အမှတ်တမဲ့လုပ်လိုက်တာပဲ။ ဒါပေမယ့်လို့ မလေးစားတာရောက်တဲ့အခက်တွေက အဲ့ဒါတွေပဲ။ နောက်တစ်ခုက ဓမ္မအဂါရဝ-တရားနဲ့ပတ်သက်ပြီး မလေးစားဘူး။ မှတ်သားဖို့လိုအပ်တယ်။တရားနဲ့ပတ်သက်လို့ မလေးစားတာဆိုတာ တရားပွဲရှိလို့ သွားမနာတာ မလေးစားတာပဲ။ ဟိုလိုထော်လော်ကန့်လန့်လုပ်နေမှ မလေးစားတာပြောတာ မဟုတ်ဘူး။တရားပွဲရှိရဲ့သားနဲ့မသွားရင် အဲ့ဒါတရားကို မလေးစားရာရောက်တယ်တဲ့။ ဘယ်လိုပဲ တရားကိုလေးစားပါတယ်ပြောပြော အဲ့ဒီပုဂ္ဂိုလ်က တရားမနာဘူးဆိုရင် တရားကို မလေးစားတဲ့ ပုဂ္ဂိုလ်ပဲလို့ သတ်မှတ်တယ်။စာထဲမှာ ဒီလိုပဲဆိုထားတယ် တရားကိုမလေးစားရာရောက်တယ်တဲ့။တရားကို တလေးတစားမနာဘူး။တရားဟောနေတဲ့အချိန်မှာ စကားတိုးတိုးပြောနေတယ်။အခုခေတ်ကြတော့ ဖုန်းပြောတယ်။ ဖုန်းဖွင့်ထားတယ်။ဒါလည်းပဲ ဒါလည်းပဲ တရားကိုမလေးစားရာရောက်တယ်။ ဒါက ဘုန်းကြီးက ကြံဖန်လျှောက်ပြောတာ မဟုတ်ဘူး။ (၁)စကားတပြောပြောနဲ့တရားပွဲမှာထိုင်နေရင်လည်း တရားကို မလေးစားရာရောက်တယ်တဲ့။ (၂)တရားကိုတရိုတသေ တလေးတစားမမှတ်ယူဘူးဆိုရင်လည်း တရားကိုမလေးစားရာရောက်တယ်တဲ့။ (၃)န သက္ကစ္စံ ဝါစေတိ-တရားဓမ္မကို သူများကို တရားဟောတဲ့ဘုန်းကြီးကလည်း တရားကို လေးလေးစားစားမဟောဘူးဆိုရင် ဒါကမလေးစားရာရောက်တယ်တဲ့။နာသူလည်းမလေးစားရာ ရောက်တယ် ဟောသူလည်း မလေးစားရာရောက်တယ်။ အလေးအနက်ထားရမယ်လို့ ဒီလိုဆိုလိုတယ်နော်။ ရှေးတုန်းက ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကြားဖူးလိုက်တယ်။ နိုင်ငံခြားသားတွေရဲ့ ဝေဖန်သံကိုကြားလိုက်ဖူးတယ်။ဘုန်းကြီးတွေရဲ့တရားပွဲမှာ တဝါးဝါး တဟားဟားနဲ့လုပ်နေကြတာ ရှိတယ်မို့လား။အဆိုတွေ အငိုတွေနဲ့လေ။ ဇာတ်သဘင်ဆန်ဆန်ဟောတဲ့ ခေတ်တခေတ်ရှိခဲ့တယ်။ ရပ်လဲတရားဆိုပြီး။အဆိုတွေ အငိုတွေမျက်ရည်ကျမှ သဘောကြတယ်လေ။ တရားဆိုတာ အငိုတိတ်အောင် ဟောရတာမဟုတ်ဘူး။ မျက်ရည်ကျမှ သဘောကျတာလေ။တရားနာ ပရိတ်သတ်တရှုံ့ရှုံ့ဖြစ်နေရင် အဲ့ဒါအောင်မြင်တယ်လို့ ယူဆတယ်ပေါ့။အဲ့ဒီလို အဆိုတွေ အငိုတွေနဲ့ မျက်ရည်ကျအောင် ဟောခဲ့ဖူးတဲ့ တရားပွဲတွေလည်း ရှိခဲ့ဖူးတယ်။အဲ့ဒီမှာ နိုင်ငံခြားသားတွေက ဘာတွေဝေဖန်တုန်းဆိုတော့ ဘုရားရဲ့တရား ဗုဒ္ဓရဲ့တရားဟာ အင်မတန်မှ လေးနက်တယ်တဲ့။အင်မတန်မှ လေးနက်တဲ့တရားတွေကို ဘာဖြစ်လို့ ဟာသလုပ်ပြီး တဝါးဝါးနဲ့ ဟောနေ လုပ်နေရသလဲတဲ့ ဟော။ အဲ့ဒီလို ဝေဖန်တာ ကြားဖူးတယ်။အဲ့ဒါဟာ မလေးစားခြင်းတစ်မျိုးပဲလို့ ဒီလိုမှတ်ရမယ်။ တရားဆိုတာ အလေးအနက်ဆင်ခြင် စဉ်းစားပြီးတော့ ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရမယ်။မှတ်မှတ်သားသားလည်းနာရမယ်။ နာပြီးတဲ့အခါမှာ အနက်အဓိပ္ပာယ်ကို စဉ်းစားရမယ်။စဉ်းစားပြီးတဲ့အခါ လိုက်နာကျင့်သုံးရမယ်။ကြည့်လေ အရှင်အဿဇိကို အရှင်ဘုရား ဘယ်သူ့တပည့်တုန်း ဘယ်သူ့ဝါဒကိုနှစ်သက်တုန်း ဘယ်သူ့ ကိုရည်စူးပြီး သင်္ကန်းဝတ်လာတာတုန်းလို့ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပုရိပိုဇ်ကမေးတဲ့အခါမှာ အရှင်အဿဇိက ဖြေတယ်။နောက်ဆုံးမှာ အရှင်ဘုရားတို့ရဲ့ ဆရာဝါဒကိုပြောပြစမ်းပါဆိုတော့ အရှင်အဿဇိက ဘယ်လောက်လေးစားတုန်းဆိုလို့ရှိရင် သူလေးစားပုံလေး အလေးထားပုံးလေးကို ပြောပြမယ်။ သူရဟန္တာကြီးပဲ သူတရားတွေအများကြီးပြောနိုင်တာပေါ့။ ဓမ္မစင်္ကြာကိုနာထားပြီးပြီ။အနတ္တလက္ခာသုတ်နဲ့ ရဟန္တာဖြစ်ထားတဲ့ပုဂ္ဂိုလ်ပဲ။ သို့သော်တန်ဖိုးထားတတ်အောင်ဘာပြောလိုက်လဲဆိုရင် သူအခုမှ သာသနာဘောင်ရောက်လာတာ မကြာသေးဘူးတဲ့။ မကြာသေးတော့ မြတ်စွာဘုရားရဲ့ဝါဒကို သူအကျယ်ကြီးမပြောနိုင်ဘူးတဲ့။ ဒါလေးစားတဲ့အနေနဲ့ပြောတာလေ။ဘုရားဟောတာတွေ သူအကုန်လုံး မသိပါဘူးတဲ့။ တကယ်တော့သူရဟန္တာဖြစ်နေပြီနော်။အဲ့ဒီစကားဟာ မြတ်စွာဘုရားကို သိပ်ဘယ်လောက်တန်ဖိုးထားပြီးပြောသလဲဆိုတာ စဉ်းစားကြည့်ပေါ့။သူအခုမှ ရောက်လာတာဖြစ်လို့ အကျယ်ကြီးမပြောနိုင်ပါဘူးတဲ့။ အကျဉ်းချုပ်တော့ ပြောပါမယ့်လို့ဆိုတော့ အရှင်သာရိပုတ္တရာအလောင်းက ဘာပြောတုန်းဆိုရင် အဓိပ္ပာယ်ပဲပြောပါတဲ့။ သူလိုချင်တာ Meaning ပဲပေါ့။အနက်အဓိပ္ပာယ်ပဲ သူလိုချင်တယ် စကားလုံးတွေ အများကြီးပြောဖို့ မလိုပါဘူးလို့ ဆိုတယ်။ဟောနာသူကလည်း တလေးတစား ဟောပြောပေးတဲ့ပုဂ္ဂိုလ်ကလည်း တလေးတစားဆိုတော့ သစ္စာလေးပါးကို အတိုလေးရှင်းပြလိုက်တာနဲ့ ဟိုက သောတာပန်ဖြစ်သွားတယ်။ ဒီလိုဖြစ်ရမှာနော်။ဟောတဲ့ပုဂ္ဂိုလ်ကလည်း တရားပေါ်မှာ သိပ်တန်ဖိုးထားတယ်။ ငါအခုမှ ရောက်လာတာအကျယ်ကြီးမပြောနိုင်ဘူး။သို့သော်အကျဉ်းချုပ်တော့ ပြောမယ်။ဒါတန်ဖိုးထားတဲ့စကားပဲ။ရဟန္တာပဲ သူဟောနိုင်တာပေါ့။ သို့သော် ဘုရားကိုလေးစား တရားမြတ်နိုးတဲ့အနေနဲ့ ဒီစကားကိုပြောလိုက်တာ။ နာတဲ့ပုဂ္ဂိုလ်ကလည်း တလေးတစားနာလိုက်တယ်။အဲ့ဒါမျိုးကို ဓမ္မေဂါရဝ တရားပေါ်မှာ လေးစားတယ်လို့ခေါ်တာ။ အဲ့ဒီတော့ လေးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆိုလိုတယ်။အဲ့ဒီလိုတန်ဖိုးမထားဘူး တရားပွဲမှာ ဒီလိုတလေးတစား မနာဘူးဆိုရင် ဓမ္မေအဂါရဝ-ဖြစ်တယ်။ ဟောဒီလိုဆိုတာပေါ့နော်။ {ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး } ဂါရဝအဂါရဝ-တရားတော်မှ ကောက်နှုတ်ချက်။
https://www.dhammaransi.com/index.php/new/520-2016-11-07-12-12-42.html
သာသနာ၌ အမှိုက်​ကျဲသူများ
သာသနာ၌ အမှိုက်​ကျဲသူများ ~~~~~~~~~~~~~~~~~~ ယ​နေ့​ခေတ်​ ​ပြောသံ​တွေ ကြား​နေရသည်​။ သံဃာ​တွေ အ​ရေအတွက်​နည်​းလာပြီ သံဃာ​တွေ ​လူထွက်​ကုန်​ပြီ၊ ​ပျော်​​အောင်​ ညစာစားခွင်​့ ​ဘောလုံးကန်​ခွင်​့ ​ပေးထားရသည်​။ သူတို့ လုပ်​ချင်​တာ လုပ်​ခွင်​့ ဖြစ်​ချင်​တာ ဖြစ်​ခွင်​့ ​ပေးထားသည်​။ ထိုသို့ မဟုတ်​လျှင်​ လူထွက်​သွားကုန်​မည်​တဲ့။ ထိုစကားသံတို့ကို ကြားမိ​တော့ ဥပရိပဏ္ဏာသပါဠိ​တော်​ မဟာသုညတသုတ်​ထဲမှ မြတ်​စွာဘုရားရဲ့ စကားတစ်​ခွန်​း သတိရမိ​တော့သည်​။ နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ပဝက္ခာမိ ပဝယှ ပဝယှ အာနန္ဒ ပဝက္ခာမိ ၊ ​ယော သာ​ရော ​သော ဌဿတိ။ အာနန္န ငါဘုရားသည်​ နှိပ်​ကွပ်​၍ ​ပြောဆို ဆုံးမအ့ံ။ အနှစ်​ရှိသူ ကျန်​လိမ်​့မည်​ ဟူ၍။ အခု​ခေတ်​ လူတို့ ခံယူချက်​နှင်​့ ဘုရားခံယူချက်​ မိုးနဲ့ ​မြေလို ကွာ​ခြား​လေ၏။ ဘုရား​ပြောသည်​မှာ အနှစ်​ရှိသူ ကျန်​လိမ်​့မည်​ ဟု အနှစ်​သာရကို အဓိကထား၏။အ​ရေအတွက်​ နည်​းမည်​ကို မြတ်​စွာဘုရား ထည်​့မတွက်​။ ​ခေတ်​လူတို့ကား အ​ရေအတွက်​ နည်​းသွားလိမ်​့မည်​ ဟု အ​ရေအတွက်​ အကာကို ဦးစား​ပေး စဉ်​းစားကြ၏။ ဓမ္မပဒဋ္ဌကထာ ပထမအုပ်​ ၃၄၈ ထဲမှ နိဂ္ဂယှဝါဒီ ပုဒ်​ အဖွင်​့ကိုလည်​း သတိရမိ​တော့သည်​။ သာသနာ၌ အချို့​သော ပုဂ္ဂိုလ်​တို့သည်​ ကိုယ်​့တပည်​့များ ကြည်​ညိုဖွယ်​မ​ကောင်​း အ​နေအထိုင်​မတတ်​သည်​ကို မြင်​​နေရ ကြား​နေရပါလျက်​ မဆုံးမ ပစ်​ထားကြ၏။ ထိုသူသည်​ သာသနာ၌ အမှိုက်​ကျဲ သူ မည်​​လေ၏။ မိမိတပည်​့ မလိမ္မာသည်​ကို အပစ်​အား​လျော်​စွာ ​ခေါ်ယူ ဆုံးမခြင်​း ဒဏ်​​ပေးသင်​့လျင်​ ဒဏ်​​ပေး၍ ဆုံးမခြင်​း နှင်​ထုတ်​ရန်​ လိုအပ်​ပါက နှင်​ထုတ်​ခြင်​း စသည်​ဖြင်​့ ဆုံးမ ​ပြောဆိုသူတို့သည်​ နိဂ္ဂယှဝါဒီ နှိပ်​ကွပ်​၍ဆုံးမသူ မည်​လေ​၏။ အဋ္ဌကထာဆရာက ဘုရားကိုပင်​ စံထားပြီး ​ပြော​လေ၏။ ဘုရားရှင်​သည်​ နိဂ္ဂယှဝါဒီ ပုဂ္ဂိုလ်​စစ်​စစ်​ ဖြစ်​​ကြောင်​း ဆိုထား၏။ ​ယ​နေ့​ခေတ်​ အများစုမှာ ဘုရားစကားကို လျစ်​လျူရှုထားကြပြီး အ​နောက်​တိုင်​းက အဆိုအမိန်​့များ အ​တွေးအ​ခေါ်များကို အ​လေးထား​နေကြ​သော​ကြောင်​့ ယ​နေ့​ခေတ်​ ရဟန်​းအချို့၏ လုပ်​ရပ်​များမှာ အဋ္ဌကထာဆရာ​ပြောသလို သာသနာမှာ အမှိုက်​ကြဲ​နေကြသလားလို့ ​တွေးမိ​ပါတယ်​။ ထို့​ကြောင့် သာသနာ၌ အမှိုက်​ကျဲ ကြ​မလား၊ အမှိုက်​ရှင်​းကြမလား ဆိုတာက​တော့ စာဖတ်​သူတို့သာ ​ရွေးချယ်​ကြပါ​တော့။ ဆရာ​တော်​အရှင်​အဘယာလင်္ကာရ.
https://www.dhammaransi.com/index.php/new/521-2016-11-07-12-12-11.html
ကိုယ့်တရား ကိုယ် နာနိုင်အောင် ကြိုးစားကြ
ကိုယ့်တရား ကိုယ် နာနိုင်အောင် ကြိုးစားကြ ”တရားနာတယ်”ဆိုတာ သစ္စတရားတွေကို နာနိုင်ဖို့ အရေးကြီးသည်။ ”သစ္စာတရား” ဆိုတာကလည်း စာထဲကသစ္စာကို ပြောသည်မဟုတ်၊ ခန္ဓာထဲကသစ္စာကို ဆိုလိုသည်။ ခန္ဓာထဲမှာကလည်း ရုပ်နှင့် နာမ်သာ ရှိသည်။ ထိုရုပ်နာမ် ၂_ပါး၊ အကျယ်အားချဲ့လျှင် ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာများ ဖြစ်ကြ၏။ ထိုတရားတို့သည် တည်ငြိမ်နေကြသည် မဟုတ်။ စက္ကန့်မလပ် _ မီနစ်မလပ် တရစပ် ဖြစ်ပျက် ပြောင်းလွဲနေကြသည်။ မတည်မငြိမ်ဖြစ်နေကြသည်။ ဖောက်ပြန်နေကြသည်။ ယင်းတို့အားလုံး ဒုက္ခသစ္စာများချည်း ဖြစ်ကြသည်။ သမာဓိ ထူထောင်၍ ဉာဏ်ဖြင့် ကြည့်လျှင် မြင်နိုင်သည်။ ဖြစ်ပျက်ပြောင်းလွဲနေသော ဒုက္ခသစ္စာတရား… တို့ကို မြင်နိုင်၏။ မြင်သော ဉာဏ်ကား မဂ္ဂသစ္စာ ဖြစ်သည်။ ဒုက္ခသစ္စာကို မဂ္ဂသစ္စာဖြင့် မြင်နိုင်၏။ ဤသည်ကား ကိုယ့်ခန္ဓာရဲ့ အဖြစ်အပျက်ကို ကိုယ့်ဘာသာပြန်၍ မြင်နိုင်ခြင်း ဖြစ်၏။ ကိုယ့်ခန္ဓာကဟောတဲ့ တရားကို ကိုယ်တိုင် နာယူနိုင်​ခြင်​း ဖြစ်သည်။ အရှင်ဃောသိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာ
https://www.dhammaransi.com/index.php/new/522-2016-11-07-12-11-56.html
ကျွန်တော်ရလိုက်တဲ့ နောင်တ
ကျွန်တော်ရလိုက်တဲ့ နောင်တ ************ ‘‘ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်’’ မိုးကုတ်ရိပ်သာဓမ္မာရုံထဲကို ဝင်လိုက်တာနဲ့ ပထမဆုံးတွေ့လိုက်ရတဲ့ သံဝေဂသတိပေးစာတန်းလေးပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဓာတ်ပုံနဲ့အတူ ယှဉ်တွဲရေးသားထားပါတယ်။ ဓမ္မာရုံခန်းမထဲမှာတော့ မိုးကုတ်ယောဂီတွေ တရားထိုင်နေကြပါတယ်။ သင်္ကြန်တွင်း ခုနစ်ရက်အလုပ်ပေး တရားစခန်းပွဲပါ။ ယောဂီတွေဟာ သင်္ကြန်တွင်းကာလမှာ လာရောက်တရားအားထုတ်ရင်း လက်တွေ့စခန်းဝင်နေကြတာပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေက အလုပ်ပေးတရားတွေ ဟောကြားလေ့ရှိပါတယ်။ နေ့ခင်းဘက်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားခွေတွေကို ဖွင့်ပေးလေ့ရှိပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အယူအဆနဲ့ ကမ္မဋ္ဌာနာစရိယရဲ့ ဟောတရားတွေကို ယှဉ်တွဲလေ့လာလို့ရတာပေါ့။ ဒီတရားစခန်းပတ်တွေမှာ အထူးသဖြင့် ပဋိစ္စသမုပ္ပါဒ်တရားတွေကိုပဲ ဦးစားပေးဟောကြားလေ့ရှိပါတယ်။ ယောဂီတွေအနေနဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်မှ (တစ်နည်း) ခန္ဓာဉာဏ်ရောက် တရားကိုနားလည်မှ ဒိဋ္ဌိပြုတ်မှာမို့ ဒါကိုပဲဦးစားပေးဟောကြားလေ့ရှိပါတယ်။ ဒိဋ္ဌိမပြုတ်သမျှ ဘယ်လောက်ပဲအားထုတ်နေပါစေ တရားထူးမရနိုင်ဘူးလို့ဆိုပါတယ်။ ဒိဋ္ဌိကိုအရင်ဆုံးဖြုတ်နိုင်မှ တရားရမယ်လို့ဆိုလိုပါတယ်။ ‘‘ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်’’နေရင်တောင် သူ့ထက်အရေးကြီးတဲ့ ဒိဋ္ဌိကိုအရင်ဆုံးဖြုတ်ဖို့လိုတယ်လို့ ဥပမာပေးဆုံးမထားပါတယ်။ အဲဒါကြောင့် ဒိဋ္ဌိရဲ့အရေးကြီးပုံကို ပိုပြီးနားလည်သဘောပေါက်ကြရပါတယ်။ နံနက်ပိုင်း တရားပွဲစပြီဆိုတာနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ‘‘မူလနှစ်ဖြာ’’လင်္ကာဆောင်ပုဒ်ကို ဦးစွာရွတ်ဆိုပြီး ဆရာတော်ကြီးရဲ့ဉာဏ်တော်ကိုပူဇော်ကြရပါတယ်။ အဲဒီလင်္ကာဆောင်ပုဒ်ကတော့‘‘မူလနှစ်ဖြာ၊ သစ္စာနှစ်ခု လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်သုံးပါးအစပ်၊ နှစ်ရပ်မူလ ဝဋ်သုံးဝနှင့် ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ် သိစေအပ်သည်။ သံသရာမှ လွတ်ကြောင်းတည်း’’တဲ့။ သံသရာမှလွတ်ချင်ရင် မူလရေသောက်မြစ်ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာကို အရင်ဆုံးသတ်ရမယ်လို့ ဟောပြထားပါတယ်။ အဝိဇ္ဇာဆိုတာကတော့ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုမသိခြင်းတဲ့။ အဲဒီလို အကောင်းအဆိုးမသိတော့ တဏှာဆိုတဲ့ လိုချင်တပ်မက်ခြင်း ဖြစ်ပေါ်လာပါသတဲ့။ လိုချင်လွန်းတဲ့အခါကျတော့ မရရအောင် ကြိုးစားအားထုတ်ပြန်ပါလေရောတဲ့။ ဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းမသိဘဲပြုလုပ်မိတော့ အပုညာဘိသင်္ခါရဆိုတဲ့ အကုသိုလ်တွေပြုလုပ်မိသတဲ့။ ဒီတော့ သွားပါလေရော အပါယ်လေးပါးပေါ့။ နောက်တစ်ခါ အမှန်ကိုမသိဘဲ ကောင်းမှုကုသိုလ်တွေကိုပြုလုပ်မိပြန်ရင်လည်း ပုညာဘိသင်္ခါရဖြစ်ပြီး လူနတ်ချမ်းသာကို ခံစားရပြန်ပါလေကော။ ဒါပေမဲ့လည်း လူနတ်ချမ်းသာဆိုတာ တကယ်ချမ်းသာစစ်ချမ်းသာမှန်မဟုတ်ဘူးတဲ့။ ‘‘ဗြဟ္မာ့ပြည်တဝင်းဝင်း၊ ဝက်စားကျင်း တရှုပ်ရှုပ်’’ဆိုတဲ့စကားလို အချိန်မရွေး အပါယ်လေးဘုံကို ပြန်ရောက်သွားနိုင်ပါသတဲ့။ အဲဒီလိုဖြစ်ရတာဟာ အမှန်ကိုမသိမှု (တစ်နည်း) သစ္စာကို မသိမှုကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။ သံသရာလည်ရခြင်းရဲ့ အဓိကတရားခံဟာ အဝိဇ္ဇာနဲ့ တဏှာဖြစ်ပါသတဲ့။ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် ကြိုးစားကျင့်ကြံအားထုတ်ရမယ်တဲ့။ အဝိဇ္ဇာဖြစ်နေသမျှ သမုဒယသစ္စာနဲ့ဒုက္ခသစ္စာမှာ ချားရဟတ်ပမာလည်နေရဦးမယ်တဲ့။ အဲဒါကြောင့် ခန္ဓာဉာဏ်ရောက်တရားဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်ပြီး ခန္ဓာဖြစ်စဉ်ကို သဘောပေါက်မှ ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်တွေဆုံးပြီး နိဗ္ဗာန်ကိုရောက်နိုင်မယ်လို့ အလုပ်ပေးတရားတွေကို ဟောကြားဆုံးမသွားခဲ့ပါတယ်။ တရားတော်တွေကတော့ အကောင်းစားချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေက မလိုက်နာနိုင်ကြတာ ခက်နေပါတယ်။ မကောင်းမှန်းလည်းသိတယ်။ ဒါပေမဲ့ မပြင်ချင်ဘူး။ မဟုတ်မှန်းလည်းသိတယ်။ ဒါပေမဲ့မပြောင်းလဲချင်ဘူး။ ဝေဘူဆရာတော်ကြီးက ဟောပြောဆုံးမခဲ့ဖူးပါတယ်။ ကိုယ်နေရာမကျဘဲနဲ့ နေရာကျတယ်ထင်နေရင် နေရာမကျဘူးတဲ့။ နေရာမကျတာကို နေရာမကျမှန်းသိမှ နေရာကျတာတဲ့။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေကတော့ ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ ထင်နေဆဲပါ။ ဒါကြောင့်လည်း သူများနေရာမကျတာကို ပြောချင်နေပြီး ကိုယ်နေရာမကျတာကိုတော့ ပြုပြင်ဖို့ စိတ်ကူးထဲတောင်မထည့်မိကြပါဘူး။ ဝေဘူဆရာတော်ကြီးဆိုလို့ ကျွန်တော်လည်း ဝေဘူဆရာတော်ကြီးကို တစ်ကြိမ်ပဲ တွေ့ဆုံဖူးမြော်ခဲ့ဖူးပါတယ်။ ၁၉၇၁ လောက်ဆီကပေါ့။ ကျွန်တော့်သူငယ်ချင်း ဦးလှပြုံးဆိုတာရှိပါတယ်။ သူက ကျန်းမာရေးမှူးတစ်ယောက်ပါ။ သူ့ကျေးဇူးကြောင့် ဝေဘူဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရခဲ့တာပါ။ ကျွန်တော့်ဘဝမှာ အဲဒီနေ့တစ်နေ့ကိုတော့ မှတ်မှတ်ရရပါပဲ။ ဝေဘူဆရာတော်ကြီးရဲ့အခန်းမှာ လူရှင်းနေပါတယ်။ ကျွန်တော်တို့နှစ်ယောက်နဲ့ ဆရာတော်ကြီးပဲရှိကြပါတယ်။ ဦးလှပြုံးက သူလာရခြင်းရဲ့အကြောင်းကို လျှောက်ထားရင်း စကားလက်ဆုံကျနေကြပါတယ်။ ပြန်ခါနီးမှာတော့ ဆရာတော်ကြီးက ကျွန်တော်တို့နှစ်ယောက်ကို ထူးထူးခြားခြား ငါးပါးသီလခံယူ ဆောက်တည်စေပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ငါးပါးသီလပေးတာမျိုး၊ ဆောက်တည်နိုင်တာမျိုးကို သိပ်ပြီး အလေးအနက်မထားမိပါဘူး။ တခြား ဆရာတော်၊ သံဃာတော်တွေလည်း ဒီလိုပဲ ဥပုသ်စောင့်ရင်း ငါးပါးသီလ၊ ရှစ်ပါးသီလပေးနေကျပဲပေါ့။ အဲဒါကြောင့် အခုလို ငါးပါးသီလပေးတာလောက်ကို သိပ်ပြီးကျေနပ်အားရဖြစ်မိတယ်လို့မရှိခဲ့ဘူး။ ဆရာတော်ကြီးရဲ့စိတ်မှာ ဘာသဘောနဲ့ ဒီလိုငါးပါးသီလပေးခဲ့တယ်ဆိုတာ မသိရပေမယ့် ကျွန်တော့်မှာဖြင့် ဒီလိုနာမည်ကြီး ဆရာတော်ကြီးတစ်ပါးက ငါးပါးသီလပဲပေးရပါ့မလားဆိုပြီး စိတ်ထဲမှာတော့ ဘဝင်မကျဘူးပေါ့။ တကယ်ဆိုရင် ထူးထူးခြားခြား ဆုံးမသြဝါဒတွေ၊ မှတ်လောက်သားလောက်တဲ့သြဝါဒတွေ ပေးစေချင်တာပေါ့။ ဒါပေမဲ့လည်း ငါးပါးသီလပဲပေးတော့ ကျွန်တော်ဖြင့် ပြန်သာလာရတယ် စိတ်ထဲမှာ ဘဝင်မကျခဲ့ဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပဲဆိုကြပါစို့။ ကျွန်တော်လည်း လုပ်ငန်းခွင်မှာပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်လာပါတယ်။ ကျွန်တော်ရတဲ့လစာက မပြောပလောက်ပေမယ့် ကျွန်တော်ခံစားနေရတဲ့စည်းစိမ်တွေက လုပ်အားထက်အဆမတန် များပြားနေတယ်။ ဒါကိုပဲ ကျွန်တော်ကကျေနပ်နေတယ်။ ပီတိဖြစ်နေတယ်။ သားမယားတွေကလည်း ကျွန်တော့်ကို လူရည်လည်တယ်ဆိုပြီး အထင်တွေကြီးလို့ပေါ့။ ဆွေမျိုးညာတိတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေဆိုရင်လည်း ကျွန်တော့်ဘဝကို အားကျနေခဲ့ကြတယ်။ အဲဒါကြောင့် တချို့ကပြောကြပါတယ်။ ‘‘ရာထူးက အရေးမကြီးဘူး။ ဌာနန္တရကအရေးကြီးတယ်’’တဲ့။ ရာထူးကြီးပြီး ဆင်းရဲနေတဲ့ အရာရှိကြီးတွေလည်းအများကြီးပါ။ ရာထူးက အောက်ဆုံးအဆင့်မှာ ရှိနေပေမယ့်လည်း နေရာကောင်းလို့‘‘ထော’’နေတဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုက အဲဒီလို အကျင့်ပျက်နေတာကို အထင်ကြီး လေးစားနေကြတာကိုး။ ဒီတော့လည်း ဘွဲ့ရလို့ လုပ်ငန်းခွင် ဝင်မယ်ဆိုရင်တောင် ‘အကြံအဖန်’ ကောင်းတဲ့ဌာနမျိုးကိုပဲ ငွေပေးပြီး ရွေးချယ်တတ်ကြပါတယ်။ ကျွန်တော်တို့ခေတ်က အောက်တန်းစာရေးလစာ ၁၃၀ လေးရဖို့တောင် ငွေကိုသိန်းချီပေးတဲ့သူတွေရှိကြတယ်။ အဲဒီလောက်အထိပေးတဲ့သူကလည်း စည်းပျက်တယ်။ ယူတဲ့သူကလည်း စည်းပျက်ခဲ့ကြပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး စည်းပျက်ကမ်းပျက်ဖြစ်လာကြတဲ့နောက် ကျွန်တော်တို့နိုင်ငံကြီးဟာလည်း အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားခဲ့ရပါတယ်။ ဝေဘူဆရာတော်ကြီးဆုံးမခဲ့သလိုပါပဲ။ ကျွန်တော်ကိုက ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ထင်နေခဲ့မိတာကိုး။ ကိုယ်ကိုယ်တိုင်နေရာမကျမှန်းသိနေပေမယ့်လည်း အဲဒီလိုနေရာမကျတာကိုပဲ ကျေနပ်နေမိတယ်။ ကျွန်တော့်ကိုပေးခဲ့တဲ့စုတ်တွေ၊ လာဘ်တွေကို ကျွန်တော်ကျေနပ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ကွက်ချန်ပြီးတွေးခဲ့တယ်။ ‘သူတို့ သိတတ်လို့ပေးတာ’ဆိုပြီး သာဓုခေါ်လက်ခံခဲ့တယ်။ ‘ပူဇော်ထိုက်သူကို ပူဇော်တာပဲလေ’လို့လည်း ကိုယ့်ကိုယ်ကိုယ် ‘ဖော့’ပြီး နှစ်သိမ့်ခဲ့မိပါတယ်။ ဇနီးမယား၊သမီးသားတွေကတော့ ပျော်လို့မော်လို့ပေါ့လေ။ အသက်ကလေးကလည်း ထောက်လာ၊ သေခြင်းတရားဆိုတာကလည်း ကိုယ်နဲ့လက်တစ်ကမ်းအလိုရောက်လာမှ ယောင်တီးယောင်အနဲ့ ရိပ်သာတွေသွား၊ တရားတွေရှာပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ကြိုးစားရကောင်းမှန်း သိလာတော့တယ်။ ပြောရရင် ‘ကြီးမှ လက်ပေးသင်သလို’ ဖြစ်နေပြီလား မပြောတတ်တော့ပါဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ငယ်စဉ်ကာလ ဉာဏ်မီးတောက်တုန်းမှာ တရားအားထုတ်ဖို့ ဆုံးမခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ငယ်စဉ်ကာလ တရားအားထုတ်ဖို့လမ်းညွှန်တာကို ကိုယ်နဲ့ မဆိုင်သလိုနေခဲ့မိတယ်။ အသက်တွေကြီးလို့ ဉာဏ်မီးတွေငြိမ်းခါမှ နိဗ္ဗာန်စခန်းကို ဖြတ်လမ်းကသွားချင်စိတ် ပေါက်လာမိတယ်။ ဒါပေမဲ့လည်း အချိန်တွေ နှောင်းခဲ့ပါပြီ။ လူငယ်တွေရဲ့တစ်ရက်စခန်းကို ကိုယ်က တစ်နှစ်လောက်လှမ်းနေရပြီ။ ဝင်လေသိ၊ ထွက်လေသိလို့ စိတ်ကမှတ်နေပေမယ့်လည်း စိတ်ကတခြားကို ရောက်နေတတ်တယ်။ ‘ရှင်လောင်းလှည့်တုန်းက ရွှေထီး ဆောင်းခဲ့ရတာတွေ’ ကို ပြန်ပြီးသတိရလာနေတယ်။ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ ပျော်ခဲ့ပါးခဲ့ ပွေခဲ့ရှုပ်ခဲ့တာတွေကိုပဲ အတွေးထဲမှာ ပေါ်ပေါက်လာတယ်။ အချိန်မီသတိရလို့ သတိကပ်မိပြန်တော့လည်း ခဏပဲ။ စိတ်ဆင်ရိုင်းက မကြာခဏထွက်ပြေးသွားပြန်တယ်။ စိတ်ဆိုတာ မျောက်နဲ့တူပါသတဲ့။ ဘယ်တော့မှ ငြိမ်ငြိမ်မနေဘူးလို့ဆိုပါတယ်။ ဟုတ်မှာပါ။ ကျွန်တော်ဖြင့် စိတ်ကို နှာသီးဝမှာထားပြီး စိုက်ရှူပြန်တော့လည်း စက္ကန့်ပိုင်းလေးပဲရတယ်။ ပြီးတော့ တမေ့တမောတွေးချင်ရာတွေး၊ ငေးချင်ရာငေးနေမိပြန်တယ်။ အဲဒီလိုအချိန်အကြာကြီး တွေးနေငေးနေမိလို့ သတိပြန်ဝင်လာတော့မှ မူလချည်တိုင်ဖြစ်တဲ့ ‘နှာသီး ဝမှာ’ ပြန်ပြီး သတိကပ်လိုက်ရတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့။ ရှေးလူကြီးမိဘတွေကတော့ ပြောပါတယ်။ ‘ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှသိ’တဲ့။ ‘ဒါနနဲ့ သီလမပါ သေခါမှသိ’လို့ပြောကြပါတယ်။ ကျွန်တော့်အသိမှာတော့ ဒါနနဲ့ သီလပါရုံနဲ့မလုံလောက်တော့ပါဘူး။ ဒါနနဲ့သီလဆိုတာမျိုးကလည်း ပုညာဘိသင်္ခါရနဲ့ အကျုံးဝင်လေတော့ သံသရာကိုလည်စေဦးမှာပဲ။ အဲဒါကြောင့် သံသရာကပြတ်နိုင်မယ့် ဝိပဿနာဘာဝနာကို အရောက်လှမ်းမယ်လို့ ဇွဲနဲ့ချီတက်ခဲ့ပေမယ့်လည်း ‘အာစိဏ္ဏကံ’ မဖြစ်ခဲ့လေတော့ သံသရာမှာနစ်ရဦးမှာပါလားလို့ ရင်များတောင် မောမိပါတယ်။ ဒီတော့မှ ဝေဘူဆရာတော်ကြီးဆောက်တည်ခိုင်းတဲ့ ငါးပါးသီလရဲ့သဘောကို နားလည်သဘောပေါက်စပြုမိတော့တယ်။ ငါးပါးသီလဆိုတာ အချိန်ပိုင်းနဲ့ စောင့်ထိန်းရမယ့် သီလမျိုးမှမဟုတ်ပဲ။ ခါးဝတ်ပုဆိုးလို မြဲနေရမယ့်သီလမျိုးပဲ။ လောကီနယ်မှာ တကယ်အရေးကြီးတာက ‘ငါးပါးသီလ’ပါ။ ဒီသီလတွေလုံခြုံပြီဆိုရင် လူ့လောကကြီး သာယာအေးချမ်းသွားနိုင်သလို နောင်သံသရာအတွက်လည်း အထောက်အပံ့ကောင်းတွေအများကြီးရနိုင်တာပေါ့။ ဒီသီလလောက်မှ လုံခြုံမှုမရှိရင် ကျွန်တော်တို့အဖို့ တရားထူးတရားမြတ်ရနိုင်ဖို့ အခွင့်အလမ်းဆိုတာ ဝေးနေဦးမှာပါ။ ဒါကြောင့် ဝေဘူဆရာတော်ကြီးမိန့်ခဲ့ဖူးသလို ငါးပါးသီလကိုပဲ လုံခြုံအောင် မနည်းစောင့်ထိန်းနေရပါတယ်။ တကယ်တော့ ငါးပါးသီလလောက်ကိုသာ လူတိုင်းစောင့် ထိန်းနိုင်ကြမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊တည်ငြိမ်မှုတွေရှိလာမှာပါ။ စဉ်းစားကြည့်လေ၊ ကိုယ့်အသားနာတာလောက်တောင် မကြိုက်မှဖြင့် သူ့အသက်ကိုလည်း မသတ်နဲ့ပေါ့။ သူ့အသက်ကိုတော့ သတ်ချင်တယ်။ ကိုယ်ကျတော့ အသားတောင်အနာမခံချင်ဘူးဆိုရင် တရားမျှတမှုရှိပါ့မလား။ ကိုယ်ချင်းစာစိတ်ဆိုတာ လူ့ယဉ်ကျေးမှုတစ်ရပ်ပါ။ ဒီလိုပဲ ကိုယ့်ပစ္စည်းကို မပေးချင်ရင် သူ့ပစ္စည်းကိုလည်း မလိုချင်နဲ့ပေါ့။ ကိုယ်ပစ္စည်းကျတော့ လျော့နည်းကုန်ဆုံးပျောက်ပျက်သွားမှာ စိုးရိမ်လိုက်ကြတာ။ သူတစ်ပါးပစ္စည်းကျတော့ နိုင်လိုမင်းထက်အနိုင်ကျင့်ပြီး ယူချင်ကြတယ်။ ဒါတွေဟာ တကယ်တော့ ‘လောကပါလတရားနဲ့ ဆန့်ကျင်ဘက်ကြီးပဲ။ လောကပါလတရားနှစ်ပါးကတော့ မဟုတ်တာ၊ မမှန်တာလုပ်ရတာကို ရှက်တတ်ရမယ်။ ကြောက်တတ်ရမယ်’တဲ့။ ဒီလောကပါလတရားနှစ်ပါး ပျောက်ကွယ်သွားရင် ကမ္ဘာလောကကြီးလည်း တိရစ္ဆာန်တွေနဲ့မခြား မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်ဆိုပဲ။ တတိယအချက်ဖြစ်တဲ့ ‘ကာမေသုမိစ္ဆာစာရကံ’ဆိုတာကတော့ တကယ့်ကို ဦးထိပ်ပန်ဆင်ပါပြီ။ ဒီခေတ်မှာ သူ့မယားကိုယ့်မယား တန်ဖိုးမထားကြလေရော့သလားမသိ။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို မကြားချင်အဆုံး၊ မမြင်ချင်အဆုံး တွေ့ကြုံနေရပါပြီ။ ကိုရီးယားဇာတ်လမ်းတွေကပေးတဲ့ ပညာပေးဇာတ်လမ်းတွေလို့ပဲ ဆိုရမလားမသိဘူး။ အိမ်ထောင်ရေးဖောက်ပြန်မှုပညာတွေပေးလိုက်ကြတာ၊ သူ့နိုင်ငံ သူ့ယဉ်ကျေးမှုကြီးကို ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုထဲ ဆွဲသွင်းလာတယ်။ လူဆိုတာ မကောင်းမှုမှာပဲ ပျော်မွေ့တတ်တယ်လေ။ ကောင်းတဲ့အမူအကျင့်ကို အတုမခိုးဘဲ မကောင်းတဲ့အမူအကျင့်တွေကို အတုယူ၊ အတုခိုးမှားတော့ ဒီနေ့ မြန်မာနိုင်ငံတော်ကြီးမှာ လူမှုရေးဖောက်ပြန်မှုတွေရှေ့တန်းရောက်လာတာ အဆန်းမဟုတ်တော့ဘူးပေါ့။ ဆရာကြီးဦးသုခရဲ့ ‘တစ်ပါးသီလ’ဆိုတဲ့ ဇာတ်လမ်းကိုကြည့်ပြီး သာဓုခေါ်ခဲ့မိတယ်။ လင်ရှိမယားကိုပြစ်မှားမိဖို့ အခြေအနေပေးနေပေမယ့်လည်း တစ်ပါးတည်းသော သီလကိုစောင့်ထိန်းနိုင်ခြင်းနဲ့ အကျိုးကိုလက်တွေ့ပြသွားတဲ့ ဇာတ်လမ်းလေးပါ။ အင်မတန်အတုယူဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို မထိုးဖောက်နိုင်လေတော့ ဝမ်းနည်းစရာကောင်းလှသပေါ့။ နောက်ကံတစ်ခုဖြစ်တဲ့ လိမ်ညာပြောဆိုခြင်းကလည်း အရေးကြီးတာပါပဲ။ မုသာဝါဒါကို အရည်ကျိုသောက်ထားကြသူတွေအဖို့ လိမ်ပြောရမှာလည်း မရှက်ဘူး။ ညာပြောရမှာလည်း မကြောက်ဘူး။ ကတိကဝတ်တွေချိုးဖောက်လိုက်ရမှာလည်း မရှက်မကြောက်တော့ပါဘူး။ အဲဒီလို စကားကို အတည်တကျ မပြောကြလေတော့ စီးပွားရေးလောကမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ်၊ ဘာသာရေးလောကမှာပဲဖြစ်ဖြစ် အားလုံးအလိမ်အညာတွေဖြစ်ပြီး လောကပါလတရားတွေဆိုတာ ပျက်စီးသွားရပြီပေါ့။ နောက်ဆုံးကံတစ်ခုဖြစ်တဲ့ သေရည်၊ သေရက်၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်းဟာလည်း ရှောင်သင့်တာပါပဲ။ ဘာသာတရားတိုင်းက အရက်သေစာသောက်စားခြင်းကို အထူးတားမြစ်တတ်ကြပါတယ်။ အရက်ကြောင့် အသိစိတ်ပျောက်ပြီး ရှောင်ကြဉ်သင့်တာကိုမရှောင်နိုင်ခဲ့လို့ ကိုယ့်ဘဝသာမက မိသားစုဘဝတွေပါပျက်စီးသွားစေနိုင်ပါတယ်။ တောင်ငူခေတ် တပင်ရွှေထီးမင်းဟာ အရက်ကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးတာကို သမိုင်းမှာအထင်အရှားတွေ့ရပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ အဲဒီသေရည်သေရက် မူးယစ်ဆေးဝါးတွေကြောင့် အရွယ်မတိုင်မီ သေဆုံးကုန်ကြရတယ်။ ကျန်ရစ်တဲ့မိသားစုရဲ့ ဘဝတွေဟာလည်း ပူဆွေးသောကတွေနဲ့ ဝမ်းနည်းစရာအဖြစ်မျိုးစုံကြုံနေကြရတယ်။ နောက်ဆုံးတိုင်းပြည်ရဲ့လူ့အရင်းအမြစ်တွေပါ ဆုံးရှုံးခဲ့ရတယ်။ စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလိုပါပဲ။ ဒီကံငါးပါးကိုသာ လုံခြုံအောင်စောင့်ထိန်းနိုင်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရနိုင်ပါတယ်။ ဒါကြောင့်လည်း ဝေဘူဆရာတော်ဘုရားကြီးက ကျွန်တော်တို့ကို လမ်းညွှန်မိန့်ကြားခဲ့တာဖြစ်မှာပါ။ ကျွန်တော်ကတော့ သေတွင်းသေဝရောက်ခါနီးမှ ဆရာတော်ကြီးရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို သဘောပေါက်မိတော့တယ်။ အဲဒါကြောင့်လည်း နိဗ္ဗာန်ကို မရောက်နိုင်သေးခင်စပ်ကြား သံသရာမှာ မျောပါနေရဦးမယ့် အတူတူ မီရာမြက်တစ်ပင်ကို ဖမ်းဆုပ်နိုင်ဖို့ ရိပ်သာကို အရောက်လှမ်းလိုက်မိပါတော့တယ်ခင်ဗျာ။ စိတ်ကူးပျော်ရာ မှ
https://www.dhammaransi.com/index.php/new/523-2016-11-07-12-10-24.html
သိက္ခာထပ်တိုင်း ရဟန်းဒကာ ဖြစ်မဖြစ်
သိက္ခာထပ်တိုင်း ရဟန်းဒကာ ဖြစ်မဖြစ် ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ အခုနောက်ပိုင်း ခေတ်စားလာတဲ့ `ရဟန်းအမိ ရဟန်းအဖ´ ဆိုတဲ့အကြောင်းကို လေ့လာသုံးသပ်မိတယ်၊ လူတော်တော်များများဟာ ရဟန်းခံ သိက္ခာထပ်ပေးလိုက်ရုံနဲ့ ရဟန်းအမိ ရဟန်းအဖအဖြစ် လွယ်လွယ်ကူကူ ခံယူတတ်ကြတယ်။ ဒါ မှန်ကန်နိုင်ပါ့မလား `ရဟန်းအမိ ရဟန်းအဖ´တဲ့နော် ကျွန်ုပ် သုံးသပ်မိတာကတော့ ရဟန်းခံပေးတိုင်း ရဟန်းအမိရဟန်းအဖ မဖြစ်နိုင်သလို၊ ရဟန်းမခံပေးသည့်တိုင်း ရဟန်းအမိ ရဟန်းအဖ ဖြစ်နိုင်တယ်ဆိုတာပါပဲ။ `ရဟန်းဒကာ ဒကာမ´ ဟုတ်ပါတယ် တစ်ချို့က ရဟန်းရဲ့ကောင်းကွက်ကိုပဲ ကြည့်ပြီး ကိုးကွယ်ဆည်းကပ်တာ၊ အဲ့ဒီရဟန်းရဲ့ဆိုးကွက်လေးတွေ တွေ့လာပြီဆိုရင် သိပ်မဆည်းကပ်ချင်တော့ပါဘူး၊ ဒီလိုပုဂ္ဂိုလ်တွေကို ရဟန်းခံပေးထားသည့်တိုင် ရဟန်းအမိ ရဟန်းအဖ မခေါ်ဆိုထိုက်ဘူးလို့ ထင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် မိဘတစ်ယောက်ရဲ့ဂုဏ်သတ္တိတွေ သူ့မှာ ရှိမနေလို့ပါပဲ၊ မဖြစ်မနေ ဂုဏ်ပြုရမယ်ဆိုရင်တောင် ရဟန်းဒကာ ဒကာမပေါ့။ `ရဟန်းအမိ ရဟန်းအဖ´ အချို့က ရဟန်းရဲ့ကောင်းကွက် ဆိုးကွက ် နှစ်ခုလုံးကို ကြည့်ပြီး ကိုးကွယ်ဆည်းကပ်တာ၊ အဲ့ဒီရဟန်းရဲ့ကောင်းကွက်လေးတွေ တွေ့ရင်လည်း အလွန်ဝမ်းမြောက်ပြီး အဲ့ဒီရဟန်းရဲ့ဆိုးကွက်ကို တွေ့ပြန်ရင်လည်း အပြစ်တွေချည်း မြင်မနေပဲ (မိဘက သားသမီးရဲ့အမှားကို အပြစ်ပဲ ပြောမနေပဲ) ကောင်းရာကောင်းကြောင်းလမ်းကို ရောက်အောင် ညွန်ကြားပေးတယ်၊ မိဘတွေ သားသမီးအပေါ် ထားတဲ့ စေတနာမျိုးပေါ့၊ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးတွေကျတော့ ရဟန်းမခံပေးသည့်တိုင် `ရဟန်းအမိ ရဟန်းအဖ´ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ သေချာတာတစ်ခုက ရဟန်းဖြစ်နေရုံနဲ့ အကောင်းချည်း မျော်လင့်လို့မရပါဘူး၊ ပုထုဇဉ်မို့ အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ၊ အကောင်းတွေပဲ မျော်လင့်ပြီး ကိုးကွယ်ဆည်းကပ်မယ်ဆိုရင် ရဟန်းမျိုးဆက် တုံးသွားပါလိမ့်မယ်၊ အဆိုးတွေ ပါနေလို့ရှိရင်လည်းပဲ ပြုပြင်ပေးပြီး ကိုးကွယ်ဆည်းကပ်သင့်တယ်၊ ဒါမှ သာသနာကို အရှည်တည်တံ့အောင် ထောက်ပံ့ပေးရာ ကျမှာပေါ့။ မယုံရင် ရဟန်းတစ်ပါးကို ဒကာ/မ တစ်ယောက်လောက်ကသာ ကိုယ့်ရဲ့သားလို ညီလို မောင်လို ဂရုစိုက်ပြပါ၊ အဲ့ဒီရဟန်း သာသနာမှာ မပျော်ရင်တောင် လွယ်လွယ်နဲ့ လူမထွက်ရဲတော့ပါဘူး၊ လူထွက်ချင်တိုင်း သူတို့မျက်နှာ ပြေးမြင်တတ်ပါတယ်၊ သူတို့ကို အားနာစိတ်တွေဖြစ်တတ်ပါတယ်၊ အားနာရင်းကနေ တစ်သက်လုံး ရဟန်းဘဝမှာ ပျော်မွေ့သွားတတ်ပါတယ်။ သာသနာမှာလည်း မပျော်ဘူး၊ ထောက်စရာမျက်နှာလည်း မရှိဘူးဆိုရင်တော့ အဲ့ဒီရဟန်း လူပြန်တော်ဖြစ်ဖို့ သေချာသလောက်ပါပဲ၊ သာသနာမှာ မပျော်တဲ့ရဟန်း ထွက်သွားပေါ့ ဘာလုပ်မှာလဲတော့ မပြောနဲ့၊ ငါ တစ်သက်လုံး သာသနာမှာ နေသွားမယ်ဆိုတဲ့စိတ်နဲ့ ရဟန်းဝတ်နေသူကတော့ တစ်ရာမှာ တစ်ယောက်ပဲ ရှိပါလိမ့်မယ်၊ ရဟန်းတွေ ရှာမရဖြစ်သွားပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကိုယ်ရင်ငယ် ရဟန်းငယ်တွေ တော်တော်နည်းသွားပါတယ်၊ ရဟန်းအလတ်ဖြစ်တဲ့ ဓမ္မကထိကတွေ BA.MA.PhDတွေ စာချဘုန်းကြီးတွေ သိပ်မလျော့ပါဘူး၊ ကိုယ်ရင်ငယ် ရဟန်းငယ်တွေပဲ လျော့ကျသွားတာပါ၊ ဒါကို သုံးသပ်ရင် အဖြေပေါ်နိုင်ပါတယ်၊ ဓမ္မကထိက BA.MA.PhD စာချဘုန်းကြီးတွေမှာ မိဘလို ဂရုစိုက်သူတွေများပြီး ကိုယ်ရင်ငယ် ရဟန်းငယ်တွေမှာတော့ မူးလို့ ရှုစရာတောင်မရှိပါဘူး၊ အသက်အရွယ်ကြောင့်လည်း ထွက်ကျတာ ဖြစ်နိုင်ပေမယ့် ထောက်ထားစရာ မျက်နှာမရှိတာက ပိုပြီး အဓိကကျတယ်လို့ မြင်မိတယ်။ အခုခေတ်မှာတော့ ရဟန်းခံပေးပြီး ရဟန်းအမိ ရဟန်းအဖ ဂုဏ်ပြိုင် ခံယူနေတဲ့သူတွေသာများပြီး ရဟန်းအမိ ရဟန်းအဖဂုဏ်ပုဒ်နဲ့ ထိုက်တန်သူကတော့ အလွန်ရှားပါးနေပါပြီ၊ ဒါဟာ ရေရှည်သာသနာအတွက် စိုးရိမ်စရာတစ်ခုပါ။ လူတွေဟာ သာသနာကို သာသနာထဲက ပုဂ္ဂိုလ်တွေပဲ ဖျက်လို့ ပျက်မယ်ဆိုတာနဲ့ တစ်ခါတည်း ရဟန်းတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်၊ တကယ်တော့ သာသနာဆိုတာအဆုံးအမပါ၊ အဲ့ဒီအဆုံးအမအထဲမှာ နေသူတိုင်းကို ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် သာသနာထဲကလို့ ပြောလို့ရပါတယ်၊ ဒါကြောင့် သာသနာဟာ ရဟန်းတွေကြောင့်ပဲ ကွယ်နိုင်တာမဟုတ် ငါတို့ ပယောဂကြောင့်လည်း ကွယ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။
https://www.dhammaransi.com/index.php/new/524-2016-11-07-12-09-22.html
သတိပဋ္ဌာန်ဆိုတာ
မေး။ ။သတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိခန္ဓာထဲက တရားပဲ။ သမာဝါယာမ၊ သမ္မာသတိတို့နှင့် တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပါလား။ ၀ိပဿနာ အလုပ် မဟုတ်တော့ပါလား။ ဖြေ။ ။ တချို့ကသတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိက္ခန္ဓာထဲက တရားပဲ။ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပဲ။ ၀ိပဿနာအလုပ်မဟုတ်ဘူး လို့ ဒီလိုပြောနေကြတယ်။ အဲဒါက သုတ်ဒေသနာ ဟောထားပုံကို မကြည့်ဘဲနဲ့ သတိပဋ္ဌာန်ဆိုတဲ့ အမည် ကလေး လောက်ကိုသာ ကြည့်ပြီး အတ္တနောမတိနဲ့ တွေးခေါ်မှုပါပဲ။ အမှန်ကတော့ သုတ်၏ ဥဒ္ဒေသဝါရ လောက် ကြည့်ရင်ကို 'သမ္ပဇာနော၊ မှန်စွာ အပြားအားဖြင့် သိသည်' ဆိုတဲ့ စကားကို တွေ့ရပါတယ်။ အဲဒါ ဟာ ၀ိပဿနာပညာပါပဲ။ နောက်ပြီးတော့ နိဒ္ဒေသဝါရ တွေကို လိုက်ကြည့်ရင် 'သမုဒယ ဓမ္မာနုပဿီဝါ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို ရှုမြင်သည်ဖြစ်၍ နေတယ် ' ဆိုတာကိုလည်းတွေ့ရမယ်။ သမထဘာဝနာ အရာမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်း ကို ရှုမြင်ရိုးမရှိဘူး။ တစ်ကြံတည်း တည်နေတဲ့ အာရုံနိမိတ်ကိုသာ ရှုမြင်ရိုးရှိတယ်။ နောက်ပြီးတော့ 'အနိဿိတော စ ၀ိ ဟရတိ-တဏှာဒိဋ္ဌိ အမှီကင်းလျက် နေတယ်' ဆိုတာကိုလည်း တွေ့ရမယ်။ 'နိစကိဥ္စိ လောကေ ဥပါဒိယတိ၊ လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလန်းတော့ဘူး' ဆိုတာကိုလည်း တွေ့ရမယ်။ သမထ ဘာဝနာအရာမှာ တဏှာ ဒိဋ္ဌိအမှီကင်းတာ အစွဲအလန်းကင်းတာရယ်လို့ မရှိဘူး။ အမှန်စင်စစ်အားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်းကို ရှုမြင်တာဟာ ၀ိပဿနာ အရာမှာမှ ရှိတယ်။ တဏှာဒိဋ္ဌိ အမှီကင်းတာ၊ အစွဲအလန်းကင်းတာ ဟာလည်း ၀ိပဿနာ အရာမှာမှ ရှိတယ်။ ဒါကြောင့် သမထပိုင်းဖြစ်တဲ့ အာနာပါနပိုင်း၊ ပဋိကူလမနသိကာရပိုင်းများမှာတောင်မှ သမထသက်သက်အတွက် မဟုတ်ဘူး။ သမထ အခြေခံပြီး ၀ိပဿနာ ရှုတတ်ဖို့ ရည်ရွယ်ပြီး ဟောထားကြောင်း ထင်ရှားပါတယ်။ ၀ိ ပဿနာပိုင်းများဖြစ်တဲ့ ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်း စသည်မှာတော့ အထူးပြောစရာ မလိုပါဘူး။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ပိုင်းတွေမှာတော့ သမထစျာန်နှင့် ဘာမျှ မသက်ဆိုင်တဲ့အတွက် ၀ိပဿနာ သက်သက်ဖြစ်ကြောင်း သာပြီးတော့တောင် ထင်ရှားပါတယ်။ (သလ္လေခသုတ်တရားတော်) မေး။ ။ သွားရင် နာမ်ရုပ်လို့ ရှုဖို့ ဘုရားဟောခဲ့ပါသလား ဖြေ။ ။ 'ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍၊ ပဇာနာတိ၊ သိ၏။ 'သွားရင် သွားတယ်လို့ သိရမယ်တဲ့။ ဒါပါပဲ၊ သွားရင် သွားတယ်လို့ သိရမယ် ဆိုတာ ဘာခက်လဲ။ ဘာမျှမခက်ဘူး။ မခက်တော့ ဒါကို တချို့က တရားမဟုတ်ဘူး ထင်နေကြတယ်။ ဘုရားဟောသွားလို့သာပေါ့။ ဘုရားဟော မဟုတ်လို့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပစ်လိုက်ဦးမယ်။ ဘုရားဟောတာတောင်မှ 'ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး' ဆိုပြီး အညွန့်တက်လိုက်ချင်ကြသေးတယ်။ ဘာနဲ့တူသလဲ ဆိုတော့ နငယ်ကို အမြီးဆွဲတဲ့ အယ်ဒီတာနဲ့ တူနေပါတယ်။ ပြင်စရာက မရှိတော့ နငယ် ကို အမြီးတိုသေးတယ် ဆိုပြီး ပြင်လိုက်သတဲ့။ အဲဒါလိုပဲ 'ဂစ္ဆန္တော ၀ါ- သွားသည် ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို့ ရှုရင် ခြေထောက်ကားရား၊ ကိုယ်ကားရားနဲ့ ဖြစ်နေမှာပေါ့။ ဒါပညတ်တွေပဲ၊ ပရမတ် မဟုတ်သေးဘူး' ဆိုပြီးတော့ ပြင်ကြသေးတယ်။ အဲဒါ နငယ်ကို အမြီးဆွဲတာပါပဲ။ ဘုရားဟောထားတာပဲ။ ပြင်စရာ မလိုပါဘူး။ ပရမတ် နာမ်ရုပ်တွေကို တွေးဆပြီး ရှုသင့်ရင် မြတ်စွာ ဘုရားက တစ်မျိုးပြင်ပြီးဟောမှာပေါ့။ ဘယ့်နှယ်တုံးဆိုရင် 'ဂစ္ဆန္တော ၀ါ နာမရူပန္တိ ပဇာနာတိ။ ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း၊ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ပဇာနာတိ၊ သိ၏' လို့ ဒီလိုပြင်ပြီး ဟောခဲ့မှာပေါ့။ (အရိယာဝါသတရားတော်) မေး။ ။ အာနာပါန (ဝင်လေထွက်လေ) ကို ရှုမှတ်ရာမှာ ဘယ်လိုရှုရင် သမထနဲ့ ၀ိပဿနာ ဖြစ် နိုင်ပါသလဲ။ ဖြေ။ ။ စျာန်ရသူ ဖြစ်စေ၊ မရသူဖြစ်စေ၊ ထွက်သက်ဝင်သက်၌ ပုံသဏ္ဍာန် နိမိတ်ကို မှန်းဆ၍ ရှုလျှင် သမထသာ ဖြစ်၏။ ၀ိပဿနာ မဖြစ်။ တွေ့ထိလှုပ်ရှားမှုကိုသာ ပဓာနပြု၍ ရှုလျှင် ၀ိပဿနာ ဖြစ်၏။ စျာန်လမ်း သမထ မဖြစ်။ (၀ိပဿနာရှုနည်းကျမ်း ပထမတွဲ) မေး။ ။ ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူ နာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်ဆိုတာ မှန်ပါသလား။ ဖြေ။ ။ လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ကတော့ ဣရိယာ ပုဒ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်လိုက်ရမယ်။ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ် လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။ သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဉာဏ် ဖြစ်နိုင်တယ်။ သည်းမခံဘဲ ခဏခဏ ပြုပြင် ပြောင်းလဲ နေရင် သမာဓိဉာဏ် မဖြစ်နိုင်ပါဘူး ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေ ပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထ တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီလို သည်းခံပြီး ရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲ ပင်ပန်း ရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိသမာဓိ၊ ပညာတွေ ဖြစ်ပွား နေလို့ပါပဲ။ မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ် ဆိုရင် ထိုင်ခြင်း ဣရိယာ ပုဒ်ကို မပြင်ဘဲ တစ်ထိုင် အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မဆုတ်မနစ် အားထုတ်ရတာကို ပိုပြီး နှစ်သက်တော် မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ 'ငါ၏ စိတ်သည် မစွဲလန်းမူ၍ အာသဝေါ တရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး 'လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက် အားထုတ်နေရင် အဲဒီလို အားထုတ်သော ရဟန်းသည် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော့ ကျောင်းတိုက်ဟာ တင့်တယ် နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံ ပြီး ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ် နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်း ရောက်တယ်။ ဘုရားစကားတော်ကို ပယ်ဖျက်ရာလည်း ရောက်တယ်။ မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ ပညာကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။ (ဓမ္မစကြာတရားတော်) (မှတ်ချက်။ ။.. ဤကား အရှင်သာမဏေကျော် ကောက်နုတ်ကာ ထုတ်ပြထားသော မဟာစည် ဆရာတော်၏ အဖြေအပြည့်အစုံ မဟုတ်သေး။ သိသာရုံမျှ ဖော်ပြပြီး စာမျက်နှာ လေးမျက်နှာကို တည်း ဖြတ်ထားသည့် အလှတရား.. ) တချို့ကတော့ ဒုက္ခဝေဒနာဖြစ်လာရင် ဣရိယာပုဒ်ကို ချက်ချင်း ပြင်လိုက်ရမယ်လို့ ညွှန်ကြားနေကြ တယ်။ အဲဒီညွှန်ကြားတဲ့ ဆရာတွေဟာ ရှုမှတ်နေရင်း ဒုက္ခဝေဒနာပျောက်ပြီး သမာဓိဉာဏ်များ ထူးခြား စွာဖြစ်ပုံကို မတွေ့ဖူးလို့၊ ကျကျနနလည်း မရှုမှတ်ဘူးလို့ ဖြစ်ဖွယ်ရှိပါတယ်။ အမှန်ကတော့ ဒုက္ခဝေဒနာ ပေါ်လာတိုင်း ဣရိယာ ပုတ်ကို ပြုပြင်ပေးနေရင် သမာဓိဖြစ်ဖို့ ဝေးပါတယ်။ သမာဓိမဖြစ်ရင် ၀ိပဿနာ ဉာဏ်အစစ် ဖြစ်ဖို့လည်း ဝေးတာပါပဲ။ နောက်ပြီးတော့ (အတွေ့ဆိုးများ၊ နှိပ်စက်ငြား၊ ညည်းတွားမြည်တမ်းမပြုရာ) ဆိုတဲ့ 'ဖေဿန ယဒါ ဖုဋ္ဌ'ဿ၊ ပရိဒေဝံ ဘိက္ခု နကရေယျ ကုဟိဥ္စိ။' ဒေသနာတော်ကိုလည်း မလိုက်နာရာ ရောက်ပါတယ်။ အတွေ့ဆိုးများနှင့် တွေ့ရတဲ့အခါ ဒီဒေသနာအရ မညည်းညူဘဲ သည်းခံပြီး ရှုမှတ်နေရင် တွေ့ကြုံ ခံစား နေရတဲ့ ဒုက္ခဝေဒနာ ပျောက်ရုံမက သမာဓိဉာဏ်တွေ ထူးထူး ခြားခြား ဖြစ်လာတာကို တွေ့ရမှာ သေချာ ပါတယ်။ ဒါကြောင့် 'ဘိက္ခု၊ သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီရဟန်းသည်။ ယဒါ၊ အကြင်အခါ၌။ ဖေဿန၊ အတွေ့ဆိုးဖြင့်။ ဖုဋ္ဌော၊ တွေ့ရသည်။ အဿ၊ ဖြစ်ရာ၏။ တဒါ၊ ထိုသို့တွေ့ရသော အခါ၌။ ကုဟိဥ္စိ၊ တစ်စုံတစ်ရာ၌မျှ။ ၀ါ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်မျှ။ (ရောဂါဖြစ်လိမ့်မယ် စသည်ဖြင့် တွေးတောတဲ့ အကြောင်း စသည်ကြောင့်လို့ ဆိုလိုပါတယ်။ ) ပရိဒေဝံ၊ ငိုကြွေး်မြည်တမ်းခြင်း ညည်းညူခြင်းကို ၊ နကရေယျ၊ မပြုရာ' လို့ ဘုရားရှင် ဟောတော် မူတာပါပဲ။ (တုဝဋကသုတ်တရားတော်) မဟာစည်ဆရာတော်ဖြေကြားသည်။
https://www.dhammaransi.com/index.php/new/525-2016-11-07-12-08-55.html
ကံအကျိုး မြင်လို့ တန်ဖိုးဝင်
ကံအကျိုး မြင်လို့ တန်ဖိုးဝင် ================== ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း ရှင် လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။ ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။ ဘယ်လို အကျိုးရှိတုန်း။ မတော်တဲ့ မကောင်းမှု အကုသိုလ်အခန်းကျရင် နောက်ဆုတ်တယ်။ နည်းနည်းတွန့်လာတယ်။ နောက်ဆုတ်တယ်ဆိုတာလဲ ကံရဲ့အကျိုးကို လှမ်းမြင်လို့ ဆုတ်တာ။ ကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုတော့ ကံရဲ့အကျိုး လှမ်းမြင်လိုက်တယ်ဆိုရင် အားတက်သရော ရှိလာတယ်။ လုံ့လ ဝီရိယတိုးလာတယ်။ သဒ္ဓါတရားတွေ တိုးလာတယ်။ ဒါကြောင့် ကံဟာ ဘယ်လိုပါလိမ့်မတုန်းဆိုတာ အလှူ့ဒကာ အလှူ့အမတို့လို လူဝတ်ကြောင်ဘက်တွင် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ နားလည်ပြီးတော့မှနေလျှင် အင်မတန် ကောင်းတယ်။ ခု ဆိုပါတော့ပေါ့။ အလှူ့ရှင်များက အားတက်သရောနဲ့ လှူကြ တန်းကြတယ်။ စိတ်စေတနာ ထက်သန်ကြတယ်လို့ဆိုတော့ သူတို့ဘက်က တာဝန်ကျေသွားတယ်။ အရှင်ဇနကာဘိဝံသ
https://www.dhammaransi.com/index.php/new/526-2016-11-07-12-08-35.html
နိဗ္ဗာန် အမေး အဖြေ (၁၃)ချက်
မေမေ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာလဲဟင် … နိဗ္ဗာန်ဆိုတာ မဖြစ်သဘောကို ဆိုတယ်၊ ပါဠိလို အနုပါဒိသေသနိဗ္ဗာန် လို့ခေါ်တယ်သား၊ ပါဠိလိုက “အနုပ္ပါဒေါ နိဗ္ဗာနံ” တဲ့၊ အနက်က မဖြစ်သဘောသည် နိဗ္ဗာနံ နိဗ္ဗာန်မည်၏လို့ ပဋိသမ္ဘိဒါမဂ်၊ ၀ိသုဒ္ဓိကျမ်းမှာ ပြဆိုထားတယ်သား။ မဖြစ်သဘောနိဗ္ဗာန်လို့ဆိုတော့ ဘာဖြစ်မလဲမေမေ .. တွယ်တာလိုစိတ် မဖြစ်ရမှုကို ဆိုတာပါ .. ဘာလို့ တွယ်တာစိတ် မဖြစ်တာလဲ .. တွယ်တာသိမ်းပိုက်စရာရှာမရလို့ တွယ်တာလိုစိတ် မဖြစ်ရတာပါ၊ ဒါကို သဥပါဒိသေသနိဗ္ဗာန် လို့လည်း ခေါ်တယ်သား … တွယ်တာသိမ်းပိုက်မိရင် ဘယ်လိုဖြစ်တတ်လဲမေမေ .. တွယ်တာသိမ်းပိုက်မိရင် ပျောက်ပျက်တတ်တယ် … ဘာလို့လည်းဆိုတော့ တွယ်တာသိမ်းပိုက်စရာ ရှာလို့မရတဲ့သဘောကို တွယ်တာသိမ်းပိုက်တဲ့အတွက် ပျောက်ပျက်ရတာပဲသား … ဟုတ်ကဲ့ ဒါဆိုရင် တွယ်တာသိမ်းပိုက်တိုင်း အပျောက်ဆုံးခံရမဲ့ သင်္ခတအနတ္တထဲမှာ ရှိတာလား .. ဒါမှမဟုတ် အသင်္ခတထဲမှာ ရှိတာလား …. မရှိဘူးသား ….အကြောင်းတရားတွေ ပေါင်းစည်းဆဲအခိုက် ခေါ် သင်္ခတနယ်ထဲမှာလည်း ပေါင်းစည်းပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားရလို့ သင်္ခတထဲမှာလည်း နိဗ္ဗာန် မရှိပါဘူးသား ….. အပေါင်းအစည်းထဲက တစ်ခုစီ တစ်ခုစီ ခွဲထုတ်ပြီး အကျိုးအကြောင်းကို ဝေဖန်စစ်ဆေးကြည့်ရင် အသင်္ခတ အနတ္တနယ်ထဲမှာသာ ဆုံးခန်းတိုင်နေလို့ အဲဒီ အသင်္ခတအနတ္တထဲမှာလည်း ထောက်တည်ရာ မရတဲ့သဘောတွေ့ရှိရတယ်၊ ဒါကြောင့် အသင်္ခတထဲမှာလည်း နိဗ္ဗာန် မရှိဘူးသား …. နိဗ္ဗာန်ဆိုတာ သင်္ခတထဲမှာလည်းမရှိ အသင်္ခတထဲမှာလည်းမရှိဆိုတော့ သူတို့ ၂ ခုကြား စပ်ကြားခေါ် အလွတ်သက်သက် ဟာလာဟင်းလင်းထဲမှာ ရှိတာလားဆိုတော့လည်း မရှိပါဘူးတဲ့။ မေမေ .. ဒါဆို ပေါင်းစည်းမိကြတဲ့ သင်္ခတအနတ္တထဲမှာလည်း နိဗ္ဗာန်ကမရှိဘူး၊ မပေါင်းစည်းဘဲ တစ်ခုတည်း ခေါ်ရ အသင်္ခတအနတ္တထဲမှာလည်း မရှိဘူး၊ သူတို့ ၂ ခုကြား ဟာလာဟင်းလင်းထဲမှာလည်း မရှိဘူးဆိုတော့ ဘာမှမရှိဘဲ တမင်ပြောနေကြတဲ့ အဘာဝပညတ်မျိုးလား …. ဘာမှစမ်းသပ်ရှာဖွေလို့မရတဲ့ နတ္ထိဘာဝ အာကာသပညတ်မျိုးလည်းမဟုတ်ဘူးသား …နိဗ္ဗာန်ရဲ့ သဘောမှာ တွယ်တာမှုမဖြစ်လို့ ငြိမ်းအေးခြင်းဆိုတဲ့ သန္တိလက္ခဏာဂုဏ်ကိုသာ ဖော်ပြရတယ် …အဲ့ဒီဂုဏ်ကို ဖယ်ထားပြီး နိဗ္ဗာန်ကိုတွေ့ရှိရပုံကိစ္စမှာ မရွေ့လျောခြင်း၊ အမြဲရှိခြင်း၊ ခိုင်ခန့်ခြင်းတို့နဲ့ အမြဲနိစ္စ ထာဝရရှိတယ်၊ ဒါကြောင့် နိဗ္ဗာနန္တိ နိစ္စံ ဓူဝံ သဿတံ စသဖြင့် ကျမ်းဂန်များမှာ ဖော်ပြထားတယ် …. နိဗ္ဗာန်ဆိုတာ မြဲတယ် ခိုင်ခန့်တယ် မရွေ့လျော မပြောင်းလွဲဘဲ အမြဲရှိတယ် …။ ဘယ်လိုအမြဲရှိပုံမျိုးလည်း မေမေ …သားကိုရှင်းပြပါဦး …. သင်္ခတဘက်ကဆိုရင် ပေါင်းစည်းမိသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားရလို့ အပျောက်ပျက်ခံ ရတဲ့ ပြစ်ချက်တွေကို သိမြင်ရတော့ မတွယ်တာနိုင် အားမကိုးနိုင်ပါဘူး၊ မပျောက်ပျက်ဘဲ အမြဲရှိတဲ့ သင်္ခါရ ဒုက္ခ ခေါ် အသင်္ခတဘက်ကကြည့်ရင် တွယ်တာစရာ အားကိုးစရာ ကင်းဆိတ်ခြင်း၊ သိမ်းပိုက်စရာ ဘာတစ်ခုမျှ အစအနကို ရှာဖွေမရလို့ တွယ်တာသိမ်းပိုက်စရာ ကင်းဆိတ်ခြင်း ဆိုတဲ့ အသင်္ခတအနတ္တကိုဘဲ ကျပ်ပြည့်သိမြင်ပါက သိမြင်တိုင်း သိမြင်တိုင်း တွယ်တာလိုစိတ်မဖြစ်ရတဲ့ မဖြစ်သဘော၊ နိဗ္ဗာန်ခေါ် ဧနိဗ္ဗာန်ဟာ ဘယ်သဘောထံမှ တစ်ဆံချည်လောက်တောင် ဖောက်ပြန်ပြောင်းလွဲခြင်းမရှိဘဲ အမြဲရှိပါတယ်။ ဆိုလိုတာက တွယ်တာလိုစိတ် မဖြစ်တိုင်း မဖြစ်တိုင်း အေးငြိမ်းတဲ့သဘောဟာ ဘယ်ကိုမှ ထွက်မပြေးဘဲ မရွေ့လျော မပြောင်းလွဲဘဲ ခိုင်မြဲစွာ ရှိတယ်၊ ဆုံးဖြတ်ချက်ချရရင် ရာဂ လောဘ ဒေါသ တို့ရဲ့ ကုန်ခမ်းတာကို နိဗ္ဗာန် မဟုတ်၊ ထို ရာဂ လောဘ ဒေါသတို့ ကုန်ခမ်းရန် အခြေခံအကြောင်းကို သိရုံမျှပင်လျှင် ခေါ်ချင်ရာခေါ်က နိဗ္ဗာန်လို့ ဆိုပါတယ်သား … ရာဂ လောဘ ဒေါသ ကုန်ခမ်းသွားတာကို နိဗ္ဗာန်မဟုတ်၊ ကုန်ခမ်းခြင်းရဲ့ အခြေခံအကြောင်းဖြစ်တဲ့ သင်္ခါရဒုက္ခကို သိမြင်နားလည်မှုသို့ ဆိုက်ရောက်ရုံမျှကိုဘဲ နိဗ္ဗာန်လို့ ခေါ်တယ်ဆိုတော့ … ထပ်ပြီးရှင်းပြပါဦး … မေမေ … ဟုတ်ပြီသား … နိဗ္ဗာန်သည် အခြင်းအရာအားဖြင့် ၂ မျိုး၊ သဥပါဒိသေသနိဗ္ဗာန်ရယ် အနုပါဒိသေသနိဗ္ဗာန်ရယ် ။ အကြောင်းဂုဏ်ကိုထောက်သောအားဖြင့် ၃ မျိုးရှိတယ် … အနိမိတ္တ ၊ အပဏီဟိတ ၊ သုညတနိဗ္ဗာန် တဲ့၊ သဘောတရားအနေနဲ့ သူ့ဂုဏ်ကတော့ အေးငြိမ်းတဲ့ သန္တိလက္ခဏာသဘောရှိတယ် ….နိဗ္ဗာန်နဲ့ ရုပ်နာမ်ရှိသူတို့ ပထမတွေ့ကြပုံက မရွေ့မပြောင်း မရွေ့မလျော မအို မနာ မသေတဲ့ အမည်တည်ရှိတဲ့ အစ္စုတိရသဂုဏ် ရှိတယ် … သမ္မောဟဝိနောဒနီကျမ်းမှာ “ နိဗ္ဗာနံ အာဂမ္မ ရာဂဒယောခိယန္တိ ” လို့ ဖော်ပြထားတယ် …အနက်က - နိဗ္ဗာနံ - သိမ်းပိုက်စွဲယူစရာ ရှာမရလို့ ထောက်တည်ရာမရတဲ့ သင်္ခါရဒုက္ခကို သိရတဲ့အတိုင်း တွယ်တာလိုစိတ် မဖြစ်ရတဲ့ မဖြစ်သဘော နိဗ္ဗာန်ကို၊ အာဂမ္မ - ဉာဏ်ဝမှာပင် ကျပ်ပြည့်မြင်ရန် အခြေခံ နှလုံးသွင်းမှုရရှိခဲ့ခြင်းကို အကြောင်းပြု၍ ၊ ရာဂဒယော - ရာဂအစရှိကုန်သော ကိလေသာတရားတို့သည်၊ ခီယန္တိ - အလိုလိုကွယ်ပျောက် ကုန်ခမ်းကြကုန်၏တဲ့ … အဓိပ္ပယ်က ရာဂ အစရှိတဲ့ တရားတို့သည် ရုပ်နာမ်ကို အမှီပြုမှသာ ဖြစ်ပေါ်ကြတယ်၊ ရုပ်နာမ်ကို တစ်ခုစီ တစ်ခုစီ ဖြစ်စေ၊ ပေါင်းစည်းဆဲ သင်္ခတနယ်ထဲ ပါဝင်နေသည်ဖြစ်စေ …. အကြောင်းအကျိုးပြုလုပ် စစ်တမ်းထုတ်ကြည့်ရင် ထောက်တည်ရာ အားထားရာမရတဲ့ သင်္ခါရဒုက္ခမှာသာ အနယ်ထိုင်နေသလို ဘယ်လိုမှ သိမ်းပိုက်စွဲယူလို့မရ … သိမ်းပိုက်စွဲယူစရာ ရှာလို့မတွေ့ကြောင်းကို သိရှိနားလည်ရတာနဲ့ တစ်ပြိုင်နက်တည်း ရာဂ အစရှိတဲ့ တရားတို့သည် စွဲစရာမရှိလို့ အလိုလိုပြိုကျ ပျက်စီး အချည်းနှီးသဖွယ် ကုန်ခမ်းပျောက်ပျက်ကြရတယ် … ဒါကြောင့် ရာဂ လောဘ ဒေါသ ကုန်ခမ်းသွားတာကို နိဗ္ဗာန်မဟုတ်၊ ကုန်ခမ်းခြင်းရဲ့ အခြေခံ အကြောင်းဖြစ်တဲ့ သင်္ခါရဒုက္ခကို သိမြင်နားလည်မှုသို့ ဆိုက်ရောက်ရုံမျှကိုဘဲ နိဗ္ဗာန်လို့ ဆိုတာပါသား … ဟုတ်ကဲ့ …. သား …. နားလည်သဘောပေါက်မိပါတယ် …. အသိလည်းတိုးပွားရပါတယ် … သား … တရားဆိုတာ … နာတုန်း နာဆဲမှာလည်း နှလုံးသွင်းမှုမှန်စွာနဲ့ သေချာမှတ်သား နာယူရတယ် … ထိုနာထားတဲ့တရားကိုလည်း မပျောက်ပျက်မမေ့လျော့သွားအောင် ထပ်ခါထပ်ခါ ဆင်ခြင်နေရပါမယ် …မရှင်းလင်းတာကို စိတ်ထဲမထားနဲ့ ..မေးပါသား … အမှန်ကိုမြင်တတ်ဖို့ အရေးကြီးတယ် …. နောက် တရားနာတဲ့အခါ တရားတော်ကိုလည်းကောင်း … တရားဟောကြားသော ရဟန်း၊ သံဃာ ၊ ဆရာများကိုလည်းကောင်း အထင်မသေးမိပါစေနဲ့ ….. မပြစ်မှားမိပါစေနဲ့ ….ဒါဟာ ကြီးမားတဲ့ မဂ်တားဖိုလ်တားကံ ထိုက်တယ်သား …မှတ်ထားနော် … ဟုတ်ကဲ့ မေမေ သား သိချင်တာ နားမလည်တာတွေလည်း မေးပါဦးမယ် … သား ရှိခိုးကန်တော့ပါတယ် မေမေ …. သားအနေနဲ့ ကံ ၃ ပါးအပြစ်များ ရှိခဲ့ရင် ခွှင့်လွှတ်ပေးပါမေမေ … သာဓု …. သာဓု …… သာဓု …..သံသရာတည်းဟူသော ဆင်းရဲမှ အမြန်ဆုံးလွတ်မြောက်ပါစေ .. ပေးဆုထပ်တူပြည့်ပါစေ မေမေ ….။....
https://www.dhammaransi.com/index.php/new/527-2016-11-07-12-07-52.html
နတ်ဖြစ်တာနဲ့ချမ်းသာရောလား၊ သဲကျအလှူမျိုးဖြစ်မယ်နော်
အလှူအတန်းတွေလှူပြီးရင် နိဗ္ဗာန်မရခင်စပ်ကြား လူ့ဘဝ နတ်ဘဝရရပါလို၏ လို့ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းတဲ့အခါမှာ နတ်ဘဝရရင် နတ်ချမ်းသာအမှန်ဖြစ်မယ်ထင်ကြတယ်။ နတ်တိုင်းချမ်းသာ တယ်ထင်နေသလား။ နတ်ပြည်မှာ ငှက်ပျောပင်ဆိုတာမရှိဘူး။ သကြာမင်းကြီး တနေရာသွားတော့မယ်ဆိုရင် နတ်ဆင်းရဲလေးတွေက သူတို့ကိုသူတို့ မြင်းအဖြစ်ဖန်ဆင်းပေးတယ်။ ဆင်ကြီးအဖြစ် ဖန်ဆင်းပေးရတယ်။ အဲဒီအပေါ် သကြားမင်းကြီးက တက်စီးသွားတာ ။ အဲဒီတော့ နတ်ဖြစ်တိုင်း ကောင်းရောတဲ့လား။ ချမ်းသာရောလားဗျာ။ နတ်ပြည်မှာ သိန္ဓောမြင်းတို့ ဧရာဝဏ်ဆင်ကြီးတွေဆိုတာကြားဖူးတယ်မဟုတ်လား။ အဲဒါ နတ်မွဲလေးတွေက သကြားမင်းကြီးတွေ စီးဘို့ဖန်ဆင်းပေးရတာ။ အလှူလုပ်တယ်။ လောက်မှ လောက်ပါ့မလား။ နည်းနေမလား။ လူတွေအများကြီးလာရဲ့လား။ ချက်တဲ့လူတွေကကော အဆင်ပြေရဲ့လား။ ဧည့်ခံတာအဆင်ပြေရဲ့လားလို့ လုပ်နေရင် ကိုယ်လှူတဲ့ အလှူက သန့်ပါ့မလား။ မသန့်တော့ဘူး။ သဲကျတဲ့အလှူဖြစ်နေပြီ။ အညာတွေမှာ မုန့်ထဲ သဲပါနေရင် စားလို့ရလား။ စားလို့ မဖြစ်တော့သလိုဘဲ ကိုယ်လှူတဲ့အလှူဟာလည်း သောကတွေအပြည့်နဲ့ သဲကျတဲ့အလှူဖြစ်နေပြီ။ စိတ်ကလေးကို သတိနဲ့နေလိုက်ရင် ဒီပူပင်မှုတွေ ပကာသနစိတ်တွေ လာပါ့မလား။ လောက်လား မလောက်ဘူးလား တွေးနေပါ့မလား။ အဲဒီလိုလှူမှ မွန်မြတ်တဲ့ဒါနအလှူဖြစ်ပါလိမ့်မယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ေဥယျဓမ်ကျောင်းလွတ်ပွဲ (၁၃၇၅ ခု၊ ၀ါဆိုလဆန်း ၁၀ ရက်) တရားတော်မှ ကောက်နှုတ်ချက်
https://www.dhammaransi.com/index.php/new/528-2016-11-07-12-07-20.html
လူတော် လူကောင်း လူအောင်မြင်
-လောကရဲ့ နှစ်သက်စရာကောင်းတဲ့ အရည်အသွေးတွေထဲမှာ လူတော်၊ လူကောင်းနဲ့ လူအောင်မြင်ရယ်လို့ ရှိပါတယ်။ ဘယ်အမျိုးအစားထဲ ပါဝင်ချင်လဲလို့ မေးတဲ့အခါ အမှန်အတိုင်းသာ ဖြေကြမယ်ဆိုရင် ‘လူအောင်မြင်’ပဲ ဖြစ်လိုကြတာပါပဲ။ လူကောင်းတိုင်း လူတော် မဟုတ်သလို၊ လူတော်တိုင်းလည်း လူအောင်မြင် မဖြစ်နိုင်ပါဘူး။ အချိုးအစား အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ လူတွေသာ ဖြစ်နိုင်ချေ ရှိပါတယ်။ ကောင်းမြတ်ခြင်း၊ ထက်မြက်ခြင်းနဲ့ အောင်မြင်ခြင်းဟာ သီးခြား ဂုဏ်ရည်တွေသာ ဖြစ်ပါတယ်။ -လောကအတွက် လူကောင်းအများစု လိုအပ်တယ်လို့ လူအများက အပေါ်ယံမှာ လက်ခံထားပေမယ့် စင်စစ်မှာတော့ လူကောင်းဖြစ်ခြင်းကို လူတော်ဖြစ်ခြင်း၊ လူအောင်မြင်ဖြစ်ခြင်းလောက် လက်တွေ့တန်ဖိုး မထားကြပါဘူး။ မိမိကိုယ်ကို ကောင်းမွန်အောင် ပြုပြင်နေတဲ့ လူတွေထက် တော်အောင်ကြိုးစားနေတဲ့သူတွေ၊ အောင်မြင်အောင် ကြံစည်အားထုတ်နေတဲ့သူတွေက ပိုများနေတာကိုကြည့်ရင် အလွန်သိသာပါတယ်။ -**- “ ငါဟာ ပြုမိတဲ့ မကောင်းမှုကို နောက်တစ်ခါ မဖြစ်ရအောင် စောင့်ထိန်းမယ်၊ မပြုရသေးတဲ့ ကောင်းမှုအသစ်တွေကို ဖြစ်စေမယ်။ ရှိပြီးသား စိတ်ဓာတ်အရည်အသွေး တိုးတက်အောင် ကျင့်ကြံမယ်။ မဖြစ်လာသေးတဲ့ မကောင်းမှုတွေကို ဖြစ်ခွင့်မရအောင် ကြိုတင်ရှောင်ရှားမယ်။ ငါဟာ တစ်နေ့ထက် တစ်နေ့ ပိုမို ကောင်းမွန်လာရမယ်”လို့ ပြဓာန်းထားတဲ့သူ နည်းပါးနေပါတယ်။ -လူကောင်းတစ်ယောက်အပေါ် ထားကြတဲ့ လေးစားရိုသေမှုဟာ၊ မကောင်းဘဲ အောင်မြင်နေတဲ့ လူတစ်ယောက်အပေါ်ထားတဲ့ လေးစားရိုသေမှုနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် သေးငယ်လှပါတယ်။ ဒါဟာ လူတွေရဲ့ ကိုယ်ကျင့်တရားအပေါ်တန်ဖိုးထားတဲ့ စံနှုန်း လျော့နည်းသွားပြီး လာဘ၊ သက္ကာရ၊ သိလောကအပေါ် စွဲစွဲလမ်းလမ်း အလေးအမြတ်ထားတဲ့ စိတ်ဓာတ်က ပိုများလာလို့ပါပဲ။ အောင်မြင်သူ တစ်ဦးဦးက မကောင်းမှုကို အားပေးတိုက်တွန်းနေရင် အများက အားတက်သရော် ထောက်ခံတတ်တယ်။ ထင်ရှားတဲ့သူက ပြောတဲ့ လူပြိန်းကြိုက်စကားအလင်္ကာတွေကိုလည်း ဟုတ်နိုးနိုးနဲ့ လက်ဆင့်ကမ်းပြီး ဝါဒဖြန့်တတ်တယ်။ -လူအောင်မြင်တွေဟာ ရှေးဘုန်းကံကုသိုလ်ကြောင့် ဝန်းရံသူများတယ်၊ အချီးမွမ်းခံရတယ်။ ဒါပေမယ့် ဒီအကျိုးပေးတွေကို မကောင်းတဲ့နေရာမှာ အသုံးချမိရင် သံသရာမှာ နစ်နာသွားနိုင်ပါတယ်။ မျက်မှောက်ကာလမှာလည်း မသူတော်တွေက အားပေးပေမယ့် ပညာရှိသူတော်ကောင်းတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားနိုင်ပါတယ်။ -မြတ်စွာဘုရား လက်ထက်တော်တုန်းက “သောဏဒဏ္ဍ”အမည်ရှိတဲ့ ဗြဟ္မဏဆရာကြီး တစ်ဦးဟာ အခြွေအရံပုဏ္ဏားပရိသတ်များ ခြံရံပြီး မြတ်စွာဘုရားထံ ဖူးမြော်ရန် ရောက်ရှိလာပါတယ်။ ဆရာကြီးဟာ မြတ်ဗုဒ္ဓက သူ့ကို ပုစ္ဆာများ မေးမြန်းခဲ့လို့ သူမဖြေနိုင်ရင် ပရိသတ်အလယ်မှာ အရှက်ကွဲတော့မှာပဲဆိုပြီး ကြောက်စိတ်လည်း ဝင်နေမိပါတယ်။ သူကျွမ်းကျင်နှံ့စပ်တဲ့ ဝေဒကျမ်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရင် သိပ်ကောင်းမှာပဲလို့လည်း စိတ်အကြံဖြစ်နေပါတယ်။ -မြတ်စွာဘုရားက ပုဏ္ဏားအိုဆရာကြီးရဲ့ စိတ်ပူပန်မှုတွေကို ကြိုတင် သိမြင်တော်မူတဲ့အတွက် သူအကျွမ်းကျင်ဆုံး ဝေဒပညာနှင့်ဆိုင်ရာကိုသာ မေးမြန်းတော်မူပါတယ်။ “ဗြဟ္မဏ” လို့ အမည်ရဖို့ မည်သည့်အချက်တွေနဲ့ ပြည့်စုံရပါမလဲလို့ မြတ်စွာဘုရားက အလွယ်ဆုံး မေးခွန်းကိုသာ မေးလိုက်ပါတယ်။ ဒီအခါမှာ ဆရာကြီးလည်း ဝမ်းမြောက်ဝမ်းသာနဲ့ မြတ်စွာဘုရားရဲ့ မေးခွန်းကို ဖြေကြားလျှောက်ထားပါတယ်။ . . “အရှင်ဂေါတမ၊ ဗြဟ္မဏဟု ဆိုနိုင်ဖို့အတွက် အချက်ငါးချက်နဲ့ ပြည့်စုံရပါမယ်။ ဒီအချက်တွေကတော့.. ၁။ အမျိုးဇာတ်မြတ်တဲ့သူ ဖြစ်ရပါမယ် ၂။ ဝေဒကျမ်းတို့ကို ကျွမ်းကျင် တတ်မြောက်ရပါမယ် ၃။ အကျင့်သီလ ကောင်းရပါမယ် ၄။ အဆင်းလှပ တင့်တယ်ရပါမယ် ၅။ ပညာထက်မြက်သူ ဖြစ်ရပါမယ် ဒီအချက်တွေနဲ့ ပြည့်စုံသူဟာ ဗြဟ္မဏလို့ ခေါ်ဆိုထိုက်ပါတယ်လို့ ဖြေပါတယ်။ - မြတ်စွာဘုရားက ဒီအချက် ၅-ချက်ထဲက တစ်ချက်ချက်ကို နှုတ်ပယ်ပြီးတော့ ဗြဟ္မဏဟု ဆိုနိုင်ပါသေးလားလို့ မေးပါတယ်။ ပုဏ္ဏားကြီးက အဆင်းလှပခြင်းဆိုတဲ့အချက်ကို ဖယ်ပြီး ကျန်အချက် ၄-ချက်နဲ့ ပြည့်စုံရင် ဗြဟ္မဏလို့ ဆိုနိုင်သေးကြောင်း ဖြေကြားပါတယ်။ - မြတ်စွာဘုရားက ကျန်တဲ့အချက် ၄-ချက်ထဲက တစ်ချက်ထပ်လျှော့နိုင်သေးလားလို့ မေးတဲ့အခါ ဝေဒကျမ်းတို့ကို ကျွမ်းကျင်ခြင်းဆိုတဲ့အချက်ကို ဖယ်ပြီး ကျန်အချက် ၃-ချက် ပြည့်စုံရင် ဗြဟ္မဏလို့ ခေါ်နိုင်ပါသေးတယ်လို့ ဖြေလျှောက်ပါတယ်။ - မြတ်စွာဘုရားက ကျန်အချက် ၃-ချက်ထဲက တစ်ချက် လျှော့နိုင်ဦးမလားလို့ ထပ်မံမေးတဲ့အခါ အမျိုးဇာတ်မြင့်မြတ်ခြင်းဆိုတဲ့ အချက်ကို လျှော့ပြီး သီလ၊ ပညာ ၂-ချက်နဲ့ ပြည့်စုံရင် ဗြဟ္မဏဟု ခေါ်ဆိုနိုင်သေးကြောင်း ဖြေလိုက်ပါတယ်။ - ဒီအခါမှာတော့ ပုဏ္ဏားပရိသတ်ဟာ သူတို့အလွန်တန်ဖိုးထားတဲ့ အမျိုးဇာတ်ဆိုတဲ့ Criterion တစ်ခုကို မပါမဖြစ်လို့ သတ်မှတ်ထားတဲ့အတွက် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မကျေမနပ် စကားသံတွေ ထွက်လာကြပါတယ်။ ဒီအခါမှာ ဗြဟ္မဏဆရာကြီးက ပရိသတ်ထဲက သူ့ရဲ့ တူတော်စပ်တဲ့ အင်္ဂကလုလင်ကို ဥပမာပေးပြီး ရှင်းပြပါတယ်။ ''အသျှင်တို့ ငါ၏တူဖြစ်သော ဤအင်္ဂကလုလင်ကို မြင်ကြကုန်၏ မဟုတ်လော'' ''အသျှင် မြင်ကြပါကုန်၏'' “အသျှင်တို့ စင်စစ် အင်္ဂကလုလင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏၊ ဤပရိသတ်၌ ရဟန်းဂေါတမကို ထား၍ ထို အင်္ဂကလုလင်နှင့် အဆင်းအားဖြင့် တူမျှသောသူ မရှိ။ အင်္ဂကလုလင်သည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။ ငါသည်ပင် ထို အင်္ဂကလုလင်အား ဝေဒကျမ်းတို့ကို ပို့ချပေးထား၏။ အင်္ဂကလုလင်သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသော ဇာတ် ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အကဲ့ရဲ့မခံရ။ အကယ်၍ အင်္ဂကလုလင်သည် သူ့အသက်ကိုမူလည်း သတ်ငြားအံ၊ မပေးသည်ကို မူလည်း ယူငြားအံ၊ သူ၏ မယားကိုလည်း သွားလာငြားအံ၊ မမှန်သော စကားကိုမူလည်း ပြောငြားအံ၊ သေရည်ကိုမူလည်းသောက်ငြားအံ၊ အသျှင်တို့ ဤသို့ပြုရာ၌ အဆင်းသည် အဘယ်မူ အံ့နည်း၊ ဝေဒကျမ်းတို့သည် အဘယ်မူအံ့နည်း၊ ဇာတ်သည် အဘယ်မူအံ့နည်း၊ အသျှင်တို့ ပုဏ္ဏားသည်-သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။ ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏။ အသျှင်တို့ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏဟု ပညတ်ကုန်၏။ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း 'ငါ ဗြဟ္မဏ'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာ” လို့ ဆိုပါတယ်။ - မြတ်စွာဘုရားက သီလ၊ ပညာ နှစ်ချက်ထဲကနေ တစ်ချက်ချက် ထပ်နှုတ်ပယ်နိုင်သေးလားလို့ ထပ်မေးရာမှာတော့ ဗြဟ္မဏဆရာကြီးက ငြင်းပယ်ပြီး သီလ၊ ပညာ နှစ်ချက်ထဲက တစ်ချက်ချက်နှုတ်ပယ်လိုက်ရင် ဗြဟ္မဏလို့ မခေါ်ဆိုနိုင်တော့ကြောင်း သီလနှင့် ပညာသည်သာလျှင် လောကမှာ အမြတ်ဆုံးဖြစ်ကြောင်း လျှောက်ထားပါတယ်။ -မြတ်စွာဘုရားက ပုဏ္ဏားကြီးရဲ့အဖြေကို လက်ခံတော်မူပါတယ်။ ထို့နောက် ပုဏ္ဏားကြီးရဲ့ တောင်းပန်ချက်အရ သီလ၊ ပညာသဘောတို့ကို အကျယ်ဖွင့်ပြ ဟောကြားတော်မူပါတယ်။ - ဒီဇာတ်တော်ကို ထောက်ထားပြီး အများက အလေးအမြတ်ပြုသင့်တဲ့သူဆိုတာ သီလနဲ့ ပြည့်စုံတဲ့ လူကောင်းလည်း ဖြစ်ရမယ်၊ ပညာနဲ့ ပြည့်စုံတဲ့ လူတော်လည်း ဖြစ်ရပါလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ လူတော်လူကောင်းဖြစ်ဖို့ အခြေခံအားဖြင့် ကိုယ်ကျင့်သီလ တရားနဲ့ ပြည့်စုံပြီး အသိပညာ၊ အတတ်ပညာတွေနဲ့လည်း ပြည့်စုံနေသင့်ပါတယ်။ --အကောင်းဆုံးကတော့ မဂ်သီလ၊ ဖိုလ်သီလနဲ့ လောကုတ္တရာပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ လောကုတ္တရာပညာကို ရသူများကတော့ သီလအကြွင်းမဲ့ လုံခြုံပြီး ဖြစ်နေပါတယ်။ လူတော် လူကောင်း အစစ်လည်း ဖြစ်နေပါတယ်။ လာဘ၊ သက္ကာရ၊ သိလောကကို အကြောင်းပြုပြီး လူတော်လူကောင်းဘဝကနေလည်း ပြန်လည်လျှောကျ ပျက်စီးခြင်း မရှိနိုင်တော့ပါဘူး။ လောကုတ္တရာသီလနဲ့ လောကုတ္တရာပညာကို ရရှိရခြင်းကြောင့် သံသရာမှာ ကြုံတွေ့လာနိုင်စရာ ရှိတဲ့ ဘေးရန်တွေ၊ ဆင်းရဲမှုတွေ အကုန်လုံး အရှိန်ကုန် ရပ်တန့် ကင်းပျောက်ကုန်ပါတယ်။ မသေရာ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုရပါတယ်။ ဒါဟာ အကြီးမားဆုံး အောင်မြင်မှုပါပဲ။ . -ဒါကြောင့် ‘လူတော်၊ လူကောင်း၊ လူအောင်မြင်’အစစ် ဖြစ်လိုရင် နေ့စဉ် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်တရားတို့နဲ့ မိမိစိတ်ဓာတ် အရည်အသွေးတွေ ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာတွေကို တိုးတက် ပြည့်စုံအောင် အားထုတ်ကြိုးစားရပါလိမ့်မယ်။
https://www.dhammaransi.com/index.php/new/529-2016-11-07-12-06-51.html
ကိုယ်စိတ်ဖြစ်တာ ကိုယ်မသိတာ အဆိုးဆုံးပါ။
ကိုယ်စိတ်ဖြစ်တာ ကိုယ်မသိတာ အဆိုးဆုံးပါ။ ကိုယ်အသေကို ကိုယ်မြင်ပြီး ဒုက္ခသစ္စာကိုသိလို့။ ဒုက္ခသစ္စာကိုမသိလို့ လှူမှု ပေးမှု ကိုရှာကြတာ။ သစ္စာသိရင် အသေလွတ်တဲ့ နိဗ္ဗာန်ကိုရှာရမှာ။ လူဖြစ်ရလို ဗြဟ္မာဖြစ်ရလို နတ်ဖြစ်ရလို တောင်းတာ။ အခုလည်းသေ နောင်ခန္ဓာရလည်းသေ၊ နှစ်ခါသေ မရဘူးလား? နောင်ခန္ဓာကိုရရင် အို နာ သေကို ရှာနေတာ၊ အို နာ သေက လာဦးမှာ။ အို နာ သေ ဇတ်သိမ်းအောင်လုပ်မှ၊ အို နာ သေ မလာတော့ဘူး။ ငါဘုရားရှာတာကတစ်မျိုး၊ ပုထုဇဉ်တွေရှာနေတာက တစ်မျိုး၊ တစ်ချို ့သစ္စာမသိတဲ့ပုဂ္ဂိုလ်က သေရတဲ့ ခန္ဓာ ရှိနေလျှက် ဆွမ်း ကွမ်း ဆေး ကျောင်း လှူပြီး နောင်ခန္ဓာ ရပါလို၏ ဆုတောင်းနေကြတယ်၊ မသေခင်ကတည်းက နောက်အသေကို တောင်းနေကြတာ။ ဒီအသေကို ဒီအသေဘဲ ရပါလို၏ ဆိုပြီး ဆုတောင်းနေတြတယ်၊ ဇာတိပိ ဒုက္ခသစ္စာပါပဲ၊ ရပြီးသားခန္ဓာက မတတ်နိုင် စုတိပြီး ပဋိသန္ဓေကလာ စုတိက ဒုက္ခသစ္စာ ပဋိသန္ဓေကလည်း ဒုက္ခသစ္စာ။ ဝိပဿနာလုပ်မှ နောင်ခန္ဓာမလာမှာ။ မိဘရိုးရာတွေကို ခင်ဗျားတို့က မပြင်ချင်ကျဘူး။ အခု သေမယ်ဆို သိရဲ ့သားနဲ ့ နောင်ဘာဖြစ်အောင် ဆုတောင်းလဲ? ခန္ဓာတွေရအောင် ဆုတောင်း၊ မိုက်လိုက်ကျတာ၊ မိုက်ချင်သေးရဲ ့လား? မရှိတာက ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ၊ ကိုယ့်ခန္ဓာကိုယ် ဒုက္ခလို့ ကိုယ်သိ။ ကိုယ်အသေကို ကိုယ်သိတဲ့ဉာဏ်ရှိဖို့လိုတယ်။ ခဏ ခဏ သေနေကြတာကိုယ်မသိကြဘူး။ ဖြစ် ပျက်ကလဲ ခဏ ခဏ၊ မသိတာကလဲ(အဝိဇ္ဇာ) ဘာနဲ့အသက်ရှင်နေလဲ? (အဝိဇ္ဇာနဲ့အသက်ရှင်နေတာ) အတွေးကဘာလဲ? အမည်းလား? အဖြူလား? အမည်းပါဘုရား။ မဂ် ဖိုလ် နိဗ္ဗာန်ရပါလို၏ ဆုတောင်း မနေနဲ့၊ မရှိတာက ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ ရနေပြီ ကိုယ်ဒုက္ခကိုယ်သိနေတာ မဂ္ဂသစ္စာ၊ ဘုရားဖြစ်တာ သစ္စာသိလို့ ဘုရားဖြစ်တာ၊ သူ ့ဒုက္ခ သူသိတာ မရှိတာကို နောက်ကသိပေးရမှာ ခန္ဓာကိုယ်ကြီးကို ချုံးပြီးကြည့်ရင် "သဗ္ဗေ သင်္ခ ါရာဒုက္ခာ"
https://www.dhammaransi.com/index.php/new/530-2016-11-07-12-06-20.html
ရပ်ပြစ်၈ပါး
"အက္ခဏ=ရပ်ပြစ်၈ပါး" (၁)ငရဲ၊ (၂)တိရစ္ဆာန်၊ (၃)ပြိတ္တာ၊ (၄)အသညသဘုံ၊ (၅)ပစ္စန္တရအရပ်၌ဖြစ်ရခြင်း၊ (၆)မိစ္ဆာဒိဌိအယူရှိခြင်း၊ (၇)ဣန္ဒြေချို့တဲ့ခြင်း၊ (၈)ဘုရားမပွင့်ထွန်းသောအခါ၌ဖြစ်ရခြင်း၊ "ပါရမီ(၁၀)ပါး" (၁)ဒါနပါရမီ၊ (၂)သီလပါရမီ၊ (၃)နေက္ခမ္မပါရမီ၊ (၄)ပညာပါရမီ၊ (၅)ဝီီရိယပါရမီ၊ (၆)ခန္တီပါရမီ၊ (၇)သစ္စာပါရမီ၊ (၈)အဓိဌာနပါရမီ၊ (၉)မေတ္တာပါရမီ၊ (၁၀)ဥပေက္ခာပါရမီ၊ ကမ္ဘာနှင့်ကပ်အတူတူဖြစ်ပါသည်။ (၁)မဟာကပ်၊ (၂)အသချင်္ယျကပ်၊ (၃)အန္တရကပ်၊ (၄)အာယုကပ်၊ (၅)ဟာယနကပ်၊ (၆)ဝဎ္ဍနကပ်၊ အသင်္ချေယျကပ် လေးကပ်ပေါင်းမှ မဟာကပ်တစ်ကပ်=တစ်ကမ္ဘာ အသက်တမ်းဆုတ်ကပ်နှင့် တက်ကပ်တစ်စုံ=အန္တရကပ် (၁)ဒုဗ္ဘိက္ခန္တရကပ်=ငတ်မွတ်ခြင်းဘေး၊ (၂)ရောဂန္တရကပ်=ရောဂါဆိုးဘေး၊ (၃)သတ္ထ္တန္တရကပ်=အချင်းချင်းလက်နက်တို့ဖြင့် သတ်ဖြတ်ခြင်းဘေး၊ (၄)အာယုကပ်=တည်နေရသောအသက်ကိုလိုက်၍သတ်မှတ်အပ်သော ကပ်တို့ဖြစ်ပါသည်၊ အသက်တစ်ရာတမ်းဖြစ်လျှင် အနှစ်တစ်ရာသည် အာယုကပ်တစ်ကပ်ဖြစ်ပါသည် နေ့စဉ် ဒါန သီလ ဘာဝနာတရားတို့ကို ပွားများအားထုတ်ပြီး ကပ်ဘေးများမှကင်းဝေး ကြပါစေ (နှလုံးသားမှာ ဘုရားတည်​ကြပါ) # နှလုံးသားမှာ ဘုရား တည်ပါ
https://www.dhammaransi.com/index.php/new/531-2016-11-07-12-05-43.html
ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ???
“ခန္တီ နဲ့ ဥပေက္ခာ ကွဲပြားခြားနားပုံ” ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ??? ========================= ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း၊ဥပေက္ခာစ- လျစ်လျူရှုရခြင်းဟု ပြောဟောကြရာ… ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန်လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့ ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ၊သဘောတရားကတော့ အတူတူပါပဲလို့ အချို့ဆရာတို့က ပြောဟောကြပါတယ်။ ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး။ တခြားစီသာ ဖြစ်တယ်။ အကယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ။ ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်။ အဲဒီတရား နှစ်ပါး ထူးခြားတယ် ၊မထူးခြားဘူးဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။ ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မဝိစယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် “ပုလင်းတူ-ဘူးဆို့” သဘောပဲလို့ မှတ်ထင်စရာ ဖြစ်နေတယ်။ အမှန်ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်။ ယင်းတို့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။ “ခန္တီ” ••••••••••• ခန္တီရဲ့သဘောက သက်ရှိ(သဝိညာဏ)က သတ္တဝါ သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်၄င်း၊ နှုတ်ဖြင့်သော်၄င်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်သော်၄င်း၊ ထိပါးပုတ်ခတ်မှုပြုလာသော် ဒေါသဖြင့် ယင်းပုဂ္ဂိုလ်အား စိတ်ဆိုးခြင်း၊ ပြန်လှန်၍ပြစ်မှားခြင်း၊ထိပါးပုတ်ခတ်၊လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေနိုင်ခြင်းနှင့်.... သက်မဲ့(အဝိညာဏ)က မိမိကိုယ်နဲ့စပ်တဲ့ အချမ်းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊ အဝတ်အစား၊ နေရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း၊မပြည့်စုံခြင်းစသည်တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ စိတ်ဆင်းရဲခြင်း ၊ စိတ်နှလုံး မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခန္တီလို့ ဆိုကြတယ်။ သူ့တရားကိုယ်က “အဒေါသ စေတသိက်” ပဲ။ “ဥပေက္ခာ” ••••••••••••••••• ဥပေက္ခာရဲ့သဘောက ●ဣဋ္ဌာရုံခေါ်တဲ့ လိုချင်စရာ၊ခင်မင်စရာ၊ချစ်စရာ၊နှစ်သက်စရာ၊မြတ်နိုးစရာ၊ အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ၊ခင်မင်၊လိုချင်၊တပ်မက်၊ဆာလောင်၊စွဲလမ်းခြင်းဆိုတဲ့ တဏှာ၊ဥပါဒါန်ဖက်သို့ မပါမရောက်အောင် စောင့်ရှောက် တားဆီးထားနိုင်မှု လျစ်လျူရှုခြင်းသဘောနှင့်.... ●အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ၊ရွံစရာ၊မခံချင်စရာ၊စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့ တွေ့ကြုံတိုက်ဆိုင်လာတဲ့ အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီးထားနိုင်မှု လျစ်လျူရှုခြင်း သဘောတမျိုးပဲဖြစ်တယ်။ အဲဒီ ဣဋ္ဌာရုံဖက်ကိုရော၊အနိဋ္ဌာရုံဖက်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်၊မုန်း မပါ အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ “တတြ မဇ္ဈတ္တ စေတသိက်” ကိုပင်လျှင် “ဥပေက္ခာ” လို့ ခေါ်ဆို ဟောပြောကြတာပဲ။ ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာနည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ။ဒါထက် လွယ်လွယ် သိချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်းကြပေတော့။ ◄အဲဒီတရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အလွန်စိတ်အေးမြ ငြိမ်းချမ်းတယ်။ အဲဒါကိုလည်း အကျင့်လုပ်ထားပါ။► ဒကာ။ ။ ဆရာသစ်တွေ ရှာနေစရာ မလိုတော့ပါဘူး ဆရာတော်..ရှင်းလင်းပြတ်သား ကွဲပြားခြားနားစွာ သိပါပြီဘုရား…။ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရအောင်အကျင့် လုပ်ထားပါမည် ဆရာတော်…။လက်စသတ်တော့ “ခန္တီက အဒေါသ စေတသိက် မေတ္တာ ဓာတ်သဘောကိုး” ခုမှပဲ ကွဲတော့တယ်။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
https://www.dhammaransi.com/index.php/new/532-2016-11-07-12-05-06.html
ချစ်တာအပြစ်လား
ချစ်တာအပြစ်လား ============= အရှင်ဘုရားတပည့်တော်တို့ လူငယ်ချင်းချစ်တာအပြစ်ရှိပါသလား။ - မောင်စိုးနိုင်(ခေတ္တ - စင်္ကာပူ) ချစ်တာအပြစ်လားလို့မေးလာတဲ့ မေးခွန်းအတွက်ပထမဆုံးပြောချင် တာကတော့ချစ်တာဟာ မေတ္တာ မဟုတ်သည့်အတွက်အေးချမ်းမှု ရမှာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ အေးချမ်းမှု မရတဲ့အတွက်၊ ပူလောင်မှု တွေပဲရနိုင်တာဖြစ်လို့ အပြစ်လို့ပြောရင်လည်းရနိုင်ပါတယ်။ ချစ်သူနဲ့တွေ့ရတော့မယ်ဆိုရင် မပူလောင်တဲ့အပြင်၊“အရမ်းကြည်နူး ပျော်ရွှင်ရတယ်”လို့ဆိုလာသူတွေကိုတော့“တဏှာရာဂ” ရဲ့အဟုန်ကြောင့် စိတ်လှုပ်ရှားမှု ဖြစ်နေတာသာ ဖြစ်တဲ့အတွက် အပြစ်ကင်းတယ်လို့မဆိုသာဘူးပေါ့။ မြတ်စွာဘုရားကတော့“ပီယတော ဇာယတေ သောကော” ချစ်ခြင်းမှန်သမျှသောကကို မွေးဖွားတာချည်းပဲလို့ ဟောပါတယ်. လူကိုပဲချစ်ချစ်၊ ပစ္စည်းဥစ္စာကိုပဲချစ်ချစ်၊အလုပ်ကိုပဲချစ်ချစ်၊နေရာဌာနကိုပဲချစ်ချစ်၊ အချစ်ကြီးလေသောကများလေပဲမဟုတ်လား။ တစ်ခါချစ်ခြင်းကို အကြောင်းပြုပြီးတော့ပဲကိုယ်ကျင့်တရားတွေ ဆုတ်ယုတ်ပျက်ဆီးလာတာ မပြစ်မှားသင့်တဲ့မိဘဆရာသမားတွေကို ပြစ်မှားစော်ကားလာတာတွေဟာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပိုပြီး အပြစ်ဖြစ်စေပါတော့တယ်။ လူတိုင်းဟာအချစ်နဲ့ကင်းပြီးမနေနိုင်ကြတဲ့ အတွက်“အပြစ်ကင်းသောချစ်ခြင်းတရား” တွေဖြစ်ဖို့ နှစ်ဦးစလုံး ကိုယ်ကျင့်တရားကို အထိခိုက်မခံပဲဖြူဖြူစင်စင်ချစ်ကြစေချင်ပါတယ်။ ဘဝမှာမိဘနဲ့ ဆရာဆိုတာဘုရားနဲ့တစ်ဂိုဏ်းထဲ လို့ဆိုတဲ့အတွက်မိမိမှာတန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးပါတယ် ။ ချစ်ခြင်းကိုအကြောင်းပြုပြီး မှတော့ပြစ်မှားစော်ကားတာမျိုးမဖြစ်စေချင်ပါဘူး။ အလောင်းတော်ကြီးများတောင်ချစ်ခြင်းနဲ့ မကင်းခဲ့ကြပေမယ့် မေတ္တာအခြေခံတဲ့ ချစ်ခြင်းကိုပဲတည်ဆောက်ခဲ့ကြတဲ့အတွက်၊အေးချမ်းတယ်လို့တနည်းအားဖြင့်တော့ပြောနိုင်ပါတယ်။ ပဋ္ဌာန်း ဥပနိဿာယပစ္စည်းမှာတော့“ရာဂံ ဥပနိဿာယ သီလံ သမာဒိယတိ ရာဂံ ဥပနိဿာယ ဥပေါသထကမ္မံ ကရောတိ”လို့ဆိုတဲ့အတွက် ချစ်ခြင်းကြောင့်ပဲ ကိုယ်ကျင့်သီလတွေကောင်းအောင် ဆောက်တည် ဖြစ်နေကြတယ်။ ချစ်ခြင်းကြောင့်ပဲ ဥပုသ်သီတင်းတွေ ဆောက်တည် ဖြစ်ကြတယ်။“ရာဂံ ဥပနိဿာယ ဝိပဿနံ ဥပ္ပါဒေတိ” ချစ်ခြင်းကြောင့်ပဲ ဝိဿနာတရားတွေအားထုတ် ဖြစ်တဲ့ အဆင့်ထိဖြစ်လာတယ်ဆိုတော့ လမ်းကြောင်းမှန်၊ စိတ်ထားမှန်ဖို့ပဲအရေးကြီးတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ကောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊မကောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊ လမ်းကြောင်းမှန်ပေါ်ရောက်လာပြီး အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေ ရောက်လာရင်တော့ အပြစ်ကင်းတဲ့ချစ်ခြင်းလို့ ဆိုရမလားပဲ။ ပြည့်စုံချင်မှ ပြည့်စုံမှာဖြစ်ပေမယ့် တတ်နိုင်သလောက် ကြိုးစားဖြေပေးလိုက်ပါတယ်။ အပြစ်ကင်းတဲ့ချစ်ခြင်းများနဲ့ ချစ်နိုင်ကြပါစေ။ -【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင််သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
https://www.dhammaransi.com/index.php/new/533-2016-11-07-07-13-13.html
ဗြဟ္မဝိဟာရတရား (၄)မျိုး
လောကမှာနေတဲ့အခါ မေတ္တာရယ်၊ကရုဏာရယ်၊ မုဒိတာရယ်၊ဥပေက္ခာရယ်လို့ ဗြဟ္မဝိဟာရတရား (၄)မျိုးရှိတယ်။ လူ့ဘဝမှာ တစ်ဦးတစ်ယောက်ထဲတင်ပဲ ဒီ(၄)မျိုးဟာ အခါအားလျော်စွာ ဖြစ်တယ်။ မြတ်စွာဘုရားက မိဘတွေကို ဗြဟ္မာနဲ့တူတယ်လို့ ဆိုတဲ့ နေရာမှာ ဗြဟ္မာတွေဟာ ဗြဟ္မဝိဟာရ နဲ့ နေကြတယ်။ မေတ္တာနဲ့ နေတယ်။ ကရုဏာနဲ့ နေတယ်။ မုဒိတာနဲ့ နေတယ်။ ဥပေက္ခာနဲ့ နေတယ်။ သားသမီးတွေအပေါ် မိဘတွေက သက်ရွယ်နုနယ် ငယ်စဉ်အခါတုန်းက ဒီကလေးလေးကို ကြီပွားစေချင်တယ်ဆိုတာ “မေတ္တာ”။ နေမကောင်း ထိုင်မသာ မကျန်းမမာဖြစ်နေတယ်ဆိုရင် ကျန်းမာစေချင်တာက၊မကျန်းမာမှုကနေ လွတ်မြောက် စေချင်တာက “ကရုဏာ”။ သူ့ဟာသူ အရွယ်ရောက်လာလို့ ပညာလေးတတ်လာပြီ၊အလုပ်အကိုင်တွေ ရလာပြီ ဆိုလို့ ရှိရင် ဝမ်းသာတာ “မုဒိတာ”။ နောက်ဆုံး သူ့ကိုယ်သူ ရပ်တည်နိုင်ပြီ။ ကိုယ်က ဘာမှကြောင့်ကြစိုက်စရာ မလိုတော့ဘူး။ အရွယ်ရောက်ပြီး အိမ်ထောင်ရက်သားကျသွားပြီ ဆိုတဲ့အခါ “ဥပေက္ခာ”။ ဒီလိုဆိုလို တာနော်။ အဲဒီတော့ မိဘဟာ သားသမီးအပေါ်မှာ အချိန်ပိုင်းနဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဖြစ်တယ်။ အဲဒါလိုပဲ ဘုန်းကြီးတို့တစ်တွေ အားလုံးသတ္တဝါတွေ အပေါ်မှာ မေတ္တာထားတယ်။ မေတ္တာဆိုတာ ဘာကို ပြောတာတုန်း ဆိုတော့ မိတ်ဆွေရဲ့ စိတ်ဓာတ်ကို ပြောတာ။ မိတ်ဆွေရဲ့စိတ်ဓာတ်လို့ ပြောလိုက်ကတည်းက မိတ်ဆွေတွေအပေါ်မှာ ကိုယ်ဘယ်လို သဘောထားသလဲ၊ ဒါပဲပေါ့။ အဲဒါကိုကြည့်ရမယ်။ ဒါကြောင့်မို့ “မိတ္တဿ ဧသာ မေတ္တာ” မေတ္တာဆိုတဲ့စကားလုံးက မိတ္တ ကလာတာ။ မိတ္တက မိတ်ဆွေ။ မိတ်ဆွေဆိုတာ အကျိုးစီးပွားကို လိုလားတဲ့အနေနဲ့ ခင်မင်တယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်။ အဲဒီ စိတ်ဓာတ်မျိုးကို “မေတ္တာ” လို့ခေါ်တာပဲ။ ကိုယ့်မိတ်ဆွေအပေါ်မှာ ကိုယ်ဘယ်လို သဘောထားလဲ စဉ်းစားကြည့်ပေါ့။ မေတ္တာရဲ့ အစစ်အမှန်ကို ကိုယ်တွေ့ သိလာလိမ့်မယ်။ မိတ်ဆွေတွေအပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်ဓာတ်မျိုး။ အဲဒါ သတ္တဝါတွေ အားလုံး အပေါ်မှာ အာရုံပြုပြီးတော့ ထားနိုင်မယ်။ တစ်နေ့ကို အကြိမ်ကြိမ် ဖြစ်အောင် ကြိုးစား။ နှုတ်ကနေ ရွတ်ပြီးတော့ပို့နေဖို့ ပြောတာ မဟုတ်ဘူး။မေတ္တာဆိုတာ မနောကံပဲ။ စိတ်ထဲကနေပြီးတော့ အချင်းချင်းအပေါ်မှာထား။ ဥပမာမယ် အလုပ် အတူတူလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ်၊အလုပ်ရှင်နဲ့ အလုပ်သမားပဲ ဖြစ်ဖြစ်နော်။ အလုပ်ရှင်ကလည်းပဲ သူတို့ကောင်းကျိုးချမ်းသာတွေ ရကြပါစေ။စားဝတ်နေရေး ပြည့်စုံကြပါစေ။ တို့လုပ်ငန်း အပေါ်မှာ အမှီပြုပြီး သူတို့ ပြေလည်ကြပါစေ။ ဟော ဒါမေတ္တာပဲပေါ့။တစ်ခါ အလုပ်သမားတွေကလည်းပဲ ကြည့်၊ အေး တို့ရဲ့ အလုပ်ရှင်တွေ အားလုံးပြေလည်ကြပါစေ။ ရောင်းကောင်းပါစေ။ ဒါလည်းပဲ မေတ္တာပဲလေ။ “အပြန်အလှန် မေတ္တာ”ခေါ်တယ်။ ❖သေချာစဉ်းစားကြည့်ရင် အလုပ်ရှင်ကလည်း အလုပ်သမားရှိမှ ရပ်တည်နိုင်သလို ၊ အလုပ်သမားတွေကလည်း အလုပ်ရှင်ကို အမှီပြုမှ ရပ်တည်နိုင်တယ်။ အပြန်အလှန် မှီခိုနေကြတယ်။ အဲဒီတော့ အပြန်အလှန် မေတ္တာနဲ့ ကူးယှက်ထားမယ်။ မေတ္တာနဲ့ ပေါင်းစပ်ထားမယ်ဆိုလို့ရှိရင် ဒီလုပ်ငန်း တစ်ခုထဲမှာ Problemဆိုတာ ဘာမှမဖြစ်နိုင်ဘူးပေါ့။ တစ်ဦး တစ်ဦး ကျေးဇူးတွေ တင်နေတာ။ ❖အလုပ်ရှင်ကလည်း အလုပ်သမားကို ကျေးဇူးတင်တယ်။အလုပ်သမားကလည်း အလုပ်ရှင်ကို ကျေးဇူးတင်တယ်။ ဟော အပြန်အလှန် မေတ္တာရှိနေရင် ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင် ကြီးပွားလာနိုင်တယ်ပေါ့။ ❖ကဲ ဒီထဲကနေပြီးတော့မှ တစ်ဦးတစ်ယောက်ဟာ နိမ့်ကျသွားတယ်။ကိုယ့် လုပ်ဖော်ကိုင်ဖက် ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင် ဪ အခြေအနေ မကောင်းဘူး။ မကောင်းတဲ့ အခြေအနေလေးတွေ ပြန်ကောင်းပါစေ လို့ ဆိုတဲ့ စိတ်ဓာတ်ဟာ “ကရုဏာ” လို့ ခေါ်တယ်။ အခက်အခဲတွေက လွတ်မြောက်စေချင်တာ ကရုဏာပဲ။ ❖တစ်ခါ အောင်မြင်ကြီးပွားသွားလို့ ရှိရင်လည်း ဝမ်းသာနိုင်တာ မုဒိတာ။ ဒါတွေက ဒီအခြေအနေ အရ ဖြစ်တာ။ မေတ္တာကတော့ အားလုံးကို ခြုံထားတာနော်။ကရုဏာဆိုတာ အဆင်မပြေဖြစ်ပြီ ဆိုတဲ့အခါ အဆင်မပြေမှုကနေ လွတ်စေချင်တာ။ မုဒိတာဆိုတာ အဆင်ပြေသွားပြီးတဲ့နောက်မှာ အဆင်ပြေလို့ အောင်မြင်နေတဲ့အခါ ဝမ်းသာနိုင်တာ။ ဝမ်းမသာနိုင်ရင် ဘာဖြစ်လဲ ဆိုရင် Jealousyဖြစ်တယ်။ ဣဿာ လို့ခေါ်တယ်။ အဲဒီ ဣဿာတရားဟာ ကြီးပွားမှုကို အဟန့်အတား ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် မုဒိတာပွားနိုင်ရမယ်လို့ ဒီလို ဆိုလိုတာ။ ❖နောက် “ဥပေက္ခာ”ဆိုတာ ဘယ်လိုဟာတုန်း။ ဥပေက္ခာ ဆိုတာ အင်မတန်မှ အဓိပ္ပာယ်ကောင်းတယ်။ သို့သော် တလွဲကို နားလည်နေတဲ့အခါ တချို့ ဥပေက္ခာ က ဘယ်လိုတုန်းဆို “ဟာ ဒီလူတော့ ဆိုးတယ်။မခေါ်မပြောဘူး။ဒီကောင်တော့ မုန်းတယ်။ ငါမခေါ်မပြောဘူး။သူ့ကို ဂရုမစိုက်ဘူး။ ပစ်ထားလိုက်ဦးမယ်” ဆိုတဲ့ဟာ ဒါ ဥပေက္ခာမဟုတ်ဘူးနော်။ ဥပေက္ခာရဲ့ သဘောက ဆိုပါစို့- အလုပ်ရှင်က အလုပ်သမားကိုပြောတယ်။ဆုံးမတယ်။ ဆိုတော့ အလုပ်သမားက အလုပ်ရှင်အပေါ်မှာ ကောင်းတာပြောတယ်။မကောင်းတာ ပြောတယ်။ ဒါမျိုးတွေ ရှိမှာပေါ့နော်။ အဲလိုရှိလာတဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တာက ကိုယ့်အလုပ်ကိုပဲ ကြိုးစားလုပ်ဖို့ ဆင်ခြင်သုံးသပ်တတ်ကြရမယ်ပေါ့။ ဆင်ခြင်သုံးသပ်ရမယ်။ တချို့ အသေးအဖွဲ ကိစ္စမျိုးလေးတွေကို သူက ဆုံးမသွန်သင်မှုပြုပြီး အသေးအဖွဲလေးတွေကိုခွင့်လွှတ်တာ၊ သည်းခံတာမျိုးကိုတော့ “ဥပေက္ခာ” လို့ခေါ်တယ်။ မဆုံးမဘဲနေတာကို ဥပေက္ခာပြောတာ မဟုတ်ဘူးနော်။လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ လုပ်သင့်တာကို လုပ်ပြီးတော့ သည်းခံခွင့်လွှတ်တယ်။ နောက်အလုပ်သမားကလည်းပဲ အခွင့်အရေးကို မျှော်တာ မဟုတ်ဘူး။လုပ်သင့်တာ၊ ကိုယ်လုပ်ရမယ့် တာဝန်ရရှိလို့ လုပ်တယ်။ကျေအောင်လုပ်တယ်နော်။ ကျေအောင်၊ကျေပွန်အောင် လုပ်တယ်။အခွင့်အရေးကို မမျှော်ဘူး ဆိုရင် ဒါ ဥပေက္ခာ လို့ ခေါ်တယ်။ အခွင့်အရေးကိုမျှော်ရင် ဥပေက္ခာမဟုတ်ဘူး။ အဲဒီလို အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့ဒီလို လုပ်ငန်းတစ်ခု၊ နိုင်ငံမှာလည်းပဲ အစိုးရနဲ့ တိုင်းသူပြည်သား ဆိုတာလိုပေါ့။ မိသားစုထဲမှာလည်းပဲ မိဘနဲ့သားသမီး ဒီလို အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေနဲ့သာ နေကြမယ်ဆိုလို့ရှိရင် အင်မတန်မှ အေးချမ်းတဲ့ အနေအထားမျိုးဖြစ်သွားမှာ။ ဒါ Society အတွက် မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်က အကောင်းဆုံး လမ်းညွှန်ချက်ပဲ။ ဒီအတိုင်းသာ တကယ် နေမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
https://www.dhammaransi.com/index.php/new/534-2016-11-07-07-11-44.html
“သမုဒ္ဒရာ ဝမ်းတစ်ထွာ”
“သမုဒ္ဒရာ ဝမ်းတစ်ထွာ” ••••••••••••••••••••••••••••• မြန်မာလူမျိုးတွေ ပြောလေ့ ရှိကြတယ်။ ဝမ်းတစ်ထွာအတွက် ဖြည့်တင်းရတဲ့ပမာဏဟာ ပင်လယ်ကြီးတစ်ခုကို ဖြည့်ရသလိုပဲတဲ့။ ဘယ်တော့မှ မပြည့်နိုင်ဘူး။ ပင်လယ်ကြီးလို ကျယ်ပြန့်တယ်။ ပင်လယ်ကြီးထဲမှာ မြစ်ချောင်းအင်းအိုင်တွေက ဝင်လာတဲ့ရေတွေနဲ့ ဘယ်လိုပဲ ဖြည့်တင်း ဖြည့်တင်း ပင်လယ်ကြီးဟာ ပြည့်သွားတယ်လို့ မရှိဘူး။ လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့လည်း နေ့စဉ်နဲ့အမျှ အစာအာဟာရတွေ စားကြရတယ်။ တစ်ရက်လည်း မပြီးနိုင်၊ နှစ်ရက်လည်း မပြီးနိုင်။ တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့ တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်ကြီးလောက် ဖြည့်တင်းရခက်ပါလား ဆိုတဲ့ အဓိပ္ပာယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ” လို့ ဆိုကြတာပေါ့။ မြတ်စွာဘုရားက ယခုလို အာဟာရဖြည့်တင်းရမှုတွေနဲ့ ပတ်သက်လာတဲ့အခါမှာ ကမ္မဋ္ဌာန်း-၄၀ ထဲက နှလုံးသွင်း ဆင်ခြင်ရမယ့် ကမ္မဋ္ဌာန်းတစ်ခုအဖြစ် “အာဟာရေပဋိကူလသညာ” ကို ဟောခဲ့တယ်။ အစာအာဟာရနဲ့ ပတ်သက်ပြီး စက်ဆုပ်ရွံရှာ ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ရှုမြင်သုံးသပ်ဖို့ အမှတ်သညာတွေ ထားကြဖို့ ဆုံးမသြဝါဒ ပေးတော်မူခဲ့တာ ဖြစ်တယ်။ အဲဒီထဲမှာလည်း “အာဟာရေပဋိကူလသညာ” ဆိုတာ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”အကြောင်းပါတာပဲ။ ဘယ်တော့မှ မပြည့်နိုင်တဲ့ ဝမ်းဗိုက်တစ်ခုကို ဖြည့်တင်းဖို့ နေ့စဉ်နဲ့အမျှ လုပ်ကိုင်ဆောင်ရွက် နေကြတယ်။အဲဒီလုပ်ကိုင် ဆောင်ရွက်နေမှုတွေဟာ ပြီးနိုင်သလားဆိုတော့ ဘယ်တော့မှ မပြီးဘူး။ ပြည့်စုံသွားပြီလား လို့ဆိုရင် ဘယ်တော့မှလည်း မပြည့်စုံဘူး။ မိမိတို့ဝမ်းရေး ဖြည့်တင်းမှုအတွက် လူတွေဟာ နေ့စဉ်နဲ့အမျှ စီးပွားဥစ္စာတွေ ရှာကြရတယ်။ အလုပ်တွေ လုပ်ကြရတယ်။ နှုတ်နဲ့ ပြောပြီး လုပ်တယ်။ ကိုယ်ထိလက်ရောက် လုပ်ကိုင်လှုပ်ရှားပြီးတော့လည်း စီးပွားဥစ္စာတွေ ရှာဖွေကြတယ်။အဓိက ဘာလဲ လို့ဆိုရင် ဝမ်းရေးဖြည့်တင်းဖို့ပဲ။ ဒါကို အသက်မွေးဝမ်းကျောင်းလို့ ခေါ်တာပေါ့။ အဲဒီလို အသက်မွေးဝမ်းကျောင်း လုပ်တဲ့အခါမှာ ကောင်းတဲ့အနေအထားနဲ့ချည်း လုပ်တာ မဟုတ်ဘူး။ မကောင်းတဲ့အနေအထားနဲ့လည်း လုပ်ကြသည့် အတွက်ကြောင့် သမုဒ္ဒရာဝမ်းတစ်ထွာ ဖြည့်တင်းမှု အတွက် အကုသိုလ်တွေလည်း ဖြစ်ပွားကြတယ်ပေါ့။ အကုသိုလ်တွေ ဖြစ်ပွားလို့ သံသရာဝဋ်ဆင်းရဲမှာ နစ်မွန်းကြရတယ်။အဲဒီတော့ သမုဒ္ဒရာဝမ်း တစ်ထွာကို ဖြည့်ရင်း ဖြည့်ရင်းနဲ့ လူတွေဟာ သံသရာဝဋ်ဆင်းရဲမှာ နစ်မွန်းပြီးတော့ ဒုက္ခရောက်သွားကြတယ်။ဒီသဘောကိုလည်း ဆင်ခြင်စဉ်းစားပြီး ကြည့်ဖို့ လိုတယ်။ ဘဝတစ်ခု ရလာလို့ရှိရင် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”လို့ ဆိုတဲ့ အတိုင်း အစာအာဟာရ မရှိဘူးဆိုရင် ဘဝမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ဘဝရပ်တည်နေရတာ အဓိကဟာ အစာအာဟာရပဲ ဖြစ်တယ်။ အစာအာဟာရ စားကြရမှ လူ့ခန္ဓာဆိုတာ တည်တံ့နိုင်တယ်ပေါ့။ ဒါကြောင့်မို့ ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့ အာဟာရကို ရှာဖွေရင်း လူတွေဟာ မကောင်းမှု အကုသိုလ်တွေကို လုပ်မိရက်သား ဖြစ်သွားကြတယ်။ ဒုစရိုက်တွေ လုပ်ကိုင်ပြီး မိမိတို့ဝမ်းရေးအတွက် ဖြည့်တင်းပေးကြတယ်။အဲဒါနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒေသနာတော်တစ်ပုဒ် ဟောထားတာ ရှိတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမက လောကမှာ ဖြစ်ပျက်နေမှုတွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေတယ်။ ဘုရားက လောကမှာ ဖြစ်ပျက်နေတဲ့ လူတွေရဲ့ အခြေအနေတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ သတိပေး ဟောကြားထားတာ ရှိတယ်။ အဲဒီဟောကြားထားတာကို မှတ်သား နာယူကြပြီးတော့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”အတွက်နဲ့ မိမိတို့ကိုယ်တိုင်ဟာ ဒုစရိုက်လုပ်ငန်းတွေနဲ့ အသက်မမွေးကြဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ဒီလို ပြောရမယ်။ ဒုစရိုက်တွေနဲ့ အသက်မွေးမိပြီ ဆိုလို့ရှိရင်တော့ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက်နဲ့ ဒုက္ခထဲ နစ်မွန်းသွားကြမှာပဲ။ ▬▬▬▬▬▬▬▬ “နှစ်မျိုးနှစ်စား” ▬▬▬▬▬▬▬▬ အဲဒီလို အသက်မွေးတဲ့အခါမှာ အသက်မွေးသူဟာ နှစ်မျိုးနှစ်စား ဖြစ်ပေါ်လာခဲ့တယ်။ မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ ပြောရမယ်ဆိုရင်- ❖ “သုဇီဝံ အဟိရိကေန”တဲ့။အရှက်မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်မွေးဝမ်းကျောင်း ရှာဖွေဖို့ အတွက် လွယ်ကူတယ်တဲ့။လောကကြီးဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုကို မြတ်စွာဘုရားက ဒီစကားကို ဟောတာ။ ❖ “သုဇီဝံ အဟိရိကေန”- အဟိရိကေန- မဟုတ်တာ လုပ်ရမှာ မရှက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ၊ သုဇီဝံ- အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေဖို့ လွယ်ကူတယ်။တစ်ဖက်ကို ကြည့်မယ်ဆိုရင်တော့ အရှက်မရှိတဲ့ပုဂ္ဂိုလ်ဟာ အသက်မွေးမှုအတွက် လွယ်ကူသလိုပဲ။ နောက်တစ်ခုကျတော့ “ဟိရိမတာ စ ဒုဇ္ဇီဝံ”၊ အကုသိုလ်တွေက ရှက်ရွ့့ံပြီးတော့နေတဲ့ ပုဂ္ဂိုလ်၊ ဒုစရိုက်လုပ်ငန်းတွေကို ရှောင်ရှားပြီးတော့ သုစရိုက်လုပ်ငန်းနဲ့သာ အသက်မွေးလိုတဲ့ လောကမှာ အရှက်ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတွေကျတော့ ဒုဇ္ဇီဝတဲ့၊ အသက်မွေးမှုအတွက် ခက်ခဲတယ်၊ ပင်ပန်းတယ်လို့ ဒီလို ဟောထားတယ်။ ❖ဒီကနေ့ခေတ်မှာလည်း ဆင်ခြင်စဉ်းစားကြည့်ပေါ့။ လောကမှာ စီးပွားတိုးတက်ပြီးတော့ ကြီးပွား နေကြတဲ့ပုဂ္ဂိုလ်တွေ၊ အားလုံးတော့ မဟုတ်ဘူး။ တော်တော်များများဟာ ဘယ်ထဲ ပါနေတုံး လို့ဆိုတော့ အဟိရိကလို့ဆိုတဲ့ မဟုတ်တာ လုပ်ရမှာ မရှက်တဲ့ပုဂ္ဂိုလ်တွေ အသိုင်းအဝိုင်းမှာ ပါဝင်နေကြတယ်။ပါဝင်နေသည့်အတွက်ကြောင့် ဒီကနေ့ လူတွေ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ၊ဆေးဝါးတွေ ၊ အသုံးအဆောင်တွေမှ စလို့ လူတွေကို အကျိုးမပြုတဲ့၊လူတွေကို ဒုက္ခရောက်စေနိုင်တဲ့ အရာမျိုးတွေ ထည့်သွင်းပြီးတော့ အစစ်အမှန် မဟုတ်တဲ့ အတုအယောင်တွေနဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချီ ရောင်းဝယ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကြီးပွားနေကြတယ်။ မြတ်စွာဘုရား ရှုမြင်သုံးသပ်တဲ့အတိုင်းပဲ မှန်မှန်ကန်ကန် ရောင်းဝယ်လိုတဲ့ ပုဂ္ဂိုလ်တွေ ပစ္စည်းမှန်မှန် စျေးမှန်မှန်နဲ့ ရောင်းဝယ်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်မွေးကျောင်းပြုဖို့ရာ ခက်လာတယ်။မမှန်မကန် လုပ်တဲ့ပုဂ္ဂိုလ်တွေက ရှေ့တန်းရောက်လာတယ်တဲ့။ ဒီလိုဆိုရမှာပဲ။မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဒီအတိုင်း ဟောခဲ့တာပဲ။ ❖ “သုဇီဝံ အဟိရိကေန”-အရှက်မဲ့ပုဂ္ဂိုလ်တွေ၊ အရှက်မဲ့တယ်ဆိုတာ ဘာလဲ။ မကောင်းတဲ့အလုပ် လုပ်ရမှာ မရှက်ဘူး။ ဒုစရိုက်နဲ့ အသက်မွေးရမှာ မရှက်ဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ မိမိကြီးပွားရင် ပြီးရော တခြားလူတွေ ဘာဖြစ်ဖြစ် ဆိုတဲ့ အနေအထားမျိုးနဲ့ စီးပွားရှာကြတယ်။ ဆေးဆိုလည်း အတုလုပ်တယ်။ စားသောက်ကုန်တွေလည်း အတုလုပ်တယ်။ ပစ္စည်းဥစ္စာတွေလည်း အတုလုပ်ပြီးတော့ စားသုံးတဲ့ပုဂ္ဂိုလ်တွေကို ကောင်းကျိုး မဖြစ်စေရုံမျှမက ဆိုးကျိုးကို ဖြစ်စေတတ်တာတွေနဲ့ အသက်မွေးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပေါ့။ အဲဒီလို အသက်မွေးတဲ့ထဲမယ် ကိုယ်မပါဖို့ အရေးကြီးတယ်။ လောကမှာ သမုဒ္ဒရာဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာ အတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေးပြည့်မယ်လို့ ထင်ပြီးတော့ ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့်အရာကတော့ သံသရာထဲ နစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့။ဝမ်းတစ်ထွာ ဖြည့်ဖို့ဆိုတာတော့ ဘဝတစ်ခုရလာလို့ရှိရင် သေသည်အထိ ဖြည့်နေကြရမှာပဲ။ သို့သော်လည်း သေသည်အထိ ဖြည့်နေရတာကို မြန်မြန်ဖြည့်ချင်လို့ မမှန်မကန်တဲ့ စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ် ဆိုလို့ရှိရင်ကတော့ ဝမ်းတစ်ထွာ မပြည့်ဘဲနဲ့ ဒုစရိုက်အကုသိုလ်တွေနဲ့ ပြည့်ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်။ “အပါယ်ငရဲ”ကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်ဘူးလို့ ဒီလို ဆိုနိုင်တာပေါ့နော်။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/535-2016-11-07-07-11-08.html
စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေ
“စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ် ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး” ••••••••••••••••••••••••••••• ဆီဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။ အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။နောက်ဆုံးမှာ ငှက်ပျောသီးကအစ ဆေးတို့ ဆေးစိမ်၊စားဝံ့စရာအနေအထား မရှိတော့ဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ စာရင်းဇယားပြုပြီးတော့ သေသေချာချာ ကြည့်မယ်ဆိုလို့ရှိရင် အသည်းရောဂါတို့ ၊ကျောက်ကပ်ရောဂါတို့ဟာ ပိုပိုပြီးတော့ များလာတယ်။ဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် အစားအသောက်တွေကြောင့် ဖြစ်တယ် ဒီလိုဆိုတယ်။ ပိုးသတ်ဆေးတွေလည်း အလွန်အကျွံ သုံး၊ ဓာတုဗေဒဆေးတွေ ဓာတ်မြေသြဇာတွေ အလွန်အကျွံ အသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့ မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာပဲ။ ဒါကြောင့်မို့လို့ ရောဂါဝေဒနာတွေဟာ တဖြည်းဖြည်း များလာတာဟာ အကုသိုလ်ကံကြောင့်ချည်း မဟုတ်ဘူး။လူတွေလုပ်ခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပိုပြီးတော့ ဖြစ်လာတာ။ မြန်မာနိုင်ငံရဲ့မြေပေါ်မှာ တစ်ချိန်တုန်းက သစ်တောကြီးတွေ လွှမ်းမိုးပြီးတော့ စိမ်းလန်း စိုပြေနေတယ်။သာယာတဲ့နိုင်ငံတစ်ခုက အခုအချိန်မှာ တောတွေ၊တောင်တွေဟာ တောပြုန်း၊တောင်ပြုန်း၊ တောင်ကတုံး ကြပ်တီးကုန်းဘဝ ရောက်ကုန်တာ ဘယ်သူတွေ လုပ်တာလဲလို့ဆိုရင် လူတွေလုပ်ကြတာပဲ။ ဒီမြေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မဆင်မခြင် လုပ်ကိုင်သည့်အတွက်ကြောင့် သဘာဝပတ် ဝန်းကျင်ကြီးဟာ ပျက်စီးသွားပြီးတော့ ဘယ်သူတွေကို ပြန်ပြီးတော့ ထိခိုက်တုံးဆိုရင် လူတွေကိုပဲ ပြန်ထိခိုက်တာပဲ။ဒါတွေဟာ သဘာဝတရားတွေကို မကောင်းအောင်လုပ်ခြင်းသည် မကောင်းကျိုးကို ပြန်ပြီး ဖြစ်စေတယ်ဆိုတဲ့ နိယာမတရားအတိုင်းပဲ။ ဥပနိဿယပစ္စည်းဖြစ်တဲ့ သဘာဝတောတောင် ရေမြေတွေဟာ လူတွေကို အကျိုးပြုရမယ့်အစား လူတွေ ဖျက်ဆီးထားသည့်အတွက်ကြောင့် သူတို့က တစ်ဖန် လူတွေကို ပြန်ဖျက်ဆီးတဲ့အနေအထားမျိုး ရောက်ရှိလာပြီ။ အဲဒီတော့ ဘုန်းကြီးတို့တတွေ ခုချိန်မှာ ဒီ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့် သလို လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့သင့်တယ်။ နာရေးကူညီမှုအသင်းတွေ ပေါ်လာတယ်ဆိုတာ မကျန်းမာတဲ့သူတွေ များလာတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်နေတယ်၊ နာရေးကူညီမှုအသင်းထက် ကျန်းမာရေးကို ကူညီတဲ့အသင်းက ပိုပြီးတော့ အရေးကြီးတယ်။ သေသွားမှတော့ ဘာမှ မထူးတော့ဘူး။ သေသွားတဲ့ပုဂ္ဂိုလ်ကို ပြန်ရှင်အောင်လည်း လုပ်လို့ မရဘူး။အေး အရေးကြီးတာကတော့ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အကျိုး၊ဘာသာအကျိုး၊သာသနာအကျိုး ဆောင်ရွက်နိုင်ကြဖို့၊ ကုသိုလ်တရားတွေ မိမိတို့ သန္တာန်မှာ ဖြစ်ပွားစေဖို့ဆိုတာ ဒါက ပိုပြီးတော့ အရေးကြီးတယ်။ အရေးကြီးတာ နဲ့ အရေးမကြီးတာ ခွဲခြားသိပြီးတော့ အရေးကြီးတာကို ပိုပြီးတော့ လုပ်သင့် လုပ်ထိုက်ကြတယ်ပေါ့။ မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ အစာအာဟာရထုတ်လုပ်မှုနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး။ “ဘာဖြစ်လို့ မလုပ်သင့်လဲ။” ••••••••••••••••••••••••••••• ဘာဖြစ်လို့ မလုပ်သင့်လဲ။ တစ်ဖက်သား နစ်နာမယ့်အလုပ်ဖြစ်လို့ပဲ။ တစ်ဖက်သားနစ်နာမယ့်အလုပ်ကို မလုပ်ဘဲ “အ,ဘယဒါန ဇီဝိတဒါန” အလှူတော်ကြီးကို ပေးကြဖို့ လိုတယ်။ မိမိတစ်ဦး စီးပွားရေးလမ်းဖြောင့်ဖို့အတွက် တစ်ဖက်သား ဒုက္ခရောက်မယ့်အလုပ်မျိုးကို မလုပ်သင့်ဘူး။ အစာအာဟာရဟာ စားပြီးရင် လူကို အကျိုး ဖြစ်စေမှ ကောင်းပါတယ်။အကျိုးမဖြစ်စေတဲ့အရာတွေကို လူတွေစားဖို့ ထုတ်လုပ်ထားရင် မိမိတို့အမြတ်ရရုံ စီးပွားဖြစ်ရုံသာ ဖြစ်မယ်။ ဒီတစ်ခုတည်း မကြည့်ဘဲနဲ့ အများသတ္တဝါတွေ ချမ်းသာဖို့ ဆိုတဲ့ မေတ္တာတရားရှေ့ထား ဗြဟ္မစိုရ်တရား ပွားပြီးတော့မှ စီးပွားရှာသင့်တယ်ပေါ့။ အဲဒီလို မဟုတ်လို့ရှိရင် စီးပွားတော့ ဖြစ်မှာပဲ။ ဖြစ်ပေါ်လာတဲ့စီးပွားကြောင့် မိမိပစ္စည်းကို အသုံးပြုတဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ ဒုက္ခ အနန္တနဲ့ ကြုံတွေ့ရနိုင်တယ်။သံသရာမှာ ရလာတဲ့ဘဝမှာ ကောင်းမှုလည်း မလုပ်နိုင်ကြ၊ တရားဓမ္မလည်း အားမထုတ်နိုင် နှလုံးမသွင်းနိုင်ကြ။ လူမမာဘဝ ရောက်ရှိပြီးတော့ သနားစရာ အနေအထားမျိုးနဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားကြမှာ။ တန်ဖိုးရှိတဲ့ဘဝဟာ ဘာမှ လုပ်လိုက်ရမှာ မဟုတ်ဘူး။ အေး ဒါကြောင့်မို့လို့ တန်ဖိုးရှိတဲ့ဘဝကို တန်ဖိုးရှိရှိ၊ ကျန်းကျန်းမာမာ အသက်ရှည်ဖို့အတွက် တို့လုပ်တဲ့ပစ္စည်းဟာ အကူအညီဖြစ်ပါစေလို့ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ထားပြီး မသန့်တဲ့ဆီတွေ၊ မသန့်တဲ့အာဟာရတွေ၊လူတွေကို အကျိုးမပြုတဲ့အရာတွေ မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ထဲမယ် မပါဝင်ဖို့ ဒါ အင်မတန်မှ အရေးကြီးတယ်။ “အ,ဘယဒါန ဇီဝိတဒါန” •••••••••••••••••••••••••••••••••••• အဲဒီလို မလုပ်ခြင်းအားဖြင့် ကုသိုလ်မရဘူးလို့ မအောက်မေ့ကြနဲ့။ဒါ “အလွန်ကြီးမားတဲ့ကုသိုလ်” လို့ ခေါ်တယ်။ဘာကုသိုလ်တုန်းးဆို “အ,ဘယဒါန ဇီဝိတဒါန”။ လူတွေ ဘေးမဖြစ်အောင် စေတနာထားပြီးတော့ လုပ်သည့်အတွက်ကြောင့် “အ,ဘယဒါန”။ လူတွေ အသက်ရှင်မှုအတွက် အထောက်အကူ ဖြစ်စေတာ ဖြစ်သောကြောင့် “ဇီဝိတဒါန”။ မေတ္တာတရား ထားပြီးတော့ စီးပွားရှာကြမယ်။ မိမိတို့ပစ္စည်းကို သုံးစွဲကြတဲ့ ပုဂ္ဂိုလ်တွေလည်း ကျန်းမာကြမယ်၊ အသက်ရှည်ကြမယ်။ အမျိုး ဘာသာ သာသနာရဲ့အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြမယ်၊ မိသားစုရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြမယ်။ ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြမယ် လို့ ဒီလိုအကျိုးတွေ ဖြစ်ပွားစေပါတယ်။ အဲဒီလိုမှ မဟုတ်လို့ရှိရင် မိမိတို့အနေနဲ့ စီးပွား ဖြစ်ရင်ပြီးရော ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ် ကောင်းတာရော ၊ မကောင်းတာရော အကုန်လုံး လုပ်ကြမယ်ဆိုလို့ရှိရင် မမှန်မကန်လုပ်တဲ့ ဆေးဝါးတွေသောက်ကြရလို့ ရောဂါမပျောက်ဘဲနဲ့ ရောဂါတွေ တိုးလာနိုင်တယ်။ မမှန်ကန်တဲ့အစားအစာတွေကို စားကြရသည့် အတွက်ကြောင့် ကျန်းမာရေး ပျက်စီးပြီးတော့ ဆင်းရဲဒုက္ခ ရောက်နိုင်တယ်။အဲဒီလို မဖြစ်အောင် လူတိုင်းလူတိုင်းဟာ မေတ္တာစေတနာ ထားပြီးတော့ “အ,ဘယဒါန ဇီဝိတဒါန” အလှူကို လှူသင့်တယ်။ ဒါဟာ အင်မတန် “ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုကြီး” တစ်ခုပါ။ ဘုရားတည် ကျောင်းဆောက်မှ ကုသိုလ်ရတာ မဟုတ်ပါဘူး။စိတ်နေစိတ်ထားကောင်းမွန်စွာ အများချမ်းသာဖို့ ဆောင်ရွက်တာတွေမှန်သမျှဟာ ကုသိုလ်တွေချည်းပါပဲ။အများချမ်းသာအောင် ဆောင်ရွက်တဲ့ ကုသိုလ်ဟာ အင်မတန်မှ ကြီးမားတဲ့ကုသိုလ်လို့ ခေါ်ပါတယ်။ အားလုံးစဉ်းစားကြည့်ပေါ့။ မစလရွာက မာဃလုလင်တို့အမှူးပြုတဲ့ လူငယ် လူရွယ်တွေဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကြတယ်။လူတကာနှစ်သက်တဲ့ ကြည့်ပျော် ရှုဖွယ်ဖြစ်အောင် ပန်းဥယျာဉ်တွေ တည်ဆောက်ကြတယ်။ လမ်းတွေ ခင်းကြတယ်၊ ပြုပြင်ပေးကြတယ်။ အများစိတ်နှလုံး ချမ်းသာအောင် ရေတွင်း ရေကန်တွေ တူးကြတယ်။ ဒီလူမှုအကျိုးပြု ကုသိုလ်ကောင်းမှုတွေကြောင့် နတ်ပြည်ရောက်ကြရတယ်။ဒီကုသိုလ်ကောင်းမှုဟာ “ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ” ပဲ။ အေး ဒါကြောင့်မို့လို့ မိမိတို့ စီးပွားရှာကြတဲ့အခါမှာ မည်သူပဲဖြစ်ဖြစ် ကိုယ်ရှာတဲ့စီးပွားရေးကို ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ တို့ရှာတဲ့ စီးပွားရေးကို အကြောင်းပြုပြီးတော့ -ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့။ -ကျန်းမာရေးကိုလည်း မထိခိုက်ပါစေနဲ့။ -စီးပွားရေးကိုလည်း မထိခိုက်ပါစေနဲ့။ -ပညာရေးကိုလည်း မထိခိုက်ပါစေနဲ့။ မှန်မှန်ကန်ကန် တို့ ထုတ်လိုက်တဲ့ပစ္စည်းကို စားသုံးကြရတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ကျန်းကျန်းမာမာ ပျော်ရွှင်စွာနဲ့ လူ့ဘဝကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ကြပါစေ ဆိုတဲ့ စေတနာ၊မေတ္တာ ထားလိုက်ပါ။ ဒီ စေတနာ မေတ္တာ ထားလိုက်မယ်ဆိုရင် “အ,ဘယဒါန ဇီဝိတဒါန” အလှူတော်ကြီးကို နေ့စဉ် ပေးလှူနေတာပဲ ဖြစ်တယ်ပေါ့။ အလွန်မွန်မြတ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မမှန်ကန်တဲ့ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်းဟာ “ခိုးခြင်း ၂၅-ပါး” ထဲမှာ ပါဝင်နေတာ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်ပေါ့။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/536-2016-11-07-07-10-24.html
မိစ္ဆာအာဇီဝ မှန်သမျှမှ ရှောင်ကြဉ်ကြ
“ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် မိစ္ဆာအာဇီဝ မှန်သမျှမှ ရှောင်ကြဉ်ကြပြီး သမ္မာအာဇီဝနဲ့ အသက်မွေးကြဖို့….” ••••••••••••••••••••••••••••••••••••••••••• မဟုတ်မတရား အသက်မွေးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီဘဝမှာ လွှားလွှား လွှားလွှားနဲ့ စီးပွားဥစ္စာတွေ တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ အကုသိုလ်တွေ အကျိုးပေးလို့ ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွား နိုင်တယ်တဲ့။ ဒီသဘောတရားကိုလည်းပဲ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဘုန်းကြီးတို့တတွေဟာ ဗုဒ္ဓရဲ့တပည့်သာဝကတွေ ဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာတွေလည်း ရဟန်းသံဃာတွေအနေနဲ့၊လူဝတ်ကြောင်တွေလည်း လူဝတ်ကြောင်တွေအနေနဲ့ မှန်ကန်တဲ့နည်းနဲ့ အသက်မွေးကြဖို့ အရေးကြီးတယ်။ ရဟန်းတော်တွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒီဒေသနာတော်ဟောပြောရခြင်း အကြောင်းရင်း ဖြစ်တဲ့ ရဟန်းတော်တစ်ပါးဟာ ရှင်သာရိပုတ္တရာရဲ့ တပည့်သာဝတစ်ဦး ဖြစ်တယ်တဲ့။ သူ့ရဲ့အမည်ကို “စူဠသာရီ”လို့ ဖော်ပြထားတာ ရှိတယ်၊ အဲဒီ စူဠသာရီဆိုတဲ့ကိုယ်တော်က ဆေးပညာ အတတ် တတ်တယ်။တတ်သည့်အတွက်ကြောင့် ဘာလုပ်လဲ။မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကို ပစ္စည်းရလိုမှုနဲ့ ဆေးဖိုးဝါးခယူပြီးတော့ ဆေးကုတယ်။ ဆေးကုလို့ ရလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အသက်မွေးတယ်။ လူတွေဆိုရင်တော့ ဆေးကုပြီး အသက်မွေးတာ မကောင်းတဲ့အသက်မွေးမှု မဟုတ်ဘူး။စိတ်ထားတတ်လို့ ရှိရင် မြင့်မြတ်တဲ့အသက်မွေးမှုတောင် ဖြစ်တယ်။ သို့သော် ရဟန်းတော်တွေအနေနဲ့ ဆေးကုပြီး အသက်မွေးပြီဆိုလို့ရှိရင် “မမှန်ကန်တဲ့ အသက်မွေးမှု” လို့ ခေါ်တယ်။ “မိစ္ဆာအာဇီဝ” မှားယွင်းတဲ့ အသက်မွေးမှုလို့ ပြောတာ။ရဟန်းသံဃာတွေရဲ့ အသက်မွေးမှုဟာ တစ်အိမ်တစ်ဇွန်းဆွမ်းခံပြီး ရလာတဲ့ အစာအာဟာရ ပေါ်မှာ မှီခိုပြီးတော့ အသက်မွေးရတာ။ဒကာ၊ဒကာမတွေက သဒ္ဓါစစ်စစ်နဲ့ လှူတဲ့အလှူဒါနကို အလှူခံပြီး အသက်မွေးရတာ။ဒါဟာ ရဟန်းတော်တွေအဖို့ မှန်ကန်တဲ့ အသက်မွေးမှု “သမ္မာအာဇီဝ” လို့ ခေါ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဆေးကုလို့ ရောဂါဝေဒနာ ပျောက်သွားတဲ့ ဒကာဒကာမတွေက ကျေးဇူးတင်ပြီးတော့ ကျောင်းဆောက်လှူတယ်၊ သင်္ကန်းလှူတယ်၊ ဆွမ်းကွမ်းတွေ လှူတယ်။ ဒီလိုလှူဒါန်းမှုတွေဟာ “သဒ္ဓါ” နဲ့ မဟုတ်ဘူး။ ကျောင်းဆောက်လှူတာလည်း သဒ္ဓါနဲ့ မဟုတ်ဘူး။ သင်္ကန်းလှူတာလည်း သဒ္ဓါနဲ့ မဟုတ်ဘူး၊ ဆေးကုတယ် ဆိုတဲ့အကြောင်းကြောင့် လှူတယ်။ တခြားပစ္စည်းတွေ လှူတယ်ဆိုတာလည်းပဲ ဆေးကုပေးတယ်ဆိုတဲ့ အနေအထားနဲ့ လှူတာ။ သဒ္ဓါနဲ့ လှူတာ မဟုတ်ဘူး။ ကံ၊ကံ၏အကျိုးကို ယုံကြည်လို့ လှူတဲ့ အလှူကမှ သဒ္ဓါနဲ့ လှူတယ်လို့ ဒီလိုဆိုလိုတယ်။ ဒကာဒကာမတွေရဲ့ သဒ္ဓါတရားဟာ ပျက်စီးသွားတယ် လို့ ဒီလိုဆိုလိုတယ်။အဲဒီလို ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း စတဲ့ တခြားနည်းလမ်းတွေနဲ့ ဘုန်းကြီးတွေ အသက်မွေးမယ်ဆိုလို့ရှိရင် မှားယွင်းတဲ့ အသက်မွေးနည်း၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့ ပစ္စည်းလေးပါးဟာ မှန်ကန်သောနည်းလမ်းနဲ့သာ ရသင့်တယ်။မှန်ကန်သောနည်းလမ်း မဟုတ်ဘဲနဲ့ -ဒကာဒကာမတွေကို မြှောက်ပင့် ပေါင်းသင်း ဆက်ဆံခြင်း၊ -မကြည်ညို ကြည်ညိုအောင် လုပ်ခြင်း၊ -ဗေဒင်ဟောခြင်း စတဲ့နည်းတွေနဲ့ ရလာတဲ့ပစ္စည်းတွေဟာ “ဗုဒ္ဓ ပဋိကုဋ္ဌ” မြတ်စွာဘုရားကိုယ်တိုင်က စက်ဆုပ်တယ်တဲ့။ဒီနည်းနဲ့အသက်မွေးတာဟာ ရဟန်းတော်တွေအတွက် မှားယွင်းတဲ့အသက်မွေးမှု ဖြစ်တယ်ပေါ့။ အဲဒီလို အသက်မွေးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးတုံးဆို “အဟိရိက” - ဒုစရိုက်နဲ့ အသက်မွေးရမှာ မရှက်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်တယ်ပေါ့။ အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်လာလို့ရှိရင် ရဟန်းအတွက် နစ်မွန်းဖို့ပဲ ဖြစ်တယ်ပေါ့။ ထို့အတူပဲ လောကမှာ လူတွေ မမှန်မကန်တဲ့နည်းနဲ့ စီးပွားရှာပြီဆိုလို့ရှိရင် ခိုးခြင်း ၂၅-ပါးထဲမှာ အပါအဝင် ဖြစ်တဲ့ အဒိန္နာဒါန တွင်တွင်ကြီး လုပ်နေသည့် အတွက်ကြောင့် ထိုပုဂ္ဂိုလ်ရဲ့ စီးပွားတက်မှုသည် မှန်ကန်တဲ့နည်းလမ်းနဲ့ စီးပွားတက်လာတာ မဟုတ်ဘူး။ သမာအာဇီဝ မဟုတ်ဘူး။မိစ္ဆာအာဇီဝနဲ့ စီးပွားရှာတာ ဖြစ်သောကြောင့် နေ့စဉ်နဲ့အမျှ စီးပွားရှာတာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေ ဖြစ်နေမယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာရဲ့ တပည့်တစ်ပါးဖြစ်တဲ့ စူဠသာရီဆိုတဲ့ကိုယ်တော်က ဆေးကုပြီးတော့ ဒကာ၊ဒကာမတွေက ကြည်ညိုလို့ ဆွမ်းကောင်းကောင်း လှူတဲ့အခါမှာ ရှင်သာရိပုတ္တရာကို သွားလှူသတဲ့။ အင်မတန်ကောင်းမြတ်တဲ့၊တန်ဖိုးကြီးတဲ့၊အရသာရှိတဲ့ အစာအာဟာရကို ရှင်သာရိပုတ္တရာလှူပြီးတော့ ဘာပြောတုံးဆို ဒီမွန်မြတ်တဲ့ဘောဇဉ်ဟာ သူ ဆေးကုလို့ ရတာ ဖြစ်တယ်ပေါ့။ အရှင်ဘုရားကို တပည့်တော် ကြည်ညိုတယ်။ လေးစားတယ်၊ ဒါကြောင့်မို့ တစ်သက်လုံး တပည့်တော်က ဆေးကုပြီးတော့ လုပ်ကျွေးပါ့မယ်လို့ လျှောက်တယ်။ ရှင်သာရိပုတ္တရာက ကောင်းတယ်၊ဆိုးတယ် မပြောတော့ဘူး။သူ့ကို အဖက်လုပ်ပြီးတော့တောင် စကားမပြောတော့ဘူး။ဘယ်အရာကိုမှ ငဲ့ကွက်ခြင်း မရှိဘဲ စွန့်ပစ်ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က ဆွမ်းခံပဲ ကြွသွားတယ်။ သူပြောတာတွေ တစ်ခုမှ လက်မခံဘူး။ ရှေးက ရဟန်းတော်ကြီးတွေဆိုတာ စင်ကြယ်သန့်ရှင်းတဲ့ ပစ္စည်းလေးပါးကိုသာ သုံးစွဲလေ့ ရှိကြတယ်။ အင်မတန်မှ ဆင်ခြင်တတ်ကြတယ်။ မမှန်မကန်တဲ့နည်းနဲ့ ရလာပြီဆိုရင် လုံးဝလက်ခံလေ့ မရှိကြဘူး။ တစ်ခါတုန်းက ရှင်သာရိပုတ္တရာမထေရ်မြတ် တောထဲမှာနေရင်း လေနာရောဂါထတယ်။ အတူနေဖက်ဖြစ်တဲ့ ရှင်မောဂ္ဂလာန်က “အရှင်ဘုရား လေနာရောဂါ ဘာနဲ့ ပျောက်ဖူးတုန်း။” ဆိုတော့ “အိမ်မှာ နေတုန်းကတော့ မယ်တော်ကြီးက နို့ယာဂုလေး ချက်ပြီး အဲဒီထဲမှာ သကာခဲလေး ခပ်ထားတယ်.အဲဒီချိုချိုလေး သောက်လိုက်ရရင် လေနာရောဂါ ပျောက်သွားဖူးတယ်။” လို့ နှစ်ပါးဒီလို ပြောကြတယ်။ရှင်မောဂ္ဂလာန်က နက်ဖြန်ခါ သူ ဆွမ်းခံကြွသွားလို့ အရှင်ဘုရား ဘုန်းကံကြီးရင်တော့ ရလာမှာပဲလို့ ပြောပြီး ဆွမ်းခံကြွသွားတယ်။နှစ်ပါး ည တိုးတိုးပြောတာကို သူတို့ အနီးအပါးမှာရှိတဲ့ ရုက္ခစိုးနတ်က ကြားသွားတယ်။ ကြားသွားပြီး ဘာလုပ်တုံးဆိုတော့ ရှင်သာရိပုတ္တရာကို ကြည်ညိုတဲ့ ဒကာအိမ် သွားပြီး ကလေးကို ဝင်ပူးတယ်။ဝင်ပူးတော့ နတ်မေးတဲ့သူက မေးတယ်။ ဘာဖြစ်လို့ ဝင်ပူးတာတုန်း။ ဘာလုပ်လို့ရှိရင် ကျေနပ်မတုန်းဆိုတဲ့အခါ မနက်ဖြန် ရှင်သာရိပုတ္တရာအတွက် နို့ဃနာချက်ပြီးတော့ သကာခဲလေး ခပ်ပေးတဲ့အစာကို လှူမယ်ဆိုရင် ဒီကလေးကို ပကတိအတိုင်း ပျောက်စေမယ် လို့ ပြောပြီးတော့နတ်က ထွက်သွားတယ်။ အဲဒီမှာ လူတွေကလည်း ရှင်သာရိပုတ္တရာဆိုတာ တို့အိမ်မှာ အမြဲတမ်း ဆွမ်းခံကြွနေတဲ့ မထေရ်မြတ် ဖြစ်တယ်။အမြဲတမ်း လှူဒါန်းနေတာ။ဒါ ဝန်မလေးဘူး။ လို့ ဆိုပြီးတော့ အဲဒီအစားအစာကို ကြိုတင်ပြီး လုပ်ထားကြတယ်။ မနက်ကျတော့ ရှင်မောဂ္ဂလာန်လည်း ကြွလာရော ရှင်မောဂ္ဂလာန်ကို လှူတယ်၊ ရှင်မောဂ္ဂလာန်က ယူသွားမလို့ လုပ်တော့ “အရှင်ဘုရား နောက်ထပ် လှူလိုက်ပါ့မယ်။ အခုဟာကို ဘုဉ်းပေးပါ။”ဆိုတော့ ရှင်မောဂ္ဂလာန်က အဲဒီမှာ ဘုဉ်းပေးလိုက်တယ်၊ ရှင်သာရိပုတ္တရာအတွက် သပိတ်ထဲ ထည့်ပြီးတော့ လှူလိုက်တယ်။ ရှင်မောဂ္ဂလာန်က အဲဒီသပိတ်ကို ယူသွားပြီး ရှင်သာရိပုတ္တရာကို “ငါ့ ရှင်သာရိပုတ္တရာ - သင့်ရောဂါနဲ့တည့်တဲ့ ဟောဒီအစာကို ရခဲ့ပြီ။”ဆိုပြီး ရှင်သာရိပုတ္တရာကို လှမ်းပေးတယ်။ အဲဒီအခါမှာ ရှင်သာရိပုတ္တရာက စဉ်းစားတယ်။ လွယ်လှချည်လားပေါ့။ ဘယ်လိုနည်းနဲ့ ရလာပါလိမ့်လို့ စဉ်းစားတယ်။ ရှင်မောဂ္ဂလာန်ပေါ်မှာ သံသယဖြစ်လို့ စဉ်းစားတာ မဟုတ်ဘူး။ “တို့ ညက ပြောတဲ့အတိုင်း ရနေပါလား၊ ဘာကြောင့် ဒီလိုဖြစ်ရတာတုန်း။” လို့ ကြည့်တဲ့အခါ ညက နတ်ဝင်ပူးပြီးတော့ ပြောသွားတာကို တွေ့လိုက်ရတယ်။ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ရှင်မောဂ္ဂလာန်ကို ပြောတယ် “ငါ့ရှင်မောဂ္ဂလာန် ဒီအစာဟာ မစင်ကြယ်ဘူး။” လို့ ပြောတယ်၊ အဲလိုလည်း ပြောလိုက်ရော ရှင်မောဂ္ဂလာန်က သပိတ်ကို ယူပြီး ချက်ချင်း သွန်ပစ်လိုက်တယ်၊ ရှင်မောဂ္ဂလာန်ဆိုတာ စိတ်ကလည်း ခပ်ဆတ်ဆတ်၊ မစင်ကြယ်ဘူးလို့ ပြောတာနဲ့ ချက်ချင်းသွန်ပစ်လိုက်တယ်။ အဲဒီမှာ ရှင်သာရိပုတ္တရာက ဘာပြောတုံးဆိုရင် “သူ့ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့အူတွေ လေနာရောဂါကြောင့် ပြတ်ချင်ပြတ်ထွက်ပါစေ။အခုလို မစင်ကြယ်တဲ့ အစာအာဟာရမျိုးကို သူမစားပါဘူး။” လို့ ဒီလို ရင့်ကျူးလိုက်တယ်။ ရှင်မောဂ္ဂလာန်က သပိတ်ထဲက နို့ဃနာတွေ သွန်ပစ်လိုက်လို့ သပိတ်ထဲက နို့ဃနာတွေ မြေကြီးပေါ်လည်း ကျလိုက်ရော ရှင်သာရိပုတ္တရာမှာ ဖြစ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့။ ဒီလို မှတ်တမ်းတစ်ခု ရှိတယ်ပေါ့။ အဲဒီတော့ ရဟန်းတော်တွေဟာ အင်မတန်မှ သန့်ရှင်းစင်ကြယ်တဲ့ အစာအာဟာရမျိုး ပစ္စည်းမျိုးကိုသာ သုံးစွဲလေ့ ရှိကြတယ်။အဲဒီလို မဟုတ်ဘဲနဲ့ မိစ္ဆာ အာဇီဝနည်းနဲ့ ရလာတာဆိုရင် လုံးဝရှောင်ကြဉ်ကြတယ်တဲ့။ ထို့အတူပဲ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အနေနဲ့လည်း မိမိတို့ စီးပွားရေးလုပ်ကြတဲ့အခါမှာ ကောင်းရောင်းကောင်းဝယ် မှန်မှန်ကန်ကန် ပစ္စည်းမျိုးနဲ့သာ အရောင်းအဝယ် ပြုသင့်တယ်ပေါ့။ အဲဒီလို အရောင်းအဝယ်ပြုခြင်းအားဖြင့် မိမိပစ္စည်းကို အသုံးပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါဝေဒနာမှ ကင်းရှင်းကြပါစေ၊ အသက်ရှည်ကြပါစေ၊ ဘေးရန်အန္တရာယ်တွေမှ ကင်းရှင်းကြပါစေလို့ ဒီလို မေတ္တာတရား ရှေ့ထားပြီး ဆောင်ရွက် လုပ်ကိုင်ကြမယ်။မှန်မှန်ကန်ကန်ပဲ ရောင်းတယ် ၊ ဝယ်တယ်၊ ဆေးဝါးအတုတွေ မလုပ်ဘူး။ အစားအစာထဲမှာ အန္တရာယ်ရှိတာတွေ မထည့်ဘူး။ ကော်ဖီမစ်ဆိုရင်လည်း ကော်ဖီပဲ ထည့်တယ်။ မဟုတ်တာတွေ မထည့်ဘူး၊ ဒီလိုပေါ့လေ။ မြန်မာပြည်မှာက မဟုတ်တာတွေ တော်တော် များတယ်။ဖရဲသီးတောင်မှ saline သွင်းတဲ့ အပ်နဲ့ ချိတ်ပြီးတော့ ချိုအောင်လို့၊ ကြည့်လိုက်ရင် ရဲနေအောင်လို့ ဒီလိုလုပ်ထားကြတယ်ဆိုတာ ကြားနေရတယ်ပေါ့။ ဘယ်အစားအစာပဲဖြစ်ဖြစ် လူကြိုက်အောင် အယောင်ဆောင်ပြီးတော့ မမှန်မကန်တာတွေ မချိုတာကို ချိုတယ် ထင်အောင်၊မလှတာကို လှတယ် ထင်အောင် ပြုပြင် ဆေးတွေ သုံးနေကြတယ်။ လူတွေ အန္တရာယ်ရှိမှန်း သိရင် မလုပ်သင့်ဘူး။ ရှောင်ကြဉ်သင့်တယ်ပေါ့။ အဲဒီလို မရှောင်ဘဲနဲ့ ဆက်ပြီးတော့ လုပ်နေမယ်၊ သိသိကြီးနဲ့ လုပ်နေမယ်ဆိုရင်တော့ ခုနက မေတ္တာတွေ ပျက်စီးလာတဲ့အတွက်ကြောင့် မိမိတို့ ကိုယ်တိုင်က ခိုးခြင်း ၂၅-ပါးထဲမှာပါဝင်တဲ့ အဒိန္နာဒါနကံကြီးကို ကျူးလွန်ပြီး ဖြစ်လိမ့်မယ်။ လူတွေ ဒုက္ခရောက်အောင် လုပ်တယ်ဆိုတဲ့ ပြစ်မှုနဲ့ အကုသိုလ်တရားတွေ ဖြစ်ပွားပြီး မိမိကိုယ်ကို တုန့်ပြန် ဖိစီးနှိပ်စက်လာမှာပဲ ဖြစ်တယ်ပေါ့။ လူ့ဘဝရရှိလာတဲ့အခါ သမုဒ္ဒရာဝမ်းတစ်ထွာကို အစာအာဟာရအနေနဲ့ ရှာဖွေဖြည့်တင်းရုံသာ ဖြည့်တင်းသင့်တယ်ပေါ့၊ အကုသိုလ်အမှုတွေကို အသုံးပြုပြီးတော့ မိမိသန္တာန်မှာ ဒုက္ခရောက်စေနိုင်တဲ့ အကုသိုလ်တရားတွေကိုတော့ မဖြည့်တင်းသင့်ဘူး။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကို ကြည်ညိုလေးစား အားထားကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် မိစ္ဆာအာဇီဝ မှန်သမျှမှ ရှောင်ကြဉ်ကြပြီး သမ္မာအာဇီဝနဲ့ အသက်မွေးကြဖို့ အင်မတန်မှ ကောင်းပါတယ်။ သမ္မာအာဇီဝဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ သီလမဂ္ဂင်မှာပါတဲ့ တရားမြတ်ဖြစ်သည့်အတွက်ကြောင့် နိဗ္ဗာန်ကို သွားတဲ့ အခါမှာ အရေးပါတဲ့နေရာမှာ ရှိတယ်။ ဒီအချက်ကို ကိုယ်စီ ကိုယ်စီ သဘောကျပြီး “သမ္မာအာဇီဝဖြင့် အသက်မွေးနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/537-2016-11-07-07-09-42.html
“အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး”
“အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး” ••••••••••••••••••••••••••••••••••••••••••• ဓမ္မမှတ်ကျောက်-မှတ်ကျောက်ဆိုတာ ရွှေစစ်၊ မစစ်ဆိုတာကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတယ်။ အင်္ဂလိပ် criteria လို့ခေါ်တယ်။ ရွှေစစ်၊ မစစ် မှတ်ကျောက်တင်ပြီးကြည့်ရသလို ဓမ္မနဲ့ပတ်သက်လို့ရှိရင် မြတ်စွာဘုရားဟောတဲ့တရား ဟုတ်၊မဟုတ် ဓမ္မမှတ်ကျောက်မှာ တင်ပြီးတော့ ကြည့်ရတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင်က ဓမ္မမှတ်ကျောက်အနေနဲ့ ဟောထားတဲ့သုတ္တန်တွေ ရှိတယ်။ တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့တရား သူကိုယ်တိုင် ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဘယ်စာထဲမှာ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ပြောဆိုကြတဲ့ အခါ ကျန်တစ်ဖက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြတယ်။ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်ပွားကြတယ်။ ဖြစ်လည်း ဖြစ်ပွားခဲ့ဖူးတယ်။ မြတ်စွာဘုရားလက်ထက်တော်တုန်းက အမှန်တရားနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အမြောက်အများ ရှိခဲ့တယ်။ အဲဒီလို အငြင်းပွားတာဟာ ကောင်းလား? မကောင်းဘူးလား?ဆိုတော့ မြတ်စွာဘုရားက “မကောင်းဘူး” တဲ့။ ဘာဖြစ်လဲဆိုတော့ အငြင်းပွားလို့ရှိရင် အကုသိုလ်ဖြစ်တယ်။ အဲဒီတော့ မငြင်းနဲ့။ ဓမ္မမှတ်ကျောက်လေး ကိုယ်စီ ကိုင်ထားပြီးတော့ ရွှေစစ်၊မစစ်သိချင်ရင် မှတ်ကျောက်တင်ပြီးတော့ ကြည့်ရသလို မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေကို ကြည့်ပြီးတော့ တို့သိထားတဲ့တရားဟာ ဘုရားဟောကြားထားတဲ့တရားလား၊ တို့သိထားတဲ့အကြောင်းအရာဟာ ပိဋကတ် ၃-ပုံထဲမှာ ပါတဲ့ဓမ္မစစ်လားဆိုတာ သိချင်ရင် ဒီမှတ်ကျောက်လေးနဲ့ တိုက်ကြည့်ရတယ်။ ကိုယ့်ရဲ့အရည်အသွေးကို သိချင်ရင်လည်း ဒီဓမ္မမှတ်ကျောက်ပေါ်တင်ပြီး ကြည့်ရတယ်။ မြတ်စွာဘုရားက “ဝိဝါဒံ ဘယတော ဒိသွာ အဝိဝါဒဥ္စ ခေမတော” ဝိဝါဒ ဆိုတာကိုယ်က တစ်မျိုးပြောတယ်။ သူက တစ်မျိုးပြောတယ်။ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့အပြော ၂-ခုပေါ်မူတည်ပြီး သူ့ဟာ မှန်တယ်၊ ငါ့ဟာ မှန်တယ်ဆိုပြီး ဖြစ်ပေါ်မလားဘူးလား။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး သူမှန်တယ်၊ ငါမှန်တယ်လို့ အငြင်းပွားနေရင် ဘာဖြစ်လဲဆိုရင် အကုသိုလ်တွေ ဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ ဝိဝါဒမှာ “ဝိဝါဒ”ဆိုတာ ထူးခြားပြီး တစ်ဦးနဲ့တစ်ဦးမတူတဲ့ “ဝါဒ”ဆိုတာ ပြောတာ၊ အဲဒီတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ ဘယ ကြောက်စရာကောင်းတယ်။ ဘာပြုလို့ ကြောက်စရာကောင်းလဲဆိုရင် အကုသိုလ် ဖြစ်လာနိုင်လို့ ဓမ္မနဲ့ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး။ ဘာကို အကြောင်းပြုပြု၊ အကုသိုလ် မဖြစ်သင့်ဘူး။ တချို့လူတွေက ပြောတယ်။ ကရုဏာနဲ့ပြောတဲ့ဒေါသ၊ စေတနာနဲ့ပြောတဲ့ဒေါသ၊ အပြစ်မရှိသယောင်ယောင်ပြောတယ်။ ကောင်းကျိုးလိုလားတဲ့စေတနာထားပေမယ့် ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။ နှစ်ပို်င်းခွဲပြီး မှတ်ရမယ်။ ကရုဏာဒေါသ-ကရုဏာကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒေါသ၊ ကရုဏာက ကောင်းတယ်၊ ဒေါသက မကောင်းဘူး။ အကောင်းအဆိုးရောမနေဘူးလား။ ဒေါသဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် အကောင်း တရားမဟုတ်ဘူး။ အဆိုးတရား။ ဒေါသဆိုတဲ့အဓိပ္ပါယ်က “ဖျက်ဆီးခြင်း”လို့အဓိပ္ပါယ်ရတယ်။ ဘာတွေ ဖျက်ဆီးပစ်တာလဲဆိုတော့ ဒေါသဖြစ်လာတဲ့ ပုဂ္ဂိုလ်ရဲ့အခြေအနေတွေဟာ ပျက်စီးမသွားဘူးလား။ နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ။ ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး။ စိတ်ဓာတ်ကိုသာ ဖျက်ဆီးတာ မဟုတ်ဘူး။ ရုပ်ကိုလည်း ဖျက်ဆီးတယ်။ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကို ကြည့်ပေါ့။ ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာသည် အရုပ်ဆိုး အကျည်းတန်သွားတယ်။ ပင်ကိုယ်က ကြည့်ပျော်ရှုပျော်ရှိတဲ့ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့မျက်နှာက ကြည့်ပျော် ရှုပျော် ရှိပါ့မလား။ မရှိဘူးဆိုတော့ ဒေါသဟာ ရုပ်ကိုလည်း ပျက်စီးစေတယ်။ ဒီထက်ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။ ပြောတဲ့စကားကလည်း မကြားဝံ့မနာသာဖြစ်တယ်။ လုပ်တဲ့အလုပ်ကလည်း ကြောက်စရာကောင်းတယ်။ ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/538-2016-11-07-07-09-18.html
ဥပနိဿယ ပစ္စယော
ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ ဥပနိဿယ ပစ္စယော လို့ဟောထားတာ ရှိတယ်။ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်။ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်။ ဖြစ်စေတယ်ဆိုတာ အကြောင်းပြုတာကို ပြောတာ။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်။ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်။ အကုသိုလ်ကို အကြောင်းပြုပြီး တော့လည်း ကုသိုလ်ဖြစ်တယ်။ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်ရင် ကောင်းတယ်။ ❖ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် ကုသိုလ်ဖြစ်တာ ကောင်းတယ်။ ဥပမာ - ဒေါသဖြစ်ပြီး ကိုယ့်စိတ် ကိုယ် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး သတိရလာရင် ဒေါသဟာ မကောင်းပါလားလို့ ပြန်တွေးလာမယ်။ ဒေါသကို ပြန်တွေးပြီး ဒေါသမဖြစ်အောင် ထိန်းမှပဲ လို့ ကုသိုလ်စိတ်ဖြစ်သွားတယ်။ ❖ဒေါသကတော့ အကုသိုလ်စိတ်ပဲ။ အဲဒါကတော့ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်တယ်လို့ ပြောတာ။ အကြမ်းဖျဉ်းပေါ့။ ❖ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာ ရှိတယ်။ ဒါနကောင်းမှုလုပ်ပြီးတော့ “အော် လှူမိတာ ငါမှားလိုက်လေခြင်း”လို့ စိတ်ဖြစ်တယ်။ “ဒါန” က ကုသိုလ်၊ “လှူမိတာ ငါမှားလိုက်လေခြင်း”ဆိုတာက အကုသိုလ်။ ကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း အကုသိုလ် ဖြစ်တယ်။ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်။သို့သော် ဘုန်းကြီးတို့တစ်တွေ မှတ်သားရမှာကတော့ ကုသိုလ်ဖြစ်တာ ကောင်းတယ်။ အကုသိုလ်ဖြစ်တာ ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် မကောင်းဘူး။ ❖တချို့က ကရုဏာဒေါသကို အကောင်းပြောချင်တယ်။ ဘာဒေါသမှ မကောင်းဘူး။ အကျိုးလိုလားလို့ ပြောတဲ့ ဒေါသလည်း မကောင်းဘူး။ အကျိုးလိုလားတာက မေတ္တာစိတ်၊ တစ်ဖက်သားအပေါ်မှာ ငဲ့ညာတယ်၊ ကြင်နာတယ် ဆိုတာက ကရုဏာ။ အားမလိုအားမရဖြစ်တာက ဒေါသ။ ဒေါသထွက်ရင် မကောင်းဘူးပေါ့။ အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ထိန်းရမှာက ဘာလဲဆိုရင် အကုသိုလ်ပဲ။ အမှန်တရားတစ်ခုပေါ်မှာ အငြင်းပွားပြီး သူနိုင်ငါရှုံး ငြင်းလာကြပြီဆိုရင် အကုသိုလ်တွေ ဆက်တိုက်၊ဆက်တိုက် ဖြစ်လာကြတယ်။ မကျေနပ်တဲ့အတိုင်းအတာအလိုက် အကုသိုလ်တွေ ဖြစ်လာတယ်။အသိုင်းအဝိုင်းနဲ့ဖြစ်လာတယ်။ အဲဒီလို အငြင်းပွားလာကြပြီဆိုရင် သူ့ဘက်၊ ကိုယ့်ဘက် ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝိဝါဒ” မတူညီတဲ့အပြောတွေဟာ “ဘယ”ကြောက်ဖို့ကောင်းတယ်။ ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင် ပြဿနာတွေ နောက်က တသီကြီးလိုက်လာလို့ပဲ။ ဒါ့ကြောင့် ဝိဝါဒဆိုတာကို ရှောင်ရမယ်။ “အဝိဝါဒဥ္စ ခေမတော”ဝိဝါဒကင်းပြီဆိုရင်အင်မတန်မှ ငြိမ်းချမ်းတယ်။ဒါကြောင့်မို့ မြတ်စွာ ဘုရားက သမဂ္ဂါ -ညီညွှတ်ကြ၊ “သခိလိလာ” -တစ်ဦးနဲ့တစ်ဦး ပြေပြေပြစြ်ပစ် ဆက်ဆံကြ၊ “သမဂ္ဂါ သခိလာ ဟောထ- ညီညီညွှတ်ညွှတ် ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်လို့ “ဧသော ဗုဒ္ဓါနုသာသနီ” ဒါဟာ ဘုရားသခင်ရဲ့ အဆုံးအမပဲလို့ ဘယ်လောက်ကောင်းတဲ့တရားလဲ။ စဉ်းစားကြည့်ကြပေါ့။ ဘုန်းကြီးတို့တစ်တွေ အငြင်းပွားစရာ ကြုံလာလို့ရှိရင် မငြင်းကြဖို့ ဒါပါပဲလေ။ အငြင်းပွားစရာကတော့ မကြုံဘဲ မနေဘူး ကြုံလာမှာပဲလေ။ ကိုယ်သိထားတာနဲ့ ကိုယ့်ကို ပြောလာတဲ့ ပုဂ္ဂိုလ်က အမှန်တရားလို့ပြောတာနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကိုယ့်မှာ မှတ်ကျောက်ကလေးတော့ ရှိထားသင့်တယ်။ ပြောတဲ့လူကလည်း သူ့ရွှေကို ရွှေအစစ်ပါလို့ ပြောလိမ့်မယ်။ အဲဒီလို ပြောလာလို့ရှိရင် သူ့စကားကို လက်မခံနဲ့ဦး။ မယုံနဲ့ဦး။ မင်းရွှေကြီးက အတုကြီးပါလို့လည်း မငြင်းနဲ့။ ဘာလုပ်မလဲ? မှတ်ကျောက်ပေါ် တင်ကြည့်လိုက်။ မှတ်ကျောက်ကနေ အဖြေထုတ်ပေးလိမ့်မယ်။ ဟုတ်တယ်မို့လား။ အဲဒီရတဲ့အဖြေအတိုင်းပဲပေါ့။ ရွှေမစစ်ဘူးဆိုရင် လက်မခံနဲ့ပေါ့။ ရွှေစစ်ရင် လက်ခံလိုက်ရုံပေါ့။ အဲဒီသဘောမျိုးပဲ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်မှာ အငြင်းပွားနေကြတာတွေ ရှိတယ်။ အငြင်းမပွားစေချင်ဘူး။ ဓမ္မနဲ့ပတ်သက်ပြီးတော့ အငြင်းပွားတာ ပိုဆိုးတယ်။ ကုသိုလ်ဖြစ်ရမယ့်အစား အကုသိုလ်ဖြစ်တယ်။ အဓမ္မနဲ့ပတ်သက်ပြီး အငြင်းပွားတာကတော့ နဂိုတတည်းက မကောင်းတာ။ အငြင်းပွားတာဟာ ခုမှရှိတာ မဟုတ်ဘူး။ မြတ်စွာဘုရားလက်ထက်ကတည်းက ရှိတာ။ သာသနာတော်မှာ အယူအဆတွေကွဲလွဲပြီး အငြင်းပွားခဲ့တာတွေ မြောက်များစွာရှိတယ်။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/539-2016-11-07-07-08-07.html
“ကိုယ်ကျင့်မကောင်းရင် လူ့မစင်”
“ကိုယ်ကျင့်မကောင်းရင် လူ့မစင်” ••••••••••••••••••••••••••••• ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက် နောက် အရည်အသွေးတစ်ခုကတော့ “စက်ဆုပ်ဖွယ်အပြုအမူများ ကင်းရှင်းခြင်း၊ သို့မဟုတ် စက်ဆုပ်စရာမကောင်းခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။ စက်ဆုပ်ဖွယ်အပြုအမူဆိုတာ ကိုယ်ကျင့်သီလ ကင်းမဲ့ခြင်း၊ သီလမလုံခြုံခြင်းပါပဲ။ သီလမရှိတဲ့သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ မစင်အညစ်အကြေးလိုပဲ စက်ဆုပ်စရာ၊ ရွံရှာစရာ ကောင်းပါတယ်။ သီလမရှိတဲ့သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူရဲ့ အနားကိုလည်း ဘယ်သူမှ မကပ်ချင်ကြဘူး။ လူတွေက အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ ကိုယ်က ကောင်းနေပေမယ့် သူကမကောင်းတော့ ကိုယ့်ကိုလည်း မကောင်းဘူးလို့ သူများက ထင်မှာပဲ စသည်အားဖြင့် တွေးပြီးတော့ အပေါင်းအသင်း မလုပ်ချင်ကြဘူး။ လူကိုမုန်းလို့တော့ မဟုတ်ပါဘူး။ သီလပျက်မှုကို စက်ဆုပ်လို့ပါ။ ဒါ့ကြောင့် သီလပျက်ခြင်းကို စက်ဆုပ်စရာကောင်းတဲ့ အပြုအမူလို့ ခေါ်ပါတယ်။ သီလမစင်ကြယ်တဲ့သူကို သူလို သီလမစင်ကြယ်တဲ့သူ အချင်းချင်းက မစက်ဆုပ်ပေမယ့် သီလ စင်ကြယ်တဲ့သူတွေ၊ ပညာရှိသူတော်ကောင်းတွေ ကတော့ အင်မတန် စက်ဆုပ်ကြပါတယ်။ လောကမှာ “ရွံစရာ” လို့ အသက်မှတ်ခံထားရတဲ့ အရာတွေထဲမှာ ပညာရှိသူတော်ကောင်းတွေက သတ်မှတ်ထားတဲ့ “ရွံစရာ” ကတော့ တကယ့် ရွံစရာအစစ်ပါပဲ။ တခြားရွံစရာတွေက ကိုယ်မကြိုက်လို့ ရွံတာ။ ကိုယ်မုန်းလို့ ရွံတာတွေပါ။ သဘာဝအရ တကယ် ရွံစရာ အစစ်အမှတ် ဟုတ်ချင်မှ ဟုတ်တာပါ။ ပညာရှိသူတော်ကောင်းတွေ သတ်မှတ်ထားတဲ့ “ရွံစရာ” ကတော့ ကိုယ်မကြိုက်လို့၊ ကိုယ်မုန်းလို့ရွံတာ မဟုတ်ပါဘူး။ သဘာဝတရားအရကိုက တကယ့်ရွံစရာ အစစ်အမှန် ဖြစ်နေတာပါ။ ဒေါသ၊ မာနနဲ့ ရွံတာမဟုတ်ပါဘူး။ သတိ၊ ပညာနဲ့ ရွံတာပါ။ သီလမစင်ကြယ်ခြင်းကို ရွံစရာအကောင်းဆုံးလို့ ပညာရှိသူတော်ကောင်းတွေက တစ်ခဲနက် အတည်ပြု သတ်မှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ သီလမစင်ကြယ်တဲ့သူဟာ ကိုယ့်ဘဝကိုလည်း ဖျက်ဆီးတတ်သလို ပတ်ဝန်းကျင် လူသားတွေရဲ့ ဘဝကိုလည်း ဖျက်ဆီးတတ်လို့ပါပဲ။ သမာဓိ၊ ပညာ မပြည့်စုံရုံနဲ့ အပါယ်မကျနိုင်ပါဘူး။ သီလမပြည့်စုံရင်တော့ အပါယ်ကျမှာပါ။ သမာဓိ၊ ပညာမပြည့်စုံရုံနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်ပါဘူး။ သီလ မပြည့်စုံရင်တော့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။ သီလဆိုတာ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းရတာပါ။ ကိုယ်အလုပ် နှုတ်အပြောမှန်သမျှ အကောင်းတွေချည်း ဖြစ်အောင် ဖန်တီးရတာပါ။ ဒါဆိုရင် သီလမစင်ကြယ်သူရဲ့ ကိုယ်အလုပ်၊ နှုတ်အပြောတွေဟာ မကောင်းတာတွေချည်း၊ ဆိုးတာတွေချည်း ဖြစ်နေတော့မှာပဲပေါ့။ မကောင်းတာလုပ်၊ မကောင်းတာပြောနေသူရဲ့ စိတ်ဟာ ဘယ်တော့မှ အေးချမ်းမှု မရနိုင်သလို ပတ်ဝန်းကျင်ရဲ့ မေတ္တာတုံ့ပြန်မှုကိုလည်း မခံစားရတဲ့အတွက် သူ့ရဲ့ဘဝဟာ ပူလောင်လွန်းလှပါတယ်။ စက်ဆုပ်ဖွယ် အပြု၊ အပြောတွေ ကင်းရှင်းတဲ့အတွက် သီလစင်ကြယ်နေပြီဆိုရင်တော့ ကိုယ်တိုင်လည်း စိတ်အေးချမ်းရသလို ပတ်ဝန်းကျင်ရဲ့ မေတ္တာတုံ့ပြန်မှုကိုလည်း ခံစားရတဲ့အတွက် ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ပါပြီ။။ “အနှစ်ချုပ်အားဖြင့်” ကိုယ့်ကို သိပ်ချစ်တဲ့သူကလည်း ကိုယ့်ရဲ့ကိုယ်ကျင့်သီလချွတ်ယွင်းမှု တစ်ခုခုကို မြင််တွေ့သွားတာနဲ့ အချစ်ပေါ့၊ အချစ်လျော့သွားနိုင်ပါတယ်။ ကိုယ်ကသာ သီလမလုံရင်နေမယ် သူတစ်ပါး သီလလုံတာကိုတော့ လူတိုင်း ကြိုက်နှစ်သက်ကြတာပါပဲ။ ။ 【ဆရာတော်အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ】
https://www.dhammaransi.com/index.php/new/540-2016-11-07-07-07-35.html
လူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေ
မြန်မာပြည်မှာ လူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေ၊သာသနာတော်နဲ့ ကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေ၊မြန်မာပြည်မှာနေတဲ့ ပုဂ္ဂိုလ်တွေ အင်မတန်ကံကောင်းကြတယ်။ ဘာလို့ကံကောင်းကြလဲဆိုရင် မြန်မာပြည်မှာ ရှိတဲ့ထေရဝါဒက မြတ်စွာဘုရားလက်ထက်က ဘုရားရှင်ကိုယ်တိုင် ဟောခဲ့တဲ့တရားတွေကို ရှင်မဟာကဿပတို့ကမူချပြီး ထိန်းသိမ်းခဲ့တဲ့ တရားတွေ ဖြစ်တယ်။ လုံးဝပြုပြင်မှုမရှိဘူး။ ဘုရားတရားတော်အတို်င်း ထားခဲ့တယ်။ အကယ်၍သာ ပြင်ခဲ့ရင် လူတွေဟာ အစစ်ဆိုတာ တွေ့ဖူးမှာ မဟုတ်တော့ဘူး။ မဟာယာနသာသနာထွန်းကားတဲ့ကိုးရီးယားနိုင်ငံတို့ ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး စာပေလေ့လာတယ်။မြန်မာပြည်က တရားဓမ္မတွေကို လာအားထုတ်ကြလို့ သဘောပေါက်ကြတယ်။ သဘောပေါက်ကြသည့် အတွက်ကြောင့် တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေ ပွင့်ပွင့်လင်းလင်း ပြောတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊ ကိုယ့်ဟာလေး ကိုယ်အထင်ကြီးနေကြတာပဲ။ လူဆိုတာက စွန့်ပစ်နိုင်ခဲတယ်လေ။ ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို စွန့်နိုင်ခဲတယ်။ ဘုန်းကြီးတို့ ဧပြီလသင်္ကြန်မှာ ကိုးရီးယားကို သွားတယ်။ ကိုးရီးယားက ထေရဝါဒဘုန်းကြီးတစ်ပါးက ပင့်တာနဲ့အဘိဓမ္မာသင်တန်း သွားပို့ချတယ်။ သွားပို့ချတဲ့အခါ အားလပ်တဲ့ရက်မှာ ကိုးရီးယား လူမျိုး မြန်မာပြည်မှာ ရဟန်းခံထားတဲ့ဘုန်းတော်ကြီး ၈-ပါးဘုန်းကြီးဆီ ရောက်လာကြတယ်။ ဩဝါဒခံယူကြတယ်။ ကိုးရီးယားနိုင်ငံဟာ အကုန်လုံး မဟာယာန ဘုန်းကြီးချည်းပဲ။မဟာယာနဘုန်းကြီးဆိုတာ မြင်ဖူးကြပါလိမ့်မယ်။ အဝတ်က မတူဘူး။ အဝတ်အစားကစပြီး ပြောင်းထားတယ်။ ဘောင်းဘီရှည်နဲ့၊ အကျႌနဲ့၊ ဂျပန်ဘုန်းကြီးဆိုရင် ဘိုကေတောင်ပါလိုက်သေး၊ ဒါတင်မဟုတ်ဘူး။ ဂျပန်ဘုန်းကြီးတွေက အိမ်ထောင်တောင် ပြုသေးတယ်။ ဘာသာရေးကိစ္စဆောင်ရွက်စရာရှိရင် ဘုန်းကြီးလိုအပေါ်က အဝတ်လေး ပတ်ထား လိုက်တယ်။ ဘုန်းကြီးဖြစ်လိုက်၊လူဖြစ်လိုက်နဲ့။ တစ်လောက ဂျပန်က ဘုန်းကြီးတစ်ပါး၊ သူက မြန်မာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားတယ်။ မြန်မာပြည်မှာလာပြီးတော့ ရန်ကုန်မှာ ရဟန်းခံပွဲလေး လုပ်တယ်။ ဘုန်းကြီးတို့ သွားပြီး တရားဟောပေးတယ်။ အဲဒီမှာ ဂျပန်ဘုန်းကြီး ပါလာတယ်။ ဂျပန်ဘုန်းကြီးက ရဟန်းခံတဲ့ပွဲမှာတော့ သူမပါရဘူးပေါ့။ ထေရဝါဒပွဲမှာ သူမပါရဘူး။ မပါရတော့ သူက မဟာယာနသင်္ကန်းကို ဝတ်ပြီးတော့ ခပ်လှမ်းလှမ်း ဘေးနားမှာ ထိုင်နေတယ်။ အဲဒီမှာ ဘုန်းကြီးတို့နဲ့ပါလာတဲ့ဒကာတစ်ယောက်က ရဟန်းခံပြီးတဲ့အခါ ဆွမ်းကပ်တယ်။ ဆွမ်းကပ်တဲ့အခါ အဲဒီဂျပန်ဘုန်းကြီးမြင် လိုက်ပါတယ်။ အခုဘယ်ရောက်သွားသလဲမေးတော့ လူတွေနဲ့အတူတူ ထမင်းစားနေတယ်တဲ့။ အဲဒီပုံစံမျိုး ဖြစ်သွားတယ်ပေါ့။ ခု ကိုးရီးယားနိုင်ငံမှာလည်း မဟာယာနတွေများတယ်။ အဲဒီမဟာယာနပုဂ္ဂိုလ်တွေထဲက ထေရဝါဒကို နှစ်သက်တဲ့ပုဂ္ဂိုလ်တွေက ထေရဝါဒရဟန်း အဖြစ်ကို ခံယူတယ်။ ခံယူပြီးတော့ ဘုန်း ကြီးနဲ့တွေ့တဲ့အခါကျတော့ “ဆရာတော်တဲ့ တပည့်တောာ်တို့ ဒီနိုင်ငံမှာ မဟာယာနတွေက အင်အားကောင်းတယ်၊ တပည့်တော်တို့က လူနည်းစုဖြစ်တယ်။” သို့သော် ကျောင်း ၄-ကျောင်းရှိတယ်။ သူတို့ကို ကိုးရီးယားအစိုးရက အသိအမှတ် ပြုပေးထားတာ။ကိုးရီးယားနိုင်ငံမှာ ထေရဝါဒကျောင်း အသိအမှတ်ပြုသွားပြီ။ ထေရဝါဒဂိုဏ်း ဆိုပြီးတော့ လက်ခံထားတယ်။ “အသိအမှတ်ပြုထားတော့ တပည့်တော် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ။” အဲဒါကို လာပြီး ဩဝါဒခံတာ။ ဘုန်းကြီးတို့က ပြောတယ်။ “ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး။ စာမသင်လို့ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး။ တရားတင်အားထုတ်လို့ရှိရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ”၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ တူတာ မဟုတ်ဘူး။ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်။ ကိုယ်တွေ့တာ ကိုယ်ပြောလို့ ရှိရင် “ကိံသုကောပမသုတ္တန်”လိုပဲ။ ပေါက်ပင်ကြီးကို မြင်တာက တစ်ချိန်စီ မြင်ထားတာဆိုတော့ ပေါက်ပင်ကြီးက ဘာကြီးလဲ ဆိုရင် ပေါက်ပင်ကြီးက မီးလောင်ပြင်ကြီးထဲက သစ်ပင်ကြီးလိုပါပဲ။ အရွက်မရှိ ချောက်ကပ်ကပ်နဲ့၊ ဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ပေါက်ပင်ကြီးဟာ အရွက်တွေနဲ့ စိမ်းနေတာပါလို့ ပြောတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ ရဲနေတာပဲလို့ပြောတယ်။ ကိုယ်မြင်တာ ကိုယ်ပြောကြတယ်။ သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ။ သို့သော် အကုန်လုံး ပြည့်ပြည့်စုံစုံ ဟုတ်ရဲ့လား? မဟုတ်ပါဘူး။ ဘာနဲ့ ဥပမာတူလဲဆိုတော့ မျက်မမြင်တွေ ဆင်ကို စမ်းပြီးတော့ ဆင်ကို ညွှန်းကြ၊သရုပ်ဖော်ကြတာ။ အဲဒီဇာတ်လမ်းလေးကလည်း မြတ်စွာဘုရား ဟောတဲ့တရားတော်ထဲမှာ ပါတယ်။ မြတ်စွာဘုရားဟောတဲ့ “နာနာတိတ္ထိယ” ဆိုတဲ့သုတ္တန်ထဲမှာ ပါတယ်။ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ပုံပြင်လေးကတော့ ဆင်စမ်းတဲ့ မျက်မမြင်ပုဏ္ဏား ၆-ယောက်အကြောင်းတဲ့။ ဖတ်ဖူးကြပါလိမ့်မယ်။ ယခုစာပေထဲမှာတော့ မျက်မမြင်ပုဏ္ဏား ၆-ယောက်မဟုတ်ဘူး။ အတိုချုပ်ပြောရရင် သာဝတ္ထိပြည်က ဘုရားကြီး တစ်ပါး အပျင်းဖြေတဲ့အနေနဲ့ သာဝတ္ထိပြည်ရှိ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူတွေကို နန်းရင်ပြင်မှာ စုခိုင်းထားတယ်။ မျက်မမြင်တွေ နန်းရင်ပြင်ရောက်လာကြတော့ မင်းမှုထမ်းတွေက အစု ၉-စုခွဲထားတယ်။ အစု ၉-စုခွဲပြီး တစ်စု နှင့်တစ်စု မတူအောင် ဆင်ကို ပြလိုက်တယ်။ တစ်စုကိုတော့ ဘာကိုင်ပြလဲဆိုတော့ အစွယ်ကိုင်ပြတယ်။ ဆင်ဆိုတာ ဟောဒါကွ လို့ အစွယ်ကို ကိုင်ပြတော့ ဆင်ဆိုတာ သံချောင်းကြီးလိုပါလားလို့ အစွယ်ကို ကိုင်ပြီး ပြောတယ်။ နောက်တစ်စုကိုကျတော့ နားရွက်ကိုင်ပြတာ၊ ဆင်ဆိုတာ ဇကောကြီး လိုပါလား၊ အဲဒီလိုမှတ်ထားတယ်။ နောက်တစ်စုကျတော့ နှာမောင်းကြီးကို ကိုင်ပြတယ်။ ထွန်သံကြီးလိုပါလား။ ဒီလိုပြောကြတယ်။ ခြေထောက်ကိုင်ပြတဲ့အစုကျတော့ ဆင်ဆိုတာ တိုင်လိုဟာကြီးပါလား။ဆင်ရဲ့ကိုယ်လုံးကို ကိုင်ပြတဲ့အခါကျတော့ ဆင်ဆိုတာ နံရံကြီး လိုပါလားလို့ အဲဒီလိုပြောကြတယ်။ အမြီးရိုးကိုပြတဲ့အခါ ဆင်ဆိုတာ သံချောင်းကြီး လိုပါလား။ မြီးဖျားကို ပြတဲ့အခါကျတော့ ဆင်က တံမြက်စည်းကြီးနဲ့တူတယ်။ အမျိုးမျိုးပြောကြတယ်။ အဲဒီလို တစ်မျိုးစီ မတူအောင် ပြပြီးတဲ့အခါကျတော့ ဘုရင်ကြီးက ထွက်လာတယ်။ ထွက်လာပြီး အုပ်စု ၉-စုကို မေးလိုက်တယ်။ ကဲ မင်းတို့ ဆင်မြင်ကြပြီလား။ဆင်ကို မင်းတို့မြင်တဲ့အတိုင်း ပြောကြစမ်း၊ ဆင်က ဘာနဲ့တူလဲဆိုတော့ - မှန်လှပါဘုရား။ ဆင်ဆိုတာ သံချောင်းကြီးလိုပါဘုရား။ အဲဒီလိုပြောတဲ့အခါကျတော့ ကျန်တဲ့အကောင်တွေက ဘာသံချောင်းရမှာလည်းကွ -တချို့က တမြက်စည်း လိုဟာကြီး။တချို့က တိုင်လိုဟာကြီးနဲ့ထပြီး ငြင်းကြတာ ငြင်းပြီးတော့ ထိုးကြကြိတ်ကြ ရန်ဖြစ်ကြတယ်။ ဘုရင်ကြီးက သဘောကျပြီး ခွက်ထိုးခွက်လှန် ရယ်သတဲ့။ ဘာပြောလိုတာတုန်းဆိုတော့ သူတို့ကို ဆင်ကိုတော့ ပြတာချည်းပဲ။ သို့သော် ဆင်တစ်ကိုယ်လုံးပြတာ မဟုတ်ဘူး။ အကယ်၍ တစ်ကိုယ်လုံးကို တစ်ပြိုင်နက်သာ ပြမယ် ဆိုရင် ဆက်စပ်ပြီးတော့ အစွယ်လည်းပါတယ်။ နားရွက်လည်း ပါတယ်။နှာမောင်းလည်းပါတယ်။ ခြေထောက်လည်းပါတယ်၊ အမြီးလည်း ပါတယ်။ ကိုယ်လည်း ပါတယ်။ အဲဒါတွေ အကုန်လုံးပေါင်းမှ ဆင်ဆိုရင် ငြင်းစရာလိုသေးလား။ ဒါကြောင့်မို့ ငြင်းနေတယ်ဆိုတဲ့လူတွေဟာ အကုန်မမြင်လို့ ငြင်းနေတာပါ။ အကုန်မြင်ရင် မငြင်းပါဘူး။ ဒါ့ကြောင့် ငြင်းတယ်ဆိုတာ တစိတ်တဒေသသာ သိတဲ့လူက ငြင်းတာ။အကုန်သိတဲ့လူက မငြင်းဘူး။ မင်းပြောတာလည်း ဟုတ်တယ်။ အေး မင်းပြောတာလည်း ဟုတ်တယ်။ ဒီလိုလက်ခံရမယ်။ ဟုတ်တယ် အစွယ်ကို ပြောတာဟာ သံချောင်းလိုပဲ။ ခြေထောက်ကိုပြောတာဆိုရင် ဟုတ်တယ် တိုင်ကြီးလိုပဲ၊ လက်ခံရမှာပဲပေါ့။ အကုန်လုံးကို မမြင်သည့်အတွက်ကြောင့် လူတွေဟာ ငြင်းနေကြတယ်။ အဲဒီလို အငြင်းပွားနေကြတာဟာ ပြည့်ပြည့်ဝဝ မမြင်ကြလို့ အငြင်းပွားနေကြတာ။ ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်။အပြည့်အဝမသိတာ မဖြစ်ရအောင်၊ ကိုးရီးယားဘုန်းကြီးတွေကို ပြောရတယ်။ ပိဋကတ်ကို ပြည့်ပြည့်ဝဝ သင်လို့။ ကိုယ့်သန္တာန်မှာ သိလာပြီဆိုလို့ ရှိရင် စာပေဆိုတဲ့ဓမ္မမှတ်ကျောက် ရှိလာပြီ ဆိုရင် ငြင်းစရာ ရှိဦးမလား၊ မရှိတော့ဘူး။ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ စာပေထဲမှာ ပါတယ်လို့ ။အဲဒီအတိုင်း မှတ်သားပြီးတဲ့အခါ ငြင်းစရာ မရှိတော့ဘူး။ ဒါကြောင့်မို့ ပရိယတ်ကို သင်ရမယ်လို့ တိုက်တွန်းထားခဲ့တယ်။ ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့ အတွက် ရွှေအစစ်နဲ့ရွှေအတုကို မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ရမယ်။ ဒါဟာ ဘုရားဟောတဲ့တရားအစစ် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာ သိချင်ရင် ဓမ္မမှတ်ကျောက်နဲ့ တင်ရမယ်။ ။
https://www.dhammaransi.com/index.php/new/541-2016-11-07-07-06-20.html
“ကထိန်စစ်စစ် ဖြစ်ရဲ့လား”
“ကထိန်စစ်စစ် ဖြစ်ရဲ့လား” ••••••••••••••••••••••• အရှင်ဘုရား .... ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန် ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။ (မသင်းမဒီ၊ ပြည်မြို့။) ဒကာမလေး မသင်းမဒီ ... “ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင် ကထိန်ခင်းတဲ့အလုပ်ကို လူဝတ်ကြောင် ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့ လူအများက ထင်နေကြပါတယ်။ တကယ်တော့ ကထိန်းခင်းတဲ့အလုပ်ဟာ လူဝတ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ရဟန်းတော်တွေရဲ့ အလုပ်ပါ။ ရဟန်းတော်တွေကပဲ ကထိန်ခင်းကြတာပါ။ ဒါပေမယ့် ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို အများအားဖြင့် လူဝတ်ကြောင် ဒကာ၊ဒကာမတွေကပဲ လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက ကထိန်သင်္ကန်းလှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့ ခေါ်ဝေါ်နေကြတာပါ။ အမှန်က လူဝတ်ကြောင် ဒကာ၊ဒကာမတွေဟာ ကထိန်ခင်းတဲ့သူတွေ မဟုတ်ပါဘူး။ ကထိန်သင်္ကန်းလှူတဲ့သူတွေပါ။ ကထိန်သင်္ကန်းကို လူဝတ်ကြောင် ဒကာ၊ဒကာမတွေပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။ ●ရဟန်းသာမဏေတွေလည်း လှူခွင့်ရှိပါတယ်။ ●သီလရှင်တွေလည်း လှူခွင့်ရှိပါတယ်။ ●လူသားတွေတွင် လှူခွင့်ရှိတာ မဟုတ်ပါဘူး။ ●နတ်တွေလည်း လှူခွင့်ရှိပါတယ်။ ●ဗြဟ္မာတွေလည်း လှူခွင့်ရှိပါတယ်။ ●နဂါးဂဠုန်တွေလည်း လှူခွင့်ရှိပါတယ်။ ကျမ်းဂန်မှာ ကထိန်သင်္ကန်း လှူခွင့်ရှိသူကို “လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်”လို့ ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။ သီတင်းသုံးဖေါ်(၅)ဦးဆိုတာ “ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေနဲ့ သိက္ခမာန်”တို့ပါပဲ။ သိက္ခမာန်ဆိုတာ ဘိက္ခုနီမ(ရဟန်းမ) မဝတ်မီ သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့ “သာမဏေ တစ်မျိုး” ကို ခေါ်တာပါ။ ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံးဝင်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။ ရဟန်းတော်တွေကို ကထိန်သင်္ကန်း လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက် ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်းနဲ့ ကထိန် ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန် အထမြောက်ပါတယ်။ ဒါပေမဲ့ . . . ရဟန်းတော်ကိုယ်တိုင် “အလှူခံတဲ့ သင်္ကန်း” နဲ့တော့ ကထိန်မခင်းကောင်းပါဘူး။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထ မမြောက်ပါဘူး။ ကထိန်တစ်ခု အထမြောက်ဖို့အတွက် ကထိန်သင်္ကန်း လှူတဲ့သူ ဘယ်သူလဲဆိုတဲ့အချက်က အဓိက မကျပါဘူး။ လှူတဲ့ ကထိန်သင်္ကန်း “ဘယ်လိုသင်္ကန်းလဲ”ဆိုတဲ့ အချက်က အဓိကကျပါတယ်။ ကထိန်တစ်ခု အထမြောက်ဖို့အတွက် ... လှူတဲ့ ကထိန်သင်္ကန်းဟာ…. ●(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။ ●(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။ ●(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။ သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ သင်္ကန်းတစ်ထည်တည်းကပဲ (၁) “မိုးကျ”ဖြစ်ခြင်း၊ (၂) “မသိုး”ဖြစ်ခြင်း၊ (၃) “သံဃိက”ဖြစ်ခြင်းဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။ (၁)။ကထိန်သင်္ကန်းဟာ “မိုးကျ သင်္ကန်း” ဖြစ်ရပါမယ်။ မိုးရေမိုးပေါက်တွေဟာ ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက်ကျလာသလို၊ ကထိန်သင်္ကန်းဟာလည်း ကထိန်ခင်းကျောင်းတိုက်က ရဟန်းတော်တွေထဲက ဘယ်ရဟန်းတော်ရဲ့ တိုက်တွန်း လှုံ့ဆော်မှုမှ မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။ ကိုယ် လုံးဝမတိုက်တွန်းဘဲ သူ့အလိုအလျောက် ရတဲ့သင်္ကန်း၊ ကိုယ်လုံးဝ အလှူမခံဘဲ သူ့အလိုအလျောက် လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျလာတဲ့ အရာဝတ္ထုနဲ့တူလို့ မိုးကျသင်္ကန်း (မိုးပေါ်ကျသင်္ကန်း) လို့ ခေါ်ပါတယ်။ရဟန်းတော်တွေဟာ “မိခင်ရင်း၊ ဖခင်ရင်း” ဆီကတောင်မှ ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။ ရဟန်းတော်ကိုယ်တိုင် မိခင်ရင်း၊ဖခင်ရင်းဆီက အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း ကထိန် အထမမြောက်ပါဘူး။ ရဟန်းတော်က မိဘကျေးဇူး အထူးဆပ်ချင်လို့ဆိုပြီး ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါးရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမယ့် ကထိန်အထမမြောက်တော့တဲ့အတွက် မိဘကျေးဇူးလည်း အထူးဆပ်ရာမရောက်တော့ပါဘူး။ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မရတော့ပါဘူး။ ကိုယ်ဝါဆို တဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက် အလှူမခံကောင်းဘူးလို့ပြောတာပါ။ တခြားကျောင်းတိုက်ရဲ့ ကထိန်အတွက်တော့ လှူဖို့ တိုက်တွန်းကောင်းပါတယ်။ တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။ ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း ပါတဲ့အတွက် ရဟန်းတစ်ပါးပါးက ဦးစီးဦးဆောင်ပြုပြီး ၊ တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက် တစ်ခုခုမှာ ကထိန်သွားခင်းတာကတော့ ရပါတယ်။ ဒါပေမဲ့ ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ မတိုက်တွန်းကောင်းပါဘူး။ “ဒီနှစ် ကထိန် ဘယ်ရက်လဲ”၊“ဒီနှစ်လည်း ဘုံကထိန်ပဲလား” “ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူမရှိသေးဘူး” “ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် . . .” စသည် စသည်အားဖြင့် …ဘယ်လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုး ပြောပြီးတော့ပဲဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။ ကထိန်ခင်းမယ့် ဒကာဒကာမတွေဘက်က ကထိန်နဲ့ပတ်သက်လို့ ဘာစကားမှမစ,ရသေးဘဲနဲ့ ကျောင်းတိုက်ရဟန်းတော်ထဲက တစ်ပါးပါးက ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။ ဒကာဒကာမတွေက ဘာမှမလျှောက်ရသေးဘဲနဲ့ “ဒီနှစ်ကထိန်ဘယ်ရက်လဲ” လို့ ကိုယ့်ဘက်ကစမမေးသင့်သလို၊ “ဒီနှစ်တော့ ဒီရက်မှာကထိန်ခင်းရင် အဆင်ပြေမယ်”ထင်တယ်လို့ ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံးဝ မပြုလုပ်သင့်ပါဘူး။ ကထိန်သင်္ကန်းဟာ “ အတိဥက္ကဋ္ဌ = အလွန် မြင့်မြတ်တဲ့သင်္ကန်း” ဖြစ်ရမယ်တဲ့...။ “အလွန်မြင့်မြတ်တဲ့ သင်္ကန်း”ဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှုမပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။ တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်းဆိုတဲ့ အပြစ်လုံးဝကင်းပြီး၊ အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို “မိုးကျသင်္ကန်း”လို့ ခေါ်ပါတယ်။ ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကြိုမသိဘဲ ကြိုတင် အသိပေးမထားဘဲ ၊လာလှူတဲ့သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့ သင်္ကန်းဟာ “မိုးကျသင်္ကန်း” အစစ်ဆုံးပါပဲ။ “မတောင်းဘဲရမှ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်)” ဆိုတာကိုကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ်လာဘမဆို ၊ ဘယ်ရာထူးဋ္ဌာနန္တရမဆို ကိုယ်ကမတောင်းရဘဲ အလိုအလျောက်ရမှ ပိုတန်ဖိုးရှိတယ်။ ပိုသန့်ရှင်းစင်ကြယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ “မရှာဘဲတွေ့မှအချစ်၊ မရှာဘဲရမှ ဘုန်းကံ”ဆိုတဲ့ သဘောပါပဲ။ (၂) ကထိန်သင်္ကန်းဟာ “မသိုးသင်္ကန်း”ဖြစ်ရပါမယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း (မသိုးထမင်း၊ မသိုးဟင်း) ဆိုတာ ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်းဖြစ်ရသလို ကထိန်သင်္ကန်းဟာလည်း လှူပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့ လှူထားတဲ့ သင်္ကန်းဖြစ်ရပါမယ်။ ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊ နေ့ကူးသွားတဲ့ ထမင်းဟင်းကို တကယ်သိုးသိုး မသိုးသိုး ထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။ အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့ ချက်ချင်း သိုးမသွားသေးလည်း နာမည်ကတော့ “ထမင်းသိုး၊ ဟင်းသိုး” ပါပဲ။ လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့ သင်္ကန်းကို “သင်္ကန်းသိုး”လို့ ခေါ်ပါတယ်။ အဲဒီလို သင်္ကန်းသိုးနဲ့ လုံးဝ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်ခင်းလည်း ကထိန် အထမမြောက်ပါဘူး။ (တစ်ရက်မက ကျော်သွားရင်တော့ အထူး ပြောစရာတောင် မလိုတော့ပါဘူး။) လှူပြီးတစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊ နေ့မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို “မသိုးသင်္ကန်း”လို့ ခေါ်ပါတယ်။ မသိုးသင်္ကန်းနဲ့ခင်းမှ ကထိန်အထမြောက်ပါတယ်။ ရဟန်းတော်တွေဟာ ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့ ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်း အလှူခံပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့ အရုဏ်မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။ ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ အရုဏ်မတက်မချင်း ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ရပါတယ်။ ■“ကထိန်သင်္ကန်းဟာ နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ်” ဆိုတာကိုကြည့်ပြီး တချို့က ကထိန်ရက်မတိုင်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သွားမထားကောင်းဘူးလို့ ယူဆနေကြပါတယ်။ လမ်းခရီး ကြုံနေရင်တောင်မှ ကထိန်သင်္ကန်းကိုင်လျက်တန်းလန်းကြီးနဲ့ ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူးလို့တောင် ထင်နေကြပါတယ်။ မဟုတ်ပါဘူး။ ■ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ၊ ကထိန်ရက်မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။ ■ဒါပေမယ့် ကထိန်သင်္ကန်းအဖြစ် နဲ့တော့ အပြီးလှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ ထားပြီး မလှူသေးရင် သင်္ကန်းတွေကို သံဃာက မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။ ■ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင် တကယ်ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရပါမယ်။ နေ့ကူးသွားရင် “သင်္ကန်သိုး” ဖြစ်သွားတဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ် အတွက် ပြီးပါပြီ။ ကထိန်ခင်းလို့ လုံးဝမရတော့ပါဘူး။ တနှစ်မှာတစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။ တချို့က ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။ အဲဒီလို ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံထားလို့ လုံးဝမရပါဘူး။ ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင် အဲဒီကထိန်ဟာ “ကထိန်အတု၊ ကထိန်အင်” ပဲ ဖြစ်ပါလိမ့်မယ်။ တချို့က အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း လှူတဲ့ “ကျီးမနိုးကထိန်”က ပိုမြတ်တယ်လို့ ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။ အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင် အရုဏ်မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။ အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင် သင်္ကန်းသိုးသွားလို့ ကထိန်အထမမြောက်ပါဘူး။ အရုဏ်တက်တာနဲ့ တစ်ပြိုင်နက် နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့ အချိန်မလုံလောက်တဲ့အတွက် အဲဒီလို လှူတာမျိုး လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ (၃) ကထိန်သင်္ကန်းဟာ “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။ ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့ အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ သံဃာအားလုံးကို လှူဒါန်းထားလို့ သံဃာအားလုံး ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။ သံဃာအများပိုင်ဆိုင်တဲ့ “သံဃိကသင်္ကန်း” နဲ့ပဲ ကထိန်ခင်းခွင့်ရှိပါတယ်။မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊ ဆရာတော် တစ်ပါးပါးကို ဒီဆရာတော်ကြီး ငါကြည်ညိုလို့ ကထိန်သင်္ကန်း လှူလိုက်ဦးမယ် ဆိုပြီးတော့ “ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား”၊ “ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ် ဘုရား”လို့ မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့ ကထိန်သင်္ကန်း လှူဒါန်းခွင့် မရှိပါဘူး။
https://www.dhammaransi.com/index.php/new/542-2016-11-07-07-05-40.html
“အသက်ရှည်လေ ပိုကောင်းလေ”
“အသက်ရှည်လေ ပိုကောင်းလေ” ••••••••••••••••••••••••••••••••••••••• “လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ၊ ပိုကောင်းလေ ဖြစ်သလား လို့ မေးခွန်းထုတ်စရာ ရှိတယ်။လူတိုင်းလူတိုင်းကတော့ အသက်ရှည်ချင် ကြတာချည့်ပဲ။ဒါလေကြာင့် တောင်းဆုယူကြတဲ့ အခါမှာ “အသက်ရှည်ကြပါစေ၊ ကျန်းမာကြပါစေ၊အသက်ရှည်ကြပါစေ” ဆိုတဲ့ ဆုတောင်းမှု ဆုယူမှုပြုကြတာ ဖြစ်တယ်။ လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ဆိုတာ လူတိုင်းလူတိုင်း လိုလား တောင့်တတဲ့ အရာတစ်ခု ဖြစ်တယ်။သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး အဖြေရှာသင့်တယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ် ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး ရောက်နိုင်သလဲ။ လူတိုင်းလူတိုင်းအဖို့ အသက်ရှည်တိုင်းတော့ ကောင်းတာမဟုတ်ဘူး။အသက်ရှည်ပြီး မကောင်းမှု အကုသိုလ်တွေများမယ့် ပုဂ္ဂိုလ်တွေဆိုရင်တော့ အသက်ရှည်တာ သူ့အဖို့မှာ မကောင်းဘူး။ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးမားလာလေလေ။ အသက်ရှည်လေလေ အကုသိုလ် ဝန်ပိလာလေ။ ဒါကြောင့်မို့ လူတိုင်းလူတိုင်း အသက်ရှည်တာဟာ ကောင်းကျိုး ချမ်းသာရဖို့အတွက် မဖြစ်ဘူးလို့။ အခုလို ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးတွေ ကျတော့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဒီလို ပြောရမယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောထားတယ်။ ဒေသနာတော်မှာ “ယော စ ဝဿသတံ ဇီဝေ၊ ကုသိတော ဟီနဝီရိယော။ ဧကောဟံ ဇီဝိတံ သေပေယျာ၊ ဝီရိယမာရဘတော ဒဠံ”ဟောတယ်။ အတွေးအမြင်တွေက မြတ်ဗုဒ္ဓရဲ့ အဆုးအမတွေနဲ့ လောကလသားတွေရဲ့ တွေးခေါ်မှုတွေဟာ ကွဲပြား ခြားနားမှု ရှိတယ်။လောကမှာ အကုသိုလ်တွေ ထူပြောနေတဲ့ လူပျင်းတစ်ယောက်ဟာ အသက်တစ်ရာ ရှည်ပေမယ်လို့ တန်ဖိုးမရှိဘူး။ ကြိုးးစားအားထုတ်မှု လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂုလ်တစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင် ရတာက ပိုကောင်းသေးတယ်။ ဆိုလိုတာက လူပျင်းတစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှင်မှုဟာ ကြိုးစားအားထုတ်သူတစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာ လောက်တောင် တန်ဖိုးမရှိဘူးလို့ ဒီလိုဆိုလိုတယ်။ ကြိုးးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အနှစ်တစ်ရာ အသက်ရှည်တာကျတော့ တန်ဖိုး မဖြတ်နိုင်ဘူး။အသက်ရှည်လေ ပိုကောင်းလေ။ တစ်နေ့ အသက်ရှည်တောင် သူ့အတွက် တန်ဖိုးတွေ တက်လာတယ်။ဒီလို ဆိုလိုတာပေါ့။ မြတ်စွာဘုရားက “ကုသီတော ဟီနဝီရိယော”- ကုသီတ၊ ဆိုတာ စက်ဆုပ်ဖွယ် နစ်မြှုပ်သွားတဲ့ ပုဂ္ဂိုလ်မျိုး၊ ဆိုပါစို့- လူတစ်ယောက်ဟာ လောကမှာ ကောင်းကျိုးး ချမ်းသာတွေရအောင် မကြိုးစားဘူး၊ စီးပွားဥစ္စာ တိုးတက်အောင်လည်း မကြိုးစားဘူး၊ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး၊ ပျင်းရိပြီး လုံ့လဝီရိယမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်နေလည်း သူ့အတွက် ဘာတန်ဖိုးမှ တက်မလာဘူး။ဘာတန်ဖိုးမှ တက်မလာသည့် အတွက်ကြောင့် အနှစ်တစ်ရာ အသက်ရှည်လည်း သူ့အတွက် တန်ဖိုးမရှိဘူး။၊ပျင်းရိနေသည့် အတွက်ကြောင့် အကုသိုလ် အညစ်အကြေးတွေက သူ့သန္တာန်မှာ ပိုလို့ပိုလို့များလာတာ ဖြစ်တယ်။ဒါကြောင်မို့ ပျင်းရိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်မှုဟာ တန်ဖိုးမရှိဘူး။လုံ့လဝီရိယရှိရှိနဲ့ ကြိုးးစား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့အသက်ရှင်မှုကတော့ တန်ဖိုးရှိတယ်။ ဒီနေရာမှာ “ပျင်းရိတယ်၊ လုံ့လဝီရိယရှိတယ်” ဆိုတာ ဘယ်လိုသိရလဲ။လူတွေကတော့ ထင်ကောင်း ထင်လိမ့်မယ်။နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ လုပ်နေတာ မပျင်းဘူးပေါ့။လုပ်စရာ ကိုင်စရာတွေ ရှိတာ တက်တက်ကြွကြွလုပ်ပေးတယ်။ ဒါကို “လူပျင်း” လို့ မခေါ်နိုင်ဘူးလို့ ပြောကောင်း ပြောလိမ့်မယ်။ ❖ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်း ဆိုသည်မှာ ဘယ်လိုဟာလဲ။ “ကာမဂုဏ်အာရုံ အတွေးတွေထဲမှာ နစ်မြှုပ်ပြီး နေတဲ့ ပုဂ္ဂိုလ်၊ ကာမဂုဏ်အာရုံ ခံစားဖို့ရာ တွေးပြီးတော့ အဲဒီ အတွေးရေယဉ်ကြောမှာ လွင့်မျောနေတဲ့ ပုဂ္ဂိုလ်” ကို လူပျင်း လို့ပဲ သတ်မှတ်တယ်။ ❖နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ဒေါသနဲ့ ညှင်းးပန်းနှိပ်စက်လိုတဲ့ စိတ်ဓာတ်တွေနဲ့ ကြံတွေးနေတဲ့ပုဂ္ဂိုလ်ဟာ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်။ ❖တစ်နည်းအားဖြင့် ပြောမယ်။ကိုယ့်သန္တာန်မှာ လောဘတွေ ၊ ဒေါသတွေ ၊မောဟတွေ မကောင်းတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ ရှိနေပါလျက်နဲ့ ဒီစိတ်ရဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ မကြိုးစားဘူး ဆိုရင် “လူပျင်း” လို့ပဲ သတ်မှတ်တယ်။ ဘယ်လောက်ပဲ စီးပွားရှာရှာ ကြိုးကြိုးစားစား လုပ်နေနေ၊ မိစ္ဆာဝိတက်လို့ဆိုတဲ့ မှားယွင်းတဲ့အတွေးတွေရဲ့ နောက်လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ ကာလပတ်လုံး၊ တွန်းလှန်ဖယ်ရှားဖို့ မပြုတဲ့ပုဂ္ဂိုလ်ဟာ မကောင်းတဲ့အကုသိုလ်နဲ့ ပတ်သက်ပြီး ကာမဂုဏ်အာရုံ ခံစားဖို့တွေ တွေးတယ်။ လောဘနဲ့ ကြံတွေးတယ်။ ဗျာပါဒဝိတက် ဒေါသနဲ့ ကြံတွေးတယ်။ ဝိဟိံသာဝိတက် တစ်ဖက်သားကို ညှင်းဆဲဖို့၊ သတ်ဖြတ်ဖို့အတွေးတွေနဲ့ တွေးတယ်။ အဲဒီအကုသိုလ် အတွေးတွေ လက်ခံပြီး တွန်းလှန်ဖယ်ရှားခြင်း မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ “လူပျင်း” ပဲ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှည်မှုဟာ လုံးဝတန်ဖိုးမရှိဘူးလို့ ဒီလို ဆိုရမယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ။ ✦ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့ လောဘ၊ ဒေါသ၊ မောဟ တွေဆိုတဲ့ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားရမယ်။ ✦ဖြစ်လာတဲ့ အကုသိုလ်တရားတွေကို တွန်းလှန် ဖယ်ရှားဖို့ ကြိုးစားရမယ်။ ✦မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန် မှာ ဖြစ်လာအောင် ကြိုးးစားရမယ်။ ✦ဖြစ်ပြီးသား ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားရမယ်။ အဲဒီလို ကြိုးပမ်းအားထုတ်မှုလေးရပ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှ ကြိုးးပမ်း အားထုတ်သူလို့ ဒီလိုဆိုလိုတာ။ အဲဒီလို ကြိုးစား အားထုတ်နေတဲ့ပုဂ္ဂိုလ်မှ တစ်ရက်အသက်ရှည်လည်း တန်ဖိုးရှိတယ်။ ဒီလိုကြိုးးစားနေ သည့် အတွက်ကြောင့် အသက်ရှည်လေ ပိုကောင်းလေပဲ။ အဲဒီလို လုံ့လဝီရိယရှိရှိနဲ့ ဘဝမှာ နေထိုင်မှ တန်ဖိုး မဖြတ်နိုင်တာ။အသက်ရှည်လေ ပိုကောင်းလေလို့ ဒီလိုဆိုတာ။အဲဒီတော့ ဒီစံနှုန်းနဲ့ ကြည့်လိုက်လို့ရှိရင် တို့တတွေဟာ ဒီစံနှုန်းထဲ ပါမယ်၊မပါဘူးဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ အကယ်၍ ဆိုပါစို့- ✦ဒေါသ မဖြစ်သေးရင် မဖြစ်အောင် ကြိုးစားအားထုတ်။ ✦ဖြစ်လာတဲ့ဒေါသကို လက်မခံနဲ့။ဖယ်ရှားပစ်ဖို့ ကြိုးစား။ ✦မေတ္တာတရားတွေ ကိုယ့်စိတ်ထဲမှာ မဖြစ်သေးရင် ဖြစ်အောင်လုပ်။ ✦ဖြစ်လာတဲ့ မေတ္တာဘာဝနာတွေ တိုးတက် ပွားများ လာအောင်လုပ်။ ဒီလိုမလုပ်ဘူးဆိုရင် ကိုယ်ဟာ လူပျင်းတစ်ယောက်ပဲ။ ဒီလိုပဲ သတ်မှတ်တယ်။အကုသိုလ်တွေ လက်ခံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူပျင်းတစ်ယောက် လို့ ဒီလိုပဲ သတ်မှတ်တယ်။ မြတ်စွာဘုရားက ဒါကို ဆိုလိုတာ။ “ကုသိတော ဟီနဝီရိယော” ကြိုးပမ်းအားထုတ်မှုတွေ ကင်းပြီးတော့ ပျင်းရိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ “ဝဿသတံ ဇီဝေ” အနှစ်တစ်ရာ အသက်ရှည်ပါစေ။ မမြတ်ပါဘူး၊ တန်ဖိုးမရှိပါဘူး။ “ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော” အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားဖို့၊ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာဖြစ်ဖို့ ကြိုးစား အားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့တစ်နေ့တာ အသက်ရှင် ရတာက တန်ဖိုးရှိပါသေးတယ်။ အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားနေတဲ့ ပုဂ္ဂိုလ်၊ ကုသိုလ်တရားတွေ ဖြစ်သွားအောင် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဒီလိုဆိုတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့…” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အဲဒီတော့ ကိုယ့်ကိုယ်ကို အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ဘာလုပ်ရမလဲ။ မိမိ သန္တာန်မှာရှိတဲ့ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ ကြိုးပမ်းနေရမှာ ဖြစ်တယ်။ မဖြစ်သေးရင် မဖြစ်အောင် ဆို့ပိတ်ရမယ်။ ဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့ ကြိုးစားရမယ်။ မဖြစ်သေးတဲ့ ကုသိုလ်တွေ၊ မဖြစ်သေးတဲ့ ကုသိုလ်ဆိုတာ ဒါနကောင်းမှု မလုပ်သေးဘူး ဆိုရင် လုပ်မိအောင် ကြိုးစား။ သီလ မဆောက်တည်သေးဘူး၊ ငါးပါးသီလမလုံသေးဘူး ဆိုရင် လုံအောင်ကြိုးစား၊ ဥပုသ် မစောင့်ဘူးဆိုရင် စောင့်ဖြစ်အောင် ကြိုးစား၊ ကမ္မဋ္ဌာန်းဘာဝနာ အားမထုတ်ရသေးဘူး ဆိုရင် အားထုတ်ဖြစ်အောင် ကြိုးစား၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်အောင်လုပ်။ဖြစ်ပြီးသား ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ တိုးပွားစေအောင် အမြဲလုပ်နေရမှာ ဖြစ်တယ်။ လောကလူတွေက တိုးပွားအောင် ဘာတွေ လုပ်တုန်းဆိုတော့ ငွေကြေးဓန တိုးပွားအောင် ကြိုးစားကြတယ်လေ။ ကိုယ့်မှာ သိန်းတစ်ရာရှိရင် နှစ်ရာရှိအောင်၊ နှစ်ရာရှိရင် သုံးရာရှိအောင်။ဒီလို ကြိုးစားကြတယ်။ ကုသိုလ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ကြိုးစားမှုကမှ တကယ်တန်ဖိုးရှိတယ် လို့ဆိုရမယ်။ပစ္စည်းဥစ္စာတွေ ဘယ်လောက် ချမ်းသာ၊ချမ်းသာ သေရင် အားလုံးထားခဲ့ရမှာ ဖြစ်တယ်။ မသေခင်ကာလလေးမှာပဲ အသုံးချလို့ ရတာ။ တကယ့်တန်ဖိုး အစစ် မဟုတ်ဘူး။ တကယ့် တန်ဖိုးအစစ်က ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ သာလျှင် တကယ့် တန်ဖိုးအစစ်ပါ။အဲဒီတော့ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်အောင် တို့တတွေဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်တစ်ခုကို လုပ်မိနေအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်။ ငါ့မှာ ငါးပါးသီလ ပြည့်ပြည့်ဝဝလုံရဲ့လား။ ဒေါင်ဒေါင်မြည်ဖြစ်ပြီလား။ ကိုယ့်ကိုယ်ကို စဉ်းစား။ မဖြစ်သေးရင် ဖြစ်အောင်လုပ်။ ဒီလိုကြိုးစားအားထုတ်ရမယ်။ အဲဒီလို ကြိုးစားအားထုတ်လို့ ငါးပါးကနေ ရှစ်ပါး ထိအောင် တိုးပြီး စောင့်ရှောက်။ ရှစ်ပါးကနေ ဆယ်ပါး၊ အခုလို တိုးတက် ပွားများလာအောင် ကုသိုလ်တရားကို ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။ အဲဒီလို ကြိုးစားအားထုတ် သူရဲ့ “အသက်ရှည်မှုက သာလျှင် “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဒီလို ပြောတာ။ အဲဒီလို မလုပ်ဘဲနဲ့ စားဝတ်နေရေးနဲ့ပဲ တစ်နေ့တာ အချိန်ကုန်တယ်။စားစရာရှာတယ်။ နေစရာရှာတယ်။ဝတ်စရာရှာတယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ။ ကြိုးစားအားထုတ်ရာ မရောက်ဘူး၊ သေရင် အကုန်လုံး ထားပစ်ခဲ့ရတာ ဖြစ်သောကြောင့် ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိဘူး။ ဒီလို ဆိုလိုတယ်။ အဲဒီတော့ ကိုယ့်မှာ တန်ဖိုးရှိတဲ့အရာတွေ ရသွားမှ “အသက်ရှည်လေ ပိုကောင်းလေ”ဖြစ်မှာ။ “ လူတိုင်း လူတိုင်းမှာ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး။အကုသိုလ်တွေ မရှောင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ အကုသိုလ်တွေကို မတွန်းလှန်ဘဲနဲ့ အကုသိုလ်တွေရဲ့ နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးလေ။ အသက်ရှည်လေ အပြစ်တွေက ကြီးလာလေ။ ဒီလိုဖြစ်မှာ။ဒါကြောင့်မို့ သူတို့အတွက်တော့ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး။ ဒါကိုသတိထားပြီးတော့ ဘုန်းကြီး တို့တစ်တွေ ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/543-2016-11-07-07-05-08.html
“ယောနိသော မနသိကာရ”
“ယောနိသော မနသိကာရ” •••••••••••••••••••••••••••••••••• ဒေါသထွက်တယ်ဆိုရင် ဒီဒေါသ ဘာလို့ဖြစ်တာလဲ၊ ဘယ်က ပေါ်လာတာတုံးနော်။ ဘာကို အကြောင်း ပြုပြီးတော့ ဘာဖြစ်တာတုံးဆိုတာကို အကြောင်းရင်းကို လိုက်ရှာကြည့်။ အကြောင်းရင်းကို လိုက်ရှာကြည့်လိုက်ရင် တွေ့လိမ့်မယ်။ ကိုယ်မကြိုက်တဲ့ အာရုံတစ်ခုရယ်၊ မကြိုက်တဲ့ အာရုံပေါ်မှာ ကိုယ်နှလုံးသွင်းတာ မမှန်တာရယ်၊ဒီ နှစ်ခု အကြောင်းပြုပြီးတော့ ဖြစ်တာ။ ကိုယ့်စိတ်က နဂိုထဲက ဒါမကြိုက်ဘူးဆိုတာ သတ်မှတ်ထားတယ်။ အဲဒီ မကြိုက်တာကို လုပ်ရမလား၊ ဒီမကြိုက်တာကြီး ဖြစ်ရမလားဆိုတဲ့ အတွေးပေါ်မှာ ဒီဟာ ဒေါသက ဖြစ်တာပဲ။ အဲတော့ မကြိုက်တဲ့ အာရုံဆိုတာ ပြင်လို့တော့ မရဘူး။ မကြိုက်တဲ့၊ မကြိုက်စရာကောင်းတဲ့ အာရုံပဲ ရှိနေမှာပဲ။ သူ့ဟာသာသူနော်။ အာရုံဆိုတာ နှစ်မျိုးရှိတယ်။ desirable object နဲ့ undesirable object ။ နှစ်သက်စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပဲ။ မနှစ်မြို့စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပဲ။ သူ့ကို ပြင်ဖို့ မလိုဘူး။ ပြင်ရမှာ ဘာတုံးဆိုရင် ကိုယ့်ရဲ့ attention ကို ပြင်ရမှာ။ မနှစ်သက်စရာ အာရုံပေါ်မှာ ကိုယ်ဘယ်လို စဉ်းစားမလဲ။ နှစ်သက်စရာ အာရုံကျတော့ ဘယ်လို စဉ်းစားသလဲ။ အဲဒီ စဉ်းစားမှုလေးကို ပြင်ခိုင်းတာ။ မစဉ်းစားခဲ့ရင် နှစ်သက်စရာ အာရုံဆိုရင် ဟာ. .. လိုချင်လိုက်မယ်။ ဒါသဘာဝလို ဖြစ်နေတယ်။ မနှစ်သက်စရာ အာရုံဆိုရင် မုန်းတီးတဲ့ စိတ် ဖြစ်လာတယ်။ အဲဒီဟာကို လမ်းကြောင်းပြောင်းပစ်ရမယ်။ အဲဒါကို စာပေလို ပြောတော့ “ယောနိသော မနသိကာရ” လို့ ခေါ်တယ်။ “ယောနိသော မနသိကာရ”ဆိုတာကို ဒီကနေ့ အင်္ဂလိပ်လို ဘာသာပြန်တဲ့ စာအုပ်တွေထဲမှာ wise attention လို့ ပြန်ကြတယ်။ စာပေအတိုင်း ပြန်မယ်ဆိုရင် proper attention လို့ ပြန်ရမယ်။ “သင့်လျော်အောင် စဉ်းစားတတ်တာ”။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မကြိုက်တာတွေ့လို့ရှိရင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတာလည်း စဉ်းစားလို့ ရှိရင် မလာဘူး “ဒေါသ။” အဲဒီလို ဥပမာမယ်.... လူတစ်ယောက်ဟာ တစ်ခုခု မှားမှားယွင်းယွင်း လုပ်လို့ရှိရင် ကိုယ်က ဒီလောက်တောင် မိုက်မဲရမလားဆိုပြီး “ဒေါသ” ဖြစ်တယ်။ အဲဒါ inproper attention, unwise attention လို့ ခေါ်တယ်။ wise attention ဖြစ်အောင် ဘယ်လို လုပ်မလဲ။ ဪ... သူ မသိလို့ လုပ်တာပဲ။ သိအောင်လုပ်ရမယ်...ဒီဟာကို။ ဪ....အသိဉာဏ်ဆိုတာ အင်မတန် အရေးကြီးတာပါလား ဆိုတာကို စဉ်းစားလိုက်ရင် “ဒေါသ” မဖြစ်တော့ဘူး။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/544-2016-11-07-07-04-45.html
“ရည်စူးဒါန”
“ရည်စူးဒါန” •••••••••••••••••••••••••••••••••• ကွယ်လွန်သူအတွက် ရည်စူးဒါန ပြုပေးရာမှာ လူ့ဘုံနှင့်တိရိစ္ဆာန်ဘုံကို ရောက်သွားသူမှအပ ကျန်သော ဘုံကိုရောက်သွားသူတွေ သာဓု ခေါ်နိုင်တယ်လို့ သိရပါတယ်ဘုရား။ ကွယ်လွန်သူဟာ အပါယ်လေးဘုံထဲက ပြိတ္တာဘုံကို ရောက်သွားပြီး ကျန်ရစ်သူ မိသားစုက သူ့အတွက် ရည်စူးပြီး လုပ်ပေးတဲ့ ကောင်းမှုတွေကို သာဓုခေါ်နိုင်ခဲ့မယ်ဆိုရင် သူ့မှာလည်း လုပ်ခဲ့ဘူးတဲ့ ကုသိုလ်တွေ ရှိမယ်ဆိုရင် သုဂတိဘုံကို ရောက် သွားနိုင်ပါသလား ဘုရား။ ကျန်ရစ်သူမိသားစုက ပြုပေးတဲ့ ကောင်းမှုအတွက် သာဓုခေါ်နိုင်ပေမယ့် အကုသိုလ်ကံများတဲ့အတွက် သုဂတိဘုံကို မရောက်နိုင်ဘဲ ရောက်ဆဲဘုံမှာ ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီဘုံမှာ ဘယ်လို နေထိုင်ရသလဲဆိုတာ သိချင်ပါတယ် ဘုရား။ အနေအစား ပြည့်စုံတယ်ဆိုရင်လည်း ဘယ်လိုနည်းနဲ့ ပြည့်စုံတာပါလဲ ဘုရား။ (Pure coffeeex) “ဘယ်သူရ” •••••••••••••••••••••••••••••••••• “သေသူကို ရည်ညွှန်းပြီး ကုသိုလ်ဒါနပြုရင် အဲဒီလူ ရကောရပါသလား။” “အချို့ရတယ်၊ အချို့မရဘူး။” “ဘယ်သူတွေရပြီး ဘယ်သူတွေ မရတာတုန်း။” “ငရဲသား နတ် တိရစ္ဆာန်ဖြစ်သွားသူတွေနဲ့ ဝန္တာသိကပြိတ္တာ (အစာကိုအန်ထုတ်ရသူ)၊ ခုပ္ပိပါသပြိတ္တာ (အမြဲဆာလောင်နေသူ)၊ နိဇ္ဈာမ တဏှိကပြိတ္တာ (ဝမ်းခေါင်း ပြောင်ပြောင် တောက်လောင်နေသူ) ဆိုတဲ့ ပြိတ္တာသုံးမျိုးထဲ တစ်ခုခု ဖြစ်သွားသူ မရ။ ပရဒတ္တူပဇီဝီပြိတ္တာမျိုး (သူတစ်ပါး ပေးကမ်းသည်ကို မှီ၍ အသက်ရှင်ရသူ)တွေပဲ ရတယ်။ ဒါပေမယ့် ကျန်ရစ်သူတို့ရဲ့ ရည်စူးဒါနကို သိမှရတယ်။ မသိရင် မရဘူး ။(မိလိန္ဒ၊ ၂၈၄)။” မေးခွန်းမှာ “သာဓုခေါ်နိုင်တယ်” ဆိုတာကို “ကုသိုလ်အမျှကို ရနိုင်တယ်”လို့ ဆိုလိုရင် “ကွယ်လွန်သူအတွက် ရည်စူးဒါန ပြုပေးရာမှာ လူ့ဘုံနဲ့တိရစ္ဆာန်ဘုံကို ရောက်သွားသူမှအပ ကျန် ဘုံကို ရောက်သွားသူတွေ သာဓုခေါ်နိုင်တယ်” ဆိုတဲ့ နားလည်ထားမှုကို အဲဒီ ကျမ်းဂန် စကားနဲ့ ပြန်ပြီး ညှိယူပါ။ “အမျှမျှော်သူ” •••••••••••••••••••••••••••••••••• တိရောကုဋ္ဋ သုတ္တန်အရ ဗိမ္ဗိသာရမင်းရဲ့ ဆွေမျိုး ဖြစ်ဖူးတဲ့ ပြိတ္တာတွေဟာ မင်းကြီးဆီက ကုသိုလ်အမျှကို မျှော်လင့်နေကြဆဲမှာ မင်းကြီးကလည်း သူတို့အတွက် အထူးရည်စူးပြီး ကုသိုလ်ဒါန ပြုပေးလိုက်တဲ့ အချိန် အဲဒီပြိတ္တာတွေက သာဓုလည်း ခေါ်လိုက်ရော အဲဒီဘဝဆိုးကနေ ချက်ခြင်း လွတ်မြောက်သွားကြောင်း (ခုဒ္ဒကပါဌ-ဋ္ဌ၊ ၁၆၉)ဆိုပါတယ်။ လွတ်မြောက်သွားတယ်ဆိုတော့ မကောင်းတဲ့ အခြေအနေတစ်ခုကနေ ကောင်းတဲ့ အခြေအနေ တစ်ခုဆီ ရွေ့သွားတာပဲ ဖြစ်မှာပေါ့။ သူတို့ ကိုယ်တိုင်ကလည်း အဲဒီ ဘဝအခြေအနေကို မနှစ်သက်ဘဲ အခြားဘဝ တစ်ခုကို တောင့်တလို့၊ အဲဒီလိုတောင့်တနိုင်တဲ့ ဉာဏ်လည်းရှိလို့ ရွေ့သွားတယ်လို့ ဆိုနိုင်အံ့ ထင်ပါတယ်။ ယခင်ဘဝ တစ်ခုမှာ ဘုရားတစ်ဆူကို ဆွမ်းကပ်ဖို့ အခွင့်အရေး ရခဲ့ကြတဲ့အတွက် သူတို့ဟာ ခေသူတွေ မဟုတ်ဘူး ဆိုတာကိုတော့ မှတ်သင့်တယ်။ “သာဓုခေါ်ပါ” •••••••••••••••••••••••••••••••••• ဆိုပါစို့၊ ရှင်ပြုပွဲတစ်ခုကို ဖိတ်လို့သွားတယ်။ အလှူရှင်က အမျှမျှယူတော် မူကြပါကုန်လော့ လို့ ဆိုဆဲ ကိုယ်ကလည်း ငါ့ကို ကုသိုလ် အမျှဝေတာပဲလို့ နားလည်ပြီး ဝမ်းပန်းတသာ သာဓုခေါ်ရင် မိမိစိတ်ထား ထက်သန်သရွေ့ အဖို့ရတဲ့ ကုသိုလ်ရဲ့ စွမ်းအင် ကြီးနိုင်တယ်။ နတ်တွေ ဗြဟ္မာတွေလည်း အဲဒီလိုတော့ ဖြစ်နိုင်စရာရှိတယ်။ ငရဲနဲ့ တိရစ္ဆာန်ဘုံ တွေမှာတော့ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေကြောင့် သိမြင်နားလည်မှု မရှိလို့ ကုသိုလ်ဖြစ်ခွင့် အင်မတန် နည်းပါလိမ့်မယ်။ ဗုဒ္ဓရဲ့တရားသံကို ကြည်ညိုနိုင်တဲ့ ဖားတိရိစ္ဆာန်မျိုးက ရှားသား။ ဒါကြောင့် ရည်စူးဒါန မဟုတ်ပေမယ့် အသိဉာဏ်ရှိသူ အဖို့ သာဓု ခေါ်ခွင့်ရချိန် လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်နိုင်ရင်ပတ္တာနုမောဒန (အမျှကို ဝမ်းသာစွာ ခံယူခြင်း) ကုသိုလ်ကို ရကြောင်းလည်း မှတ်ပါ။ “ဖြစ်ဆဲဘုံမှာ” •••••••••••••••••••••••••••••••••• သတ္တဝါတိုင်းမှာ ရောက်ဆဲဘဝကို တပ်မက်တဲ့ ဘဝနိကန္တိ လို့ခေါ်တဲ့ တဏှာရှိတယ်။ အဲဒီ တဏှာကြောင့် သတ္တဝါတိုင်း ရောက်ဆဲ ဘဝမှာ ပျော်တယ်။ နောက်ချေးပိုးဟာ နောက်ချေးတုံးကို “ဗိမာန်” လို့ ထင်နေမှာပဲ။ လူ့အမြင်အရ နှစ်သက်စရာ မဟုတ်နိုင်ပေမယ့် သူတို့က အဲဒါမျိုးကိုပဲ နှစ်သက်မှာ။ ဒါကြောင့် ဘဝနိကန္တိ ပြင်းပြလို့ဖြစ်စေ၊ အကုသိုလ် များလို့ပဲ ဆိုဆို သာဓုခေါ်ခွင့် ရပေမယ့် ၊ ရောက်ဆဲဘဝမှာ ဆက်ဖြစ်နေရင် အဲဒီဘဝအနေနဲ့ စည်းစိမ်ဥစ္စာလို့ ယူဆရတဲ့ အရာတွေကို ရသွားနိုင်ပါတယ်။ ဥပမာ - သစ်ပင်ဟာ နေစရာ ဗိမာန်ဆိုရင် သစ်ဗိမာန်ကို ရမှာပဲ။ တံတွေးစတဲ့ အညစ် အကြေးကိုစားရင် အညစ်အကြေးကို ဗုံးပေါလအောရမှာပဲ။။ (ပရမတ္ထစက္ခုကျမ်း၊ စာ-၈၉) 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ဆရာတော်အရှင်ကေလာသ၏ “ဓမ္မအမေးအဖြေများ”မှ -ကူးယူပူဇော်ပါသည်။】
https://www.dhammaransi.com/index.php/new/545-2016-11-07-07-04-14.html
“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”
ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအဝန်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။ အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့ ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။ ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့ မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။ သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ ၀ိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။ နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့ တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။ တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့ အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊ အမြဲကြည်လင်နေခဲ့တယ်။ နုနာ၊ ဝဲနာ၊ ပွေးနာ၊ ဝက်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။ သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။ နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။ တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။ ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင် အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။ “သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ သနားချစ်ခင်၊ ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။ တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။ လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့ နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။ ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။ - 【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】
https://www.dhammaransi.com/index.php/new/546-2016-11-07-07-03-33.html
“ဘဝကူးပြောင်း သိကောင်းစရာ”
အသိဉာဏ် ပြည့်ဝကြသော ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ် တို့သည် ယခု မျက်မှောက်ဘဝ ကောင်းစားရေးအတွက် စီးပွားရေး၊ ကြီးပွားရေးတို့ကို ပြုလုပ်အားထုတ်ကြသကဲ့သို့ နောင်ဘဝကောင်းစားရေး၊ ဘဝကူးကောင်းရေး တို့ကိုလည်း ပြုလုပ်ကြအားထုတ်ကြရပေသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ယခုမျက်မှောက်ဘဝ ကောင်းစားရေး၊ စီးပွားရေး၊ ကြီးးပွားရေးတို့ထက် နောင်ဘဝကောင်းစားရေး၊ ဘဝကူးကောင်းရေး၊ ဘဝ သံသရာမှ လွတ်မြောက်ရေးတို့့အတွက် ကုသိုလ်ကောင်းမှုများကို ပို၍ ပြုလုပ်အားထုတ်ကြရပေသည်။ အလှူဒါနလည်း ပြုလုပ်ကြရပေသည်။ သီလလည်း ဆေးတက်တည်ကြရပေသည်။ သမထ ဝိပဿနာတရားများကိုလည်း အားထုတ်ကြရပေသည်။ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ဘဝကူးကောင်းရေး အတွက် အထူးပင် ကြိုတင်၍ ပြင်ဆင်ကြရပေသည်။ ဘဝကူးကောင်းမှသာ သံသရာဘဝတွင် ချမ်းသာစွာ ကျင်လည်ကြရမည် ဖြစ်ပေသည်။ ဘဝကူးမကောင်းပါက ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် တွေ့ကြရမည် ဖြစ်ပေသည်။ ဘဝကူးကောင်းမှသာ မြင့်မြတ်ရာဘုံဘဝများ၌ ကုသိုလ်ပါရမီအထူးကို ဆည်းပူး၍ အမြင့်မြတ်ဆုံးဖြစ်သည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြရမည်ဟု ရည်ရွယ်ကာ ကောင်းမှုအထူးများကို ပြုလုပ်လေ့ရှိကြပေသည်။ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသောပုဂ္ဂိုလ်တို့သည် ယခုမျက် မှောက်ဘဝမှ နောင်ဘဝများသို့ ကူးပြောင်းကြရမည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြပေသည်။ ဘဝတစ်ပါးသို့ ကူးပြောင်းခံခါနီးတွင် နိမိတ်သုံးပါး ထင်လာ တတ်ကြပေသည်။ (၁)။ ကံနိမိတ်၊ (၂)။ကမ္မနိမိတ်၊ (၃)။ဂတိနိမိတ် ဟူ၍ နိမိတ်သုံးပါး ထင်လာကြရပေသည်။ ဒါန၊ သီလစသော ကောင်းမှုကုသိုလ်များကို များများ ဆည်းပူး အားထုတ်ထားကြသော ပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် ကွယ်လွန်ခါနီးတွင် ကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာ တတ်ကြပေသည်။ သူ့အသက်သတ်ခြင်းစသော မကောင်းမူအကုသိုလ် ဒုစရိုက်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်တို့မှာ ကွယ်လွန်ခါနီးတွင် များသောအား ဖြင့်မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်မြင် လာတတ်ကြပေသည်။ ❖(၁)။ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ များပင်ဖြစ်ကြပေသည်။ ❖(၂)။ကမ္မိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ပြုလုပ်ခဲ့ပုံ အခြင်းအရာများပင် ဖြစ်ကြပေသည်။ ❖(၃)။ဂတိနိမိတ်ဆိုသည်မှာ ဒုတိယဘဝတွင် မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘဝ၊ မကောင်းသော ဘုံဘဝဟူသော ဖြစ်ရာဋ္ဌာနများပင် ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “ကုသိုလ်ကံ နိမိတ်ထင်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာပုဂ္ဂိုလ်မှတပါး အားလုံးသော ပုဂ္ဂိုလ်သတ္တဝါတို့တွင် ကောင်းမှုကုသိုလ်ကံများသော ပုဂ္ဂိုလ်တို့၌ ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က မိမိတို့ ပြုလုပ်ခဲ့သော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာ ကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင် လာကြပေသည်။ ဤကဲ့သို့ မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကိုပင် “ကံနိမိတ်ထင်သည်”ဟု ဆိုရပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “ကုသိုလ်ကမ္မ နိမိတ်ထင်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော ပုဂ္ဂိုလ် သတ္တဝါတို့တွင် ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့၌ ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က မိမိတို့ ပြုလုပ်ခဲ့သည့် သံဃာတော်များကို -ဆွမ်းကပ် လှူဒါန်းပုံ အခြင်းအရာ၊ -ကျောင်းလှူဒါန်း၍ ရေစက်ချပုံ အခြင်းအရာ၊ -အပေါင်းအဖော်များနှင့် ဥပုသ်သီလ ဆောက်တည်ခဲ့ပုံ အခြင်းအရာ၊ -ကမ္မဋ္ဌာန်းတရား အားထုတ်ခဲ့ပုံအခြင်းအရာတို့သည် စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင် လာကြပေသည်။ ဤကဲ့သို့ ကုသိုလ် ပြုလုပ်ခဲ့ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို “ကုသိုလ်ကမ္မနိမိတ်ထင်သည်”ဟု ဆိုရပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “ကုသိုလ်ဂတိ နိမိတ်ထင်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော ပုဂ္ဂိုလ်သတ္တဝါတို့တွင် ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောက်ဘဝများတွင် မိမိတို့ ရောက်သွားကြရမည့် ဘုံဘဝ၏ သာယာဖွယ် အဆောက်အအုံ၊ သာယာဖွယ် ဥယျာဉ်ဗိမာန်၊ ရေကန် စသည်များ ထင်မြင်လာတတ်ကြပေသည်။ ဤကဲ့သို့ မိမိတို့ရောက်သွားရမည့် ဘုံဘဝ၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်မြင်လာခြင်းကို ကုသိုလ်၊ဂတိနိမိတ် ထင်သည် ဟု ဆိုရပေသည်။ “အကုသိုလ်ကံ နိမိတ်ထင်ပုံ” သူ့အသက်သတ်ခြင်းစသော မကောင်းမှုဒုစရိုက် အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည် ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က မိမိတို့ပြုလုပ်ခဲ့သော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ပြစ်မှားမှုစသော အကုသိုလ်ကံတို့သည့် စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှုအကုသိုလ်ကံများ ထင်မြင်လာခြင်းကို “အကုသိုလ်ကံနိမိတ်ထင်သည်” ဟု ဆိုရပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “အကုသိုလ် ကမ္မနိမိတ်ထင်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ သူ့အသက်သတ်ခြင်းစသော မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည် ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က မိမိတို့ ပြုလုပ်ခဲ့သော -သူတစ်ပါးအသက်ကို သတ်နေပုံအခြင်းအရာ၊ -သူတစ်ပါး ပစ္စည်းကို ခိုးနေပုံအခြင်းအရာ စသည်များ စိတ်ထဲတွင် အလိုလိုဖြစ် လာကြသကဲ့သို့ ထင်မြင်လာတတ်ကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ပြုလုပ်ခဲ့ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို “အကုသိုလ်ကမ္မနိမိတ်ထင်သည်”ဟု ဆိုရပေသည်း ▬▬▬▬▬▬▬▬▬▬▬▬ “အကုသိုလ် ဂတိနိဓိတ်ထင်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ သူ့အသက်သတ်ခြင်းစသော မကောင်းမှုဒုစရိုက် အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည် နောက်ဘဝများတွင် မိမိတို့ ရောက်သွားကြရမည့် ဘုံဘဝများ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများ ထင်မြင်လာကြပေသည်။ ငရဲကျရမည့်သူများမှာ ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ၊ ခွေးနက်ကြီး စသည့် နိမိတ်များ ထင်မြင်လာကြပေသည်။ ပြိတ္တာဖြစ်ရမည့်သူများမှာ ပြိတ္တာတို့၏နေရာ၊ အရပ်ဒေသ စသည်များ ထင်မြင်လာကြပေသည်။ တိရစ္ဆာန်ဖြစ်ရမည့်သူများမှာ တိရစ္ဆာန်တို့၏နေရာအရပ်၊ တိရစ္ဆာန်မိခင် စသည်များ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ဌာနအာရုံများ ထင်မြင်လာခြင်းကို “အကုသိုလ်၊ဂတိ နိမိတ်ထင်သည်”ဟု ဆိုရပေသည်။ တစ်ချိန်သောအခါ သောဏတောင်ခြေ အစေလကျောင်း၌ ဓမ္မကထိက သောဏမည်သော မထေရ် သီတင်းသုံးနေထိုင်၏။ ထိုမထေရ်၏ ဖခင်သည် ခွေးမုဆိုး အလုပ်ဖြင့် အသက်မွေး၏။ အသက်အရွယ် ကြီးရင့်လာသောအခါ သောဏမထေရ်က ဖခင်မုဆိုးကြီးကို ရဟန်းပြုပေးလိုက်လေသည်။ တစ်နေ့သ၌ ရဟန်းအိုကြီးတွင် ပျံလွန်တော်မူမည့် ရောဂါ စွဲကပ်လာ၏။ ကုတင်ပေါ်တွင် လဲလျောင်း နေစဉ်-“ချစ်သားသောဏ ငါ့ကို ကိုက်တော့မည့် ခွေးကြီးတွေကို မောင်းပါဦး”ဟု ကြောက်လန့်သော အသံ ဖြင့် အော်လေ၏။ အရှင်သောဏမထေရ်သည် ဖခင်ဦးဇင်းကြီး “ငရဲ ဂတိနိမိတ်” ထင်လာသည်ကို သိသဖြင့် ကိုရင်ငယ်များကို ပန်းများဆွတ်ခူးစေ၍ စေတီ၌ ပူဇော် ထားစေသည်။ ပန်းအခင်းများကို စေတီရင်ပြင်၌ ခင်းထားစေ၏။ ထို့နောက် ဖခင် ဦးဇင်းကြီးကို ကုတင်နှင့်တကွ စေတီရင်ပြင်သို့ မ,တင်စေ၏။ စေတီ ရင်ပြင်ပေါ်သို့ ရောက်သောအခါ “ဦးဇင်းကြီးး မျက်စိဖွင့်ကြည့်ပါဦး။ဦးဇင်းကြီးအတွက် ပန်းများပူဇော်ထားပါသည်။ ဘုရားကို ကြည်ညိုသော စိတ်ဖြင့် ပူဇော်ကန်တော့ပါ”ဟုဆိုကာ ပူဇော်စေ၏။ ရှိခိုးပူဇော်ပြီးသောအခါ၊ တစ်ခဏမျှ မေ့မြောသွားလေ၏။ ထို့နောက် ကောင်းသော ဂတိနိမိတ်များ ထင်၍ ပြန်သတိရလာပြီးလျှင် “ကိုရင်တို့၊ သောဏတို့ ဖယ်ပေးကြ။သင်တို့မိခင်များ လာနေကြသည်” ဟု ပြောဆိုပြီး ပျံလွန်တော်မူသွားလေ၏။ ကောင်းသောနတ်ပြည် ဂတိနိမိတ်များထင်၍ နတ်ပြည်သို့ ရောက်သွားလေ၏။ ▬▬▬▬▬▬▬▬▬▬▬▬ “သဿတဒိဋ္ဌိဖြစ်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ ပုဂ္ဂိုလ်သတ္တဝါတစ်ယောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားရာ၌ အယူအဆလွဲပါလျှင် သဿတဒိဋ္ဌိ ဖြစ်နိုင်ပေသည်။ မိမိတို့ မိဘရိုးရာ ဘာသာဝါဒ အားလျော်စွာ ဘဝကူးရာမှာ အမျိုးမျိုးယူဆလျက် ရှိကြပေသည်။ လူတစ်ယောက် ကွယ်လွန် သွားသောအခါ ဤဘဝဟောင်းမှ ရုပ်ခန္ဓာကိုယ်ကြီးသည် အသုဘသူသေကောင်အဖြစ်ဖြင့် ဤဘဝမှာ ကျန်ရစ်ခဲ့ပေသည်။နာမ်ဝိညာဉ်ကတော့ ဘဝသစ်သို့ ကူးပြောင်းသွားပြီး ဘဝသစ်၌ ဖြစ်သည်”ဟု ယူဆလျက် ရှိကြပေသည်။ ဤကဲ့သို့ ယူဆလျှင် “သတ္တဝါတို့၏ နာမ်ဝိညာဉ်မြဲသည်”ဟု ယူဆရာရောက်သောကြောင့် သဿတဒိဋ္ဌိ ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬ လူတစ်ယောက် ကွယ်လွန်သွားသောအခါ ဤဘဝဟောင်း၊ ရုပ် ခနဓာကိုယ်နှင့် နာမ်ဝိညာဉ် နှစ်ပါးစလုံးသည် ဤဘဝဟောင်းမှာပင် အပြီးတိုင် ချုပ်ပြတ်သွားကြပေသည်။နောက်ဘဝ၌ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါသည် အသစ်တစ်ယောက်ဖြစ်ပေသည်” ဟု ယူဆလျက် ရှိကြပေသည်။ ဤကဲ့သို့ ယူဆလျှင် “သတ္တဝါတို့သည် ဘဝချုပ်ပြတ်သည်”ဟု ယူဆ ရာရောက်သောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပေသည်။ “သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ လွတ်ကင်းပုံ” ပုဂ္ဂိုလ်သတ္တဝါတို့၏ ယခုဘဝမှ ကွယ်လွန်၍ နောက်ဘဝများ၌ သွားရောက်ဖြစ်ကြရခြင်း ပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်အရ အကြောင်းနှင့် အကျိုး ဆက်စပ်၍ ဖြစ်ရခြင်းဝင် ဖြစ်ပေသည်။ ယခုမျက်မှောက်ဘဝမှ ကံစသော အကြောင်းများကြောင့် နောက်ဘဝများ၌ သွားရောက်၍ ဖြစ်ကြရပေသည်။ ပဋိသန္ဓေ နေကြရပေသည်။ ❖ဥပမာ-တောတောင်လိုဏ်ခေါင်းများအတွင်း၌ ဟေ-ဝေ ဟူ၍ အော်လိုက်သောအခါ ဟေ-ဝေ ဟူသော ပဲ့တင်သံများကို ပြန်ကြားရပေသည်။ ယင်းပဲ့တင်သံသည် မူလအော်လိုက်သောအသံလည်း မဟုတ်ပေ။ မူလ အော်လိုက်သောအသံနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော ပဲ့တင်သံကဲသို့့ ယခုဘဝမှ ကံစသော အကြောင်းများကြောင့် နောင်ဘဝသစ်၌ ပဋိသန္ဓေ နေရ ၊ ဖြစ်ရခြင်းပင် ဖြစ်ပေသည်။ မူလအော်လိုက်သောအသံနှင့် ယခုဘဝမှ ကံစသော အကြောင်းများနှင့် တူပေသည်။ ပဲ့တင်သံနှင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းနှင့်တူပေသည်။ ❖နောက်ဥပမာတစ်ခုမှာ - ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက် သွားရောက်၍ ရပ်လိုက်သောအခါ ထိုလူ၏အရိပ်သည် မှန်ထဲ၌ သွားရောက်ထင်လေသည်။ မှန်ထဲ၌ထင်သောအရိပ်သည် ရပ်နေသောလူလည်း မဟုတ်ပေ။ ထိုလူ နှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော အရိပ်ကဲ့သို့ ယခုဘဝမှ ကံစသော အကြောင်းများကြောင့် နောက်ဘဝသစ်၌ ပဋိသန္ဓေနေရ ၊ဖြစ်ရခြင်းပင် ဖြစ်ပေသည်။ မှန်ရှေ့၌ရပ်နေသောသူနှင့် ယခုဘဝမှ ကံစသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်နှင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းနှင့် တူပေသည်။ ❖နောက်ဥပမာတစ်ခုမှာ - ရှေးဦးစွာထွန်းထားသော မီးတိုင်မှ ဒုတိယ မီးတိုင်ကို ထွန်းညှိယူလိုက်သော အခါ ဒုတိယမီးတိုင်၌ ရရှိသွားသောကမီးသည် ပထမမီးတိုင်မှ မီးလည်း မဟုတ်ပေ။ ပထမမီးတိုင်မှ မီးနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။ ပထမမီးတိုင်မှ မီးကြောင့် ရရှိသွားသောမီးပင် ဖြစ်သကဲ့သို့ ယခုဘဝမှ ကံစသော အကြောင်းများကြောင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းပင် ဖြစ်ပေသည်။ ပထမမီးတိုင်မှ မီးနှင့် ယခုဘဝမှ ကံစသော အကြောင်းများနှင့် တူပေသည်။ ဒုတိယမီးတိုင်မှ မီးနှင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းနှင့် တူပေသည်။ ❖နောက်ဥပမာတစ်ခုမှာ - တံဆိပ်တုံး၌ မင်သုတ်၍ စာရွက်ပေါ်တွင် ရိုက်ချလိုက်သောအခါ စာရွက်၌ စာလုံးများ ထင်သွားပေသည်။ ထိုစာရွက် မှ စာလုံးများသည် တံဆိပ်တုံးထဲမှ စာလုံးများလည်း မဟုတ်ပေ။ တုံးမှ စာလုံးများနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။တံဆိပ်တုံးထဲမှ စာလုံးများကြောင့် စာရွက်ပေါ်တွင် စာလုံးများ ထင်လာသကဲ့သို့ ယခုဘဝမှ ကံစသော အကြောင်းများကြောင့် နောက်ဘဝသစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းပင် ဖြစ်ပေသည်။ တံဆိပ်တုံးထဲမှ စာလုံးများနှင့် ယခုဘဝမှ ကံစသော အကြောင်းများနှင့် တူပေသည်။ စာရွက်ပေါ်၌ထင်လာသော စာလုံးများနှင့် နောက် ဘဝသစ်၌ ပဋိသန္ဓေနေရေး၊ ဖြစ်ရခြင်းနှင့် တူပေသည်။ “ဤကဲ့သို့ ယခုဘဝဟောင်းမှ ကံစသော အကြောင်းများကြောင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရသည်” ဟု ယူဆခဲ့သော် “တစ်ဘဝ မှ တစ်ဘဝသို့ ကူးပြောင်းရာတွင် အကြောင်း အကျိုးဆက်စပ်၍ ကူးပြောင်းရသည်” ဟု မှန်ကန်သော သမ္မာဒိဋ္ဌိအယူမှန် ဖြစ်လာပေသည်။ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ အယူမှားများမှ လွတ်ကင်းကြရပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/547-2016-11-07-07-02-38.html
“ဝိပဿနာ အားထုတ်ရာဝယ် လိုက်နာဖွယ်”
ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကား လာသော အချိန်အခါ ဖြစ်ပေသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် အားလပ်ခွင့်၊ အားလပ်ချိန်များ ရရှိသောအခါ ဝိပဿနာတရား အားထုတ်လေ့ ရှိကြပေသည်။ ဝိပဿနာတရား အားထုတ်ခြင်းအလုပ်သည် မိမိတို့အတွက် အကောင်းဆုံးအလုပ်၊ အကျိုးအရှိဆုံးအလုပ် ဖြစ်ပေသည်။ မိမိတို့ရရှိထားသော အချိန်ပိုလေးများကို အကောင်းဆုံး၊ အကျိုးအရှိဆုံး အသုံးချချင်ပါလျှင် ဝိပဿနာတရား ရှုမှတ်နေကြရမည် ဖြစ်ပေသည်။ ဝိပဿနာတရား အားထုတ်ခြင်းအလုပ်သည် ရှုမှတ်မူလေး တစ်ခုကိုသာ ပြုလုပ်နေကြရခြင်း ဖြစ်ပေသည်။ အကျိုးကိစ္စကတော့ နှစ်မျိုးနှစ်မျိုး ပြီးပြီးသွားပါသည်။ မိမိတို့ကို အပါယ်သံသရာ၊အပါယ် ဆင်းရဲ သို့ ကျရောက်စေတတ်သည့် လေဘ၊ ဒေါသ၊ မောဟစသော ကိလေသာတို့ကို ပယ်သတ်ခြင်း အကျိုးကိစ္စကိုလည်း ပြီးမြောက်စေပါသည်။ မိမိတို့ကို နိဗ္ဗာန်ချမ်းသာသို့ ရောက်စေတတ်သော သမာဓိဉာဏ်များ ရင့်ကျက် အားရှိစေခြင်း အကျိုးကိစ္စကိုလည်း ပြီးမြောက်စေပါသည်။ ဤကဲ့သို့ ရှုမှတ်မှုလေးတစ်ခုကို ပြုလုပ်ခြင်းဖြင့် မိမိတို့ အလိုရှိအပ်သည့်အကျိုး ကိစ္စနှစ်ခုပြီးမြောက် သွားနိုင်သော အလုပ်ဖြစ်ပေသည်။ ဝိပဿနာတရား ရှုမှတ်ပွားများအားထုတ်ခြင်း အလုပ်သည် ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း အပါယ်သံသရာ အပါယ်ဆင်းရဲနှင့် ဝေးဝေးသွားပေသည်။ ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း နိဗ္ဗာန်ချမ်းသာနှင့် နီးနီးသွားပေသည်။ ငယ်ရွယ်စဉ်အခါကတည်းက ကောင်းမှုများ ပြုတိုင်းပြုတိုင်း ဆုတောင်းခဲ့သည့် အပါယ်သံသရာ အပါယ်ဆင်းရဲဒုက္ခဘေးမှ ကင်းဝေး လွတ်မြောက်ရပါလို၏။ နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာ ရောက်ရှိရပါလို၏ဟူ၍ တေင်းခဲ့သည့် ဆုတောင်း ပတ္ထနာလည်း ပြည့်စုံပြီးမြောက်သွားနိုင်ပေသည်။ ဤကဲ့သို့ အကျိုးများလှသော ဝိပဿနာတရားကို ရှုမှတ်ပွားများ အားထုတ်ကြသောအခါ တရားတွေ မြန်မြန်တွေ့၊ တရားတွေ မြန်မြန်တက်၊ တရားတွေ မြန်မြန်ရစေရန်အတွက် လိုက်နာဖို့ရာ အကျင့်တရား ၄-ပါးကို အရှင်ကစ္စာယနမထေရ်၊ ညွှန်ပြဟောကြားခဲ့ပါသည်။ လိုက်နာရမည့် အကျင့်တရား ၄-ပါးမှာ- ၁။ စက္ခုမဿ ယထာ အန္ဓော= မျက်စိအမြင်ကောင်းသူ ဖြစ်စေကာမူ ကန်းနေသူကဲ့သို့ ကျင့်ရမည်။ ၂။သောတဝါ ဗဓိရော ယထာ= နားအကြားကောင်းသူ ဖြစ်စေကာမူ နားပင်းနေသူ ကဲ့သို့ကျင့်ရမည်။ ၃။ ပညာဝဿ ယထာ မူဂေါ = စကားပြောကောင်းသည့် ပညာနှင့် ပြည့်စုံသူ ဖြစ်စေကာမူ၊အ-ဆွံ့ နေသူကဲ့သို့ ကျင့်ရမည်။ ၄။ ဗလဝါ ဒုဗ္ဗလောရိဝ = အားအင်ပြည့်ဝသူ ဖြစ်စေကာမူ အားနည်းနေသူ လူမမာကဲ့သို့ ကျင့်ရမည့်ဟု ညွှန်ပြဟောကြားခဲ့ပါသည်။ (၁)။ စက္ခုမဿ ယထာ အန္ဓော= မျက်စိအမြင်ကောင်းသူ ဖြစ်စေကာမူ ကန်းနေသူကဲ့သို့ ကျင့်ရမည် ဟူသည် – ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည် ထိုင်၍ တရားရှုမှတ်သောအခါ၌ မျက်စိကို မှိတ်ထား ရသည်ဖြစ်၍ ကန်းနေသူကဲ့သို့ ကျင့်ဖို့ရာ မလိုကြပါသော်လည်း စင်္ကြံ လျှောက်မှတ်သည့်အခါ၊ အထွေထွေအသေးစိတ် ကိုယ်အမူအရာများကို ရှုမှတ်သည့်အခါတို့၌ စက္ခုန္ဒြေ=မျက်စိကို မစောင့်စည်းထားမူ၍ မြို့ရွာအရပ်ဒေသများ၌ နေခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြည့်နေ၊ မြင်နေပါက စိတ်တည်ငြိမ်မှု=သမာဓိ မဖြစ်နိုင်ပေ။ သမာဓိမဖြစ်ပါလျှင် ဝိပဿနာဉာဏ်လည်း မဖြစ်တော့ပေ။ သို့ဖြစ်၍ သမာဓိဉာဏ်များ မြန်မြန် ဖြစ်စေရန်အတွက် မျက်စိအမြင်ကောင်းသူ ဖြစ်စေကာမူ မမြင်တဲ့သူ၊ ကန်းနေတဲ့သူကဲ့သို့ ကျင့်ရမည်ဟု ဆိုလိုပါသည်။ (၂)။ သောတ္တဝါ ဗဓိရော ယထာ=နားအကြားကောင်းသူ ဖြစ်စေကာမူ နားမကြားသူ၊ နားပင်းနေသူကဲ့သို့ ကျင့်ရမည်။ ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မြို့ရွာအရပ် ဒေသတို့၌ နေထိုင်ခဲ့သည့်အတိုင်း အသံအမျိုးမျိုးတို့ကို ကြားနေပါက၊ လိုက်၍သိနေပါက ထိုအသံအမျိုးမျိုးတို့ကြောင့် စိတ်တည်ငြိမ်မှု-သမာဓိ မဖြစ်နိုင်ပေ။ သမာဓိမှ မဖြစ်လျှင် ဝိပဿနာဉာဏ်လည်း မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ သမာဓိဉာဏ်များ မြန်မြန် ဖြစ်စေရန်အတွက် နားအကြားကောင်းသူ ဖြစ်စေကာမူ နားမကြားသူ၊ နားပင်းနေသူကဲ့သို့ ကျင့်ရမည်ဟု ဆိုလိုပါသည်။ (၃)။ ပညာဝဿ ယထာ မူဂေါ = စကားပြောကောင်းသည့် ဉာဏ်ပညာ နှင့် ပြည့်စုံသူ ဖြစ်စေကာမူ အဆွံ့ နေသူကဲ့သို့ကျင့်ရမည်ဟူသည် - ဝိပဿနာတရား အားထုတ်နေသောပုဂ္ဂိုလ်တို့သည် စကားပြောစရာ အကြောင်းကိစ္စထူးမရှိခဲ့လျှင် စကားမပြောဘဲ နေကြရပေသည်။ စကားပြောခြင်းသည် ရှုမှတ်မှုကိုပျက်စေသည်။ အားထုတ်နေသည့် ယောဂီအချင်းချင်း စကားပြောမိပါက နှစ်ယောက်လုံး၊ တရားအမှတ်များ ပျက်သွားကြပေသည်။ ၅-မိနစ် စကားပြောမိကြလျှင် ၁၀-မိနစ်ခန့် တရားအမှတ်များ ပျက်သွားကြပေသည်။ စကားပြောနေစဉ်ကလည်း တရားအမှတ်တွေ- ပျက်နေပေသည်။ ပြောပြီးသောအခါမှာလည်း ဘာတွေပြောတာပဲဟု ပြန်စဉ်းစားတတကလည်း ၅-မိနစ်ခန့် တရားအမှတ်တွေ ပျက်နေပေသည်။ သို့ဖြစ်၍ ဝိပဿနာတရား အားထုတ်နေသည့် အခိုက်မှာ စကားပြောကောင်းသည့် ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်စေကာမူ အ-ဆွံ့ နေသူကဲ့သို့ ကျင့်ရမည်ဟု ဆိုလိုပါသည်။ - (၄)။ ဗလဝါ ဒုဗ္ဗလောရိဝ= အားအင်ပြည့်ဝသူ ဖြစ်စေကာမူ အားနည်း နေသော လူမမာကဲ့သို့ ကျင့်ရမည်ဟူသည်- ဝိပဿနာတရား အားထုတ်နေကြသောပုဂ္ဂိုလ်တို့သည် အားအင်ပြည့်ဝသူဖြစ်သည့်အတိုင်း ကိုယ်အမူအရာများကို မြန်မြန်ဆန်ဆန် ပြုလုပ်နေပါက မှတ်သိစိတ်များက ကိုယ်အမူအရာများကို မှီအောင်၊ ပစ္စုပ္ပန် တည့်အောင် မရှုမှတ်နိုင်ကြပေ။ ပစ္စုပ္ပန်တည့်အောင် မရှုမှတ် နိုင်ပါက တရားသဘောများကို မတွေ့နိုင်ဘဲ၊ ဖြစ်နေတတ်ကြပေသည်။ သို့ဖြစ်၍ ဝိပဿနာတရား အားထုတ်နေသည့်အခိုက်မှာ အားအင်ပြည့်ဝသူ ဖြစ်စေကာမူ အားနည်းနေသော လူမမာကဲ့သို့ ကျင့်ရမည်ဟု ဆိုလိုပါသည်။ ဝိပဿနာတရား အားထုတ်နေသောအခါ ကိုယ်အမူအရာများကို လူမမာကဲ့သို့ သိမ်မွေ့စွာ ပြုလုပ်မှသာ မှတ်သိစိတ်က နမှီအောင်၊ ပစ္စုပ္ပန် တည့်အောင် ရှုမှတ်နိုင်မည် ဖြစ်ပေသည်။ ပစ္စုပ္ပန်တည့်မှသာ ပေါ့သည့်-လေးသည့်သဘော၊ တွန်းသည့် ဆွဲသည့်သဘော စသည်များကို တွေ့သိနိုင်မည် ဖြစ်ပေသည်။ သဘောကိုသိမှသာ ဥဒယဗ္ဗယ = ဖြစ်ပျက်ကို သိမြင်နိုင်မည် ဖြစ်ပေသည်။ ဖြစ်ပျက်ကိုသိမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို မြင်နိုင်မည် ဖြစ်ပေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တို့ကိုမြင်မှ မိမိတို့ အလိုရှိအပ်၊တောင့်တအပ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိသွားနိုင်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ ဝိပဿနာ့တရား အားထုတ် နေသောအခါ ကိုယ် အမူအရာများကို လူမမာကဲ့သို့ သိမ်မွေ့စွာ ပြုလုပ်ကြရခြင်း ဖြစ်ပေသည်။ ဝိပဿနာတရားကို မဂ်ရောက် ၊ ဖိုလ်ရောက်၊ နိဗ္ဗာန် ချမ်းသာသို့ ရောက်သည်အထိ အားထုတ်ကြမည့် အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် - စက္ခုန္ဒြေ=မျက်စိကိုလည်း စောင့်စည်းကြရပေသည်။ သောတိန္ဒြေ = နားကိုလည်း စောင့်စည်းကြရပေသည်။ ဇိဝိန္ဒြေ =နှုတ်ဖြင့်လည်း စကားပြောမှုကိုလည်း ရှောင်ကြဉ်ကြရပေသည်။ ကာယိန္ဒြေ = ကိုယ်အမူအရာကိုလည်း သိမ်မွေ့စွာ ပြုလုပ်ကြရပေသည်။ ဤကဲ့သို့ အရှင်မဟာကစ္စာယနမထေရ် ညွှန်ကြားသည့်အတိုင်း လိုက်နာနိုင်ပါက မိမိတို့ အလိုရှိအပ် တောင့်တအပ်သော တရားထူး တရား မြတ်များကို မိမိတို့၏ ပါရမီအားလျော်စွာ ရရှိသွားနိုင်ကြမည် ဖြစ်ပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/548-2016-11-07-07-02-09.html
“သည်းခံခြင်း နှင့် သည်းမခံခြင်း ကျိုးပြစ်၂-ဖြာ သိကောင်းစရာ”
သည်းမခံခြင်း၏အပြစ်နှင့် သည်းခံခြင်း၏အကျိုးတို့ကို အင်္ဂုတ္တိရ်ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ထိုအကျိုးတရား နှင့် အပြစ်တရား ၂-ပါးတို့တွင် သည်းမခံခြင်း၏အပြစ်တို့ကို ရှေးဦးစွာ ရေးသား ဖော်ပြပါမည်။ ဘာ့ကြောင့် အပြစ်ကို ရှေးဦးစွာ ဖော်ပြရပါသနည်းဆိုပါလျှင် တောလမ်းခရီးသို့ သွားကြသောသူတို့အား လမ်းညွှန်ပြသော ပုဂ္ဂိုလ်သည် လမ်းမှားကို ရှေးဦးစွာ ပြောပြပြီးမှ လမ်းမှန်ကို ညွှန်ပြသကဲ့သို့ ဖြစ်ပေသည်။ အမှားလမ်းကိုသိပြီးမှ အမှန်လမ်းကိုသွားရတာ ပိုစိတ်ချရပါသည်။ ထိုနည်းတူစွာ သည်းမခံခြင်း၏ အပြစ်ကို ဖော်ပြပြီးမှ သည်းခံခြင်း၏ အကျိုးတရားများကို ဖော်ပြမှသာ ပို၍ ထင်ရှားစွာ သိကြရမည်ဖြစ်ပေသည်။ “သည်းမခံခြင်း၏ အပြစ်-၅ပါး” •••••••••••••••••••••••••••••••••••• (၁)။သည်းမခံတတ်သူကို သူတစ်ပါးတို့ မချစ်ခင်ကြပေ။ မုန်းကြပေသည်။ ဘာ့ကြောင့် မချစ်ခင်ကြသနည်း ဆိုပါလျှင် သည်းမခံတတ် သူသည် ဒေါသဓာတ်ခံရှိ၍ ပြစ်မှားတတ်သောကြောင့် မချစ်ခင်ကြခြင်း ဖြစ်ပေသည်။ သည်းမခံခြင်းနှင့်ဒေါသ တို့သည် မိတ်ဖက် ဖြစ်ပေသည်။ ဒေါသကြီးလျှင် သည်းမခံနိုင်ပေ။ သည်းမခံနိုင်လျှင် ဒေါသကြီးလို့ပင် ဖြစ်ပေသည်။ သည်းမခံတတ်သူများနှင့် အတူတကွ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ သာသနာရေးများကို ဆောင်ရွက်ကြရသည့်အခါများတွင် သည်းမခံတတ်သူ၏ ဆောင်ရွက်ချက် အားနည်းမှုကိုဖြစ်စေ၊ မှားယွင်းမူကို ဖြစ်စေ ပြောပြသောအခါ အကျိုးကိုလိုလား၍ ပြောပြသောသူများကိုပင် ဒေါသဖြင့် ပြန်ပြောခြင်း၊ ဒေါသဖြစ်နေသော ကိုယ်အမူအရာဖြင့်င့် ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်တတ်ကြပေသည်။ ထို့ကြောင့် ဒေါသဓာတ်ခံရှိ၍ သည်းမခံတတ်သူကို သူတစ်ပါးတို့ မချစ်ခင်ကြပေ၊ မုန်းကြပေသည်။ (၂)။ သည်းမခံတတ်သူ၌ ရန်သူရန်ဘက်တွေ များနေတတ်ကြပေ သည်။ ဘာ့ကြောင့် ရန်သူ ရန်ဘက်တွေ များနေပါသနည်းဆိုပါလျှင် သည်းမခံတတ်သူနှင့် အတူတကွ စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးများကို ဆောင်ရွက်ရသည့် အခါများတွင် အတူတကွ ဆောင်ရွက်ကြသူများ၏ အားနည်းမှု၊ ချွတ်ယွင်းမှု အနည်းငယ်များကိုပင် ဒေါသဓာတ်ခံရှိ၍ သည်းမခံတတ်သူက အကြီးအကျယ် အပြစ်ကြီးဖြစ်သကဲ့သို့ ဒေါသဖြင့် တင်ပြပြောဆိုလေ့ရှိ၏။ ထို့ကြောင့် အတူတကွ ဆောင်ရွက်သူများနှင့် ရန်သူ ရန်ဘက်များ ဖြစ်ကြရပေသည်။ (၃)။ သည်းမခံတတ်သူနှင့် အတူတကွ ဆောင်ရွက်ကြရာ၌ ပြဿနာများ အပြစ်များ ဖြစ်လာတတ်ကြပေသည်။ ဘာ့ကြောင့် ပြဿနာ၊ အပြစ်များ ဖြစ်လာတတ် ပါသနည်းဆိုပါလျှင် သည်းမခံတတ်သူနှင့် အတူတကွ စီးပွားရေး၊ လူမူရေး၊ ဘာသာသာသနာရေးများကို ဆောင်ရွက် ကြရသည့်အခါများတွင် သည်းမခံတတ်သူသည် သူ မနှစ်သက်၊ သူမကြိုက်သည့်အရာများကို အခြား အဖွဲ့သူအဖွဲ့သား များကို တိုင်ပင်ညှိနှိုင်းခြင်းမပြုပါဘဲ သူ့သဘောအတိုင်း ပြောင်းလဲ ပြုပြင်လိုက်တတ်၏။ ထို့ကြောင့် မကြာခဏ ပြဿနာအပြစ်များ ဖြစ်လာတတ်ကြပေသည်။ (၄)။ သည်းမခံတတ်သောသူသည် ဒေါသဓာတ်ခံ ပါလာသောကြောင့် ဒေါသဖြင့် သည်းမခံဘဲ ပြုလုပ်ခဲ့သော မကောင်းသည့် အကုသိုလ် ကမ္မ အာရုံနိမိတ်ဆိုးများ သေခါနီးကာလတွင် ထင်မြင်လာ၍တွေတွေဝေဝေ နှင့် သေရလေ၏။ (၅)။ သည်းမခံတတ်သောသူသည် ဒေါသဖြင့် ပြုလုပ် ခဲ့မိသော အကုသိုလ်ကံများကြောင့် သေပြီးသောအခါတွင် ငရဲသို့ ကျရောက်ရလေ၏။ “သည်းခံခြင်း အကျိုး-၅ပါး” •••••••••••••••••••••••••••••••••••• (၁)။သည်းခံတတ်သောသူကို သူတစ်ပါးတို့ ချစ်ခင်ကြပေသည်။မြတ်နိုးကြပေသည်။ ဘာ့ကြောင့် ချစ်ခင်ကြ၊ မြတ်နိုးကြပါသနည်းဆိုပါလျှင် သည်းခံတတ်သောသူ၌ အဒေါသ(မေတ္တာ)ဓာတ်ခံရှိ၍ သူတစ်ပါးတို့အား ပြစ်မှားခြင်းမရှိဘဲ ချမ်းသာ စေတတ်သောကြောင့် သူတစ်ပါးတို့ ချစ်ခင်မြတ်နိုး ကြခြင်း ဖြစ်ပေသည်။ အဒေါသနှင့် မေတ္တာတို့သည် တရားကိုယ်အားဖြင့် တူကြပေသည်။ အဒေါသ (မေတ္တာ) နှင့် သည်းခံခြင်း တို့သည် မိတ်ဖက်ပင် ဖြစ်ကြပေသည်။ အဒေါသ(မေတ္တာ)ရှိလျှင် သည်းခံနိုင်ကြပေသည်။ သည်းခံနိုင်ကြလျှင် အဒေါသ(မေတ္တာ)ရှိလို့ပင် ဖြစ်ပေသည်။ သည်းခံတတ်သူများနှင့် အတူတကွ စီးပွားရေး၊ လူမှုရေး၊ သာသနာရေး၊ ဘာသာရေး စသည်များကို ဆောင်တင်ရွက်ကြရာတွင် သည်းခံတတ်သူ၏ ဆောင်တင်ရွက်ချက် အားနည်းမှုကို ဖြစ်စေ၊ မှားယွင်းမှုကိုဖြစ်စေ ပြောပြသောအခါ အကျိုးကိုလိုလား၍ ပြောပြခြင်းဖြစ်သည်ဟု သည်းခံနိုင်ပေသည်။ ထို့ကြောင့် အဒေါသ(မေတ္တာ) ဓာတ်ခံရှိ၍ သည်းခံတတ်သူကို သူတစ်ပါးတို့ ချစ်ခင်ကြပေသည်။ မြတ်နိုး ကြပေသည်။ (၂)။သည်းခံတတ်သူ၌ ရန်သူရန်ဘက်များမရှိ။ ရန်သူရန်ဘက် ကင်းရှင်းကြပေသည်။ ဘာ့ကြောင့် ရန်သူရန်ဘက်မရှိ၊ ကင်းရှင်းကြပါသနည်း ဆိုပါလျှင် အရာရာမှာ သည်းခံတတ်သောကြောင့်ပင် ဖြစ်ပေသည်။ သည်းခံတတ်သူများနှင့် အတူတကွ စီးပွားရေး၊ လူမှုရေး၊ သာသနာရေး၊ ဘာသာရေးများကို ဆောင်ရွက်ကြရာတွင် အတူတကွ ဆောင်ရွက်သူများ၏ မှားယွင်း ချွတ်ယွင်းမှုများ ဖြစ်လာခဲ့သော် ထိုမှားယွင်းမူ ချွတ်ယွင်းမူများကို သည်းခံ၍ကူညီကာ ပြုပြင်ပေး ကြပေသည်။ ထို့ကြောင့် အတိုက်အခိုက် ရန်သူ ရန်ဘက်မရှိ ကင်းရှင်းကြပေသည်။ (၃)။ သည်းခံတတ်သူ နှင့် အတူတကွ ပြုလုပ် ဆောင်ရွက်ကြရာ၌ ပြဿနာအပြစ်များ မဖြစ်ပေါ် လာတတ်ကြပေ။ ချောမောစွာ ပြီးမြောက် သွားတတ်ပေသည်။ ဘာ့ကြောင့် ပြဿနာ အပြစ်များမဖြစ်ဘဲ ကင်းပါသနည်း ဆိုပါလျှင် အရာရာမှာ သည်းခံတတ်သောကြောင့်ပင် ဖြစ်ပေသည်။ သည်းခံတတ်သူများ နှင့် အတူတကွ စီးပွားရေး၊ လူမူရေး၊ ဘာသာသာသနာရေးများကို ဆောင်ရွက် ကြသောအခါ ချွတ်ယွင်းချက်များရှိခဲ့သော် ပြဿနာ အပြစ် မဖြစ်ပေါ်လာ ရအောင် သည်းခံ၍ ဆောင်ရွက် ပေးတတ်သောကြောင့် အပြစ် ပြဿနာများ မရှိပါဘဲ ကင်းကွာသွားကြရပေသည်။ (၄)။ သည်းခံတတ်သောသူသည် အဒေါသ(မေတ္တာ) ဓာတ်ခံပါလာသောကြောင့် မေတ္တာဖြင့် သည်းခံ၍ ပြုလုပ်ခဲ့သော ကောင်းသည့် ကုသိုလ်ကမ္မနိမိတ်များ သေခါနီးကတလတွင် ထင်မြင်လာ၍ မတွေမဝေ သေရလေ၏။ (၅)။ သည်းခံတတ်သောသူသည် အဒေါသ(မေတ္တာ)ဖြင့် ပြုလုပ်ခဲ့သော ကုသိုလ်ကံများကြောင့် သေပြီးသောအခါတွင် ချမ်းသာအမျိုးမျိုးတို့နှင့် ပြည့်စုံသော နတ်ပြည်သို့ ရောက်ရလေ၏။ “သည်းခံမှ နိဗ္ဗာန်ရ” •••••••••••••••••••••••••••••••••••• ရှေ့ဆရာတော်ကြီးများက “သည်းခံမှ နိဗ္ဗာန်ရ"ဟု ဆိုရိုးပြုခဲ့ကြပါသည်။ ထိုဆိုရိုးစကားသည် ဝိပဿနာ တရား အားထုတ်ကြသောအခါ မှာ အလွန် အကျိုးများသော စကားပင် ဖြစ်ပေသည်။ ဝိပဿနာတရား အားထုတ်သောအခါ အာရုံအမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို သည်းခံနိုင်မှသာ သမာဓိ ဖြစ်သည်။ သမာဓိဖြစ်မှ ဝိပဿနာဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်ဖြစ်မှ ဝိပဿနာဉာဏ်များ ပြည့်စုံမှ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားနိုင်ပေသည်။ ✦ဝိပဿနာတရား အားထုတ်နေသောအခါ “အအေး” ကိုလည်း သည်းခံကြရပေသည်။ သည်းခံ၍ အေးတယ်၊ အေးတယ်ဟု ရှုမှတ်ကြ ရပေသည်။ ပို၍ပို၍အေးတာ၊ ပြန်၍ပြန်၍ လျော့တာကို ရှေးဦးစွာ သိအောင် ရှုမှတ်ကြရပေသည်။ အအေးဒဏ်က သည်းမခံနိုင်လေတက်အောင် ပြင်းထန်လာသောအခါ လောကန္တရစ်ငရဲသို့ ကျရောက်စဉ်က လူ့ပြည်မှာဖြစ်သည့် အအေးထက် အဆပေါင်း ရာထောင်မက အေးသည့် အအေးဒဏ်ကို ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ ဤမျှလောက်အအေးကို သင်ဘာကြောင့် သည်းမခံနိုင်ဘဲဖြစ်သနည်း။ သည်းခံနိုင်ရမည်သာ ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည် ဖြစ်ပေသည်။ ✦ဝိပဿနာတရား အားထုတ်နေသောအခါ “အပူ” ကိုလည်း သည်းခံကြရပေသည်။ သည်းခံ၍ ပူတယ်၊ ပူတယ် ဟု ရှုမှတ်ကြရပေသည်။ ပို၍ ပို၍ပူတာ၊ ပြန်၍ပြန်၍ လျော့တာကို ရှေးဦးစွာ သိအောင် ရှုမှတ်ကြရပေသည်။ အပူဒဏ်များက သည်းမခံနိုင်လောက််အောင် ပြင်းထန်လာသော အခါ ငရဲပြည်သို့ ကျရောက်စဉ်က လူ့ပြည်မှာဖြစ်သည့်အပူထက် အဆပေါင်း ရာထောင် မကပူသည့် အပူဒဏ်ကို ခံနိုင်ပါလျက် ဝိပဿနာတရား အားထုတ်နေစဉ်မှာ ဤမျှလောက်အပူကို သင်ဘာ့ကြောင့် သည်းမခံနိုင်ဘဲ ဖြစ်သနည်း။သည်းခံနိုင်ရမည်သာ ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည် ဖြစ်ပေသည်။ ✦ဝိပဿနာတရား ၊ အားထုတ်နေသောအခါ “ဆာတာ” ကိုလည်း သည်းခံကြရပေသည်။ သည်းခံ၍ ဆာတယ်။ ဆာတယ်ဟု ရှုမှတ်ကြရပေသည်။ ရှေးဦးစွာ ပို၍ပို၍ ဆာတာ၊ ပြန်၍ပြန်၍ လျော့တာကို သိအောင်၊ ရှုမှတ်ကြရပေသည်။ သည်းမခံနိုင်လောက်အောင် ဆာလာသောအခါ ပြိတ္တာဘဝမှာ ဖြစ်စဉ်အခါက တစ်ဘဝလုံးဆာနေတာကို ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ ဤမျှလောက် ဆာခြင်းကို သင်ဘာ့ကြောင့် သည်းမခံနိုင်ဘဲဖြစ်ရသနည်း၊ သည်းခံနိုင်ရမည်သာ ဖြစ်ပေသည် ဟု နှလုံးသွင်း၍ သည်းခံရမည် ဖြစ်ပေသည်။ ✦ဝိပဿနာတရား အားထုတ်နေသောအခါ မှက်၊ ခြင်များ ကိုက်တာကိုလည်း သည်းခံကြရပေသည်။ သည်းခံ၍ ရှုမှတ်ကြရပေသည်။ ရှေးဦးစွာ ပို၍ပို၍ နာတာ၊ ပြန်၍ပြန်၍ လျော့တာများကို သိအောင် ရှုမှတ်ကြရပေသည်။ သည်းမခံနိုင်လောက်အောင် နာလာသောအခါ ကျွဲ ၊နွားစသော တိရစ္ဆာန်ဘဝများမှာ ဖြစ်စဉ်အခါက တစ်ဘဝလုံး အကိုက်ခံနေရတာကို ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ ဤမျှလောက် မှက်၊ ခြင် ကိုက်ခြင်းကို သင်ဘာ့ကြောင့် သည်းမခံနိုင်ဘဲဖြစ်ရသနည်။သည်းခံနိုင်ရမည်သာ ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည် ဖြစ်ပေသည်။ ✦ဝိပဿနာတရား အားထုတ်နေသောအခါ မိမိကို သူတစ်ပါးတို့က မကောင်းသဖြင့် ပြောဆိုကြသောအခါ သည်းခံ၍ ကြားတယ်၊ ကြားတယ်ဟု ကြားကာမျှမတ္တမှာ တည်အောင် ရှုမှတ်ကြရပေသည်။ သည်းခံခြင်းအားသည် သူတော်ကောင်းဖြစ်သူတို့၌ အကောင်းဆုံးအား ဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ခြင်း ကိုလည်း နှလုံးသွင်း၍ ရှုမှတ်ကြရပေသည်။ ✦ဝိပဿနာတရား အားထုတ်နေသောအခါ ခန္ဓာကိုယ် အတွင်းမှ အသက်သေလောက်သည့် ရောဂါဝေဒနာများ ဖြစ်လာခြင်းကိုလည်း သည်းခံ၍ ရှုမှတ်ကြရပေသည်။ ကိုယ်နှင့်အသက်ကို မငဲ့ကွက်တော့ဘဲ သည်းခံ၍ ရှုမှတ်ကြရမည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဟောကြားတော်မူခဲ့ပါသည်။ အဋ္ဌကထာဆရာများကလည်း ဖွင့်ပြခဲ့ကြပါသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】 Posted by
https://www.dhammaransi.com/index.php/new/549-2016-11-07-06-59-21.html
ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး
ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး --------------------------------------------- ဧတဒဂ် (ဧတဒဂ္ဂ)ဟူသည် မိမိမိမိတို့၏(ကျွမ်းကျင်သော) အရာဌာန၌ အခြားသောပုဂ္ဂိုလ်တို့ထက် အ ထွတ်အထိပ်ရောက်သော, မြင့်မြတ်သော ပုဂ္ဂိုလ် (မိမိ မိမိဆိုင်ရာ ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးပုဂ္ဂိုလ်)ဟု ဆိုလိုသည်။ တေ ဟိ ထေရာ အတ္တနော အတ္တနော ဌာနေ ကောဋိဘူတာတိပိ အဂ္ဂါ၊ သေဋ္ဌဘူတာတိပိ။ တသ္မာ ဧတဒဂ္ဂန္တိ ဧသာ ကောဋိ ဧသော သေဋ္ဌောတိ အယမေတ္ထ အတ္ထော။ (အံ-ဋ္ဌ၊ ၁-၉၆) ၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။ ၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။ ၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။ ၄။ အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။ ၅။ အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။ ၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။ ၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။ ၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။ ၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။ ၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။ ၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရစျာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း။ ၁၂။ အရှင်မဟာပန္ထက=အရူပစျာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရစျာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း) ၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။ ၁၄။ အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။ ၁၅။ အရှင်ကင်္ခါရေဝတ=စျာန်ဝင်စားခြင်း။ ၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။ ၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။ ၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။ ၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။ ၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။ ၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။ ၂၂။ အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။ ၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။ ၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။ ၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။ ၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။ ၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။ ၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။ ၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။ ၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။ ၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။ ၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။ ၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း) ၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။ ၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။ ၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။ ၃၇။ အရှင်နန္ဒ=ဣန္ဒြေစောင့်ခြင်း။ ၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။ ၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။ ၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။ ၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။
https://www.dhammaransi.com/index.php/new/550-2016-11-06-01-29-59.html
“ချမ်းသာနှစ်ဖွယ် ရယူဖွယ်”
“ချမ်းသာနှစ်ဖွယ် ရယူဖွယ်” •••••••••••••••••••••••••••••••••••••• အသိဉာဏ်ပြည့်ဝကြ၊ဗဟုသုတရှိကြသော ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် “ယခုမျက်မှောက်ဘဝရှိသကဲ့သို့ နောင်တမလွန်ဘဝများလည်း ရှိကြပေသည်။ ဘဝမရှိရာနိဗ္ဗာန်ချမ်းသာလည်း ရှိပေသည်”ဟု သိမြင်လျက်ရှိကြပေသည်။ ဘဝမရှိရာ နိဗ္ဗာန်ချမ်းသားသို့ မရောက်သေးမီ အကြားမှာ ယခုမျက်မှောက်ဘဝ၌လည်း ကြီးပွားချမ်းသာလိုကြပေသည်။ နောင်တမလွန်ဘဝများ၌လည်း ကြီးပွားချမ်းသာ လိုကြပေသည်။ သို့ဖြစ်၍ ယခုမျက်မှောက်ဘဝနှင့် နောင်တမလွန်ချမ်းသာဟူသော ချမ်းသာနှစ်သွယ် တို့ကို ရယူနိုင်ဖို့ရန်အတွက် “ယခုမျက်မှောက်ဘဝ ကြီးပွားချမ်းသောကြောင်း တရား(၄)ပါးနှင့် နောင်တမလွန်ဘဝများ၌ ကြီးပွားချမ်းသာကြောင်းတရား (၄)ပါး” ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ “မျက်မှောက် ချမ်းသာရရှိရန်” •••••••••••••••••••••••••••••••••••••• ယခု မျက်မှောက်ဘဝ၌ ကြီးပွားချမ်းသာလိုကြသော ပုဂ္ဂိုလ်တို့ ပြည့်စုံရမည့် တရားလေးပါးမှာ (၁)။ ဥဋ္ဌာန သမ္ပဒါ =ထကြွလုံ့လဝီရိယနှင့် ပြည့်စုံရမည်။ (၂)။ အာရက္ခသမ္ပဒါ = ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြည့်စုံရမည်။ (၃)။ကလျာဏမိတ္တတာ = မိတ်ဆွေကောင်းရှိရမည်။ (၄)။သမဇီဝိတာ= မျှတစွာ အသက်မွေးခြင်းရှိရမည် ဟူ၍ (၄)ပါးဖြစ်ပေသည်။ (အံ-၃ ၊ ၁ဝရ) ❖(၁)။ဥဋ္ဌာနသမ္ဗဒါ =ထကြွလုံ့လဝီရိယနှင့် ပြည့်စုံရမည် ဟူသည် ယခု မျက်မှောက်ဘဝ၌ ကြီးပွားချမ်းသာ လိုကြသော ပုဂ္ဂိုလ်တို့သည် ကြီးးပွားချမ်းသာနိုင်သော လုပ်ငန်းတစ်ခုခုကို ကြိုးးစား၍ လုပ်ကိုင်နေရမည် ဖြစ်ပေသည်။ ယခု မျက်မှောက်ဘဝ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် - (က)။ပျင်းရိခြင်းမရှိစေရ၊ အမြဲတမ်းတက်တက်ကြွကြွ ရှိရမည်။ (ခ)။မိမိလုပ်ငန်း တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်းများကို လေ့လာစုံစမ်းနိုင်သော ဉာဏ်ပညာ ရှိကြရမည်။ (ဂ)။မိမိလုပ်ငန်း၌ ကိုယ်တိုင်လုပ်ကိုင်နိုင်သော စွမ်းအင် စွမ်းအား ရှိကြရမည်။ (ဃ)။မိမိလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝတို့၌ စီမံခန့်ခွဲနိုင်သော စွမ်းအင် စွမ်းအား လည်း ရှိကြရမည် ဖြစ်ပေသည်။ ❖(ခ)။အာရက္ခသမ္ပဒါ = ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြည့်စုံရမည် ဟူသည် ယခုမျက်မှောက်ဘဝ၌ ကြီးပွား ချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် မိမိ ရှာဖွေ၍ ရရှိသော ပစ္စည်းဥစ္စာများကို ရန်သူမျိုးငါးပါးတို့ကြောင့် မပျက်စီး မဆုံးရှုံးသွားရအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြရမည် ဖြစ်ပေသည်။ မိမိတို့ ပိုင်ဆိုင်သော ပစ္စည်းများကို - (က)။ဥပဒေအရ မင်းဘဏ္ဏာအဖြစ် မသိမ်းဆည်း မယူဆောင်နိုင်ရအောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ရမည်။ (ခ)။သူခိုး၊ လူဆိုးတို့ မခိုးယူ၊ မလုယက်နိုင်အောင် လုံခြုံရာအရပ်၌ ထား၍ ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ရမည်။ (ဂ)။မီးမလောင်နိုင်ရအောင် မီးမလောင်နိုင်သော အရပ်ဒေသများ၌ ထား၍ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ရမည်။ (ဃ)။ရေမမျောနိုင်အောင် ရေမမျောနိုင်သော အရပ်ဒေသများ၌ထား၍ ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ရမည်။ (င)။မချစ်မနှစ်သက်သော အမွေခံဆိုးတို့ မယူဆောင်သွားနိုင်ရအောင် လုံခြုံရာဘဏ်တိုက် စသည် တို့၌ထား၍ ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ရမည်။ ❖(၃)။ကလျာဏမိတ္တတာ = မိတ်ဆွေကောင်း ရှိရမည် ဟူသည် ယခု မျက်မှောက်ဘဝ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် မိမိနှင့် သဒ္ဓါ၊သီလ၊ စာဂ၊ ပညာ အားဖြင့် တူမျှသောမိတ်ဆွေကောင်းများ၊ မိမိထက် သဒ္ဓါ၊ သိလ၊ စာဂ၊ ပညာအားဖြင့် သာလွန်သော မိတ်ဆွေကောင်းများ ရှိကြရမည်ဖြစ်ပေသည်။ မိမိတို့ ပေါင်းသင်းကြရမည့် မိတ်ဆွေသည်- (က)။ဘုရား၊ တရား၊ သံဃာ၊ ကံ၊ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်ဖြစ်ရမည်။ (ခ)။သူ့အသက်မသတ်ခြင်း၊သူ့ဥစ္စာမခိုးခြင်း၊ သူ့သားသမီး သားမယား မဖျက်ဆီးခြင်း၊ လိမ်ညာမပြောခြင်း၊အရက်သေစာ မသောက်စားခြင်း စသော အကျင့်သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ရမည်။ (ဂ)။အရာရာတွင် တွန့်တိုနှမြောခြင်း မရှိပါဘဲ သင့်လျော်စွာ ပေးကမ်း စွန့်ကြဲ လှူဒါန်းခြင်း စာဂနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ရမည်။ (ဃ)။လောက ဓမ္မ နှစ်ဌာနတို့၌ ပြုသင့် မပြုသင့်ကို လည်းကောင်း၊ မျက်မှောက် တမလွန်ဘဝတို့၌ အကျိုးရှိ မရှိ တို့ကိုလည်းကောင်း ဆင်ခြင်နိုင်သည့် ဉာဏ်ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ရမည်။ ❖(၄)။သမဇီဝိတာက = မျှတစွာ အသက်မွေးခြင်းရှိရမည် ဟူသည် - ယခုမျက်မှောက်ဘဝ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာသုံးစွဲရာတွင် ဝင်ငွေနှင့် ထွက်ငွေများကို မျှတအောင် ခွဲဝေသုံးဆောင် တတ်ကြရမည်ဖြစ်ပေသည်။ မိမိတို့တရားသဖြင့် ရှာဖွေ၍ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို (၄)ပုံ ပုံ၍ (၂)ပုံကို အရင်းအနှီး အဖြစ်ဖြင့် လုပ်ငန်းထဲသို့ ပြန်ထည့်ရမည်။ (၁)ပုံကို မိသားစုနှင့် အလှူခံပုဂ္ဂိုလ်များပါ ခွဲဝေ၍ သုံးဆောင်ရမည်။ (၁)ပုံကို ဘေးအန္တရာယ်များ ကျရောက်လာသောအခါ ကာကွယ်ဖို့ရန် မြှုပ်နှံသိမ်းဆည်းထားရမည်ဖြစ်ပေသည်။ ဤသမ္ပဒါတရား (၄)ပါးနှင့် ပြည့်စုံအောင် ဆောင်ရွက် လုပ်ကိုင်နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်း သမီးတို့သည် ယခုမျက်မှောက် ဘဝ၌ ဧကန်မုချ ကြီးပွားချမ်းသာခြင်းကို ရရှိကြမည်သာဖြစ်ပေသည်” ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ “တမလွန်ချမ်းသာ ရရှိရန်” •••••••••••••••••••••••••••••••••••••• နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် နောင်တမလွန် ဘဝများ၌ ကြီးပွားချမ်းသာလိုကြသော ပုဂ္ဂိုလ်တို့ ပြည့်စုံကြရမည့် တရားလေးပါးမှာ - (၁)။ သဒ္ဓါ သမ္ပဒါ = ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံရမည်။ (၂)။ သီလ သမ္ပဒါ =စောင့်ထိန်းခြင်း သီလနှင့် ပြည့်စုံရမည်။ (၃)။ စာဂ သမ္ပဒါ = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း စာဂနှင့် ပြည့်စုံရမည်။ (၄)။ ပညာ သမ္ပဒါ = မြတ်သောဉာဏ်ပညာနှင့် ပြည့်စုံရမည် ဟူ၍ (၄) ပါးဖြစ်သည်။ (အံ-၃၊၁၁၀) ❖(၁)။ သဒ္ဓါသမ္ပဒါ = ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံရမည်ဟူသည် နောင်တမလွန်ဘဝများ၌ ကြီးပွားချမ်းသာလိုကြသော ပုဂ္ဂိုလ်တို့သည် ဘုရား၊ တရား၊ သံယာ၊ ကံ၊ ကံ၏အကျိုး ဤငါးမျိုးကို ယုံကြည်ကြရမည် ဖြစ်ပေသည်။ ဘုရား၊ တရား၊ သံယာ၊ ကံ၊ ကံ၏အကျိုးတို့ကို ယုံကြည် ကြသောပုဂ္ဂိုလ်တို့သည် နောင်တမလွန်ဘဝများ၌ ချမ်းသာကြောင်းဖြစ်သော အလှူဒါနလည်း ပြုလုပ်နိုင်ကြပေသည်။ သီလလည်း စောင့်ထိန်းနိုင်ကြပေသည်။ သမထ ဝိပဿနာတရားတို့ကိုလည်း ပွားများ အားထုတ်နိုင်ကြပေသည်။ ထို့ကြောင့် နောင်တမလွန် ဘဝများ၌ ချမ်းသောအမျိုးမျိုးတို့ကို ရရှိနိုင်ကြမည် ဖြစ်ပေသည်။ မြင့်မြတ်သော ဘုံဘဝများကို ရောက်သွားကြရမည် ဖြစ်ပေသည်။ သို့ဖြစ်၍ တမလွန်ဘဝများ၌ ကြီးပွား ချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည်စုံကြရမည် ဖြစ်ပေသည်။ ❖(၂)။ သီလ သမ္ပဒါ - စောင့်ထိန်းခြင်း သီလနှင့် ပြည့်စုံရမည် ဟူသည်- နောင်တမလွန်ဘဝများ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် သူ့အသက် မသတ်ခြင်း၊ သူ့ဥစ္စာမခိုးခြင်း၊ သူ့သားသမီး သားမယားတို့ကို မဖျက်ဆီးခြင်း၊ လိမ်မပြောခြင်း၊ အရက်သေစာမသောက်စားခြင်း စသော ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း သီလနှင့် ပြည့်စုံကြရမည် ဖြစ်ပေသည်။ မဖျက်ဆီးခြင်း၊ လိမ်မပြောခြင်း အရက်သေစာ မသောက်စားခြင်း စသောကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း သီလနှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်တို့သည် နောင်တမလွန်ဘဝများ၌ လူ့ပြည်၊ နတ်ပြည်(၆)ထပ်တို့၌ ဖြစ်ကြရသောကြောင့် ချမ်းသာသုခ အမျိုးမျိုးတို့ကို ရရှိခံစားကြရမည် ဖြစ်ပေသည်။သို့ဖြစ်၍ တမလွန် ဘဝများ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့ုသည် စောင့်ထိန်းခြင်း သီလတရားနှင့် ပြည့်စုံကြရမည် ဖြစ်ပေသည်။ ❖(၃)။ စာဂသမ္ပဒါ =စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနှင့် ပြည့်စုံရမည် ဟူသည် နောင်တမလွန်ဘဝများ၌ ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာ မရှိနွမ်းပါးသူတို့အား ပေးကမ်းခြင်း၊ မိဘ၊ ဆွေမျိုးများကို ပေးကမ်း လှူဒါန်းခြင်း၊ ဆေးရုံ လူအိုရုံ ပရဟိတကျောင်းများသို့ လှူဒါန်းခြင်း၊ ရဟန်းသံဃာတော်များ သီလရှင်များကို လှူဒါန်းခြင်း၊ စာဂနှင့် ပြည့်စုံကြရမည်ဖြစ်ပေသည်။ ပေးသင့်ပေးထိုက် လှူသင့်လှူထိုက်သူတို့ကို ပေးကမ်း လှူဒါန်း တတ်သောပုဂ္ဂိုလ်တို့သည် နောင်ဖြစ်လေရာ တမလွန်ဘဝများ၌ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝ ချမ်းသာကြမည် ဖြစ်ပေသည်။ မိမိတို့ ပြုလိုသော ကုသိုလ် ကောင်းမူအထူးတို့ကို ဆက်ကာဆက်ကာ ပြုလုပ်နိုင်ကြ၍ နိဗ္ဗာန်ချမ်းသာ ရောက်သည့်ဘဝတိုင်အောင် ကြီးပွါးချမ်းသာကြမည် ဖြစ်ပေသည်။သို့ဖြစ်၍ တမလွန်ဘဝများ၌ ကြီးပွား ချမ်းသာလိုကြသော ပုဂ္ဂိုလ်တို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း စာဂနှင့် ပြည့်စုံကြရမည် ဖြစ်ပေသည်။ ❖(၄)။ ပညာသမ္ပဒါ = မြတ်သောဉာဏ်ပညာနှင့် ပြည့်စုံရမည်ဟူသည် နောင်တမလွန်ဘဝများ၌ နိဗ္ဗာန်ချမ်းသာရောက်သည်တိုင်အောင် ကြီးပွားချမ်းသာ လိုကြသော ပုဂ္ဂိုလ်တို့သည် (ဥဒယဗ္ဗယ) အဖြစ်နှင့် အပျက်တို့ကို သိနိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံရမည် ဖြစ်ပေသည်။ နိဗ္ဗာန်ချမ်းသာသို့ ရောက်လို၍ ဝိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် (ဥဒယဗ္ဗဃ) အဖြစ်အပျက်ကိုသိသောဉာဏ်ပညာနှင့် ပြည့်စုံမှသာ လောဘ၊ဒေါသ၊မောဟ စသောကိလေသာ အမှောင်ထုများကို ဖောက်ခွဲနိုင်ကြမည် ဖြစ်ပေသည်။ ကိလေသာ အမှောင်ထုကို ဖောက်ခွဲနိုင်မှသာ နိဗ္ဗာန် ချမ်းသာသို့ ရောက်ရှိနိုင်ကြမည်ဖြစ်ပေသည်။ သို့ဖြစ်၍ နောင်တမလွန် ဘဝများ၌ နိဗ္ဗာန် ချမ်းသာ ရောက်သည့်တိုင်အောင် ကြီးပွားချမ်းသာလိုသော ပုဂ္ဂိုလ်တို့သည် အဖြစ်အပျက်ကို သိနိုင်သော ဉာဏ်ပညာ နှင့် ပြည့်စုံကြရမည် ဖြစ်ပေသည်။ ဤ သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံအောင် အားထုတ်ကြသော အမျိုးကောင်းသား အမျိုးကောင်း သမီးတို့သည် နောင်တမလွန်ဘဝများ၌ နိဗ္ဗာန်ချမ်းသာသို့ ရောက်သည့်တိုင်အောင် ဧကန်မုချ ကြီးပွားချမ်းသာခြင်းကို ရရှိကြမည်သာ ဖြစ်ပေသည် ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/551-2016-11-06-01-28-46.html
“ရုပ်ချော၊ဥစ္စာပေါ၊ဂုဏ်သရေရှိချင်ရင်….”
“ရုပ်ချော၊ဥစ္စာပေါ၊ဂုဏ်သရေရှိချင်ရင်….” ••••••••••••••••••••••••••••••••••• မလ္လိကာမိဖုရားက တစ်နေ့ကျတော့ မြတ်စွာဘုရားကို မေးခွန်းတွေလာမေးတယ်။ ကံကြမ္မာရဲ့ ရုပ်ပုံလွှာများနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတစ်ခုမေးတယ်။ ဒီနေရာမှာ မေးခွန်းမေးတဲ့သူက အမျိုးသမီး မလ္လိကာမိဖုရား ဖြစ်သည့်အတွက်ကြောင့် အမျိုးသမီးတွေကို ဟောတာ ဆိုပေမယ့်၊ အမျိုးသားတွေနဲ့လည်း ဆိုင်တယ်လို့ မှတ်ထားသင့်တယ်။ ဘဝ ရထားတဲ့ ပုဂ္ဂိုလ်တိုင်း၊ပုဂ္ဂိုလ်တိုင်းဟာ “ကံကြမ္မာရဲ့ ရုပ်ပုံလွှာတွေ ကံကြမ္မာပန်းချီဆရာဆွဲတဲ့ ရုပ်ပုံအတိုင်းပေါ်မှာဆိုတာ သေချာတယ်။ မလ္လိကာမိဖုရားက ဘာမေးတုန်းဆိုရင် “အရှင်ဘုရားတဲ့၊ တစ်ချို့ အမျိုးသမီးတွေဟာ ရုပ်အင်မတန် ဆိုးတယ်တဲ့၊ အရုပ်ဆိုး အကျည်းတန်တယ်။ ဘယ်လို ကြည့်လို့မှ မလှဘူး။ အရုပ်ဆိုး အကျည်းတန်ရုံ မကဘူးတဲ့။ စားစရာသောက်စရာ ကိုယ်ပိုင်ဥစ္စာ မရှိလောက်အောင် မွဲလည်းမွဲတယ်တဲ့။ အရှိန်အဝါ ဘာညာ ဆိုတာလည်း တစ်ခုမှမရှိဘူးတဲ့။ အရှိန်အဝါလည်းသေးသိမ်တယ်။ ဒီလို အမျိုးသမီးမျိုး ရှိပါတယ်ဘုရားတဲ့။ ရုပ်လည်း ဆိုးတယ်၊ ပစ္စည်းဥစ္စာလည်း မရှိဘူး၊ အရှိန်အဝါလည်း မရှိဘူးတဲ့ အဲဒီလို အမျိုးသမီးလည်းရှိတယ်။ အရှင်ဘုရားတဲ့၊ တချို့ အမျိုးသမီးတွေကတော့တဲ့ ရုပ်တော့ဆိုးတယ် ဘုရားတဲ့။ ဒါပေမယ့်လို့ ချမ်းသာတယ်။အရှိန်အဝါတွေရှိတယ်။ ဟောဒီလို အမျိုးသမီးကော မရှိဘူးလား? ရှိတယ်။ နောက် တချို့အမျိုးသမီးကတော့တဲ့ ရုပ်ကတော့ လှပါရဲ့၊ ပစ္စည်းဥစ္စာက မွဲတေတယ်။ အရှိန်အဝါ မရှိဘူးတဲ့။ ဒီလို တတိယအမျိုးသမီးလည်း ရှိတယ်တဲ့။ နောက် စတုတ္ထအမျိုးအစား အမျိုးသမီးကတော့ ရုပ်လည်းလှတယ်၊ ပစ္စည်းဥစ္စာလည်း ပေါတယ်။ အရှိန်အဝါလည်းရှိတယ်။ အမျိုးသမီးလေးမျိုး- နံပါတ်(၁)က အရုပ်ဆိုးမွဲ ၊ အရုပ်ဆိုးတယ် ပစ္စည်းမွဲတယ်။ နံပါတ်(၂)က အရုပ်ဆိုးတယ် ပစ္စည်းချမ်းသာတယ်။ နံပါတ်(၃)က ရုပ်လှတယ် ပစ္စည်းမွဲတယ်။ ရုပ်လှတယ် မွဲတယ်။ နံပါတ်(၄)က ရုပ်လှတယ် ချမ်းသာတယ်။ ဟော အမျိုးသမီးလေးမျိးရှိတယ်။ အဲဒီလို ကွဲပြားခြားနားနေတာ ဘာကြောင့်တုန်းဘုရား” လို့ မလ္လိကာမိဖုရားကြီးက မြတ်စွာဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဖြေတယ်။ “အေး လွန်ခဲ့တဲ့ ဘဝတွေတုန်းက နံပါတ်(၁) အမျိုးသမီးဟာ ထစ်ကနဲရှိ ဒေါသထွက်တယ်။ စိတ်တိုတယ်၊ ဘာလေးပြောပြော မခံနိုင်ဘူး။ ကက်ကက်လန် ရန်တွေ့တယ်။ ထစ်ကနဲရှိ ဒေါသဖြစ်တယ်။ ဒေါသဖြစ်ပြီး အတော်နဲ့လည်း မကျေချင်ဘူး။ ဆောင့်လို့အောင့်လို့ ဟုတ်လား။ ရန်ဖြစ်တယ် ဒေါသကြီးတယ်။ ဟော- အဲဒီလို အမျိုးသမီး အတိတ်ဘဝတုန်းက သူကလုပ်ခဲ့တယ်။ ဘယ်သူ့ကိုမှ ထမင်းခဲဘွယ် စတဲ့လှူစရာတန်းစရာတွေကို ပေးတာကျွေးတာလည်း မလုပ်ခဲ့ဘူးတဲ့။ သူတစ်ပါးတွေ ကြီးပွားနေလို့ရှိရင်လည်း မနာလိုစိတ်ဖြစ်တယ်တဲ့ (ဘယ်နှစ်ခုတုန်း? (၃)ခုနော်)စိတ်တိုတယ်၊အလှူအတန်း မလုပ်ဘူး၊ ဣဿာ ဖြစ်တယ်။မနာလိုဖြစ်တယ်။ အဲဒီ အကုသိုလ်ကံတွေ သူ့သန္တာန်မှာ ဖြစ်ခဲ့သည့် အတွက်ကြောင့် အဲဒီ အကုသိုလ်ကံတွေကို အများကြီး သူ့ရဲ့စိတ်အစဉ်ထဲမှာ စုဆောင်းမိလို့ လူ့ဘဝ ရောက်လာတဲ့အခါ အဲဒီ ကံကြမ္မာပန်းချီဆရာကနေပြီး ရုပ်ပုံခြယ်လိုက်တဲ့အခါမှာ၊ စုတ်နဲ့ဆေးနဲ့ ခြယ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ ရုပ်ပုံက မရုပ်ဆိုးတဲ့။ ဟုတ်လား မရုပ်ဆိုးပုံ ပေါ်လာတယ်။ အို- မွဲလိုက်တာလည်း လွန်ရော။ ကုန်းကောက်စရာတောင် မရှိဘူး။ ထဘီကိုက အဖာဖာအထပ်ထပ် အများကြီး ဖာထားတာ ဝတ်နေရတာ။ဂုဏ်သရေလည်း မရှိဘူးတဲ့။ ဟောဒါ နံပါတ်(၁)။ ဒါဟာ ကံကြမ္မာရဲ့ ရုပ်ပုံလွှာပဲနော်။ ကိုရုပ်ဆိုးတို့လည်း ဒီလိုပဲ ဖြစ်မှာပေါ့နော်။ ကိုရုပ်ဆိုးတို့လည်း ဒါမျိုးလုပ်ခဲ့ရင်တော့ ကိုရုပ်ဆိုးဖြစ်မှာ သေချာတယ်ပေါ့။ (၂)။ကဲ-ဒုတိယကတော့ သူက စိတ်တော့ တိုတယ်တဲ့။ ဒါပေမယ့် ပေးတယ် ကမ်းတယ် လှူတယ် တန်းတယ်။စိတ်တော့ အင်မတန်တိုတယ်။ စိတ်ဆတ်တယ်၊ အဲဒီအမျိုးသမီးက ဖြစ်လေရာ ဖြစ်လေရာ ဘဝမှာ အရုပ်ဆိုး အကျဉ်းတန်တယ်။ ဒါပေမယ့်လို့ ပစ္စည်းဥစ္စာ ချမ်းသာတယ်တဲ့။ လူတကာက လေးစားလောက်တဲ့ အရှိန်အဝါရှိတယ်။ ဟော ဒါ ဒုတိယအမျိုးသမီး။ (၃)။တတိယ အမျိုးသမီးကတော့ စိတ်မဆိုးတတ်ဘူးတဲ့၊ အရာရာမှာသည်းခံတယ်။ ပြုံးပြုံးပဲနေတယ်။ ဒေါသတွေ စိတ်ထဲမှာ မထားဘူးတဲ့။ အမှတ်မထားဘူး၊ အတော်နဲ့ စိတ်မဆိုးတတ်ဘူး။ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ နေတတ်တယ်။ သို့သော် သူက အလှူအတန်းမလုပ်ဘူး။ ဣဿ ာ မစ္ဆရိယ ရှိတယ်။ အဲဒီ အမျိုးသမီးဟာ ဖြစ်လေရာဘဝမှာ စိတ်မဆိုးသည့်အတွက်ကြောင့် မချော တော့ဖြစ်ပါရဲ့။ မလှူခဲ့လို့ “မမွဲ” ဖြစ်နေတယ်။ ဟုတ်ကဲ့လား။ “ဆင်းရဲမွဲတေသူ” ဖြစ်နေတယ်။ (၄)။နောက် စတုတ္ထအမျိုးသမီးကျတော့ သူကစိတ်လည်း မဆိုးတတ်ဘူး။ အင်မတန်မှ သည်းခံတဲ့စိတ်ရှိတယ်။ အလှူအတန်း ဝါသနာပါတယ်။ ဘယ်သူ့ကိုမှ ဣဿာ မနာလိုတဲ့စိတ်တွေ မဖြစ်ဘူးတဲ့။ အဲဒီ အမျိုးသမီးကတော့ “ရုပ်ချော ဥစ္စာပေါ”ဟုတ်လား။ ဂုဏ်သရေရှိတဲ့ အမျိုးသမီး လာဖြစ်တယ်တဲ့။ ဒါက ကံကြမ္မာက ပေးလိုက်တဲ့ ရုပ်ပုံလွှာတွေပဲ။ ဒါက ကံပန်းချီဆရာက ဆွဲပေးလိုက်တာ။ ဘယ် ထာဝရဘုရားကမှ ဖန်ဆင်းပေးတာ မဟုတ်ဘူးတဲ့။ လိပ်ပြာလေး တစ်ကောင်ရဲ့ အတောင်မှာ ပန်းချီခြယ်ထားတာ စိတ်ကူးထက်တောင်မှ လှသေးတယ်။ ဘယ်လိုလုပ်ပြီး အသေးစိတ် ဖန်ဆင်းနိုင်မှာတုန်းနော်။ ။ အေး- ကံကြမ္မာတို့ သညာတို့ လူ့စိတ်ရဲ့ အမှတ်သညာတို့ဆိုတာ အင်မတန်မှ ထူးဆန်းတယ်တဲ့။ စွမ်းအားကြီးမားတဲ့ အရာတွေ ဖြစ်တယ်။ ဒါကြောင့် ကံကြမ္မာက ဖန်တီးထားတဲ့ ရုပ်ပုံလွှာတွေကို လူတိုင်းလူတိုင်းဟာ ရနေကြတာဖြစ်တယ်” လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အဲဒီမေးခွန်းကို ဒီလိုဖြေခဲ့ပါတယ်။ “မလ္လိကာသုတ်” ဆိုတာ အင်္ဂုတ္တရမှာ ရှိတယ်။ အဲဒီလို ဖြေလိုက်တဲ့အခါ မလ္လိကာမိဖုရားက “အရှင်ဘုရားတဲ့၊ ဒီလိုဆိုလို့ရှိရင် တပည့်တော် ဟိုဘဝတုန်းက ခဏခဏ စိတ်တိုတတ် စိတ်ဆိုးတတ်တဲ့ အမျိုးသမီး ဖြစ်ခဲ့ပါလိမ့်မယ်တဲ့။ ဒါကြောင့်မို့ တပည့်တော် ဒီဘဝမှာ အရုပ်ဆိုး အကျဉ်းတန်တယ် ဘုရားတဲ့။ သို့သော်လည်း တပည့်တော် ဟိုဘဝတုန်းက လှူခဲ့တန်းခဲ့လို့၊ သူများအပေါ်မှာ မနာလိုဣဿာတွေ မထားခဲ့သည့်အတွက်ကြောင့် အခုတပည့်တော်ဟာ မိဖုရားဖြစ်ရတယ်။သြဇာအာဏာရှိတယ် ဘုရားတဲ့။ ပစ္စည်းဥစ္စာလည်း ချမ်းသာတယ်။” မလ္လိကာက ရုပ်ဆိုးတယ်။ ရုပ်ဆိုးပေမယ့်လို့ မိဖုရားဖြစ်ပြီးတော့ သူ့လက်အောက်မှာ အမျိုးသမီးတွေ အများကြီး။သူက သြဇာအာဏာလည်း ရှိတယ်။အဲဒါကြောင့် သူက သန္နိဋ္ဌာန် ချလိုက်တယ်။ “အရှင်ဘုရား ဒီနေ့ကစပြီး တပည့်တော် စိတ်မဆိုးတော့ပါဘူး” တဲ့။ ဟော- အားလုံး အဲဒီအတိုင်း မလိုက်နာသင့်ဘူးလား။ သိတတ်တဲ့ဘဝမှာ ဒီကနေ့ကနေစပြီးတော့ “စိတ်မတိုတော့ပါဘူး။စိတ်မဆိုးတော့ပါဘူး။ စိတ်ထဲမှာ မကျေနပ်တာတွေ နှလုံးထဲ၊ ရင်ထဲမှာ မထားတော့ပါဘူးး။ အားလုံးကို သည်းခံခြင်း ၊ ခွင့်လွှတ်ခြင်းဆိုတဲ့ မေတ္တာတရားပဲ ထားမယ်။ စိတ်ဆိုးတာ၊ အလိုမကျတာ ငါတစ်ခုမှမထားဘူး ဆိုတဲ့စိတ် ထားလိုက်ရင် ဘယ်လောက် ကောင်းမလဲပေါ့ ဟုတ်ကဲ့လား။ အေး- မလ္လိကာကတော့ အဲဒီလို အဓိဋ္ဌာန်ချလိုက်တယ်။ “အရှင်ဘုရားတဲ့၊ တပည့်တော် ဒီနေ့ကနေစပြီးတော့ ဒေါသဆိုတာ မဖြစ်အောင် တပည့်တော်ထိန်းပါမယ်” တဲ့။ စိတ်မဆိုးတော့ပါဘူး။တပည့်တော် ကြိုးကြိုးစားစား ဒါနကောင်းမှုတွေကိုလည်း ဆက်ပြီးတော့ လုပ်ပါ့မယ်။ ဘယ်သူ့ကိုမှလည်း မနာလိုဣဿာဆိုတာ မရှိစေရပါဘူး ဘုရား” လို့ မလ္လိကာမိဖုရားက အဲဒီသုတ္တန်မှာ လျှောက်ထားသွားတယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/552-2016-11-06-01-27-58.html
“ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန် ကောင်းမှု”
“ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန် ကောင်းမှု” ••••••••••••••••••••••••••••••••• အရှင်ဘုရား......စုပေါင်းဘုံကထိန်မှာ ကိုယ်တတ်နိုင်သလောက် အလှူငွေထည့်ဝင်လိုက်ရင် ကိုယ်လည်း ကထိန်အလှူရှင် ဖြစ်သွားပါသလား ဘုရား။ (မကေသီ၊ မန္တလေးမြို့။) ဒကာမလေး မကေသီ .... စုပေါင်းဘုံကထိန်အတွက် အများထည့်ဝင် လှူဒါန်းထားတဲ့ အလှူငွေကို ဘယ်လိုအသုံးပြုသလဲဆိုတဲ့ အချက်ပေါ် မူတည်ပြီးတော့ပဲ ကထိန်အလှူငွေ ထည့်ဝင်ထားသူတွေ ကထိန်အလှူရှင် ဖြစ်မဖြစ် ဆုံးဖြတ်ရပါလိမ့်မယ်။ ကထိန်ပွဲစီစဉ်သူတွေရဲ့ လုပ်ဆောင်ချက် မှန်ကန်ရင် ကထိန်အလှူရှင်ဖြစ်နိုင်ပြီး၊ လုပ်ဆောင်ချက်မှားယွင်းရင်တော့ ကထိန်အလှူရှင် လုံးဝမဖြစ်နိုင်ပါဘူး။ ●စုပေါင်းအလှူငွေနဲ့ “ဉတ်သင်္ကန်း” ဝယ်ရင် အလှူငွေ ထည့်ဝင်သူအားလုံး “ကထိန်အလှူရှင်”ဖြစ်နိုင်ပါတယ်။ ●စုပေါင်းအလှူငွေနဲ့ “ဉတ်သင်္ကန်း”မဝယ်ရင် အလှူငွေ ထည့်ဝင်သူအားလုံး တစ်ဦးတစ်ယောက်မှ ကထိန် အလှူရှင် မဖြစ်နိုင်တော့ပါဘူး။ ကထိန်အလှူဆိုတာ “ဉတ်သင်္ကန်းအလှူ”ပါ။ ကထိန်အလှူရှင်ဆိုတာ ဉတ်သင်္ကန်းအလှူရှင်ပါ။ ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းကို လှူမှ ကထိန်အလှူရှင် ဖြစ်နိုင်ပါတယ်။ ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းကို လှူခွင့်မရသရွေ့တော့ ဘယ်တော့မှ ကထိန်အလှူရှင် မဖြစ်နိုင်ပါဘူး။တချို့ကျောင်းတိုက်တွေမှာ “ကထိန်သင်္ကန်းတစ်စုံ ဘယ်လောက်”ဆိုပြီး ကျောင်းတိုက်ဘုံကထိန်အတွက် ငွေ အလှူခံကြပါတယ်။ ကျောင်းတိုက်ကို ကြည်ညိုသူတွေကလည်း “ကထိန်အလှူ အထူးခြားဆုံး”ဆိုပြီး ကထိန်အလှူရှင်ဖြစ်ချင်တဲ့စိတ်နဲ့ စွမ်းနိုင်သလောက် လှူကြတာပေါ့။ ဒါပေမဲ့ ကထိန်အလှူနေ့ကြတော့ စုပေါင်းအလှူငွေနဲ့ ဝယ်ထားတဲ့ သင်္ကန်းတွေထဲက သင်္ကန်းတစ်ထည်ကို “ဉတ်သင်္ကန်း” မလုပ်ဘဲ ၊ ကျောင်းတိုက်အပေါ် ကျေးဇူးအများဆုံး ကျောင်းဒကာ၊ ကျောင်းအမက ဉတ်သင်္ကန်းအဖြစ်လှူတဲ့ သင်္ကန်းကိုပဲ “ဉတ်သင်္ကန်း” လုပ်လိုက်ကြတယ်။ အဲဒီကထိန်ပွဲမှာ ဉတ်သင်္ကန်းလှူခွင့်ရတဲ့ ကျောင်းဒကာ၊ ကျောင်းအမပဲ ကထိန်အလှူရှင် ဖြစ်သွားပါတယ်။ ကထိန်အလှူငွေထည့်ဝင်ထားတဲ့ တခြား ဒကာ၊ ဒကာမတွေအားလုံး ဘယ်သူမှ “ကထိန်အလှူရှင် မဖြစ်တော့ပါဘူး”။ ဘုံကထိန်လို့ နာမည်တပ်ထားပေမယ့် ဘုံကထိန် မဟုတ်တော့ဘဲ ကျောင်းဒကာ၊ ကျောင်းအမရဲ့ “ပုံကထိန်”ပဲ ဖြစ်သွားပါတယ်။ ကထိန်အလှူရဲ့ အကျိုးအာနိသင်တွေအားလုံး ကျောင်းဒကာ၊ ကျောင်းအမအပေါ်ပုံကျသွားလို့ “ပုံကထိန်”လို့ ပြောလိုက်တာပါ။ ကထိန်အလှူငွေ ထည့်ဝင်ထားသူတွေရဲ့ အလှူငွေတွေအားလုံးကို ကျောင်းဒကာ၊ ကျောင်းအမရဲ့ ကထိန်အလှူအတွက် ပုံပေးလိုက်ရလို့လည်း “ပုံကထိန်”လို့ ပြောလိုက်တာပါ။ ဘုံကထိန်ဆိုတာ အလှူငွေဝိုင်းထည့်ရခြင်းဆိုတဲ့ ပုံစံပြယုဂ်လောက်ပဲ ဟန်ပြရှိတော့လို့လည်း “ပုံကထိန်” လို့ ပြောလိုက်တာပါ။ ဘုံကထိန်နဲ့လည်း ကာရန်ကိုက်အောင်ပေါ့။ “ကျောင်းဒကာ ကျောင်းအမ” ဆိုတာ နမူနာပြောတာပါ။ ကျောင်းအပေါ် ကျေးဇူးများသူ၊ များများလှူသူ၊ တစ်ခါတစ်ရံမှ လှူပေမယ့် အရမ်းချမ်းသာသူ၊ ကျောင်းအပေါ် ကျေးဇူးများဖို့ အလားအလာရှိသူ၊ သြဇာအရှိန်အဝါကြီးမားသူ၊ ထင်ရှားကျော်ကြားသူ၊ လူလည်ကျသူ ..... စသည်အားဖြင့် ဉတ်သင်္ကန်း တစ်ဦးတည်းလှူဖို့ တောင်းဆိုသူ မည်သူမဆို အကျုံးဝင်ပါတယ်။ တချို့က လူလည်ကျပြီး “ဉတ်သင်္ကန်း”ကို ကျနော် တာဝန်ယူပါတယ်၊ “ဉတ်သင်္ကန်းကိုတော့ ကျနော် တစ်ဦးတည်းကပဲ နှစ်တိုင်းလှူပါရစေ” လို့ သဒ္ဓါတရား အထူးကောင်းသလိုလို ဘာလိုလိုနဲ့ ဉတ်သင်္ကန်းအလှူကို တစ်ဦးတည်း အပိုင်စီးတတ်ကြပါတယ်။ “စုပေါင်းအလှူငွေထဲက ညှပ်မကြီးဖိုးသက်သာလည်း မနည်းဘူး” ဆိုပြီး၊ ဒါမှမဟုတ် “သူက ကျောင်းအတွက် ကျေးဇူးများတဲ့သူဆိုတော့ ဦးစားပေးလိုက်ပါမယ်လေ” ဆိုပြီး သွားလက်ခံလိုက်လို့ကတော့ “ဘုံကထိန်” ဆိုတာ နာမည်ခံသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ဘုံသင်္ကန်း နဲ့ ကထိန်ခင်းမှ ဘုံကထိန်ဖြစ်မယ်ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။ ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းဟာ ဘုံသင်္ကန်း ဖြစ်ကိုဖြစ်ရပါမယ်။ ကထိန်ခင်းတယ်ဆိုတာ သင်္ကန်းတွေအများကြီးလှူတာ၊ လှူဖွယ်ဝတ္ထုတွေ အများကြီးလှူတာ၊ ပဒေသာပင်တွေ အများကြီးလှူတာကို ပြောတာ မဟုတ်ပါဘူး။ ကထိန်ခင်းတဲ့ “ဉတ်သင်္ကန်းလှူတာ”ကို ပြောတာပါ။ ကထိန်ခင်းတဲ့ သင်္ကန်းလှူတာကိုပဲ ကထိန်ခင်းတယ်လို့ အလွယ်တကူ ပြောနေကြပေမယ့် လူဝတ်ကြောင် ဒကာ ဒကာမတွေက လုံးဝ ကထိန်ခင်းလို့ မရပါဘူး။ သံဃာက သဘောတူခွင့်ပြုထားတဲ့ ရဟန်းတော်တစ်ပါးကပဲ ကထိန်ခင်းလို့ရပါတယ်။ ကထိန်ကို ဒကာ ဒကာမတွေက ခင်းတာ မဟုတ်ပါဘူး။ သံဃာ့ခွင့်ပြုချက်ရထားတဲ့ “ရဟန်းတစ်ပါး” ကပဲ ခင်းတာပါ။ သိမ်ထဲမှာ သံဃာတော်တွေ စုဝေးပြီး ကထိန်ခင်းမယ့်ရဟန်းကို သံဃာက ကထိန်သင်္ကန်းပေးရတယ်။ “ရော့-အင့့်” ဆိုပြီး ဒီအတိုင်းပေးရတာမဟုတ်ပါဘူး။ ကမ္မဝါစာရွတ်ဖတ်ပြီး ၊သေချာပေးရတာပါ။ ဘယ်ကမ္မဝါပဲ ရွတ်ရွတ်၊ “ကမ္မဝါတိုင်းမှာ အပိုင်း(၃)ပိုင်း”ပါပါတယ်။ “အသိပေးခြင်းအပိုင်း၊ အဆိုပြုခြင်းအပိုင်းနဲ့ အတည်ပြုခြင်း အပိုင်း”တို့ပါပဲ။ ●အသိပေးခြင်းအပိုင်းမှာ “အခြေအနေ အဆင်ပြေပြီဆိုရင် သံဃာကဒီကံ (ဒီကံ)ကို ပြုပါတော့မယ်”လို့ အသိပေးလိုက်ပါတယ်။ ●အဆိုပြုခြင်းအပိုင်းမှာ “သံဃာက ဒီကံ (ဒီကံ)ကို ပြုနေပါပြီ၊ သဘောတူရင် ငြိမ်နေပါ။ သဘောမတူရင် ထပြောပါ”လို့ အဆိုပြုလိုက်ပါတယ်။ ●အတည်ပြုခြင်းအပိုင်းမှာ “သံဃာအားလုံးငြိမ်နေတဲ့အတွက် သဘောတူတယ်လို့ မှတ်ယူပါတယ်။ သံဃာက ဒီကံ (ဒီကံ)ကို ပြုပြီးပါပြီ”လို့ အတည်ပြု လိုက်ပါတယ်။ “အသိပေးခြင်း”ကို ပါဠိလို “ဉ တ္တိ”လို့ ခေါ်ပါတယ်။ “ဉ တ္တိ”ဆိုတဲ့ စကားလုံးကိုပဲ လုံးကြီးတင်ဖျောက်၊ အောက်က(တ)ဖြုတ်၊ အသတ်ကလေးထည့်ပြီး “ဉတ်” လို့ ပါဠိသက်မြန်မာဝေါဟာရအနေနဲ့ ခေါ်လိုက်ကြတာပါ။ ဉတ်ရယ်၊ ကမ္မဝါရယ် နှစ်ခုတွဲလိုက်တော့ ဉတ်ကမ္မဝါဖြစ်သွားတာပေါ့။ ကထိန်ခင်းရဟန်းကို ကထိန်သင်္ကန်းပေးတဲ့အခါ ဉတ်ကမ္မဝါရွတ်ဖတ်ပြီးမှ ပေးရတဲ့အတွက် ကထိန်သင်္ကန်းကို “ဉတ်ကမ္မဝါသင်္ကန်း” လို့ခေါ်ပါတယ်။ ဉတ်ကမ္မဝါသင်္ကန်းလို့ အပြည့်အစုံခေါ်ရင် စကားလုံးများနေတဲ့အတွက် စကားလုံးနည်းအောင် ကမ္မဝါဆိုတဲ့ နောက်စကားလုံးကို ဖြုတ်ပြီး “ဉတ်သင်္ကန်း”လို့ပဲ အတိုချုံး ခေါ်လိုက်ကြလို့ ခုချိန်ထိ ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း”လို့ပဲ ခေါ်နေကြတာပါ။ အမှန်တော့ အများနားယဉ်ပြီးသား ကမ္မဝါဆိုတဲ့ စကားလုံးနဲ့ပဲ “ကမ္မဝါသင်္ကန်း”လို့ ခေါ်လိုက်ရင် ပိုရှင်းပါတယ်။ “ကမ္မဝါဖတ်တယ်”ဆိုတဲ့စကား၊ ဘာသာရေး ဗဟုသုတကြွယ်တဲ့သူကို “သူကတော့ ကမ္မဝါဖတ်မယ့်သူပဲ”လို့ ပြောတဲ့ စကားတွေက အများကြားဖူးနားဝရှိကြပြီးသားမဟုတ်လား။ သိမ်ထဲမှာ ကမ္မဝါဖတ်မယ့် သင်္ကန်းမို့လို့ ကထိန်သင်္ကန်းကို “ကမ္မဝါသင်္ကန်း”လို့ခေါ်တယ်ဆိုရင် အားလုံး အလွယ်တကူ နားလည်သွားကြမှာပါ။ ဒါပေမဲ့ အစဉ်အလာ ခေါ်နေကြအတိုင်း “ဉတ်သင်္ကန်း”လို့ပဲ ထားလိုက်ပါတော့။ ဉတ်သင်္ကန်းကို “ညပ်သင်္ကန်း”လို့ အသံထွက်မှန်အောင် မခေါ်တတ်ဘဲ “ညှပ်သင်္ကန်း”လို့ ဟထိုးသံနဲ့ ခေါ်နေကြတဲ့အတွက် အခုထက်ထိ ညှပ်သင်္ကန်းလို့ နှုတ်ကျိုးနေကြပါတယ်။ “ညှပ်သင်္ကန်း”လို့ ခေါ်ရမှာ မဟုတ်ပါဘူး။ “ညပ်သင်္ကန်း”လို့ ခေါ်ရမှာပေါ့။ ကမ္မဝါစာနဲ့ ညှပ်ပြီးပေးရတဲ့ သင်္ကန်းမို့လို့ ညှပ်သင်္ကန်းခေါ်တာ မဟုတ်ပါဘူး။ “၀ါးခြမ်းပြား၊ သစ်သားချောင်း”စတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ သင်္ကန်းကို ဟိုဘက်ဒီဘက်ညှပ်ပြီး ချည်ထားတဲ့သင်္ကန်းမို့လို့လည်း ညှပ်သင်္ကန်းလို့ ခေါ်တာမဟုတ်ပါဘူး။ ဉတ်သင်္ကန်း (ညပ်သင်္ကန်း)ကို အသံထွက်မပီလို့ “ညှပ်သင်္ကန်း”လို့ ခေါ်နေကြတာပါ။ ဉတ်သင်္ကန်းကိုပဲ တချို့က “ညှပ်မကြီး”လို့လည်း ခေါ်ကြပါသေးတယ်။ ဉတ်သင်္ကန်းကိုလည်း အများအားဖြင့် နှစ်ထပ်သင်္ကန်းကြီး (ဒုကုဋ်)နဲ့ လုပ်ကြတဲ့အတွက် အကြီးစားသင်္ကန်း၊ အကြီးဆုံးသင်္ကန်းဖြစ်လို့ “ညှပ်မ”၊ “ညှပ်မကြီး”လို့ ခေါ်ကြတာပါ။ တချို့ကထိန်တွေမှာ ဉတ်သင်္ကန်းကို တခြားလှူဖွယ်ပစ္စည်းတွေ အများကြီး ခြံရံပြီး ပဒေသာပင်ကြီး သီးထားတတ်ကြတဲ့အတွက် ပဒေသာပင်တွေ အားလုံးထဲမှာ အကြီးဆုံးဖြစ်လို့လည်း ဉတ်သင်္ကန်းပါတဲ့ ပင်မပဒေသာပင်ကြီးကို “ညှပ်မကြီး”လို့ ခေါ်ကြတာလည်းရှိပါတယ်။ ဉတ်သင်္ကန်းကို နှစ်ထပ်သင်္ကန်းကြီးနဲ့ပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ခါးဝတ်သင်းပိုင်နဲ့လည်း လုပ်လို့ရပါတယ်။ ကိုယ်ရုံဧကသီနဲ့လည်း လုပ်လို့ရပါတယ်။ ဒါကြောင့် ကထိန်သင်္ကန်းလှူတဲ့ အလှူ့ရှင်တွေကလည်း သင်းပိုင်တစ်ထည်ဖြစ်ဖြစ်၊ ဧကသီတစ်ထည်ဖြစ်ဖြစ်၊ ဒုကုဋ်တစ်ထည်ဖြစ်ဖြစ် လှူဒါန်းရင် လုံလောက်ပါတယ်။ ကထိန်ခင်းမယ့် ကထိန်သင်္ကန်းကို သင်္ကန်းသုံးထည် (သုံးမျိုး)လုံး လှူစရာ မလိုပါဘူး။ လူအတော်များများက ဒုကုဋ်လို့ခေါ်တဲ့ နှစ်ထပ် သင်္ကန်းကြီးနဲ့မှ ကထိန်ခင်းလို့ရတယ်ထင်ပြီး ၊ ကထိန်သင်္ကန်းလှူရင် နှစ်ထပ်သင်္ကန်းကြီးပဲ လှူနေကြပါတယ်။ မဟုတ်ပါဘူး။ သင်းပိုင်ပဲ လှူလည်းရပါတယ်။ ဧကသီပဲလှူလည်းရပါတယ်။ သံဃာတော်တွေ အမှန်တကယ် သုံးမယ့် သင်္ကန်းလှူတာ အကောင်းဆုံးပါပဲ။ ကထိန်ပွဲမှာ လှူဒါန်းကြတဲ့ သင်္ကန်းတွေ အများကြီးထဲမှာ ကထိန်ခင်းမယ့် သင်္ကန်း (တစ်ထည်တည်းသာ)ကို ဉတ်သင်္ကန်းလို့ ခေါ်ပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းမှ တစ်ပါး တခြားသင်္ကန်းတွေကိုတော့ ဉတ်သင်္ကန်းရဲ့ အခြံအရံ သင်္ကန်းတွေဖြစ်လို့ “ဉတ်ရံသင်္ကန်း”လို့ ခေါ်ပါတယ်။ တစ်နည်းပြောရရင်တော့ ကထိန်မှာ လှူကြတဲ့ သင်္ကန်းတွေ အများကြီးထဲမှာ ဉတ်သင်္ကန်းကို “ကထိန်သင်္ကန်း”လို့ ခေါ်ပါတယ်။ ဉတ်သင်္ကန်းမှ တစ်ပါး တခြားသင်္ကန်းတွေကိုတော့ ကထိန်သင်္ကန်းရဲ့ အခြံအရံသင်္ကန်းတွေဖြစ်လို့ “ကထိန်ရံသင်္ကန်း”လို့လည်း ခေါ်ပါတယ်။ ကထိန်အာနိသင်အဖြစ်ရသွားမယ့် သင်္ကန်းတွေဖြစ်လို့ “ကထိန်အာနိသင် သင်္ကန်း”လို့လည်း ခေါ်ပါတယ်။ စကားလုံးကျဉ်းကျဉ်းနဲ့ အရှင်းဆုံးပြောရရင်တော့ “ကထိန်သင်္ကန်း”နဲ့ “အာနိသင်သင်္ကန်း”လို့ ပြောရမှာပေါ့။ ဉတ်သင်္ကန်းက ကထိန်သင်္ကန်း၊ ဉတ်ရံသင်္ကန်း၊ ကထိန်ရံသင်္ကန်းက အာနိသင်သင်္ကန်း..။ ကထိန်သင်္ကန်းက တစ်ထည်ပဲရှိပါတယ်။ (တစ်စုံမဟုတ်ပါ၊ သင်းပိုင်၊ သို့မဟုတ် ဧကသီ၊ သို့မဟုတ် နှစ်ထပ်သင်္ကန်းကြီး။) အာနိသင်သင်္ကန်းက လှူရင်လှူကြသလောက် အများကြီးရှိပါတယ်။ “ကထိန်သင်္ကန်း”ကို တစ်ဦးတစ်ယောက်ကပဲလှူပြီး “အာနိသင်သင်္ကန်း”ကို အများစုပေါင်းပြီး လှူတယ်ဆိုရင် အဲဒီကထိန်ဟာ ဘုံကထိန်မဟုတ်ပါဘူး။ “အာနိသင်သင်္ကန်း”ကို တစ်ဦးတစ်ယောက်ကပဲလှူပြီး “ကထိန်သင်္ကန်း”ကို အများစုပေါင်းပြီး လှူတယ်ဆိုရင် အဲဒီ ကထိန်ဟာ ဘုံကထိန်ပါ။ ကထိန်တစ်ခု “ဘုံကထိန်”ဖြစ်ဖို့အတွက် အဓိကအကျဆုံးကတော့ ကထိန်သင်္ကန်းလို့ခေါ်တဲ့ ဉတ်သင်္ကန်းဟာ အများစုပေါင်းပြီး လှူတဲ့ ဘုံသင်္ကန်းဖြစ်ဖို့ပါပဲ။ ဒကာ ဒကာမအများ တတ်စွမ်းသမျှ လှူဒါန်းကြတဲ့ စုပေါင်းအလှူငွေနဲ့ ကထိန်သင်္ကန်း (ဉတ်သင်္ကန်း)ဝယ်မှ အဲဒီကထိန်ဟာ ဘုံကထိန်ဖြစ်နိုင်ပါတယ်။ ကထိန်သင်္ကန်း အဓိကဆိုပေမယ့် အာနိသင်သင်္ကန်းကလည်း အရေးကြီးပါတယ်။ “ကထိန်အလှူရှင် နှစ်ဦး ဆုံနေရင် အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း)များများပိုလှူနိုင်တဲ့ အလှူရှင်ရဲ့ ကထိန်သင်္ကန်းကိုပဲ ဉတ်တင်ပြီး ကထိန်ခင်းရမယ်”.....လို့ ၀ိနည်းအဆုံးအဖြတ်ရှိတဲ့အတွက် “ကထိန်”လို့ ဆိုလိုက်ရင် ကထိန်သင်္ကန်းလည်း ပါရပါမယ်။ အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)လည်း ပါရပါမယ်။ အဓိပ္ပာယ်ရှိတဲ့ ဘုံကထိန်၊ အနှစ်သာရပြည့်ဝတဲ့ ဘုံကထိန် ဖြစ်ဖို့အတွက် ကထိန်သင်္ကန်း (ဉတ်သင်္ကန်း)ဟာလည်း အများစုပေါင်းကောင်းမှု ဖြစ်ရပါမယ်။ အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေဟာလည်း အများစုပေါင်းကောင်းမှု ဖြစ်ရပါမယ်။ ကထိန်သင်္ကန်းကတော့ အများစုပေါင်းအလှူငွေနဲ့ ဝယ်ရမှာပေါ့။ အာနိသင်သင်္ကန်းကတော့ အများစုပေါင်းအလှူငွေနဲ့ ဝယ်တာတွေလည်း ရှိမယ်။ သူတစ်စုံ၊ ငါတစ်စုံ စသည် ... စွမ်းနိုင်သမျှ ဝိုင်းလှူကြတာတွေလည်း ရှိမယ်ပေါ့။ ငါးစုံတတ်နိုင် ငါးစုံ၊ အစုံတစ်ရာတတ်နိုင် အစုံတစ်ရာ .... ဆန္ဒရှိသလို လှူလို့ရပါတယ်။ အလှူငွေပဲထည့်ထည့်၊ သင်္ကန်းပဲလှူလှူ အများစုပေါင်းကောင်းမှု အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)လို့ပဲ ခေါ်နိုင်ပါတယ်။ ●ကိုယ်က သင်္ကန်းများများ လှူနိုင်လို့ဆိုပြီး ကိုယ့်သင်္ကန်းကိုပဲ ဉတ်သင်္ကန်းလုပ်ပြီး ကထိန်ခင်းခိုင်းတာမျိုးလုံးဝ မပြုလုပ်သင့်ပါဘူး။ “ဘုံကထိန်”လို့ နာမည်ခံထားတဲ့အတွက် ဘုံကောင်းမှုဖြစ်တဲ့ သင်္ကန်းကို ဉာတ်သင်္ကန်းလုပ်တာကိုပဲ ကြည်ကြည်ဖြူဖြူ ဝမ်းမြောက်သင့်ပါတယ်။ ဉတ်သင်္ကန်းထဲမှာ ကိုယ့်ကုသိုလ်ပါချင်ရင် သင်္ကန်းဘယ်နှစ်စုံပဲလှူလှူ ဉတ်သင်္ကန်းအတွက် အလှူငွေ သီးခြားထည့်လိုက်ရုံပါပဲ။ ကထိန်သင်္ကန်းရော၊ ကထိန်ရံသင်္ကန်းတွေရော၊ သင်္ကန်းမှတစ်ပါး တခြားလှူဖွယ်ဝတ္ထုအားလုံးရော၊ ဘုန်းကြီးဆွမ်းကပ်နဲ့ ဧည့်ပရိတ်သတ် အကျွေးအမွေးအားလုံးရော ... ကထိန်ပွဲနဲ့ပတ်သက်သမျှ ကုန်ကျစရိတ်အားလုံးကို ကိုယ်တစ်ဦးတည်းကပဲ တာဝန်ယူလှူဒါန်းမယ်ဆိုရင်တော့ ကိုယ်လှူတဲ့သင်္ကန်းကိုပဲ ဉတ်သင်္ကန်းလုပ်ပြီး ကထိန်ခင်းနိုင်ပါတယ် (ကထိန်ခင်းဖို့ လှူနိုင်ပါတယ်)။ ●ဒါပေမဲ့ အဲဒီကထိန်ဟာ ဘုံကထိန် မဟုတ်တော့ပါဘူး။ ဘုံကထိန်မဟုတ်တော့တဲ့အတွက် “ကျောင်းတိုက်ကထိန်အတွက်” ဆိုပြီး ဘယ်သူ့ဆီကမှ အလှူငွေ လိုက်မကောက်သင့်တော့ပါဘူး။ ●တကယ်လို့ အလှူငွေ လိုက်ကောက်ခဲ့မယ်ဆိုရင် “လိမ်ညာပြီး အလှူခံတာ” ဖြစ်ပါလိမ့်မယ်။ ●ကထိန်သင်္ကန်းနဲ့ ကထိန်ရံသင်္ကန်း၊ သင်္ကန်းအားလုံးကိုတော့ ကိုယ်ကလှူမယ်။အများစုပေါင်းလှူထားတဲ့ အလှူငွေကိုတော့ ဘုန်းကြီးဆွမ်းကပ်နဲ့ ဧည့်ပရိတ်သတ် အကျွေးအမွေးကိစ္စမှာပဲ သုံးမယ်ဆိုရင်တော့ သူတစ်ပါးရဲ့ ကထိန်အလှူကို “ခေါင်းပုံဖြတ်”လုယူလိုက်တာပါပဲ။ ●ပစ္စည်းကိုခေါင်းပုံဖြတ်တာထက် “ကုသိုလ်” ကို ခေါင်းပုံဖြတ်တာက ပိုပြီးယုတ်မာပါတယ်။ ကထိန်ပွဲအတွက် လိုအပ်သမျှ သင်္ကန်းအားလုံး ကျနော်၊ ကျမ တစ်ဦးတည်းကပဲ တာဝန်ယူလှူပါ့မယ်လို့ တစ်ဦးတစ်ယောက်ကပြောတာကို ကထိန်ပွဲစီစဉ်သူတွေက “သင်္ကန်းဖိုး အကုန်အကျ သက်သာသွားပြီ၊ သင်္ကန်းဝယ်စရာမလိုတော့ဘူး” ဆိုပြီး လက်ခံလိုက်မယ်ဆိုရင် အဲဒီကထိန်ဟာ “ဘုံကထိန်” မဟုတ်တော့ပါဘူး။ အဲဒီ “တစ်ဦးတစ်ယောက်ရဲ့ ကထိန်” ပဲဖြစ်သွားပါတယ်။ သင်္ကန်းအားလုံးကို တစ်ဦးတစ်ယောက်က လှူတာ မဟုတ်ပေမယ့် တစ်ဦးတစ်ယောက်လှူတဲ့သင်္ကန်းကို ကထိန်သင်္ကန်း (ဉတ်သင်္ကန်း) လုပ်လိုက်မယ်ဆိုရင်လည်း အဲဒီ ကထိန်ဟာ ဘုံကထိန်မဟုတ်တော့ပါဘူး။ အဲဒီ တစ်ဦးတစ်ယောက်ရဲ့ ကထိန်ပဲဖြစ်သွားပါတယ်။ ►အဲဒီလိုနည်းနဲ့ ခံလိုက်ရတဲ့ အကြိမ်ပေါင်းနည်းမယ် မထင်တော့ပါဘူး။ မသိနားမလည်လို့ ခံလိုက်ရတာပါ။ ကထိန်အတွက် အလှူငွေသာ ထည့်လိုက်ရတယ်၊ ကထိန်အလှူရှင် မဖြစ်လိုက်တဲ့သူတွေ အများကြီးပါပဲ။ ဒီလိုနဲ့ပဲ ခံခဲ့ရပေါင်းများပါပြီ။ ဒီလိုမခံရဖို့အတွက် “ကထိန်ပွဲစီစဉ်သူတွေ”မှာ အဓိကတာဝန်ရှိပါတယ်။ သဒ္ဓါတရား သိပ်အားကောင်းတဲ့ ကျောင်းတိုက်ရဲ့ “အဓိကအလှူရှင်တွေ”မှာလည်း တာဝန်ရှိပါတယ်။ ကထိန်အလှူမှာ သင်္ကန်းအဓိကပါပဲ။ ဉတ်သင်္ကန်းက အဓိကဆိုပေမယ့် ဉတ်သင်္ကန်း တစ်ခုတည်းနဲ့ ကထိန်ပွဲက မပြည့်စုံပါဘူး။ ဉတ်ရံသင်္ကန်းလို့ခေါ်တဲ့ ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း) လုံလုံလောက်လောက်ပါမှ၊ သံဃာအပါးစေ့ ဝေနိုင်လောက်ပါမှ ကထိန်ပွဲက ပြည့်စုံပါတယ်။ ကထိန်ပွဲလာသူတွေ ဟိုလူတစ်စုံ၊ ဒီလူတစ်စုံ လှူလို့ သင်္ကန်းတွေ ပိုလျှံသွားလည်း ပြဿနာမရှိပါဘူး။ ပိုလျှံလေကောင်းလေပါပဲ။ ကထိန်ရဲ့ အနှစ်သာရက သံဃာတော်တွေ သိက္ခာပုဒ်ဝန်ထုပ် သက်သာသွားဖို့နဲ့ သင်္ကန်းလာဘ်လာဘ ပြည့်စုံသွားဖို့ ဖြစ်တဲ့အတွက် သင်္ကန်း ပိုလျှံသွားမှာကို စိတ်ပူနေစရာ မလိုပါဘူး။ ပိုလျှံတဲ့ သင်္ကန်းတွေကို သံဃာတော်တွေက ၀ိနည်းစည်းကမ်းနဲ့အညီ စနစ်တကျ စီမံခန့်ခွဲသွားကြပါလိမ့်မယ်။ အရေးကြီးဆုံးက အများစုပေါင်းအလှူငွေနဲ့ ဉတ်သင်္ကန်း အပါအဝင် သင်္ကန်းတွေ ဝယ်ဖြစ်ဖို့ပါပဲ။ အများကောင်းမှုနဲ့ ကထိန်သင်္ကန်းရော၊ ကထိန်ရံသင်္ကန်းတွေရော ဝယ်ကိုဝယ်ရပါ့မယ်။ ကထိန်အလှူမှာ သင်္ကန်းက အဓိကဖြစ်တဲ့အတွက် အများကောင်းမှုအလှူငွေဟာ သင်္ကန်းအတွက် အဓိက ဖြစ်သင့်ပါတယ်။ သင်္ကန်းအစုံ (၁၀၀)လှူတဲ့သူက ကထိန်အလှူရှင် ဖြစ်ချင်တယ်ဆိုရင် ကထိန်သင်္ကန်းဝယ်မယ့် အများကောင်းမှုထဲ အလှူငွေ ထပ်ထည့်ရပါမယ်။ ■လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က စာစောင်တွေမှာ နာမည်ကြီးမင်းသမီးတစ်ဦးရဲ့ ကထိန်အလှူသတင်းတွေ ဖတ်ခဲ့ရဖူးပါတယ်။ သိန်းပေါင်းများစွာ အကုန်အကျခံပြီး၊ အကြီးအကျယ် ကထိန်ခင်းတာပါ။ သူ့ရဲ့ အင်တာဗျူးတွေမှာ “သင်္ကန်းတော့ သူလုံးဝမလှူပါဘူး။ တခြားမင်းသားမင်းသမီးတွေကပဲ လှူပါတယ်...”တဲ့။ သူကတော့ တကယ်လိုအပ်တာကိုပဲ လှူချင်တဲ့အတွက် ဆန်အိတ်တွေ၊ ဆီပုံးတွေပဲ လှူပါတယ်....တဲ့။ ဆန်အိတ်ဘယ်နှရာ၊ ဆီပုံးဘယ်နှရာပေါ့။ ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ တခြားလှူဖွယ်ဝတ္ထုပစ္စည်းတွေ သိန်းဘယ်နှရာဖိုးပဲလှူလှူ၊ ကထိန်းခင်းမယ့် သင်္ကန်း လုံးဝ မလှူတဲ့အတွက် အဲဒီ မင်းသမီး ကထိန်အလှူရှင် လုံးဝမဖြစ်ပါဘူး။ အဲဒီမင်းသမီး လုံးဝ ကထိန်မခင်းလိုက်ရပါဘူး။ “ကထိန်အမ ဘယ်သူလို့”စာလုံးကြီးကြီးနဲ့ ရေးချင်သလောက်ရေး ၊အဲဒီမင်းသမီး “ကထိန်အမ” လုံးဝ မဟုတ်ပါဘူး။ ဆန်အိတ်တွေ၊ ဆီပုံးတွေ လှူပြီး ကျောင်းတိုက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ ကုသိုလ်တော့ ရပါတယ်။ ဒါပေမဲ့ ဒါဟာ ကထိန်ခင်းတာ မဟုတ်ပါဘူး။ ကထိန်ခင်းတယ်ဆိုတာ သံဃာတော်တွေ ပစ္စည်းလေးပါး ပြည့်စုံသွားအောင် လှူဖွယ်ဝတ္ထုမျိုးစုံ အများကြီးလှူဒါန်းတာကို ပြောတာ မဟုတ်ပါဘူး။ ပစ္စည်းမျိုးစုံ၊ ပိုက်ဆံမျိုးစုံနဲ့ ပဒေသာပင်တွေ သီးပြီး လှူဒါန်းတာဟာ ကထိန်ခင်းတာ မဟုတ်ပါဘူး။ ကထိန်သင်္ကန်းနဲ့ ကထိန်ရံသင်္ကန်းတွေ လှူတာကိုပဲ ကထိန်ခင်းတယ်လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ကထိန်အလှူရဲ့ အခြံအရံအဖြစ်နဲ့ ပစ္စည်းမျိုးစုံ လှူဒါန်းလိုက်တော့လည်း ကထိန်အလှူကို အကြောင်းပြုပြီး၊ ကုသိုလ်ပိုတိုးသွားတာပေါ့။ ကုသိုလ်ဆိုတာ တိုးလေ ကောင်းလေပါပဲ။ ဒါပေမဲ့ ကထိန်ရဲ့ အနှစ်သာရ အဓိကအချက်ကိုတော့ မေ့မသွားဖို့ အထူးဂရုစိုက်ရပါမယ်။ ■စာသင်တိုက်တို့ ရိပ်သာတို့လို လူအများ ဆည်းကပ် ကိုးကွယ်နေကြတဲ့ ကျောင်းတိုက်တွေရဲ့ နှစ်စဉ်ကထိန်ဟာ “ဘုံကထိန်”ပဲ ဖြစ်သင့်ပါတယ်။ ဟိုလူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြု၊ ဒီလူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုနဲ့ သူ့နည်းသူ့ဟန်နဲ့သူ သူတတ်နိုင်တဲ့ဘက်ကနေအားလုံး ဝိုင်းဝန်ပြီး ကျောင်းတိုက်ကို ကျေးဇူးပြုနေကြတာဖြစ်တဲ့အတွက် ကျောင်းတိုက်ရဲ့ တစ်နှစ်မှာ တစ်ခါသာလှူရတဲ့ ကထိန်ကုသိုလ်ပွဲမှာ ကျောင်းတိုက်ကို ကျေးဇူးပြုနေသူတွေ အားလုံး တစ်ယောက်မကျန် ပါဝင်ခွင့်ရမှ သဘာဝကျပါတယ်။ များများလှူတဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုသလို၊ နည်းနည်းလှူတဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုတာပါပဲ။ အမြဲတမ်းဝေယျာဝစ္စလုပ်တဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုသလို တစ်ခါတစ်ရံမှ (တစ်ပါတ်တစ်ခါ၊ တစ်လတစ်ခါ ဆိုသလို) ဝေယျာဝစ္စလုပ်တဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုတာပါပဲ။ နေ့စဉ် သို့မဟုတ် ရက်ခြားဆွမ်းခံကြွနေတဲ့ ဆွမ်းခံရပ်ကွက် ၊ ဆွမ်းခံလမ်းက ဆွမ်းဒကာ ဆွမ်းအမတွေကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုသလို ဝန်ထမ်းသဘောမျိုးခန့်ထားတဲ့ ကျောင်းလုပ်သားတွေကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုတာပါပဲ။ နေ့စဉ်၊ သို့မဟုတ် ရက်ခြား ဆွမ်းခံကြွပြီး သူတို့လှူတဲ့ ဆွမ်းကိုတော့ ကိုယ်ကယူနေပြီးတော့ အကျိုးအာနိသင်ထူးခြားတဲ့ ကထိန်အလှူကျမှ လှူခွင့်မပေးဘဲ ဘေးချိတ်ချောင်ထိုး ထားတယ်ဆိုရင် သဘာဝကျပါ့မလား၊ သင့်တော်ပါမလား။ ကိုယ့်မှာသူတော်ကောင်းစိတ် ရှိရာရောက်ပါ့မလား။ ကျောင်းတိုက်တစ်တိုက်အတွက် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ လှူခွင့်ရတဲ့ ကထိန်အလှူ (အလှူအားလုံးထဲမှာ အထူးခြားဆုံးအလှူ)မှာ ကျောင်းတိုက်ကို ကျေးဇူးပြုနေသူ ဘယ်သူ့ ဘယ်သူကိုမှ ဘေးချိတ်ချောင်ထိုးမထားသင့်ပါဘူး။ အားလုံးရဲ့ သူ့အပိုင်းနဲ့သူ ကူညီပံ့ပိုးမှုကြောင့်သာ ကျောင်းတိုက်လည်ပတ်နေနိုင်တာ ဖြစ်တဲ့အတွက် ကျောင်းတိုက်ကို ကူညီပံ့ပိုးပေးနေသူအားလုံး ကျောင်းတိုက်ရဲ့ ကထိန်ဟာ အများကောင်းမှု “ဘုံကထိန်” ဖြစ်ကိုဖြစ်ရပါမယ်။ တစ်ချို့က “ဒီကျောင်းတိုက်မှာ နှစ်စဉ်နှစ်တိုင်း ကျွန်တော်၊ကျွန်မ တစ်ဦးတည်းပဲ ကထိန်ခင်းပါ့မယ်”၊ “ဒီကျောင်းတိုက်ရဲ့ ရာသက်ပန် ကထိန်အလှူရှင် အဖြစ် ကျွန်တော်၊ကျွန်မ ပဲ တာဝန်ယူပါ့မယ်”လို့ ကိုယ်ဆည်းကပ် ကိုးကွယ်နေတဲ့ ကျောင်းတိုက်ရဲ့ ကထိန်ကို ကိုယ်ပိုင်ကထိန်အဖြစ် ရာသက်ပန် ကန်ထရိုက်ဆွဲထားတတ်ကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သဒ္ဓါအားကြီးတယ်လို့ ထင်ရပေမယ့် ၊တကယ်တော့ သဒ္ဓါအားကြီးတာ မဟုတ်ပါဘူး။ “အတ္တ” အားကြီးတာပါ။ တစ်နှစ်မှာ တစ်ခါပဲ ခင်းခွင့်ရတဲ့ ကျောင်းတိုက်ကထိန်ဟာ ကိုယ်တစ်ဦးတည်းရဲ့ ကထိန်ပဲဖြစ်ရမယ်ဆိုတဲ့ အတ္တစိတ်ထဲမှာ ထူးခြားးတဲ့ ကထိန်အလှူရဲ့ ထူးခြားတဲ့ အကျိုးအာနိသင်တွေကို ကိုယ်တစ်ယောက်တည်းပဲ ယူမယ်ဆိုတဲ့ “လောဘ”တွေလည်း ပါနေသလို ၊ထူးခြားတဲ့ အကျိုးအာနိသင်တွေ သူတစ်ပါး မရစေချင်တဲ့ “မစ္ဆရိယ”တွေလည်းပါနေပါတယ်။ ကိုယ်ဆည်းကပ်နေတဲ့ ကျောင်းတိုက်က တရားရိပ်သာ ဖြစ်နေပြီး ကိုယ်ကလည်း အဲဒီတရားရိပ်သာမှာ အားထုတ်နေတဲ့ တရားယောဂီဆိုရင်တော့ အဲဒီလို အတ္တစိတ်မျိုး ပိုလို့တောင် မမွေးမြူသင့်ပါဘူး။ ကိုယ်တစ်ဦးတည်းကပဲ ကျောင်းတိုက်ကို အဖက်ဖက်က ကူညီထောက်ပ့ံနေတယ်၊ တခြားဘယ်သူရဲ့ အကူအညီမှ ကျောင်းတိုက်က မယူရဘူးဆိုရင်တော့ ကိုယ်တစ်ဦးတည်းကပဲ အဲဒီကျောင်းတိုက်မှာ နှစ်စဉ် ကထိန်ခင်းသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ အားလုံးရဲ့ ဝိုင်းဝန်း ကူညီပံ့ပိုးမှုနဲ့ ကျောင်းတိုက်လည်ပတ်နေတာဆိုရင်တော့ ကိုယ်တစ်ဦးတည်းက ကထိန်မခင်းဘဲ အားလုံးနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဘုံကထိန်ပဲ ခင်းသင့်ပါတယ်။ ကိုယ်က များများလှူချင်ရင် လှူပေါ့။ များများကူချင်ရင် ကူပေါ့။ ဘုံကထိန်ခင်းခြင်းအားဖြင့် ... လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယဆိုတဲ့ ကိလေသာတွေလည်း ကင်းစင်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေလည်း တိုးပွားပါတယ်။ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ခန္တီ ဆိုတဲ့ သူတော်ကောင်းဓာတ်တွေလည်း အားကောင်းပါတယ်။ ကိလေသာကင်းစင်ခြင်းဆိုတဲ့ ဂုဏ်အရှိန်၊ ဗြဟ္မစိုရ်တရား တိုးပွားခြင်းဆိုတဲ့ဂုဏ်အရှိန်၊ သူတော်ကောင်းဓာတ်အား ကောင်းခြင်းဆိုတဲ့ ဂုဏ်အရှိန်တွေ တဝင်းဝင်းတလက်လက် တောက်ပပေါင်းစုနေတဲ့ ဘုံကထိန်ကောင်းမှုကို ပါရမီလိုလားတဲ့ သူတော်ကောင်းအပေါင်းတို့ စုပေါင်းညီညာ ပျော်ရွှင်စွာ ဆင်နွှဲကျင်းပကြမယ်ဆိုရင် သံသရာမှာ ထူးခြားဆန်းကြယ်တဲ့ ကောင်းကျိုးတွေကို အတူတကွခံစားရင်း နိဗ္ဗာန်စခန်း ၊ ဗောဓိနန်းကို အတူတကွ ပျော်ရွှင်စွာ တက်လှမ်းနိုင်ကြမှာ မလွဲဧကန်ပါ။ ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှုကို ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】 ၏ “ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု” နှာ ၃- ၃၀ မှ -ကောက်နှုတ်ပူဇော််မျှဝေပါသည်။】
https://www.dhammaransi.com/index.php/new/553-2016-11-06-01-26-41.html
“တစ်နေ့သော အချိန်”
“တစ်နေ့သော အချိန်” ••••••••••••••••••••••••••••••• လူတွေဟာ တစ်ခါတစ်ရံ စိတ်အားတွေ တက်ကြွပြီး နေတဲ့အခါမျိုး ရှိတယ်။ သို့သော် တစ်ခါတစ်ရံ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ စိတ်ဓာတ်တွေ ဆုတ်နစ်သွားတတ်ကြတယ်။ ဒီလို စိတ်ဓာတ်တွေ ကျနေတဲ့အချိန်မှာ ဝိုင်းဝန်းပြီးတော့ အားပေးစကား ပြောကြရတယ်။ ▬▬▬▬▬▬▬▬▬▬ “စိတ်ဓာတ်အကျဆုံးအချိန်” ▬▬▬▬▬▬▬▬▬▬ လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲ လို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သိဖို့ လိုတယ်နော်။ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သော အချိန်”ဆိုတာ ဘယ်အချိန်လဲ? “သေခါနီးအချိန်” ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး။ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံးအချိန်လို့ ဆိုလိုတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬ “ပညာနဲ့ဆင်ခြင်ပြီးမှ လုပ်သင့်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬▬ အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ။ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ။ ခုခေတ်မှာ ဘာတွေလုပ်နေကြလဲ။ ဒါကို လေ့လာ သုံးသပ်ပြီး ကြည့်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့အလုပ်တွေဟာ မှန်ကန်မှု ရှိရဲ့လား။ ခုခေတ်လူတွေ လုပ်နေကြတာ မှန်ကန်မှု ရှိရဲ့လား။ တကယ် “အားပေးစကား"” ပြောတာ ဟုတ်ရဲ့လား။ အားပေးစကားပြောတာမျိုး မဟုတ်ဘဲ ၊ ချောက်တွန်းတာမျိုး ဖြစ်နေသလားလို့ စဉ်းစားဆင်ခြင်သင့်တယ်။ မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုး ချမ်းသာကို မပေးနိုင်ဘူး။ အရာရာဟာ ပညာနဲ့ ဆင်ခြင်ပြီးတော့မှ လုပ်သင့်တယ်။ ▬▬▬▬▬▬▬▬▬▬ “စဉ်းစားဖွယ်” ▬▬▬▬▬▬▬▬▬▬ မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာ မြတ်စွာဘုရားနဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်တယ်။ ရှင်အနုရုဒ္ဓါမထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။ အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာ ကပိလဝတ်ကို အုပ်ချုပ်တဲ့ နောက်ဆုံးမင်းလို့ ပြောရမှာပေါ့။ အဲဒီ မဟာနာမမင်းဟာ သာသနာတော် အဆင့်အတန်းနဲ့ ပြောရမယ်ဆိုရင် “သကဒါဂါမ်အဆင့်” ဖြစ်တယ်။ သကဒါဂါမ်အဆင့်နဲ့ ကံကုန်သွားတယ်။ ဘဝတစ်သက်တာမှာ သကဒါဂါမ်အဆင့်အနေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ နောက်ဆုံး ဝိဋဋူပ ကျူးကျော် တိုက်ခိုက်ပြီး သာကီဝင်မင်းတွေ အပြတ်ချေမှုန်းရေးစစ်ပွဲမှာ မဟာနာမမင်းကြီး အဖမ်းခံရတယ်။ အဖမ်းခံရတယ် ဆိုသော်လည်း ဝဋဋူပ က သူ့ရဲ့ “မြေး”တော်နေသည့် အတွက်ကြောင့် ကောင်းကောင်းမွန်မွန် ထားတယ်။ သို့သော်လည်း စာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ ဆံထုံးကို ခြေမကြားမှာညှပ်ပြီး ရေအိုင်ထဲမှာ ငုပ်လျှိုးသွားတယ်လို့ ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာကောင်းတာက သူက သကဒါဂါမ်လို့လည်း ဆိုသေးတယ်။ ရေထဲမှာ နှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ် Suicide လုပ်တယ်။ဒါမျိုး မဖြစ်နိုင်ဘူးလို့ ထင်တယ်။ သောတာပန်ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသတ်ဖြတ်တာမျိုး မလုပ်တော့ဘူး။ ဒီတော့ မဟာနာမမင်းကြီးဟာ သူ့ကိုယ်သူ သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။ ရေကန်ထဲ ရေဆင်းချိုးရင်း သူ့ရဲ့သီလအစွမ်း တန်ခိုးတွေကြောင့်၊သူ့ကိုကြည်ညိုတဲ့ ရေကန်စောင့်နတ်တွေ ၊နဂါးတွေက (စာထဲမှာပါတာ နဂါးတွေက နဂါးပြည်ကို) ခေါ်သွားပြီးတော့ နဂါးပြည်မှာ ၁၂-နှစ်ကြာ နေထိုင်တယ်လို့ ပြောတယ်။ အဲဒီလို ခေါ်သွားတာ ဖြစ်လောက်တယ်။ ရေကန်ထဲမှာ ဆင်းပြီးတော့ ရေချိုးရင်းကနေပြီး ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီ မဟာနာမမင်းကြီးနဲ့ ပတ်သက်တဲ့ သုတ္တန်တွေ စာပေကျမ်းဂန်မှာ တော်တော်များများ ရှိတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အားပေးစကား အလိုအပ်ဆုံးအချိန်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မြတ်စွာဘုရားက မဟာနာမကို ဘာ အဆုံးအမ ပေးထားသလဲဆိုရင် - “အမျိုးသား ဥပါသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီး ဥပါသိကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်း ထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အချိန်အခါမျိုးမှာ အားပေးစကား ပြောရမယ်။ ဆုံးမစကား ပြောရမယ်။” လို့ ပြောတာ။ အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊ အားအငယ်ဆုံး ဖြစ်တတ်သည့်အတွက် အားပေးစကားပြောဖို့လိုတယ်။ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပဲ။ လူတိုင်းလူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကို သွားနေတာတုုံးဆိုရင် အိုခြင်းဆီ သွားနေတာ။ အိုခြင်းကနေ ဘယ်ကိုသွားနေတာတုံးဆိုရင် နာခြင်းဆီ သွားနေတာ။ နာခြင်းကနေ ဘယ်ကိုသွားနေတာတုံးဆိုရင် သေခြင်းဆီ သွားနေတာ။ ဒါ ကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး နိမိတ်မရှိဘူး၊ ဒီလို ထင်တယ်။မသေမှာ ကျနေတာပဲနော်။ ကိုယ်ဘယ်ကိုသွားနေတာတုံးဆိုတာ သိဖို့မလိုဘူးလား။ ကိုယ်ဘယ်သွားနေတယ်ဆိုတာ သိရမယ်။ မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။ လူတွေက ပြောကြတယ် “ဘယ်မှ မသွားဘူး။ အိမ်မှာနေတာ။” သို့သော် အိမ်နေရင်း အသက်က ကြီးကြီး မသွားဘူးလား။ကြီးသွားနေတော့ ဘယ်သွားနေသလဲလို့ ထင်တုံး။ အိုတဲ့ဆီ သွားနေတာ။ အိုတဲ့ဆီကနေပြီးတော့ နာတဲ့ဆီ မရောက်ဘူးလား။ အေး နာတဲ့ဆီကနေ နောက် ဘယ်ရောက်သွားတုံး။ ဆရာတော်ကြီးတစ်ပါးက ကမ္မဋ္ဌာန်း နှလုံးသွင်း ခိုင်းသလိုပဲ။ “ခံနိုင်ရင်ခံ မခံနိုင်ရင်သေ” ဆိုတာ၊ ဟုတ်တယ် မဟုတ်လား။ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့ အခြေအနေ ရှိတဲ့အချိန်မှာ ခံနေပြီးတော့ မခံနိုင်တဲ့ အခြေအနေမှာ သေသွားတာပေါ့။ အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘဝဟာ အဆုံးသတ်ကြရတယ်။ မြတ်စွာဘုရားလည်း ဒီလိုပဲ အဆုံးသတ်တယ်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်တို့လည်း ဒီလိုပဲ အဆုံးသတ်တယ်။ သို့သော် အဆုံးသတ်ကလေးကောင်းအောင် လုပ်ပေးလို့ရတယ်။ လူတွေဟာ အဆုံးသတ်ကောင်းဖို့ အတွက်၊ အသေကောင်းဖို့အတွက် အနေကောင်းးဖို့ ဆိုတာလည်း လိုအပ်တယ်လို့ ပြောကြတယ်နော်။ လူတွေရဲ့ စိတ်ဓာတ် ဆိုတာက နောက်ဆုံးအချိန် ရောက်လို့ရှိရင် အားငယ်တတ်တယ်။ ဒီလို အားငယ်လာလို့ရှိရင် အားပေးစကား ပြောရမယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/554-2016-11-06-00-06-51.html
“အငတ်ဘေး ကင်းဝေးစေတဲ့ အလှူ”
ဗာရာဏသီသူဌေးကတော်ဟာ ထမင်းကိုချက်ပြီး ငါးစုခွဲကာ သူဌေးအတွက် အဖို့အစုထမင်းကိုခူးပြီး ရှေ့မှာထားတယ်။ အဲဒီခဏမှာ ဂန္ဓမာဒနတောင်က ပစ္စေကဗုဒ္ဓါဟာ သမာပတ်မှ ထတယ်။ သမာပတ်အတွင်းမှာ သမာပတ်ရဲ့ စွမ်းအားကြောင့် ဆာလောင်မှုက မနှိပ်စက်ဘဲ ရှိပါသတဲ့။ သမာပတ်မှထတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ဆာလောင်မှုက အားကြီးပြီး၊ ဝမ်းဗိုက်အလွှာကိုလောင်မြိုက်သလို ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စေကဗုဒ္ဓါတွေဟာ ဆွမ်းရနိုင်မယ့် နေရာကို ကြည့်ပြီး သွားကြပါတယ်။ အဲဒီနေ့မှာလည်း အဲဒီပစ္စေကဗုဒ္ဓါတွေအား အလှူလှူပြီး စစ်သူကြီးရာထူးစတဲ့အရာတွေထဲက ပြည့်စုံမှုတစ်ခုခုကို ရကြပါတယ်။ ဒါကြောင့် အဲဒီ ပစ္စေကဗုဒ္ဓါကလည်း ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ကြည့်ရှုတော်မူတယ်။ “ဇမ္ဗုဒိပ်တစ်ကျွန်းလုံးမှာ ငတ်မွတ်မှုဘေး ဖြစ်ပေါ်နေတေယ်။ သူဌေးအိမ်မှာ လူငါးယောက်စာ အတွက် ဆန်တစ်ခွက်ချက် ထမင်းပဲကျက်နေတယ်။ အဲဒီလူတွေဟာ သဒ္ဓါရှိကြသလား။ ငါ့ကို ချီးမြှောက်နိုင်ကြလေမလား” လို့ ကြည့်တော်မူတဲ့အခါ အဲဒီလူတွေမှာ သဒ္ဓါရှိတာနဲ့ ချီးမြှောက်နိုင်တာကို မြင်တယ်။ သပိတ်၊ သင်္ကန်းကို ယူပြီး သူဌေးကြီးရဲ့ ရှေ့မှာ တံခါးမှာရပ်နေတဲ့ သူ့ကိုယ်သူ ထင်ရှားပြတယ်။ သူဌေးက ပစ္စေကဗုဒ္ဓါကိုမြင်ပြီး ကြည်ညိုစိတ်ဖြစ်ကာ “ငါဟာ ရှေးကလည်း အလှူမလှူခဲ့လို့ ဒီလို အငတ်ဘေးကို တွေ့ကြုံရတယ်။ ဒီ ထမင်းကငါ့ကိုတစ်နေ့ပဲ စောင့်ရှောက်နိုင်မယ်။ ပစ္စေကဗုဒ္ဓါအား လှူတဲ့ အလှူဟာ ကမ္ဘာကုဋေပေါင်း များစွာ ငါ့ရဲ့ စီးပွားချမ်းသာကိုဆောင်လိမ့်မယ်” လို့ တွေးပြီး အဲဒီထမင်းခွက်ကို ဖယ်ရှားလိုက်တယ်။ ပစ္စေကဗုဒ္ဓါကို ခြဉ်းကပ်ပြီး တည်ခြင်းငါးပါးနဲ့ ရှိခိုးကာ အိမ်ကိုပင့်တယ်။ နေရာမှာ ထိုင်နေတဲ့ ပစ္စေကဗုဒ္ဓါရဲ့ ခြေတွေကို ဆေးကြောပြီး ရွှေခြေဆေး အင်းပျဉ်မှာထားကာ ထမင်းခွက်ကိုယူပြီး၊ ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲ လောင်းထည့်လိုက်တယ်။ ဆွမ်းက တစ်ဝက်ကျန်နေတဲ့အခါ ပစ္စေကဗုဒ္ဓါက လက်နဲ့ သပိတ်ကိုပိတ်တယ်။ အဲဒီအခါ ပစ္စေကဗုဒ္ဓါကို “အရှင်ဘုရား၊ ဒီထမင်းက ဆန်တစ်ခွက်နဲ့ ချက်ထားတဲ့ ငါးယောက်စာထမင်းထဲက တစ်ပုံပဲ ဖြစ်ပါတယ်။ ဒီထမင်းကို နှစ်ပိုင်းမခွဲနိုင်ပါ။ တပည့်တော်အား ဒီဘဝတွက်သာ မချီးမြှောက်ပါနဲ့။ တပည့်တော်အကုန်လုံးကို လှူလိုပါတယ်” လို့ ပြောပြီး ထမင်းအားလုံးကို လှူလိုက်ပါတယ်။ လှူပြီးတော့လည်း ဆုတောင်းတယ်။ “အရှင်ဘုရား၊ တပည့်တော်ဟာ နောက်ထပ် ဖြစ်ရာဖြစ်ရာအရပ် မှာ ဒီလိုအငတ်ဘေး မတွေ့လိုပါ။ အခုအချိန်ကစပြီး ဇမ္ဗုဒိပ်တစ်ကျွန်းလုံးမှာနေတဲ့သူတွေအား မျိုးစေ့ထမင်းကို ပေးနိုင်ရပါလို၏။ ကိုယ့်လက်နဲ့ အလုပ်လုပ်ပြီး အသက်မွေးမှုမပြုလိုပါ။ ကျီပေါင်း ၁၂၅၀ ကို အရှင်းခိုင်းပြီး ဦးခေါင်းလျှော်ကာ အဲဒီလူတွေရဲ့ တံခါးမှာထိုင်ပြီး အထက်ကို ကြည့်လိုက်တဲ့ ခဏမှာပဲ သလေးစပါးနီအလျဉ်တွေ ကျလာပြီး၊ တပည့်တော်ရဲ့ ကျီအားလုံးကို ပြည့်စေကုန်ရာပါ၏။ ဖြစ်ရာဖြစ်ရာ အရပ်မှာလည်း ဒီမယားပဲမယား၊ ဒီသားပဲသား၊ ဒီခွေးမပဲခွေးမ၊ ဒီကျွန်ပဲကျွန် ဖြစ်ပါစေ။” သူဌေးရဲ့ မယားကလည်း “ငါ့ခင်ပွန်းကို ဆာလောင်မှုက နှိပ်စက်တဲ့အခါ ငါဟာစားခြင်းငှာမစွမ်းနိုင်” လို့ ကြံပြီး သူ့အဖို့အစုကိုပစ္စေကဗုဒ္ဓါအား လှူပြီး ဆုတောင်းတယ်။ “အရှင်ဘုရား၊ အခုဖြစ်ရာဖြစ်ရာ အရပ်မှာ ဒီလို အငတ်ဘေးကို မမြင်တွေ့လိုပါ။ ထမင်းအိုးကို ရှေ့မှာချပြီး ဇမ္ဗုဒိပ်နေသူအားလုံးအား ထမင်းပေးပေမယ့်လည်း တပည့်တော်မထသေးသမျှ ယူတိုင်းယူတိုင်းသောနေရာဟာ ပြည့်မြဲသာပြည့်ပါစေ။ ဒီလင်ပဲလင်၊ ဒီသားပဲသား၊ ဒီ ချွေးမပဲချွေးမ၊ ဒီကျွန်ပဲ ကျွန် ဖြစ်ပါစေ” သူဌေးရဲ့သားကလည်း သူ့အဖို့အစုကို ပစ္စေကဗုဒ္ဓါအား လှူပြီး ဆုတောင်းတယ်။ “အရှင်ဘုရား၊ ဒီအချိန်ကစပြီး ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။တပည့်တော်ဟာ အသပြာတစ်ထောင် အိတ်တစ်အိတ်ကိုယူပြီး ဇမ္ဗုဒိပ် ကျွန်းသူ၊ကျွန်းသားအားလုံးအား အသပြာ ပေးပေမယ့်လည်း၊ဒီတစ်ထောင်အိတ်ဟာ ပြည့်မြဲပြည့်ပါစေ။ ဒီမိဘတွေပဲ မိဘ၊ ဒီမယားပဲ မယား၊ ဒီကျွန်ပဲ ကျွန်ဖြစ်ပါစေ။” သူဌေးရဲ့ ချွေးမကလည်း သူ့အဖို့အစုကို ပစ္စေကဗုဒ္ဓါအား လှူပြီး ဆုတောင်းတယ်။“ဒီအချိန်ကစပြီး ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။ တပည့်တော်ဟာ စပါးတောင်းတစ်တောင်းကို ရှေ့မှာထားကာ ဇမ္ဗုဒိပ် နေသူအားလုံးအား မျိုးစေ့ထမင်းကို ပေးပေမယ့်လည်း ကုန်တာ မထင်ရှားပါစေနဲ့။ ဖြစ်ရာဖြစ်ရာအရပ်မှာ ဒီယောက္ခမတွေပဲ ယောက္ခမ၊ ဒီလင်ပဲ လင်၊ ဒီကျွန်ပဲ ကျွန်ဖြစ်ပါစေ။” ကျွန်ကလည်း သူ့အဖို့အစုကိုပစ္စေကဗုဒ္ဓါအား လှူပြီး ဆုတောင်းတယ်။ “ဒီအချိန်ကစပြီး ဒီလိုအငတ်ဘေးကို မမြင်တွေ့လိုပါ။ဒီလူအားလုံး အရှင်သခင်တွေ ဖြစ်ကြပါစေ။ တပည့်တော် လယ်ထွန်တဲ့အခါမှာလည်း ဒီနေရာ ထွန်ကြောင်းသုံးကြောင်း၊ ဟိုနေရာက ထွန်ကြောင်း သုံးကြောင်း၊ အလယ်က ထွန်ကြောင်းတစ်ကြောင်းအားဖြင့် သစ်သားကျင်းလောက်ရှိတဲ့ ထွန်ကြောင်း ၇ ကြောင်း၊ ၇ ကြောင်း သွားကြပါစေ။” အဲဒီကျွန်ဟာ အဲဒီနေ့မှာ စစ်သူကြီးရာထူးကို ဆုတောင်းပြီး ရနိုင်ပေမယ့် အရှင်သခင်တွေ အပေါ် တွယ်တာမှုကြောင့်“ဒီလူတွေပဲ တပည့်တော်ရဲ့ အရှင်သခင်တွေ ဖြစ်ကြပါစေ” လို့ ဆုတောင်းတယ်။ ပစ္စေကဗုဒ္ဓါ က လူအားလုံးရဲ့ စကားအဆုံးမှာ “အဲဒီအတိုင်း ဖြစ်ပါစေ” လို့ မိန့်ပါတယ်။ပြီးတော့ ပစ္စေကဗုဒ္ဓါတွေ ဆုပေးလေ့ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဂါထာနှစ်ပုဒ်တို့နဲ့ အနုမောဒနာပြုပါတယ်။ “ငါဟာ သူတို့ရဲ့ စိတ်ကို ကြည်လင်စေသင့်တယ်”လို့ တွေးပြီး“ဂန္ဓမာဒနတောင်တိုင်အောင် ဒီလူတွေ ငါ့ကို မြင်ကြပါစေသတည်း”လို့ အဓိဋ္ဌာန်ပြီး ဖဲသွားတယ်။ အဲဒီလူတွေကလည်း ကြည့်ပြီးပဲ ရပ်နေကြတယ်။ အဲဒီပစ္စေကဗုဒ္ဓါက ကြွသွားပြီး အဲဒီ ဆွမ်းကို ပစ္စေကဗုဒ္ဓါငါးရာနဲ့အတူ ခွဲဝေတယ်။ အဲဒီ ဆွမ်းဟာ အဲဒီ ပစ္စေကဗုဒ္ဓါရဲ့ အစွမ်း အာနုဘော်ကြောင့် ပစ္စေကဗုဒ္ဓါ အားလုံးအတွက်လည်း လောက်တယ်။ အဲဒီလူတွေက ကြည့်ရင်းပဲ ရပ်နေကြတယ်။ မွန်းလွဲသွားတဲ့အခါ သူဌေးကတော်က ထမင်းအိုးကို ဆေးပြီးပိတ်ကာထားတယ်။ သူဌေးကလည်း ဆာလောင်မှုက နှိပ်စက်ခံရလို့ လဲလျောင်းပြီး အိပ်ပျော်သွားတယ်။ သူဌေးက ညနေပိုင်းမှာ နိုးပြီး မယားကို ရှင်မရေ၊ ငါဟာ အလွန်အကဲပဲ ဆာလောင်တယ်။ ထမင်းအိုး အပြင်မှာ ထမင်းချိုးများ ရှိသေးလား” လို့ မေးတယ်။ သူဌေးကတော်က ဆေးကြောပြီး ထမင်းအိုးကို ထားမှန်းသိပေမယ့်လည်း “မရှိပါ” လို့ မပြောဘဲ၊“ထမင်းအိုးကို ဖွင့်ပြီး ပြောပါမယ်” လို့ ပြောကာထပြီး ထမင်းအိုးအခြေကို သွားကာ ထမင်းအိုးကို ဖွင့်တယ်။ အဲဒီခဏမှာပဲ မြတ်လေးပန်းအငုံနဲ့ တူတဲ့၊ အဆင်းရှိတဲ့ ထမင်းနဲ့ပြည့်နေတဲ့ထမင်းအိုးဟာ အဖုံးကို မြှောက်ချီပြီး ရပ်တည်နေတယ်။ သူဌေးကတော်က အဲဒီ ထမင်းအိုးကို မြင်ပြီးချင်းပဲ တစ်ကိုယ်လုံး ပီတိဖုံးလွှမ်းခံရလို့ သူဌေးကို “အရှင်၊ ထပါ။ ငါဟာ ထမင်းအိုးကိုဆေးပြီး ပိတ်ထားခဲ့ပါတယ်။ အဲဒီထမင်းအိုးက မြတ်လေးပန်းအငုံနဲ့တူတဲ့ အဆင်းရှိတဲ့ ဆွမ်းနဲ့ ပြည့်နေပါတယ်။ ကောင်းမှုတွေ ဆိုတာ ပြုထိုက်တဲ့သဘော ရှိကြပါပေတယ်။ဒါနဆိုတာ ပြုထိုက်တာနဲ့ ယှဉ်တယ်။ အရှင်၊ ထပါ စားပါ။” လို့ ပြောတယ်။ သူဌေးကတော်က အဖေနဲ့ သားအား ထမင်းကို ပေးတယ်။ သူတို့စားပြီး ထသွားတဲ့အခါ ချွေးမနဲ့အတူ ထိုင်ပြီးစားကာ ပုဏ္ဏကျွန်အား ထမင်းကိုပေးတယ်။ ယူတိုင်း၊ ယူတိုင်းသောနေရာဟာ မကုန်ပါ။ ဇွန်းနဲ့ တစ်ကြိမ်ယူရာ နေရာသာ ထင်ရှားပါတယ်။ အဲဒီနေ့မှာ ကျီစသည်တွေဟာ ရှေးကပြည့်တဲ့ နည်းအတိုင်းပဲ နောက်ထပ် ပြည့်လာတယ်။ “သူဌေးရဲ့အိမ်မှာ ထမင်းဖြစ်ပါပြီ။ မျိုးစေ့ထမင်းကို အလိုရှိသူတွေ လာပြီး ယူကြပါ” လို့ မြို့မှာ ကြွေးကြော်တယ်။ လူတွေက သူဌေးအိမ်က မျိုးစေ့ထမင်းကို ယူကြတယ်။ ဇမ္ဗုဒိပ်နေသူအားလုံးဟာ သူဌေးကို မှီပြီး အသက်မွေးကြတာပါပဲ။ သူဌေးဟာ အဲဒီဘဝက သေပြီး နတ်ပြည်မှာ ဖြစ်တယ်။ နတ်ဘဝ၊ လူဘဝတွေမှာ ကျင်လည်ရင်း ငါတို့ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အခါ ဘဒ္ဒိယမြို့က သူဌေးအမျိုးမှာ ဖြစ်တယ်။ သူဌေးကတော်ကလည်း စည်းစိမ်ပေါများတဲ့အမျိုးမှာ ဖြစ်ကာ အရွယ်ရောက်ပြီး သူ့အိမ်ကိုပဲ လိုက်သွားတယ်။ သူဌေးမှာ သူ့ရှေးကံကို မှီပြီး အိမ် နောက်မှာ ရှစ်ပယ်ရှိတဲ့အရပ်မှာ ဆင်၊ မြင်း၊ နွားလားဥသဘလောက် ရှိတဲ့ ရွှေဆိတ်တွေ ထွက်ပေါ်လာကြပါတယ်။ သားကလဲဒီသား၊ ချွေးမကလည်း ဒီချွေးမ၊ ကျွန်ကလည်း ဒီကျွန်ပဲ ဖြစ်ကြပါတယ်။ သူဌေးကတော်နာမည်က စန္ဒပဒုမာ၊ သားက ဓနဥ္စယ၊ ချွေးမက သုမနဒေဝီ၊ မြေးမက ဝိသာခါ၊ ကျွန်က ပုဏ္ဏး သူတို့ရဲ့ ဆုတောင်းတွေ ပြည့်ကြပါတယ်။ (ဓမ္မပဒ၊ဋ္ဌ၊ဒု၊၂၃၄) ပစ္စေကဗုဒ္ဓါတွေသမာပတ်ဝင်စားတဲ့အခါ သမာပတ်အတွင်းမှာ သမာပတ်အစွမ်းကြောင့် ဆာလောင်မှုမရှိတာဟာ မှတ်သားစရာပါပဲ။ သမာပတ်က ထလာရင်တော့ ပူလောင်လာပါသတဲ့။ သမာပတ်က ထလာတဲ့ ပစ္စေကဗုဒ္ဓါတွေအား လှူရတဲ့ အလှူဟာ မျက်မှောက်ဘဝမှာပဲ ကောင်းကျိုးတွေကို ပေးနိုင်ပါပေတယ်။ လှူရကျိုးနပ်ဖို့ရာ အလှူခံ ပုဂ္ဂိုလ်ဟာ အရေးပါလှပါတယ်။ အလှူရှင်တွေ ဝမ်းသာကြည်နူးဖွယ် ဖြစ်အောင် တန်ခိုးနဲ့ ကြွပြကြ၊ ခွဲဝေကြတာဟာ သတိပြုစရာပါပဲ။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
https://www.dhammaransi.com/index.php/new/555-2016-11-06-00-04-42.html
“အိပ်မက်အကြောင်း သိကောင်းစရာ”
ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော လူပုဂ္ဂိုလ်တို့သည် အိပ်မက် မြင်မက်တတ်ကြပေသည်။ တစ်ခါတစ်ရံ ကောင်းသောအိပ်မက်ကို မြင်မက်တတ်ကြပေသည်။ တစ်ခါတစ်ရံ မကောင်းသောအိပ်မက်ကို မြင်မက် တတ်ကြပေသည်။ကောင်းသောအိပ်မက်ကို မြင်မက်သောအခါ “ကောင်းကျိုးးများဖြစ်လာလိမ့်မည်” ဟု သာယာနှစ်သက်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။ မကောင်းသောအိပ်မက်ကို မြင်မက်သောအခါ “မကောင်းကျိုးများ၊ မကောင်းသော အပြစ်ဘေးဒဏ်များ တွေ့ကြရတော့မည်”ဟု စိတ်နှလုံးမသာမယာ ဖြစ်ကြရပေသည်။ ကြီးကဲသူ၊ ဗဟုသုတရှိသူများကို မေးမြန်းကြရပေသည်။ ကြီးကဲသူ၊ ဗဟုသုတရှိသူများကလည်း မိမိတို့ တတ်သိနားလည် သလောက်သာ ပြောပြနိုင်ကြပေသည်။ ရှေးအခါက ဘုရားအလေတင်းတော်၏ မယ်တော်၊ ဘုရားအလောင်းတော် နှင့် ကောသလမင်းကြီး စသော ပုဂ္ဂိုလ်တို့လည်း အိပ်မက်ကို မြင်မက်ကြပေသည်။ ပုဏ္ဏားပညာရှိတို့က ကောင်းကျိုးများ ရရှိနိုင်တဲ့ အကြောင်း၊ မကောင်းကျိုးများ ရရှိနိုင်တဲ့အကြောင်းကို ဖြေရှင်းပြောပြကြရပေသည်။ ယခုခေတ်အခါမှာမူ ကောင်းကျိုး၊ မကောင်းကျိုးများ ရရှိနိုင်တဲ့အကြောင်းကို အတိအကျ ပြောပြနိုင်သော၊ ပညာရှင်များ မရှိသလောက်ပင် ဖြစ်နေပေသည်။ စာအုပ်များ ဖတ်ရှု၍သာ အိပ်မက်၏ ကောင်းကျိုး၊ မကောင်းကျိုးများကို သိကြရပေသည်။ အင်္ဂုတ္ထိုရ်ပါဠိတော် မဟာသုပိနသုတ္တန်ကို အဋ္ဌကထာ ဆရာများက ဖွင့်ပြကြရာတွင် “အိပ်မက်မြင်မက်ခြင်းသည် (၄)ပါးသော အကြောင်းတို့ကြောင့် မြင်မက်ရသည်” ဟု ဖွင့်ပြ၊ ဖော်ပြကြပေသည်။ ✦(၁)။ဓာတုက္ခောဘတော = ဓာတ်ချောက်ချားခြင်းကြောင့် အိပ်မက်ခြင်း။ ✦(၂) ။ အနုဘူတ ပုဗ္ဗတော = ရှေးက လေ့ကျက်ခံစား ခဲ့ဖူးသောကြောင့် အိပ်မက်ခြင်း၊ ✦(၃)။ ဒေဝတောပသံဟာရတော =နတ်တို့ဆောင်ပြကာ လှည့်စားသောကြောင့် အိပ်မက်ခြင်း။ ✦(၄)။ ပုဗ္ဗနိမိတ္တတော = ဖြစ်လာမည့် ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်းဟူသော ဤအကြောင်း (၄) ပါးတို့ကြောင့် “အိပ်မက်မြင်မက်သည်”ဟု ဖွင့်ပြ၊ ဖော်ပြကြပေသည်။ ✦(၁)။ဓာတ်ချောက်ချားခြင်းကြောင့် အိပ်မက်ခြင်းဟူသည် - သည်းခြေစသော ဓာတ်များချောက်ချားသောကြောင့် ကြောက်လန့် “တောင်ကုန်းပေါ်မှ တောင်အောက်သို့ လိမ့်ကျသကဲ့သို့၊ ကောင်းကင်၌ ပျံဝဲပြီး ထိတ်ထိတ် လန့်လန့်သွားနေရသကဲ့သို့၊ဆင်ဆိုး၊ မြင်းဆိုး၊ခြသေ့င်္၊ သစ်၊ ကျား၊ သားရဲဆိုးများက မိမိနောက်က လိုက်နေသကဲ့သို့၊လူဆိုးများက မိမိကို လိုက်ဖမ်း နေသကဲ့သို့၊ကြောက်လန့်ဖွယ် မြင်မက်ခြင်းမျိုးပင် ဖြစ်ပေသည်။ ဤဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်သော အိပ်မက်မျိုးသည် မြင်မက်သည့်အတိုင်း နောင်အခါ ကြောက်လန့်ဖွယ်များ မဖြစ်နိုင်သောကြောင့် မမှန်ကန်သော အိပ်မက်မျိုးပင် ဖြစ်ပေသည်။ ✦(၂)။ လေ့ကျက်ခံစားခဲ့ဖူးသောကြောင့် အိပ်မက်ခြင်း ဟူသည်-မိမိတို့ ရှေးက မြင်ခဲ့ဖူးသည့် လှပတင့်တယ်သော အဆင်းအမျိုးမျိုး၊ မတင့်မတယ် ကြောက်လန့်ဖွယ် ကောင်းသော အဆင်းအမျိုးမျိုးး၊ မိမိတို့ ရှေးက ကြားခဲ့ဖူးသည့် သာယာကြည်နူးဖွယ်ကောင်းသော အသံအမျိုးမျိုး၊ ကြောက်လန့်ဖွယ်ကောင်းသော အသံအမျိုးမျိုးး၊ မိမိတို့ ရှေးက စားသောက်ခံစား ခဲ့ဖူးသော အရသာ အမျိုးမျိုးတို့ကို ပြန်၍ မြင်ရ၊ကြားရ၊ စားသောက်ခံစားရသကဲ့သို့ မြင်မက်သော အိပ်မက်မျိုး ဖြစ်ပေသည်။ ဤအိပ်မက်မျိုးသည် ရှေးက လေ့ကျက်ခံစားခဲ့ဖူးသော အာရုံ အမျိုးမျိုးတို့ကို ကြံစည်စိတ်ကူးယဉ်ကာ ပြန်သတိရ သကဲ့သို့ ဖြစ်၍ နောင်အခါ ပြန်မဖြစ်နိုင်သောကြောင့် အမှန်ကန်သော အိပ်မက်မျိုးပင်ဖြစ်ပေသည်။ ✦(၃)။နတ်တို့က ဆောင်ပြကာလှည့်စားသောကြောင့် အိပ်မက်ခြင်းဟူသည်- နတ်များက ချစ်၍ အကျိုးကိုလိုလားသောကြောင့် ကောင်းကျိုးးများ၊ ကောင်းသောအာရုံများကို မြင်မက် စေကြ၏။ နတ်များက အမျက်ထွက်ကာ မုန်း၍ လှည့်ပတ်ကာ မကောင်းကျိုးများ၊မကောင်းသော အာရုံများကို မြင်မက်စေကြ၏။ ဤကဲ့သို့ နတ်များက ကောင်းကျိုးး၊ မကောင်းကျိုးများဖြစ်အောင် ဆောင်ပြ၍ မြင်မက်သော အိပ်မက်မျိုးဖြစ်ပေသည်။ ဤအိပ်မက်မျိုးသည် နတ်များက ချစ်ခြင်း၊ မုန်းခြင်း ရှိ၍ မြင်မက်စေသောကြောင့် မှန်သည်လည်းရှိ၏။ မမှန်သည်လည်းရှိ၏။ ချစ်သောကြောင့် မြင်မက်စေရာ၌ မှန်၏။ မုန်းသောကြောင့် မြင်မက်စေရာ၌ မမှန်ဘဲ ဖြစ်၏။ - ဤအိပ်မက်မျိုးကို မမြင်မက်လိုသော ပုဂ္ဂိုလ်တို့သည် ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အာရာမ်စောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်တို့မှစ၍ အရပ်ဆယ် မျက်နှာ၌ ရှိကြကုန်သော အားလုံးသောသတ္တဝါတို့အား မေတ္တာပွား၍ အိပ်ကြရမည် ဖြစ်ပေသည်။ “နတ်များက အမျက်ထွက်၍ အကျိုးမဲ့ဖြစ်အောင် လှည့်စားပုံ” •••••••••••••••••••••••••••••••••••••••••••••• ရှေးအခါက သီဟိုဠ်ကျွန်းတွင် ရောဟနအရပ်၊ နာဂကျောင်း၌ သီတင်းသုံးနေထိုင်သော မထေရ်ကြီး တစ်ပါးသည် ရဟန်းသံယာတို့ကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှဲစေ၏။ ကံကော်ပင်စောင့် ရုက္ခစိုးနတ်သည် အမျက်ထွက်ကာ မထေရ်ကြီးအား ပထမတစ်ကြိမ် မှန်ကန်သောအိပ်မက်ကို ပေး၍ ယုံကြည်စေ၏။ ဒုတိယတစ်ကြိမ် အိပ်မက်ပေးရာတွင် မထေရ်ကြီး အကျိုးမဲ့ဖြစ်အောင် လှည့်ပတ်၍ အိပ်မက်ပေးလေ၏။ “ဤနေ့မှ နောက်(၇)ရက် မြောက်၌ အရှင်ဘုရား၏ ဒကာမင်းကြီး နတ်ရွာစံလိမ့်မည်”ဟု အိပ်မက်၌ ပြောကြားလေ၏။ မထေရ်ကြီးသည် မြင်မက်သည့် အတိုင်း ဖြစ်လိမ့်မည် ဟုယုံကြည်ကာ နန်းတွင်းသူများကို ပြောကြားလေ၏။ နန်းတွင်းသူတို့သည် ကြားသည် နှင့်တစ်ပြိုင်နက် မင်းကြီးအတွက် သောကများ ဖြစ်၍ စိုးရိမ်ပူဆွေး ငိုကြွေးကြလေ၏။ မင်းကြီးက ငိုကြွေးရခြင်းအကြောင်းကို မေးသောအခါ “ယနေ့မှ နောက်(၇)ရက်မြောက်၌ မင်းကြီးနတ်ရွာ စံလိမ့်မည်ဟု မထေရ်ကြီးပြောသောစကားကြောင့် ငိုကြွေးးကြရပါသည်”ဟူ၍ ဖြေကြားကြလေ၏။ မင်းကြီးသည် ရက်ကိုရေတွက်၍ (၇)ရက်ပြည့် သောအခါ မင်းကြီး နတ်ရွာမစံသဖြင့် “မထေရ်ကြီးသည် လွဲလွဲမှားမှား ထိတ်ထိတ်လန့်လန့် ဖြစ်အောင် ပြောကြားသည်”ဟုဆိုကာ မထေရ်ကြီး၏ လက်ခြေတို့ကို ဖြတ်စေ၏။ နတ်၏ လှည့်ပတ်၍ ပေးသောအိပ်မက်ကြောင့် မထေရ်ကြီး အကျိုးမဲ့ဖြစ်ရလေသည်။ ✦(၄)။ ဖြစ်လာမည့် ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်း ဟူသည် - ကုသိုလ်ကံ၏ အစွမ်းသတ္တိကြောင့် ကောင်းကျိုးများ ရရှိလာမည့် ရှေ့ပြေး ပုဗ္ဗနိမိတ်အားဖြင့်လည်း မြင်မက်တတ်ပေသည်။ အကုသိုလ်ကံ၏ အစွမ်းသတ္တိကြောင့် မကောင်းကျိုးများ၊ မကောင်းသောအပြစ်ဒဏ်များ ရရှိလာမည့် ရှေ့ပြေး ပုဗ္ဗနိမိတ်အားဖြင့်လည်း မြင်မက်တတ် ပေသည်။ ဤကဲ့သို့ ကောင်းကျိုး၊မကောင်းကျိုးများ ဖြစ်ပေါ်လာမည်ကို ရှေ့ပြေးအနေဖြင့် မြင်မက်လာသော အိပ်မက်မျိုးပင် ဖြစ်ပေသည်။ ဤအိပ်မက်မျိုးသည် ကုသိုလ်ကံကြောင့် ကောင်းကျိုး ရရှိမည်မှာ ဧကန်စင်စစ် မှန်ပေသည်။ အကုသိုလ်ကံ ကြောင့် မကောင်းကျိုး၊မကောင်းသောအပြစ်ဒဏ်များ ခံရမည်မှာ ဧကန်စင်စစ် မှန်ပေသည်။ သို့ဖြစ်၍ ဤပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်းသည် မြင်မက်သည့် အတိုင်း ဧကန်မုချ မှန်သည်သာ ဖြစ်ပေသည်။ “မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လဆန်း(၁၄)ရက်နေ့ ညသန်း ခေါင်ကျော် မိုးလင်းခါးနီး လင်းအားကြီး အချိန်၌ ဘုရားအလောင်းတော်သည် မြင့်မိုရ်တောင်ကို ခေါင်းအုံးပြုကာ၊ အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက်ကို ထားကာ၊ အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကိုထားကာ၊ တောင်သမုဒ္ဒရာ၌ ခြေနှစ်ဖက်ကိုထားကာ အိပ်စက် ရသည်”ဟု မြင်မက်တော်မူသည်။ ဘုရားအလောင်းတော်၏ ဤအိပ်မက်သည် သန်းခေါင်ကျော် လင်းအားကြီးအချိန်၌ မြင်မက်သည်ဖြစ်၍ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိ က အမှန်စင်စစ်ဘုရားဖြစ်ရန် ပုဗ္ဗနိမိတ်ဖြစ်သောကြောင့် မြင်မက်သည့်အတိုင်း မှန်ကန်သောအိပ်မက်မျိုး ဖြစ်ပေသည်။ ဤအိပ်မက်(၄)မျိုးတို့ကို မြင်မက်သောအခါ အချိန်အားဖြင့် မှန်သည်၊ မမှန်သည်ကို သိနိုင်ကြပေသည်။ နေ့အခါ မြင်မက်သောအိပ်မက်၊ ညဦးယံ မြင်မက်သော အိပ်မက်၊ သန်းခေါင်ယံ မြင်မက်သောအိပ်မက်၊ မိုးသောက်ယံ (၃)နာရီလောက်မှာ မြင်မက်သော အိပ်မက်တို့သည် များသောအားဖြင့် မမှန်ကြပေ။ လင်းခါနီးအရုဏ်တက်ချိန်၌ မြင်မက်သော အိပ်မက် များသည်သာ မှန်ကန်ပေသည်။ ဤအိပ်မက်(၄) မျိုးတို့ကို ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပေသည်။ ရဟန္တာပုဂ္ဂိုလ်တို့မှာ မမြင်မက်ကြတော့ပေ။ တရားရှုမှတ်၍ အိပ်ကြသော ပုဂ္ဂိုလ်တို့မှာ (၁)(၂)၊(၃) မကောင်းသော အိပ်မက်မျိုး မြင်မက်ခြင်းများ နည်းပါးသွားကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ မကောင်းသောအိပ်မက်ဆိုးများ မမြင်မက် လိုကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး တို့သည် အိပ်ရာသို့ ဝင်ရောက်၍ အိပ်သောအခါ အာနာပါန ရှုမှတ်လေ့ရှိကြသောသူများက ဝင်လေ၊ ထွက်လေ တို့ကို ဝင်တယ်၊ ထွက်တယ် စသည်ဖြင့် ရှုမှတ်၍ အိပ်ကြရမည် ဖြစ်ပေသည်။ ဖောင်းတာ၊ ပိန်တာ ရှုမှတ်လေ့ရှိကြသောသူများက ဖောင်းတယ်၊ ပိန်တယ် စသည်ဖြင့် ရှုမှတ်၍ အိပ်ကြရမည် ဖြစ်ပေသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/556-2016-11-06-00-04-03.html
“ဒါနကုသိုလ်ကံ အကျိုးပေးပါ သိကောင်းစရာ”
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အလှူရေစက် လက်နှင့် မကွာ ဆိုသကဲ့သို့- ဒါန ကုသိုလ်ကောင်းမှုတို့ကို မိမိတို့ စွမ်းနိုင်သမျှ ပြုလုပ်လျက် ရှိကြပေသည်။ ထိုဒါနကုသိုလ် ကောင်းမှုများကိုပြုကြရာ၌ ဒါနကုသိုလ်ကံ ဇောတို့သည် (၇)ကြိမ် (၇)ကြိမ် ဖြစ်သွားကြပေသည်။ ထို (၇)ကြိမ်တို့တွင် - (၁)။ပထမဇော ကုသိုလ်ကံက ယခုဘဝမှာပင် အကျိုးပေးသည်။ (၂)။(၇)ခုမြောက် သတ္တမဇော ကုသိုလ်ကံက ဒုတိယဘဝမှာ အကျိုးပေးသည်။ (၃)။ အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က တတိယ ဘဝမှစ၍ နိဗ္ဗာန် ရောက်သည့်ဘဝ၊ ရဟန္တာ ဖြစ်သည့် ဘဝတိုင်အောင် အကျိုးပေးသည်။ ❖(၁)။ ပထမဇော၊ ကုသိုလ်ကံက ယခုဘဝမှာပင် အကျိုးပေးသည် ဟု ဆိုရာ၌ ဒါနကုသိုလ် ပထမဇောကံက ဒါနကုသိုလ် ကောင်းမှုပြုထားသူ ကောင်းမှုရှင် ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိနေရအောင်၊ ဘေးရန် အန္တရာယ်များ ကင်းနေရအောင်၊ ဒါနကုသိုလ်ရှင် ပြုချင်သည့် ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင်၊ ဒါနကုသိုလ်ရှင် ရလိုသည့် အကျိုးများ လွယ်လွယ် နှင့်ရရှိလာရအောင် ယခုမျက်မှောက်ဘဝမှာပင် အကျိုးပေးပါသည်။ ပထမဇော၊ ကုသိုလ်ကံသည် မွေးဖွားခါစ ကလေး သူငယ်များကဲ့သို့ အားနည်းနေသောကြောင့် ယခု ဘဝမှာပင် အကျိုးပေးသည်။ ယခုဘဝမှာ အကယ်၍ အကျိုးပေးခွင့် မရခဲ့သော် ဒုတိယဘဝ၊ တတိယဘဝ စသည်တို့၌ အကျိုးမပေးတော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားပေသည်။ ❖(၂)။ (၇)ခုမြောက် သတ္တမဇေဇာ၊ ကုသိုလ်ကံက ဒုတိယဘဝမှာ အကျိုးပေးသည် ဟု ဆိုရာ၌ ဒါနကုသိုလ် သတ္တမဇော၊ကံက ဒါနကုသိုလ် ကောင်းမှု ပြုထားသူ ကောင်းမှုရှင်ကို ယခုဘဝမှ စုတေ၍ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘဝမှာ ကောင်းမြတ်သည့် လူ့ပြည်၊နတ်ပြည် (၆)ထပ်တို့၌ သွားရောက်၍ ဖြစ်စေခြင်းဖြင့် ဒုတိယဘဝမှာ အကျိုးပေးပါသည်။ (၇)ခုမြောက် သတ္တမဇော၊ ကုသိုလ်ကံသည်လည်း အလွန်အိုမင်းနေကြသော အဖိုးအို၊အဖွားအိုများကဲ့သို့ အားနည်းနေသောကြောင့် ဒုတိယ ဘဝမှာပင် အကျိုးပေးသည်။ ဒုတိယဘဝမှာ အကယ်၍ အကျိုး ပေးခွင့် မရခဲ့သည်ရှိသော် တတိယဘဝ၊ စတုတ္ထ ဘဝစသည်တို့၌ အကျိုးမပေးတော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားပေသည်။ ❖(၃)။ အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က တတိယဘဝ မှစ၍ နိဗ္ဗာန် ရောက်သည့်ဘဝ၊ ရဟန္တာဖြစ်သည့် ဘဝ တိုင်အောင် အကျိုးပေးသည် ဟု ဆိုရာ၌ ဒါနကုသိုလ် အလယ်ဇော၊ ကံ (၅)ပါးတို့က ဒါနကုသိုလ်ကောင်းမှု ပြုထားသူ ကောင်းမှုရှင်ကို တတိယဘဝမှစ၍ နိဗ္ဗာန်ရောက်သည့်ဘဝ၊ ရဟန္တာဖြစ်သည့်ဘဝတိုင်အောင် ကောင်းကျိုးအမျိုးမျိုးတို့ကို ရရှိစေခြင်းဖြင့် အကျိုးပေးပါသည်။ ဒါနကုသိုလ် အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က နိဗ္ဗာန်ရောက် သည့် ဘဝတိုင်အောင်ရဟန္တာ ဖြစ်သည့် ဘဝတိုင်အောင် အကျိုးပေးနိုင်သည့် ထင်ရှားသော သာဓကမှာ ကဿပ မြတ်စွာဘုရား လက်ထက်တော် အခါက ဒါနကုသိုလ်ကောင်းမှု ပြုသော ရဟန်းနှင့် ဒါနကုသိုလ်ကောင်းမှု မပြုသော ရဟန်း (၂)ပါးတို့ ရှိကြပေသည်။ ထိုရဟန်း (၂)ပါးတို့၏ သာဓက ဖြင့် ထင်ရှားလှပေသည်။ ကဿပ မြတ်စွာဘုရား လက်ထက်တော်အခါက သဒ္ဓါ ၊သီလ၊ ပညာ ဟူသော အကျင့်တရားခြင်း တူကြသော ရဟန်း (၂)ပါးတို့သည် အတူတကွ နေထိုင်ကြ၏။ထိုသို့အတူတကွပင် နေထိုင်ကြသော်လည်း အယူအဆခြင်း မတူကြပေ။ တစ်ပါးက အလှူဒါန ပြုသင့်သည်ဟု ယူဆကာ အလှူဒါနပြု၏။ တစ်ပါးက ရဟန်းဆိုတာ ဒါန မလို ရဟန်းအကျင့်ကိုသာ ပြည့်စုံဖို့ လိုသည် ဟု ယူဆကာ ဒါနမပြုဘဲ နေ၏။ တစ်ပါးနှင့်တစ်ပါး အယူအဆ တူညီရအောင် ဆွေးနွေးတိုင်ပင်လို့ မရခဲ့ကြပေ။ သက်တမ်း ကုန်သွားသောအခါ ပျံလွန်တော်မူသွားကြပေသည်။ ကဿပ မြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရား (၂)ဆူအကြား မှာ လူ့ပြည်၊နတ်ပြည်တို့၌သာ အဖန်ဖန် ဖြစ်ကြရပေသည်။ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ ကောသလမင်းကြီး၏ နန်းတော်တွင် လူလာ ဖြစ်ကြပေသည်။ တစ်နေ့တည်းတွင်ပဲ ဖွားမြင်ကြပေသည်။ ဒါနကုသိုလ်ပြုထားသည့် ရဟန်းတော်က မင်းကြီး အမြတ်နိုးဆုံးဖြစ်သည့် မိဖုရားကြီး၏ သားတော် ဖြစ်လာလေ၏။ ဒါနကုသိုလ် မပြုသည့် ရဟန်းတော်က နန်းတွင်း အခိုင်းအစေ (ကျွန်မ)၏သား ဖြစ်လာလေ၏။ တစ်နေ့သောအခါ သူငယ် (၂)ယောက်တို့အား အမည်ပေးမင်္ဂလာ ပြုလုပ်ဖို့ရာ နန်းတွင်းသူ သက်ဆိုင်ရာ လူကြီးများက အခန်းပြင်ပသို့ ထွက်၍ စီစဉ် နေကြရာတွင် သူငယ် (၂)ယောက်တို့ အခြေအတင် စကား ပြောကြလေသည်။ ဒါနကုသိုလ်ကောင်းမှုပြုခဲ့၍ နူးညံ့သော အခင်းအရုံများဖြင့် မြင့်မြတ်သည့် သလွန်ပေါ်၌ နေထိုင်ရသော မင်းသားလေးက ဒါနကုသိုလ် မပြုခဲ့၍ ယုတ်ညံ့သော နေရာ၌ ကြမ်းတမ်းသော အခင်းအရုံတို့ဖြင့် နေထိုင်ရသော နန်းတွင်း အခိုင်းအစေမ၏ သားကို အပြစ်တင်စကား ဤသို့ ပြောကြားလေ၏။ ✦“သင်ကျွနု်ပ်ကို ကြည့်စမ်းပါ။မြင့်မြတ်သော နေရာ၌ နူးညံ့သော အခင်းအရုံတို့ဖြင့် နေထိုင်ရတာကို မြင်တယ် မဟုတ်လား။ သင့်ကိုယ်သင် ပြန်ကြည့်စမ်းပါ။ ယုတ်ညံ့သော နေရာ၌ ကြမ်းတမ်းသော အခင်းအရုံတို့ဖြင့် နေရတာကို မြင်တယ် မဟုတ်လား။ ဤကဲ့သို့ ဖြစ်ရခြင်းသည် ရဟန်းဘဝဖြစ်စဉ်က ဒါနပြုဖို့ရာ ကျွနု်ပ်တိုက်တွန်း ပြောကြားတာကို မနာယူခဲ့၍ ဖြစ်ရတာ မဟုတ်လား” ဟု အပြစ်တင်စကား ပြောကြားလေ၏။ ✦နန်းတွင်း အခိုင်းအစေ (ကျွန်မ)၏ သားကလည်း အညံ့မခံပါဘဲ ပြန်၍ ပြောလေ၏။ “သင် အသုံးပြု နေထိုင်ရသည့် နူးးညံ့သည့် အခင်းအရုံတို့သည်လည်း ပထဝီဓာတ်ပင် ဖြစ်ပေသည်။ အကျွနု်ပ် အသုံးပြု နေထိုင်ရသည့် ကြမ်းတမ်းတဲ့ အခင်းအရုံတို့သည်လည်း ပထဝီဓာတ်ပင် ဖြစ်ပေသည်။ ပထဝီဓာတ်ခြင်း အတူတူ ဖြစ်ပါလျက် သင်မာနတွေ တက်နေသည်” ဟု ပြန်၍ ချေပလေ၏။ ထိုသူငယ် (၂)ယောက်တို့၏ ပြောကြားနေသော စကားတို့ကို အစ်မတော် သုမနမင်းသမီး ကြားသွားသော အခါ မြတ်စွာဘုရားထံသို့ သွားရောက်၍ လျှောက်ထား လေ၏။ ✦“မြတ်စွာဘုရား မြတ်စွာဘုရား၏ သာသနာတော်၌ ပုဂ္ဂိုလ် (၂)ဦး ရှိပါသည်။ သဒ္ဓါတရားခြင်းလဲ တူကြပါသည်။ သီလတရားခြင်းလဲ တူကြပါသည်။ ပညာတရားခြင်းလဲ တူကြပါသည်။ဤကဲ့သို့ပင် တူကြပါသော်လည်း တစ်ဦးက အလှူဒါန ပြုပါသည်။ တစ်ဦးက အလှူဒါန-မပြုပါ။ ထိုပုဂ္ဂိုလ် (၂)ဦး အကျိုးပေးခြင်း တူကြပါသလား၊ထူးကြပါသလား”ဟု လျှောက်ထားပါသည်။ မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ - ✦“သုမနမင်းသမီး အကျိုးပေးခြင်း မတူကြပေ။ ဒါနကုသိုလ် ပြုထားသော သူက ဒါနကုသိုလ် မပြုသော သူကို အကျိုး (၅) မျိုးဖြင့် သာလွန် လွှမ်းမိုးနေသည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာများခြင်း၊ အခြံအရံ ပေါများခြင်း၊ အစိုးရခြင်း ဟူသော ဤအကျိုး (၅)မျိုး သာလွန် လွှမ်းမိုးနေသည် ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ✦သုမန မင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ “ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် လူ့ပြည်မှ စုတေ၍ ကွယ်လွန် သွားပြီး နတ်ပြည်၌ သွားရောက်၍ ဖြစ်ကြသောအခါ အကျိုးပေးခြင်း တူသွားကြပါပြီလားဘုရား” ဟု လျှောက်ထားပြန်ပါသည်။ မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ - “သုမနမင်းသမီး နတ်ပြည်၌ သွားရောက်၍ ဖြစ်ကြသည့် အခါမှာလည်း ထိုပုဂ္ဂိုလ် (၂)ဦးတို့ အကျိုးပေးခြင်း မတူကြပေ။ ဒါနကုသိုလ် ပြုထားခဲ့ဖူးသော နတ်သားက၊ ဒါနကုသိုလ် မပြုခဲ့ဘူးသော နတ်သားကို အကျိုး (၅)မျိုးပဲ သာလွန် လွှမ်းမိုးနေပေသည်။ နတ်၌ ဖြစ်သော- အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာများခြင်း၊ အခြံအရံများခြင်း၊ နတ်၌ဖြစ်သော အစိုးရခြင်းဟူသော ဤအကျိုးး (၅)မျိုးပင် သာလွန် လွှမ်းမိုး၍ နေပေသည် ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ✦သုမနမင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ “ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် နတ်ပြည်မှ စုတေ၍ လူပြည်၌ ပြန်ဖြစ်ကြသောအခါ အကျိုးပေးခြင်း တူသွားကြပါပြီလား ဘုရား ဟု လျှောက်ထားပြန်ပါသည်။ မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ - သုမနမင်းသမီး လူ့ပြည်၌ လူ ပြန်ဖြစ်သည့်အခါမှာလည်း ထို ပုဂ္ဂိုလ် (၂)ဦးတို့ အကျိုးပေးခြင်း မတူကြပေ။ လူ၌ဖြစ်သော- အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံပေါများခြင်း၊ လူ၌ဖြစ်သော အစိုးရခြင်းဟူသော ဤအကျိုး (၅)ပါးပင် သာလွန်လွှမ်းမိုး၍ နေပေသည် ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ✦သုမနမင်းသမီးက ထပ်မံ လျှောက်ထားပြန်သည်မှာ ထိုပုဂ္ဂိုလ် (၂) ဦးတို့သည် သာသနာဘောင်သို့ ဝင်၍ ရဟန်းပြုကြသောအခါ အကျိုးပေးခြင်းတူသွား ကြပါပြီလားဘုရား ဟု လျှောက်ထားပြန်ပါသည်။ မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ - သုမနမင်းသမီး - ရဟန်းပြုကြသည့်အခါမှာလည်း အကျိုးပေးခြင်း မတူကြသေးပေ။ ဒါနကုသိုလ် ပြုထားသော ရဟန်းက ဒါနကုသိုလ် မပြုသော ရဟန်းကို အကျိုး(၅)မျိုးပင် သာလွန်လွှမ်းမိုးနေပေသည်။ သင်္ကန်း ပေါများခြင်း၊ ဆွမ်း ပေါများခြင်း၊ ကျောင်း ပေါများခြင်း၊ ဆေးပစ္စည်း ပေါများခြင်း၊ အတူနေ သီတင်းသုံးဖော်တို့၏ အကြည်အညိုကို ခံယူရခြင်း ဟူသော (၅)မျိုး သာလွန်လွှမ်းမိုးနေပေသည် ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ✦သုမနမင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ - “မြတ်စွာဘုရား ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် ဝိပဿနာတရား ပွားများ အားထုတ်ကြ၍ ရဟန္တာဖြစ်သွားသောအခါ အကျိုးပေးခြင်း တူသွားကြပါပြီလားဘုရား။ ထူးကြပါသေးသလား”ဟု လျှောက်ထားပြန်ပါသည်။ မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ- “သုမနမင်းသမီး ဝိပဿနာတရား အားထုတ်၍ ရဟန္တာ ဖြစ်သွားကြသောအခါမှာ ထိုရဟန်း (၂)ပါးတို့၏ အရဟတ္တဖိုလ် ချမ်းသာကို ခံစားကြရသည့်အခါမှာတော့ အကျိုးပေးခြင်း တူသွားကြပေပြီ” ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ✦သုမန မင်းသမီးက “မြတ်စွာဘုရား အံ့ဩဖွယ် ကောင်းလှပါသည်ဘုရား၊ အံ့ဩဖွယ် ကောင်းလှပါသည် ဘုရား။(ဒါန) ကုသိုလ် ကောင်းမှုများကို ပြုသင့် လှပါသည်ဘုရား” ဟု လျှောက်ထား၍ နန်းတော်သို့ ပြန်သွားလေ၏။ ဤကဲ့သို့ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ဒါန ကုသိုလ်ပြုခဲ့သော ရဟန်းတော်နှင့် ဒါနကုသိုလ် မပြုခဲ့သော ရဟန်းတော် (၂)ပါး တို့၏ သာဓကဖြင့် ဒါနကုသိုလ် အလယ်ဇောကံ (၅)ပါးတို့က နိဗ္ဗာန်သို့ ရောက်သည့် ဘဝတိုင်အောင် ရဟန္တာဖြစ်သည့် ဘဝတိုင်အောင် အကျိုးပေးသည်မှာ ထင်ရှားလှပေသည်။ ထိုရဟန်းတော် (၂)ပါးတို့တွင် ဒါနကုသိုလ် ပြုခဲ့သော ရဟန်း၏ ဒုတိယဘဝမှာ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း အကျိုးသည် သတ္တမဇော ဖြစ်ပေသည်။ တတိယဘဝမှစ၍ ရဟန္တာဖြစ်သည့် ဘဝတိုင်အောင် အကျိုး(၅)ပါးတို့ကို ရရှိခြင်းသည် အလယ်ဇော၊ ဒါနကုသိုလ်ကံ (၅)ပါးတို့၏ အကျိုးပေးပင် ဖြစ်ပေသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/557-2016-11-06-00-03-21.html
“မြန်မာနိုင်ငံသို့ ဘုရားရှင် ကြွ ၊မကြွ နှင့် သီရိဓမ္မာသောကမင်းကြီး အကြောင်း”
“ဟောဒီစာက ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့က မေးလျှောက်တဲ့ စာလွှာဖြစ်ပါတယ်။ တပည့်တော် ဖတ်လျှောက်ပါရစေဘုရား။” ၁။ တပည့်တော် လျှောက်ထားပါသည်။ (က)။ မြတ်စွာဘုရား မြန်မာနိုင်ငံသို့ ကြွရောက်ခြင်း ရှိ၊မရှိ။ (ခ)။ ကြွရောက်လျှင် အကြိမ်ပေါင်း မည်မျှ ကြွရောက်သည်ကို သိလိုပါသည်။ ၂။ သီရိဓမ္မာသောကမင်းကြီး စပါးကြီးမြွေဖြစ်၍ သားတော် ရှင်မဟာမဟိန္ဒ ကြွရောက်၍ချွတ်ရကြောင်း ကြားဖူးပါသည်။ထိုကား ဟုတ်,မဟုတ်။ သီရိဓမ္မာသောကမင်းကြီး အကျွတ်တရားရ၊ မရ သိလိုပါသည် ဘုရား။ (ဦးအောင်၊အမှတ်(၄) ရပ်ကွက်၊ မိုင်းကိုင်မြို့၊ရှမ်းပြည်တောင်ပိုင်း) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “မြန်မာနိုင်ငံသို့ ဘုရားရှင် ကြွ၊မကြွ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဦးအောင်ရဲ့ အမေးက နှစ်ခုကိုးကွယ့်။” “မှန်ပါ အမေးနှစ်ခု ဖြစ်ပါတယ် ဘုရား။” “ပါဠိတော်၊အဋ္ဌကထာ၊ဋီကာများမှာတော့ မြန်မာနိုင်ငံသို့ ဘုရားရှင်ကြွတော်မူကြောင်း ဖွင့်ပြထားတာမတွေ့ဖူးဘူး။ သို့သော်လည်း သာသနာလင်္ကာရစတဲ့ မြန်မာစာတမ်းတွေမှာတော့ မြန်မာနိုင်ငံသို့ ဘုရားရှင် အကြိမ်ကြိမ် ကြွရောက်တော်မူကြောင်း ဖော်ပြထားတယ်ကွယ့်။” “မှန်ပါ - အမိန့်ရှိပါဦး ဘုရား။” -“အရှင်မဟာပုဏ္ဏမထေရ် ပင့်ဖိတ်လို့ ဘုရားရှင် သုနာပရန္တတိုင်း ဝါဏိဇရွာသို့ ကြွတော်မူကြောင်း၊ -ဝါဏိဇရွာက နမ္ပဒါမြစ်ကမ်းသို့ ကြွပြီးး၊ နမ္ပဒါနဂါး တောင်းပန်လို့ အောက်စက်တော်ရာကို ချကြောင်း၊ -အဲဒီက သစ္စဗန္ဓတောင်ကို ကြွသွားပြီး သစ္စဗန္ဓ ရဟန်းတော် တောင်းပန်တဲ့အတွက် အောက်စက်တော်ရာကို ချကြောင်း၊ ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အဋ္ဌကထာမှာ ပြထားတယ်။ဥပရိပဏ္ဏာသကဆိုတဲ့ သုနာပရန္တတိုင်း ဆိုတာဟာ ယခု “လက်ကိုင်းအရပ်” ဖြစ်တယ် လို့ မြန်မာစာတမ်းများမှာဆိုတယ်။ ကျိုက်ထီးရိုးသမိုင်းမှာလည်း ရာမညတိုင်း သထုံပြည် သီဟရာဇာမင်းလက်ထက်ဘုရားရှင် ကြွလာဖူးကြောင်း ပြဆိုထားတယ်။တကောင်းမြို့သမိုင်း၊ပုဂံမြို့သမိုင်းများ မှလည်း ဘုရားရှင်ကိုယ် ကြွလာပြီး၊ဗျာဒိတ်ပေးကြောင်း၊ ဘုရားရှင် တန့်ရပ် ကြည့်ရှုတော်မူရာ တောင်ကို ယနေ့အထိ တန့်ကြည့်တောင်လို့ ခေါ်ဝေါ်ကြကြောင်း၊ ပြဆိုထားတယ်။ မန္တလေးသမိုင်းမှာလည်း ဘုရားရှင်ကြွလာပြီး မန္တလေးမြို့ကို ဗျာဒိတ်ပေးကြောင်း။စန္ဒမုခီဘီလူးမက သားမြတ်ကို ဖြတ်လှူကြောင်း ပြဆိုထားတယ်။ ဒါကြောင့် မြန်မာစာတမ်းများအရ မြန်မာနိုင်ငံတော်သို့ ဘုရားရှင် အကြိမ်ကြိမ် ကြွတော်မူလာတယ်လို့ မှတ်သင့်တာပေါ့ကွယ်။” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သီရီဓမ္မာသောကမင်းကြီး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “မှန်ပါ - ပထမပြဿနာကတော့ ပြေလောက်ပါပြီ။ ဒုတိယပြဿနာကိုလည်း အဖြေပေးတော်မူပါဦးဘုရား။” “ဒုတိယပြဿနာက သီရိဓမ္မသောကမင်းကြီး စပါးကြီး မြွေဖြစ်၊မဖြစ်။အကျွတ်တရား ရ၊မရပေါ့။ ဟုတ်လား” “ဟုတ်မှတ်ကြောင်းပါ ဘုရား” “သီရိဓမ္မာသောကမင်းကြီး အကြောင်းကို လေ့လာမယ် ဆိုလျှင်အပိုင်းနှစ်ပိုင်း ခွဲပြီး လေ့လာရမယ်။ အပိုင်းနှစ်ပိုင်းဆိုတာ ငယ်စဉ်အရွယ်က အပိုင်းနှင့် အသက်အရွယ် ကြီးလာတဲ့အပိုင်းပေါ့။ သီရိဓမ္မာသောကမင်းကြီးရဲ့ အမည်ရင်းက (အသောက) တဲ့။အသောကဟာပဋိလိပုတ် ပြည့်ရှင် ဗိန္ဓုသာရမင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်တယ်။ဗိန္ဓုသာရမင်းကြီးမှာမိဖုရား အမြောက်အမြား သားသမီး အမြောက်အများ ရှိရာက အသောကမင်းသားဟာ ဓမ္မာမိဖုရားရဲ့ သားတော်ဖြစ်တယ်။ အသောကာဒေါနဆိုတဲ့ သက္ကတကျမ်း စာအုပ်မှာတော့ အသောကမင်းရဲ့ မယ်တော်ဟာ ဥဒိန္ဒပုဏ္ဏားမျိုး (သုဘဒ္ဒရံဂိဒေဝီ) အမည်ရှိတယ်လို့ ဖော်ပြထားတယ်။ အသောကမင်းမှာ မိတူဖတူ ညီအစ်ကို နှစ်ယောက်တည်း ရှိတယ်။သူ့ညီနာမည်က တိဿလို့ခေါ်သတဲ့ကွယ်။ အသောကမင်းသား ငယ်ရွယ်စဉ်က ဥဇ္ဇေနီမြို့ကို အပိုင်စားရတယ်။ဥဇ္ဇေနီမြို့စား ဘဝနှင့်နေရင်း ဝေဒိဿကမြို့က သာကီဝင်မင်းမျိုး သူဌေးသမီး ဝိဟာရဒေဝီကိုကောက်ယူခဲ့တယ်။ ဝိဟာရဒေဝီက “သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာ” တို့ကို ဖွားတယ်။ ဗိန္ဓုသာရ မင်းကြီးမှာ သားတော်ပေါင်း (၁၀၁)ပါးရှိရာမှ အကြီးဆုံး သားတော်က သုမနမင်းသားဖြစ်တယ်။ အခါတစ်ပါး တက္ကသိုလ်နယ်မြေ ပတ်ဝန်းကျင်မှာ သူပုန်သူကန်များထကြွတဲ့အတွက် သားတော်ကြီး သုမနကို သူပုန်ရန် နှိမ်နှင်းဖို့ လွှတ်လိုက်တယ်။ ထိုအခိုက်ဗိန္ဓုသာရမင်းကြီး မကျန်းမမာ ဖြစ်တော် မူလာတယ်။ ဒီအကြောင်း အသောကမင်းသား သိလို့ မိမိအခြံအရံဖြင့်နေပြည်တော်ကို ချီတက်လာပြီး ခမည်းတော်ကို ပြုစုတယ်။ပြုစုနေရင်း ခမည်းတော် နတ်ရွာစံတော်မူတဲ့အတွက်မှူးမတ်အများ သဘော တူညီချက်နှင့် ပါဋလိပုတ် ထီးနန်းကို သိမ်းမြန်း စိုးစံတော်မူတယ်၊ ဒီအကြောင်း အခြားသားတော်များ သိတဲ့အခါ သမုဒ္ဒရာလှိုင်းတက်သလိုကြီးစွာသော စစ်တပ်များဖြင့် ချီတက် လုပ်ကြံကြသော်လည်း အသောမင်းရဲ့ ဘုန်းကံကို မမီဘဲအားလုံး ကျဆုံးကြရသတဲ့။ အသောကမင်းဟာ ဘိသိက်တော်ခံယူပြီးတဲ့နောက် အလွန် ဘုန်းတန်ခိုးတိုးတက်လာတဲ့အတွက် ကောင်းကင် တစ်ယူဇနာ။ မြေအောက်တစ်ယူဇနာတိုင်အောင် အာဏာတော် ပေါက်ရောက်သတဲ့။အသောက မင်းကြီးဟာ တန်ခိုးအာဏာ ကြီးမားသလောက် အလွန်လည်း ရက်စက်တော်မူသတဲ့။ ကလိင်္ဂတိုင်းကို တိုက်ခိုက်သိမ်းယူစဉ်က လူပေါင်း တစ်သိန်းခွဲလောက် သတ်ဖြတ်ခြင်း ခံကြရတယ်။ လူတစ်သိန်းခွဲလောက်လည်း တိုင်းပြည်က ထွက်ပြေးကြတယ်။သူ့ကို မနှစ်သက်တဲ့ အမတ်ငါးရာ တို့ကိုလည်းကိုယ်တော်တိုင် သတ်တော်မူသတဲ့။ သူ့ကို ပြောင်လှောင်တယ်ထင်တဲ့ မင်းမောင်းမ ငါးရာတို့ကိုလည်းထို့အတူ သတ်တော်မူသတဲ့။ ဒီလိုကြမ်းတမ်းလွန်းလို့ အသောကဆိုတဲ့ သူ့အမည်ရဲ့ ထိပ်က ကြမ်းတမ်းခြင်းအနက်ဟော စဏ္ဍသဒ္ဒါနှင့် တွဲပြီး (စဏ္ဍသောက)လို့ ခေါ်ကြသတဲ့။ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့မင်းကြီးဟာ နောင်အခါ တူတော် နိဂြောဓသာမဏေ ဟောပြောတဲ့ အပ္ပမာဒတရားဖြင့် သတိတရား ရလာခဲ့ပြီး ကုသိုလ်ဘက်ကို စိတ်ဓာတ် ယိမ်းယိုင်လာခဲ့သတဲ့။” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သီရိဓမ္မာသောက အမည်ရခြင်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အလွန်ကြမ်းတမ်းလို့ စဏ္ဍသောက ခေါ်ရာက တရားရှင်သီရိဓမ္မာသောက ဖြစ်လာပုံကို ဆက်ပြောရသေးတာပေါ့။” “မိန့်တော်မူပါ ဘုရား။” “အသောကမင်းကြီး နန်တက်တော်မူစက ဆန့်ကျင်ဘက် ရန်သူများကို ညှဉ်းပန်းနှိပ်စက်ဖို့ အလွန်ကြောက်စရာ ကောင်းတဲ့ ထောင်ကြီးတစ်ခု တည်ဆောက်ထား သတဲ့။ ထောင်မှူးကြီးရဲ့ နာမည်က ဂီရိတဲ့။ အလွန် ကြမ်းကြုတ်ရက်စက်လွန်းလို့ (စဏ္ဍဂီရိ)လို့ ခေါ်ကြတဲ့၊တစ်ရက်တော့ သမုဒ္ဒဂုတ္တအမည်ရှိတဲ့ ရဟန်းတော်တစ်ပါး ထောင်အတွင်း ရောက်လာသတဲ့။ ဘာကိစ္စ ရောက်လာတယ်လို့တော့ဖော်ပြခြင်း မရှိဘူး။ စဏ္ဍဂီရိ ထောင်မှူးကြီးဟာ ရဟန်းတော်ကို မြင်တော့ ဖမ်းယူပြီး သတ်မည်လုပ်တယ်။ရဟန်းတော်က ဒါယကာ ငါ့ကို ယခု မသတ်ပါနှင့်။ခုနစ်ရက် နေခွင့်ပြုပါဦးလို့ တောင်းပန်သတဲ့၊ထောင်းမှူးက ရဟန်းတော်ရဲ့ စကားအတိုင်း ထောင်တွင်းမှာ (၇)ရက် ချုပ်ထားတယ်။ (၇)ရက်လွန်တော့အလွန်ကြီးမားတဲ့ ကြေးအိုးကြီး အတွင်း ရေထည့်ပြီး မီးထိုးလိုက်တော့ ရေတွေ တပွက်ပွက် ဆူလာတယ်၊ထောင်မှူးကြီးဟာ မထေရ်ကို ဖမ်းချုပ်ပြီး ပွက်ပွက်ဆူနေတဲ့ ရေတွင်းက လှည်းဘီးလောက်ကြီးမားတဲ့ကြာပွင့်ကြီး ပေါ်ပေါက်လာပြီး မထေရ်ကို ခံယူသတဲ့။ ထောင်မှူးလုပ်သူလည်း ကြောက်ရွံ့ပြိးမင်းကြီးထံ သွားရောက် သံတော်ဦးတင်တယ်။မင်းကြီးလည်း မှူးကြီး မတ်ရာ သေနာ အခြံအရံဖြင့်လာရောက်ဖူးမြောက်တဲ့ အခါ ရဟန်းတော်က တရားဟောပြတဲ့အတွက် ထောင်ကြီးကို ဖျက်ဆီးပြီး ဖမ်းထားသူအားလုံးကို ပြန်လွှတ်သတဲ့။အဲဒီအချိန်ကစပြီး မင်းကြီးဟာ သာသနာတော်အတွင်း သက်ဝင်ယုံကြည်ကာ တရားဖြင့်အုပ်စိုးတော်မူလာလို့ (သီရိဓမ္မာသောက) ဆိုတဲ့ အမည်ကို ရတာတဲ့ကွယ်။ ဒီနေရာမှာ ခတ္တရပ်ပြီးစဉ်းစားကြည့်ကြဦးစို့ရဲ့” “ဘယ်လို စဉ်းစားကြည့်ရမှာလဲ ဘုရား” “သီရိဓမ္မာသောကမင်းကြီးဟာ ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့အတွက် မြောက်များစွာသော သူတစ်ပါးအပေါ် ရက်စက်ခဲ့တယ်။ဖတူမိကွဲ ညီအစ်ကို များကိုသော်လည်းရက်ရက်စက်စက် သတ်ခဲ့တယ်။ အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေအပေါ် နိုင်လိုမင်းထက် ရက်စက်ခဲ့တယ်။မင်းကြီး လွန်ကြူးးခဲ့တဲ့ အကုသိုလ်တွေဟာ နည်းတာမှ မဟုတ်ဘဲ။ ဒီအကုသိုလ်ကံတွေ နောင်ဘဝအကျိုး မပေးနိုင်အောင် ယခုဘဝမှာ အရဟတ္တဖိုလ် တည်သွားနိုင်လျှင် ကောင်းတယ်။ အရဟတ္တမဂ်က “ကုသလံ ကုသလံ ဇဟံ” ဆိုတဲ့ အတိုင်း အလုံးစုံသော ကုသိုလ်ကံအကုသိုလ်ကံတွေကို ပယ်စွန့်နိုင်စွမ်းရှိတယ်၊ အရဟတ္တဖိုလ် မတည်သေး လျှင်တော့ နောင်ဘဝ ကျန်လိမ့်ဦးမယ်။ နောင်တစ်ဘဝမှာ ဒီ အကုသိုလ်ကံတွေက အကျိုးပေးမှာ ဧကန်ပဲ။ သီရိဓမ္မာသောကမင်းကြီးဟာ တတိယ သင်္ဂါယနာ တင်ခဲ့တယ်။ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ်သောင်းလေးထောင် တည်ထားဆောက်လုပ်လှူဒါန်းခဲ့တယ်။ ဗုဒ္ဓသာသနာတော်အတွင်းမှာ အတုမရှိသော ဒါနရှင် တစ်ဦးလည်းဖြစ်တယ်။သို့သော်မင်းတရားကြီး ပြုစု အားထုတ်ခဲ့တဲ့ ကုသိုလ်အဆောက်အအုံဟာ ဘယ်လောက် ကြီးကျယ်သော်လည်း အမှန်တကယ် သူရရှိတဲ့ ကုသိုလ်စိတ်က ကာမကုသိုလ်စိတ်မျှသာ ဖြစ်တယ်။ ကာမကုသိုလ်ကံဆိုတာ မဟဂ္ဂုတ်ကုသိုလ်၊ လောကုတ္တရာကုသိုလ်တို့ကို လေးသော ဂရုကံ မဟုတ်ဘူး။ပေါ့သော လဟုကံမျှသာဖြစ်တယ်။ ပေါ့သောလဟုကံမျှသာဖြစ်လို့ ဂရုကံလို ဒုတိယဘဝမှာ ဧကန် အကျိုးမပေးဘူး။ လဟုကံဖြစ်လို့ဒုတိယဘဝ ဧကန်အကျိုးမပေးနိုင်သော် ဒုတိယဘဝ ဧကန် အကျိုးပေးနိုင်တဲ့ကံက ဘယ်ကံတုံး ဆိုတော့အာသန္နကံ ဖြစ်တယ်ကွယ့်။” “အာသန္နကံဆိုတာ ဘယ်လိုကံပါလဲ ဘုရား။” “အာသန္နကံဆိုတာ သေခါနီးကာလမှာ အောက်မေ့ မိတဲ့ကံ၊သေခါနီး ပြုစုအားထုတ်မိတဲ့ကံကို ဆိုလိုတယ်။ သီရိဓမ္မာသောကမင်းကြီး ကွယ်လွန်ပြီးတဲ့နောက် ဘယ်ဘဝရောက်မည်လဲဆိုတာကို အာသန္နကံနှင့် ချိန်းထိုးပြီး ကြည့်သင့်တယ်ကွယ့်။” “ဘယ်လို ချိန်ထိုးကြည့်ရလဲ ဘုရား” “ချိန်ထိုးကြည့်ဖို့ဆိုတာ ဒီလိုလေ၊ သီရိဓမ္မာသောက မင်းကြီးသေခါနီးတော့ သူ့စိတ်မှာ ကုသိုလ်ပေါ်လာမလား။ အကုသိုလ်ပေါ်လာမလားဆိုတာ ချိန်ထိုးကြည့်ဖို့ ပြောတာပေါ့။” “သီရိဓမ္မာသေကမင်းကြီးရဲ့ သေခါနီးစိတ်ကုသိုလ်- အကုသိုလ် ဖြစ်တယ်လို့ ဘယ်လိုသိရမှာလဲ ဘုရား။” “သိသင့်အကြောင်း ပြောရသေးတာပေါ့” “အမိန့်ရှိပါဦး ဆရာတော်” “လူတစ်ယောက်မှာ တစ်ဘဝတည်း၌ သော်လည်း ကံဇာတာ တတ်တဲ့အခိုက် ၊ကျတဲ့အခိုက်လို့ ရှိမြဲပဲကွယ့်။ လောကဓံရှစ်ပါးကိုကြည့်လျှင် - - တစ်ခါတစ်ရံအခြံအရံရှိတယ်၊ တစ်ခါတစ်ရံ အခြံအရံမဲ့တယ်။ -တစ်ခါတစ်ရံလာဘ်ပေါများတယ်။ တစ်ခါတစ်ရံ လာဘ်ရှားတယ်၊ - တစ်ခါတစ်ရံအချီးမွမ်းခံရတယ်၊ တစ်ခါတစ်ရံ အကဲ့ရဲ့ခံရတယ်။ - တစ်ခါတစ်ရံချမ်းသာတယ်၊ တစ်ခါတစ်ရံ ဆင်းရဲတယ်။ ဒါဟာလူတိုင်း တွေ့ကြုံရတတ်တဲ့ ဓမ္မာတာတရား ပဲပေါ့၊သီရိဓမ္မာသောကမင်းကြီးလည်း ကံဇာတာ တက်ချိန်က အလွန်တက်တယ်။မြေကြီးအောက်က နဂါးကို ခေါ်နိုင်တယ်။တောတွင်း တိရစ္ဆာန်များက လာရောက် အကူအညီပေးကြရတယ်။ကံဇာတာ ကျချိန်ရောက်တော့ မင်းကြီးရဲ့တန်ခိုးအာဏာများ ပျက်သုဉ်းလာတယ်။ ကိုယ်လုပ်သလို လုပ်လို့မရတော့ဘူး။ အိုဘေး နာဘေး ဆိုက်ရောက်လာတော့မကြာမီ ငါ သေတော့မှာ ပါကလားလို့ သိလာတယ်။ မသေမီ ကုဋေတစ်ရာဖိုး လှူမယ်လို့ စိတ်ဆုံးဖြတ်ပြီး ကုက္ကုဋာရုံကျောင်းတော်ကြီးဆီ နေ့တိုင်း အလှူတွေ ဆက်နေတယ်။မင်းကြီး ဒီလိုသာလှူနေလျှင်မင်းဘဏ္ဍာ ကျန်မှာ မဟုတ်လို့ နောင်တက်တဲ့မင်း အခက် ကြုံတော့မယ် လို့ အာဏာရှိတဲ့အမတ်က မင်းကြီး တောင်းတိုင်း မပေးဖို့ တားမြစ်လိုက်တယ်။ ယခင် ကိုယ်စိတ်ထင်သလို ပြုလုပ်လာခဲ့တဲ့ မင်းကြီးဟာ ဒီလိုအတားအမြစ်ခံရတော့ အလွန် မကျေမနပ် ဖြစ်သွားတယ်။ ဒါကြောင့် ဘဏ္ဍာထဲက မရလျှင် ငါ့စားပေါ်ကရွှေခွက်တွေကို လှူမယ်ဆိုပြီး ရွှေခွက်တွေ အားလုံး လှူလိုက်တယ်။ရွှေအိုး၊ ရွှေခွက် မရှိတော့ ငွေအိုး ငွေခွက်တွေ လှူပြန်တယ်။ နောက်တော့ မင်းကြီးရဲ့ စားပွဲပေါ်မှာ မြေအိုး ၊ မြေခွက်သာကျန်တော့တယ်။မင်းကြီးဟာ သူ့သဘော အတိုင်း မဖြစ်တော့ အနတ္တသဘောကို မဆင်ခြင်နိုင်ဘဲ၊ ချုန်းချုန်းချငိုယိုပြီးတော့ သူ့ရဲ့ ကျွန်ယုံတော် ရာဓာဂုတ္တ အမတ်ကြီးကို “ဘယ်သူဟာ ဤတိုင်းပြည်ကြီးရဲ့ ဘုရင် ဖြစ်သလဲ” လို့ မေးသတဲ့။ ရာဓာဂုတ္တက “အရှင်မင်းကြီးသာ ဤဇမ္ဗူဒိပ်ရဲ့ အရှင်သခင်ဘုရင်ဖြစ်ပါတယ်” လို့ သံတော်ဦးတင်တော့ မင်းကြီးက “ရာဓာဂုတ္တ - သင်ဟာ ငါ့ကို သနားသူ၊ ချစ်ခင်သူဖြစ်ပါလျက် ဘာကြောင့် လိမ်လည် ပြောဆိုသလဲ၊ ငါဟာ ယခုအခါ မင်းမဟုတ်တော့ဘူး။ မင်းဘဝက ကျဆုံးသူဖြစ်ခဲ့ပြီ”လို့ ငိုယိုပြီး ပြောသတဲ့ကွယ်။ နောက်ဆုံးမှာ မင်းကြီးဟာ ဘာမျှ လှူဒါန်းစရာမရှိတော့လို့ စားပွဲပေါ်မှာ ဓာတ်စာအဖြစ် တင်ထားတဲ့ သျှိသျှားသီးကို ဆောင်ယူပြီး ကုက္ကုဋာရုံကျောင်းသံဃာတော်များကို ကပ်လှူပါ၊ ကပ်လှူပြီးလျှင် သံဃာတော်များကို “ဤဇမ္ဗူဒိပ်၏ ဧကရာဇ်ဖြစ်ဖူးသော သီရိဓမ္မာသောက မင်းတရားကြီးသည် ယခုအခါ တန်ခိုးအာဏာနှင့် ဘုရင်ဘဝမှ လျှောကျ၍ ခိုးကိုးရာမဲ့ဘဝသို့ ရောက်နေပြီ ဖြစ်ကြောင်းလျှောက်ကြားလိုက်ပါ” လို့ မျက်ရည် စက်လက်နှင့် မိန့်တော်မူပြီးအဲဒီညမှာပင် စံလွန်တော် မူသတဲ့။မင်းကြီးဟာ ဘုန်းတန်ခိုးလည်း အလွန် ကြီးမားတယ်၊ သာသနာတော်ကိုလည်းအလွန် လေးစား ကြည်ညိုတယ်။ သို့သော် သေခါနီးစိတ်ဓာတ် မသန့်ရှင်းဘူး။ “စိတ္တေသံကိလိဋ္ဌေ ဒုဂ္ဂတိ ံ ပါဋိကင်္ခ ိတဗ္ဗာ” လို့ မူလပဏ္ဏာသပါဠိ ဝတ္တသုတ်မှာ ဘုရားရှင်ဟောတော်မူတဲ့ အတိုင်း သေခါနီး စိတ်ဓာတ်ညစ်ညူးခဲ့လျှင် ဒုဂ္ဂတိဆိုတဲ့ အပါယ်ဘုံကို လားတတ်တယ်။ ဒါကြောင့် သီရိဓမ္မာသောကမင်းကြီး စပါးကြီးမြွေ ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခွင့်ရှိတာပေါ့။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မြွေအန်တော် ဆိုတဲ့ စေတီတစ်ဆူရှိတယ်။အဲဒီ စေတီဟာ သီရိဓမ္မာသောကမင်းကြီး မြွေဘဝဖြင့် သတ္တဝါတစ်ကောင်ကို ဖမ်းဆီးမျိုစဉ် သားတော် ရှင်မဟာမဟိန္ဒ ကြွရောက် တရားဟောတဲ့အတွက် မျိုထားတဲ့ သတ္တဝါကို ပြန်အန်တဲ့နေရာတည်ထားလို့ မြွေအန်တော် ခေါ်ကြောင်း ပြောကြတယ်။ ခိုင်ခိုင်မာမာကျန်းလာတဲ့ စကားတော့ မဟုတ်ပါဘူး။ သို့သော် ပုထုဇဉ်ဘဝဆိုတာ ဝိနိပါကဆိုတဲ့ ဖရိုဖရဲပြို ကွဲကျရောက်တတ်တဲ့ အပါယ်ဘေးကြီးက ရှေ့မှာ ကားဆီးလျက် ရှိနေတာမို့ ဖြစ်ချင်လည်း ဖြစ်နိုင်တယ် လို့မှတ်တော့တာပေါ့ကွယ်။” “မှန်ပါ - စပါးကြီးမြွေ ဖြစ်တယ်ဆိုတာ ရှိပေစေတော့။ သီရိဓမ္မာသောကမင်းကြီး အကျွတ်တရား ရ၊မရ ဆိုတဲ့ ပြဿနာကိုလည်း တစ်ဆက်တည်း ဖြေရှင်းပေးပါဦးဘုရား။” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အသောကမင်းကြီး၏ နောက်ဆုံးဘဝ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သီရိဓမ္မာသောကမင်းကြီး အကျွတ်တရား ရ၊မရ နှင့်ပတ်သက်ပြီး ဝတ္ထုတစ်ပုဒ်ရှိတယ်ကွယ့်။” “ဘာဝတ္ထုလဲဘုရာ့၊ အမိန့် ရှိတော်မူပါဦး” “အင်္ဂုတ္တရပါဋိတော်၊ တိကနိပါတ်၊ စူဠဝဂ်မှာ (တိဌာနသုတ်) ဆိုတာရှိတယ်၊ သုတ်ရဲ့ အဓိပ္ပာယ်က - (၁) ။သီလဝန္တပုဂ္ဂိုလ်ကို ဖူးမြင်လိုခြင်း၊ (၂) ။သူတော်ကောင်းတရားကို နာလိုခြင်း၊ (၃) ။လွတ်လွတ် စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုခြင်း- ဤအကြောင်းတရား သုံးပါးတို့ဖြင့် ကြည်ညိုသူကို (သဒ္ဓါတရားပြည့်စုံသူ) လို့ ဆိုရမည်တဲ့။ ဤအကြောင်းသုံးပါးအနက် ပထမအကြောင်းနှင့် ပြည့်စုံသူအဖြစ်ပါဋလိပုတ်ပြည်သား ပုဏ္ဏားနှင့် သဒ္ဓါတိဿမင်းကြီးကို အဋ္ဌကထာက ဥပမာ ထုတ်ပြထားတယ်။ ပါဋလိပုတ်ပြည်သားပုဏ္ဏားဝတ္ထုက ပါဋလိပုတ်ပြည် တံခါးဝဇရပ်မှာ နေကြတဲ့ ပုဏ္ဏားနှစ်ယောက်တို့ဟာ နွယ်နက်မဏ္ဍပ်ကျောင်းမှာသီတင်းသုံးတော်မူတဲ့ “မဟာနာဂထေရ်” ဟာ အလွန် သီလစင်ကြယ်သူဖြစ်တဲ့ အကြောင်း သတင်းစကား ကြားကြတဲ့အတွက် မဟာနာဂထေရ်ထံ သွားရောက်ဖူးမြော်ကြရအောင် လို့ တိုင်ပင်ပြီး ပါဋလိပုတ်က ခရီးထွက်ခဲ့ကြရာ ပုဏ္ဏားတစ်ယောက်ဟာ ခရီးပန်းပြီးလမ်းမှာ ကွယ်လွန်ခဲ့တယ်။ပုဏ္ဏားတစ်ယောက်ကတော့ သမုဒ္ဒရာကို သဘောင်္စီးပြီး သီဟိုဠ်ကျွန်း အနုရာဓမြို့ကို ရောက်လာတယ်။အနုရာဓမြို့ရောက်တော့ ရောဟဏ ဇနပုဒ်မှာတည်ရှိတဲ့ နွယ်နက်ကျောင်း အရောက်သွားပြီး မဟာနာဂထေရ်ကို ဖူးတယ်။ဖူးပြီး “အရှင်ဘုရား အရပ် မြင့်လှပါတယ်” လို့ လျှောက်သတဲ့။ မထေရ်က “ငါ အရပ် မမြင့်ပါလား ဒကာ” လို့ မိန့်တော်မူတော့ “အရှင်ဘုရားရဲ့ ဂုဏ်အရပ်မြင့်လွန်း လို့တပည့်တော် ဇမ္ဗူဒိပ်ပါဋလိပုတ်ပြည်က အဖူးအမြော် လာရပါကြောင်း” လျှောက်ထားပြီး မထေရ်ရဲ့ ထံမှာ သင်္ကန်းဝတ်ခဲ့တာ နှစ်ရက်၊သုံးရက်မျှနှင့် ရဟန္တာ ဖြစ်သတဲ့ကွယ်။ဒါက ပထမဝတ္ထုအကြောင်းပေါ့။ ဒီဝတ္ထုအကြောင်းက ဆိုရေးရှိလို့သာ ဆိုလိုက်ရတယ်။ သီရိဓမ္မာသောကမင်းကြီးနှင့်ဘာမျှ မပတ်သက်ပါဘူး။ သီရိဓမ္မာသောကမင်းကြီးနှင့် ပတ်သက်တဲ့ ဒုတိယဝတ္ထုက သဒ္ဓါတိဿမင်းကြီးဝတ္ထု တဲ့ကွယ်။ “မှန်ပါ၊ မိန့်တော်မူပါ ဘုရား” “တစ်ရက်မှာ သဒ္ဓါတိဿမင်းကြီးက ရဟန်းတော်များကို လျှောက်သတဲ့။မင်းကြီး လျှောက်ထားပုံက အရှင်ဘုရားတို့ တပည့်တော်ဟာ သီလပြည့်စုံ စောင့်ထိန်းတဲ့ရဟန္တာပုဂ္ဂိုလ်ကို ရှိခိုး ဦးချချင်ပါတယ်။ အဲဒီလို ထူးမြတ်သော ပုဂ္ဂိုလ်ကြီးများရှိလျှင် တပည့်တော်ကို ညွှန်ကြား ပြသပေးတော်မူကြပါတဲ့။” ဒီအခါ ရဟန်းတော််များက “မင်းကြီး - မင်္ဂလာကျောင်းမှာ သီတင်းသုံးတဲ့(ကုဋ္ဋတိဿမထေရ်)ဟာ မင်းကြီး ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါတယ်” လို့ မိန့်ကြားတော်မူကြတယ်။မင်းကြီးဟာဒီ စကားကို ကြားလျှင် လွန်စွာ နှစ်သက်ခြင်းရှိတဲ့အတွက် နန်းတော်ကို မပြန်တော့ဘဲ အခြံအရံများစွာနှင့်ငါးယူဇနာ ဝေးကွာတဲ့ မင်္ဂလာအရပ်ကို ရဟန္တာဖူး ကြွတော်မူသတဲ့။ သဒ္ဓါတိဿမင်းကြီး ကြွချီတော်မူလာတဲ့အတွက် ဆင်သံ၊ မြင်းသံ၊ရထားသံ၊တူရိယာသံတွေဟာ ဆူညံနေကြတယ်။ဒီအသံမျိုးစုံကို ကြားတော့ ကုဋ္ဋတိဿမထေရ်မြတ်ကဘာသံတွေလဲ လို့ မေးသတဲ့။ “အရှင်ဘုရားထံ အဖူးအမြော် ကြွလာတဲ့ သဒ္ဓါတိဿမင်းကြီးရဲ့အခြံအရံအသံများ ဖြစ်ပါတယ်” လို့ လျှောက်ထားကြတယ်၊ ဒီလို လျှောက်ထား ကြတော့မထေရ်ကြီးက ကြံသတဲ့ကွယ့်။ “မှန်ပါ၊ ဘယ်လိုများ ကြံပါသတဲ့လဲ ဘုရား” “ငါဟာ အသက်အရွယ် ကြီးပြီ။ မင်း အကြည်ညိုခံရလို့ဘာမျှ အကျိုးမရှိဘူး။ ဒါကြောင့် မင်းအကြည်ညို ပျက်အောင် လုပ်မှ တော်မယ် လို့ အဲဒီလို ကြံစည်တော်မူပြီး နေ့သန့်ရာဌာန ညောင်စောင်းပေါ်အလျားမှောက်အိပ်ပြီး လက်ညှိုးနှင့် မြေကြီးပေါ်လျှောက်ခြစ်နေဟန် ပြုသတဲ့။ သဒ္ဓါတိဿမင်းကြီးက ကုဋ္ဋတိဿ မထေရ်ကြီး ဘယ်မှာလဲလို့ မေးတော့ ရဟန်းတော်များက မထေရ်မြတ်ကို ညွှန်ပြသကြသတဲ့။မင်းကြီးဟာ ရဟန်းတော်များ ညွှန်ပြတဲ့ မထေရ်မြတ်ကြီးကိုမြင်တော့ “ဟင်- ငါ့မှာ ရဟန္တာဆိုလို့ တပင်တပန်း အဖူးအမြော် လာလိုက်ရတာ။ ရဟန္တာဆိုတာ လက်ဖောက်ပြန်ခြင်း မရှိစကောင်းဘူး၊ ဒါဟာ ရဟန္တာ မဟုတ်ပါဘူး” လို့ ရှိမခိုးဘဲ ပြန်သွားသတဲ့။ ဒီအခါ ရဟန်းတော်များက “အရှင်ဘုရား၊ သဒ္ဓါတရားရှိလို့ အဝေးကြီးကအဖူးမြော်လာရှာတဲ့ မင်းကြီးကို နှလုံးမသာမယာဖြစ်အောင် ဘာကြောင့် ပြုပါသလဲ” လို့ လျှောက်ကြတယ်။ မထေရ်ကြီးက “ငါ့ရှင်တို့ - မင်းကြီးရဲ့ သဒ္ဓါတရားကို စောင့်ရှောက်ခြင်းဟာ သင်တို့ရဲ့ တာဝန် မဟုတ်၊ ငါ့ရဲ့ တာဝန်သာဖြစ်တယ်၊ စောင့်ကြည့်ရစ်ကြပါ။” လို့ မိန့်တော်မူသတဲ့။ ကုဋ္ဋတိဿမထေရ်ကြီး ပရိနိဗ္ဗာန် ဝင်စံချိန်နီးတော့ သံဃာတော်များကို စည်းဝေးစေပြီး “ငါ့ရဲ့အလောင်းတင် ပြာသာဒ်အတွင်းမှာညောင်စောင်းတစ်ခုသီးသန့် ခင်းထားကြပါ” လို့ မိန့်တော်မူသတဲ့။ သံဃာတော်များကခင်းထားပြီးကြောင်း လျှောက်ထား ကြတော့ မထေရ်ကြီးက “ငါ့အလောင်းတင် ပြာသဒ်သည် အတွင်း၌ မတည်မူ၍သဒ္ဓါတိဿမင်းကြီး ဖူးမြော်စဉ် မြေသို့ကျပါစေသတည်း” လို့ အဓိဋ္ဌာန်ပြီး ပရိနိဗ္ဗာန် ဝင်စံတော်မူသတဲ့။အလောင်းတင်ပြာသာဒ်ဟာ ရဟန္တာကြီးရဲ့ အဓိဋ္ဌာန်အတိုင်း ငါးယူဇနာကွာဝေးတဲ့ မင်းကြီးရှိရာကိုကောင်းကင်ခရီးက သွားသတဲ့။ မထေရ်ကြီးရဲ့ အလောင်းတင်ပြာသာဒ် ကောင်းကင် ခရီးက ကြွလာတယ်ဆိုတာကိုမင်းကြီးက မယုံဘူးတဲ့။ အလောင်းတင်ပြာသာဒ်ဟာ ကောင်းကင်ခရီးက လာပြီး ထူပါရုံစေတီတော်ကိုလက်ယာရစ် ပတ်တယ်။ ထူပါရုံစေတီတော်ဆီက ကျောက်စေတီ တည်ရာကို သွားတယ်။ ကျောက်စေတီဆီရောက်တော့ကျောက်စေတီဟာ မြေကပျံတက်ပြီး အလောင်းတင်ပြသာဒ်ရဲ့ ထိပ်မှာ တည်တယ်။ဒီလို အံ့ဖွယ်သရဲကိုမြင်ကြလို့ မင်းနှင့်တကွ ပြည်သူအားလုံး သောင်းသောင်းဖြဖြ ပူဇော်ကြတယ်။ ဒီအချိန်မှာ မဟာဗျဂ္ဃထေရ်ဟာ လောဟပါသာဒ ပြာသာဒ်ရဲ့(၇)ခုမြောက် ဘုံမှာ ရဟန်းတော်များရဲ့ ဝိနည်းကံကို ဆောင်ရွက်တော်မူနေတယ်။အုတ်အုတ် ကျက်ကျက်အသံတွေကြားလို့ ဘာသံတွေလဲလို့ မေးတော်မူသတဲ့။ရဟန်းတော်များ က “မင်္ဂလာကျောင်းမှာ သီတင်းသုံးတဲ့ ကုဋ္ဋတိဿမထေရ် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး အလောင်းတင်ပြာသာဒ် ကောင်းကင် ပျံကြွလာလို့ လူအများ ကောင်းချီး ပြုကြတဲ့အသံပါဘုရား”လို့ လျှောက်ကြသတဲ့။ ဒီတော့ မဟာဗျဂ ္ဃမထေရ်ကြီးက “ငါ့ရှင်တို့ ကောင်းမှု ရှိသောသူကို အမှီပြုပြီးငါ့အား ပူဇော်သက္ကာရ ဖြစ်ဖွယ် ရှိတယ်။တပည့်တို့ ငါ့အပေါ်မှာ အပြစ်ရှိလျှင် သည်းခံကြ” လို့ မိန့်တော်မူပြီး ကောင်းကင် ပျံတက်တော်မူတယ်။ ကောင်းကင်ရောက်တော့ ပျံလာတဲ့အလောင်းပြာသာဒ် အတွင်း ဝင်ပြီး ဒုတိယ ညောင်စောင်းပေါ်ထိုင်ကာ ပရိနိဗ္ဗာန် ဝင်စံတော်မူပါသတဲ့။ ❖ဒီဝတ္ထုက အင်္ဂုတ္တရအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ၁၃၃-ကလာတဲ့ ဝတ္ထုဖြစ်တယ်။ ဒီဝတ္ထုကို “ဇမ္ဗူဒီပသီဟဠဝတ္ထု” က ဘယ်လို ဖွင့်ပြသလဲ ဆိုတော့ “ကုဋ္ဋတိဿရဟန္တာ” ဆိုတာ “သီရိဓမ္မာသောက မင်းကြီး” ဖြစ်ကြောင်း၊ မဟာဗျဂ ္ဃ ရဟန္တာဟာ သီရိဓမ္မာသောကမင်းကြီးရဲ့ မိတ်တွေဖြစ်ကြောင်း ဖွင့်ပြထားတယ်။ ❖သီရိဓမ္မာသောကမင်းကြီးရဲ့ မိတ်ဆွေဆိုတာ ဘယ်သူ ဘယ်ဝါလို့တိတိကျကျဖော်ပြခြင်း မရှိခဲ့ဘူး။ ဒေဝါနံပိယတိဿ မင်းကြီးကိုများ ဆိုလိုသလား မသိဘူးကွယ့်။အထူးကတော့ အင်္ဂုတ္တရအဋ္ဌကထာက လာတဲ့ ကုဋ္ဋတိဿထေရ်ကို ဇမ္ဗူဒီပသီဟဠဝတ္ထုက “ကုဏ္ဍလတိဿ”လို့ ဖော်ပြပြီး မဟာဗျဂ္ဃထေရ်ကိုတော့ “မဟာဗျက္ခ”လို့ ပြဆိုထားတယ်။ “ဇမ္ဗူဒီပသီဟဋ္ဌဝတ္ထုကျမ်းအရဆိုလျှင် သီရိဓမ္မာ သောကမင်းကြီး ကျွတ်တမ်းဝင်သွားပြီလို့ ဖြေဆိုရမှာပေါ့ကွယ်။” “သာဓု - သာဓု - သာဓု”။ ။ -【အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ထီးချိုင့်မြို့- တည်တောဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ】
https://www.dhammaransi.com/index.php/new/558-2016-11-05-23-54-49.html
***မြတ်စွာဘုရား ကိုယ်တော်တိုင် ထွက်ကြို ချီးမြောက်ခံရသူ ၇-ဦး***
ဤသာသနာတော်၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ထွက်ကြွ ကြို ဆို၍ ချီးမြောက်ခြင်း ခံရသော ပုဂ္ဂို လ်ထူး ၇-ဦး ရှိလေသည်။ ၎င်းတို့မှာ- ၁။ အရှင်မဟာ ကဿ ပ ၂။ အရှင်မဟာ ကပ္ပိန ၃။ အရှင် အနုရုဒ္ဓါ ၄။ အရှင် ကောဋိကဏ္ဏသောဏ ၅။ ဝနဝါသီ တိဿ သာမဏေ ၆။ ရေဝတ သာမဏေ ၇။ အရှင် ပုက္ကု သာတိ… တို့ဖြစ်သည်။ ၁။ အရှင်မဟာကဿ ပ- ဓုတင် အရာဧတဒဂ်ရ တတိယသာဝက ရှင်မဟာကဿ ပ ဖြစ်သည်။ ဓမ္မဝိနယတို့ကို ယနေ့အထိ မပျောက်ပျက်အောင် ပထမ သင်္ဂါယနာတင်၍ ဦးဆောင်ခဲ့ပြီး ထေရဝါဒ သာသနာတော် အတွက် အလွန်ကျေးဇူးများသူ ဖြစ်သည်။ 'သေနနိဂုံး' လူသေစွန့်ရာ အရပ်မှ 'သင်္ကန်းလျာ' အဖြစ် မြတ်စွာဘုရား ကိုယ်တော်တိုင် ပံ့သုကူ ကောက်ယူ၍ ဝတ်ဆင်တော်မူသော, တန်ခိုးရှိန်စော် အာနုဘော် ကြီးလှသော သင်္ကန်းတော်မြတ်ကို (သင်္ကန်းချင်း) လဲလှယ်ဝတ်ဆင်ခွင့် ရသောသူ ဖြစ်၏။ (မြတ်စွာဘုရား ပံ့သုကူ ကောက်စဉ် မဟာပထဝီ မြေကြီး သိမ့်သိမ့်တုန်လှုပ် ခဲ့သည်အထိ ထူးမြတ်သော သင်္ကန်းတော် ဖြစ်သည်။) မိဘများ ဆန္ဒအလျောက် ပိပ္ပလိ သတို့သားနှင့် ဘဒ္ဒကာပိလာနီ သတို့သမီးတို့သည် လက်ထပ်သော်လည်း ရာဂမဖက် သန့်ရှင်းစွာ နေကြလေသည်။ မိဘများ ဆုံးပါးပြီးနောက် မူလရည်ရွယ်ချက် အတိုင်း အလုံးစုံသော ဥစ္စာတို့ကို စွန့်လှူ ပြီး မြတ်စွာဘုရားကို ရည်မှန်းရဟန်းဝတ်ကာ မြတ်စွာဘုရား ရှိရာ ရာဇဂြိုဟ်သို့ ရှင်မဟာကဿ ပ အလောင်းတော် ပိပ္ပလိ ရဟန်းနှင့် ဘဒ္ဒကာပိလာနီ ရဟန်းမတို့ အတူထွက်လာကြသည်။ ထို့နောက် လမ်းဆုံတစ်ခုအရောက်၌ သူတစ်ပါး အမြင်မမှားစေရန် လမ်းခွဲထွက်လာရာ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ထိုအကြောင်းကို မြတ်စွာဘုရား သိမြင်တော်မူ၍ ဝေဠု ဝန် ကျောင်းတော်မှ သုံးဂါဝုတ် ခရီးကို တစ်ကိုယ်တည်း ကြွလာကာ ရောင်ခြည်တော် ၆-သွယ် လွှတ်၍ ကြို ဆိုချီးမြောက်တော် မူလေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂။ အရှင်မဟာကပ္ပိန- ကုက္ကု ဋဝတီ တိုင်းပြည်မှ မဟာကပ္ပိန မင်းကြီး ဖြစ်သည်။ ရဟန်းယောကျ်ား အများအပြားကို တစုတည်း တစ်ထိုင်တည်း အကျွတ်တရား ရအောင် ဟောနိုင်သော နေရာတွင် 'ဘိက္ခု သြဝါဒက' ဧတဒဂ်ဘွဲ့ ရသူဖြစ်သည်။ ရှေးဘဝ ပါရမီအလျောက် ရတနာမြတ်သုံးပါးကို ဆည်းကပ်လို သောကြောင့် မြင်းသည်တော်တို့ကို အရပ်လေးမျက်နှာသို့ သုံးယူဇနာ အရပ်ထိ နေ့စဉ်သတင်းထောက် စေလေ၏။ တနေ့တွင်မူ သာဝတ္ထိပြည်မှ လာသော လည်းကုန်သည်များ ထံမှ 'မြတ်စွာဘုရား ပွင့်တော်မူပြီ' ဟူသော စကား ကြားသိရလေသည်။ ထိုစကား မဆုံးခင်ပင် ပီတိကြောင့် သတိလစ် လေ၏။ သုံးကြိမ်မေး၍ သုံးကြိမ်လုံး ပီတိကြောင့် မြောမေ့၏။ လေးကြိမ်မြောက်မှ ထိန်းနိုင်၍ ဆက်မေးလေရာ ဓမ္မရတနာနှင့် သံဃာရတနာမြတ် တို့အကြောင်း ကြားသိ၍ ပီတိဖြစ်ပြန်လေသည်။ ထိုသတင်းအတွက် လှည်းကုန်သည်များကို ဆုပေးပြီး အတူပါ အမတ်တစ်ထောင်နှင့် တိုင်ပင်ကာ ''မိမိတို့အားလုံး ဘုရားထံသွား၍ ရဟန်းပြု တော့မည့် အကြောင်း''ကို လှည်းသမားများအား အနော်ဇာ မိဖုရားကြီးထံ စာလွာပို့ဆက်စေ၏။ ထို့နောက် အမတ်တစ်ထောင်နှင့်အတူ မြင်းစီး၍ မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်သို့ ထွက်လာကြလေသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သစ္စာဆို၍ မြစ်သုံးစင်းကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး မြစ်တဘက်ကမ်း ညောင်ပင်ကြီးအောက်တွင် မြတ်စွာဘုရားသည် ထက်ဝယ်ဖွဲ့ခွေ ရောင်ခြည်တော် ၆-သွယ်လွှတ်၍ ကြိုဆိုချီးမြောက်တော် မူလေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၃။ အရှင်အနုရုဒ္ဓါ- အလောင်းတော် သိဒ္ဒတ္တမင်းသားနှင့် ဝမ်းကွဲညီတော်, မရှိစကား မကြားဖူးသော, ဒိဗ္ဗစက္ခု ဧတဒဂ်ရ အရှင်အနုရုဒ္ဓါ ဖြစ်သည်။ ချစ်တတ်သောသူ, သူ့သဘော လိုက်လျောတတ်သူ ဟု အဓိပ္ပါယ်ရသည်။ 'န,ထက် ဣတင်၊ မည်မှန်ပင်၊ အစဉ်မှတ်ကြ၊ အနိရုဒ္ဓ'' ဟု ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းတွင် 'အနိရုဒ္ဓ' ဟုလည်း ပြဖူး၏။ မချု ပ်ပျောက်, မပျက်စီးသောသူ ဟူ၏။ မြတ်စွာဘုရားရှင် ပြည်တော်ဝင်ပြီးနောက် သာကီဝင် မင်းသားတစ်ထောင်တို့ ရဟန်းပြု၏။ သို့သော် ဘဒ္ဒိယ, အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒေဝဒတ္တ ဤသာကီဝင် မင်းသား ၆-ပါး ရဟန်းမပြု ဘဲ နေရာ 'သာကီဝင် မဟုတ်သောကြောင့် ရဟန်းမပြု ' ဟု ကဲ့ရဲ့ကြသည်။ ထိုခါမှ မင်းသားများ ရဟန်းပြု ကြလေသည်။ ထိုပထမဝါ၌ပင် အရှင်ဘဒ္ဒိယ ရဟန္တာဖြစ်သည်။ အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ် ရတော်မူသည်။ အရှင်ဒေဝဒတ်မူ လောကီသမာပတ် ၈-ပါးရ၏။ အရှင်အာနန္ဒာ သောတာပန် ဖြစ်လေသည်။ ဘဂုထေရ်နှင့် ကိမိလမထေရ်တို့ကား နောက်မှ ရဟန္တာ ဖြစ်တော်မူ၏။ တရံသောအခါ အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံ ချဉ်းကပ်၍ မေးလျှောက်လေ၏။ အကျဉ်းမှာ- >အကျွန်ုပ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သောလောကဓာတ်ကို မြင်ပါသည်။ >မတွန့်ဆုတ်သောလုံလဖြင့် အားထုတ်ပါသည်။ မေ့လျော့မရှိ သတိအမြဲ ထင်ပါသည်။ ကိုယ်ပူလည်း မရှိဘဲ ငြိမ်းအေးပါသည်။ စိတ်သည် တစ်ခုသော အာရုံ၌ ကောင်းစွာတည်ပါသည်။ >သို့သော် အာသဝေါတရားတို့မှ မလွတ်နိုင်သေးပါ။ အရှင်သာရိပုတ္တရာက ပြန်ဖြေကြားပုံမှာ- >သင်သည် တစ်ထောင်သော လောကကို မြင်၏ဟု မာန်ဖြစ်နေသည်။ >မတွန့်ဆုတ်ဘဲ စိတ်သည် တစ်ခုသောအာရုံ၌ တည်နေသည်ဟု ဥဒ္ဓစ္စ ဖြစ်နေသည်။ >အာသဝေါတရားမှ မလွတ်သေးဟု သံသယ ကုက္ကစ္စ ဖြစ်နေသည်။ ဤ 'မာန' 'ဥဒ္ဓစ္စ' 'ကုက္ကစ္စ' တရားသုံးပါးကို ဖယ်ထုတ်၍ သင်၏စိတ်ကို နိဗ္ဗာန်သို့ ပို့ဆောင်လော့ ဟုတရားပေးလေ၏။ အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်း သင်ယူပြီး စေတိတိုင်း အရှေ့ဘက် ဝါးတောသို့ ကြွရောက် အားထုတ် လေသည်။ ၁၅-ရက် မအိပ်မနေ စင်္ကြိံလျှောက် အားထုတ်၍ ပင်ပန်းနွမ်းနယ် သောကြောင့် ခေတ္တအပန်းဖြေစဉ် မဟာပုရိသ ဝိတက်ကြီးများ ဖြစ်ပေါ်လာသည်။ ၁။ ဤလောကုတ္တရာ တရားသည်… အလိုနည်းသူသာ ပြည့်စုံ၏။ အလိုကြီးသူ မပြည့်စုံ။ ၂။ ရောင့်ရဲလွယ်သူသာ ပြည့်စုံ၏။ မရောင့်ရဲသူ မပြည့်စုံ။ ၃။ ဆိတ်ငြိမ်သူသာ ပြည့်စုံ၏။ အဖေါ်၌ ပျော်သူ မပြည့်စုံ။ ၄။ လုံ့လထက်သန်သူ ပြည့်စုံ၏။ ပျင်းရိသူ မပြည့်စုံ။ ၅။ သတိကောင်းသူ ပြည့်စုံ၏။ သတိလွတ်သူ မပြည့်စုံ။ ၆။ စိတ်တည်ကြည်သူ ပြည့်စုံ၏။ မတညြ်ကည်သူ မပြည့်စုံ။ ၇။ ပညာရှိသူသာ ပြည့်စုံ၏။ ပညာမဲ့သူ မပြည့်စုံ။ ထို ၇-ပါး ဖြစ်ပေါ်ပြီး အရဟတ္တမဂ် အတွက် ၈-ခုမြောက် တရားလိုသေးရာ မြတ်စွာဘုရား သိမြင်တော်မူ၍ တန်ခိုးတော်ဖြင့် အလျင်အမြန် ကြွလာချီးမြောက်၍ တရားဟောတော် မူလေသည်။ ၈-ခုမြောက်အဖြစ်, ဤလောကုတ္တရာတရား ၉-ပါးသည်… သံသရာကို ချဲ့တတ်သည့် တဏှာ, မာန, ဒိဋ္ဌိ ဟူသော ပပဥ္စတရားမှ ကင်းသည့် နိဗ္ဗာန်၌ မွေ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့သာ ပြည့်စုံ၏။ တဏှာ, မာန, ဒိဋ္ဌိ တရားတို့၌ မွေ့လျော်ပျော်ပိုက် တတ်သော ပုဂ္ဂိုလ်တို့၌ မပြည့်စုံပေ။… ထို့နောက် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါအား ဤဝါးတော၌ပင် ဝါကပ်ရန် မိန့်တော်မူပြီး တန်ခိုးတော်ဖြင့်ပင် ပြန်ကြွသွား လေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၄။ အရှင် ကောဋိကဏ္ဏသောမ- အမျိုးသမီးများအနက် ပထမဆုံး သောတာပန် 'ကာဠီ' သဌေးကတော်၏ သား (တရားဟောချိုသာရာ၌ 'ကလျာဏဝါက္ကရဏ- ဧတဒဂ် ဘွဲ့ရ) ဖြစ်သည်။ မယ်တော်သည်, သာတာဂီရိ နတ်မင်းနှင့် ဟေမဝတ နတ်မင်းတို့ ကောင်းကင်၌ ဘုရားရှင် ပွင့်လာကြောင်း အမေးအဖြေ ပြောသည်ကို နာယူ၍ သောတာပန် ဖြစ်သောသူ ဖြစ်သည်။ ထိုညမှာပင် အရှင်သောဏ အလောင်းကို ဖွားမြင်လေ၏။ အရွယ်ရောက်သော် မိတ်ဆွေများနှင့် ကုန်ရောင်း သွားလေ၏။ လမ်းခရီး၌ အိပ်စက် အနားယူစဉ် တစ်ဦးတည်း ကျန်နေခဲ့သည်။ လမ်းလျှောက်လိုက်သွားရာ ပြိတ္တာများကို တွေ့၍သံဝေဂ ဖြစ်လေသည်။ ရဟန်းပြု လိုသော်လည်း ဥပသမ္ပဒ ကံဆောင်ရန် သင်္ဃာတော် ၁၀-ပါး (ထိုစဉ်က ဝိနည်း) ခက်ခဲမှုကြောင့် သုံးနှစ်စောင့်ရ၏။ ဆရာ အရှင်မဟာကစ္စည်းထေရ် ထံမှ ကမ္မဋ္ဌာန်းယူကာ အားထုတ်ပြီး ရဟန္တာ ဖြစ်တော်မူသည်။ ဝါကျွတ်သော် မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ သွားလေ၏။ ဇေတဝန်ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ပြီး ညဉ့်အခါ မဟာဂန္ဓကုဋိတိုက် မှာပင် နေရာပေး၍ ချီးမြောက်တော် မူလေသည်။ (အခြားမည်သူမျှ မနေဖူးဘူးဟု ထင်ပါသည်။) မြတ်စွာဘုရားက တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခွင့် ပြု ၍ ရွတ်ဖတ်ပြီးသော် ဆရာမှာလိုက်သော ဆုငါးပါးကို လျှောက်ထားလေသည်။ ပစ္စန္တရာဇ် အရပ်၌- ၁။ ကံဆောင်ရန် သံဃာတော် ၁၀-ပါး ခဲယဉ်း၍ လျော့နည်းလျှင် ခွင့်ပြု လေမလား မသိ။ (ခွင့်ပြု တော်မူပါ။) ၂။ တစ်လွှာတည်းသော ဖိနပ်အစား အထပ်များသောဖိနပ် ခွင့်ပြု လေမလား မသိ။ ၃။ ၁၅-ရက် တစ်ကြိမ် အစား နေ့စဉ် ရေချိုးခွင့် ပြုလေမလား မသိ။ ၄။ ရလွယ်သော သားရေ အထိုင်အခင်းများ ခွင့်ပြု လေမလား မသိ။ ၅။ လူကြုံ ဖြင့် တဆင့်လှူ ဒါန်းသော သင်္ကန်းကို ခွင့်ပြု လေမလားမသိ။ ဤ ဆုငါးပါးကို မြတ်စွာဘုရားရှင် ခွင့်ပေးတော် မူလေသည်။ သာသနာအတွက် အလွန်အကျိုး များလေ၏။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၅။ ဝနဝါသီတိဿ သာမဏေ- ခုနှစ်နှစ်အရွယ် ရဟန္တာ သာမဏေဖြစ်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သာသနာတော်ကို နှစ်ဘဝ ဆည်းကပ်ခွင့် ရသူဖြစ်သည်။ ပထမဘဝ၌ ရှင်သာရိပုတ္တရာ့ ခမည်းတော်၏ မိတ်ဆွေ ဖြစ်သည်။ နောက်ပိုင်း စီးပွားကျ ဆင်းရဲနေလေ၏။ ရှင်သာရိပုတ္တရာက ချီးမြောက်လို၍ ထိုသူဌေးဟောင်း အိမ်သို့ ဆွမ်းသွားရပ်လေရာ လောင်းလှူ ဖွယ် မရှိ၍ ပုန်းအောင်းနေရရှာလေသည်။ နေ့အတန်ကြာ ဖြစ်သည်။ တနေ့တွင် သူဌေးဟောင်းသည် ပွဲတခု၌ ဂါထာမန္တာန် ရွတ်ပြီး နွားနို့တစ်အိုးနှင့် ပုဆိုးကြမ်းတစ်ထည် ရခဲ့လေရာ ဝမ်းမြောက်စွာ ဆွမ်းစီမံ၍ ရှင်သာရိပုတ္တရာကို ကပ်လေသည်။ ပုဆိုးကြမ်း ကိုလည်း လှူ လိုက်လေသည်။ 'လောကုတ္တရာတရားကို အကုန်အစင် သိရပါစေ'ဟု ဆုတောင်းလေသည်။ ထိုဘဝမှ ကွယ်လွန်ပြီး ရှင်သာရိပုတ္တရာ၏ ဒကာမ သူဌေးကတော် ဝမ်း၌ ပဋိသန္ဓေ တည်လေသည်။ ဖွားမြင်ပြီးသော် ရှင်သာရိပုတ္တရာ၏ ငယ်မည် 'ဥပတိဿ 'ကို ရည်၍ 'တိဿ ' ဟု အမည်ပေးလေသည်။ ခုနှစ်နှစ် အရွယ်တွင် ရှင်သာရိပုတ္တရာထံ သာမဏေ ပြုလေသည်။ ထို့နောက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း ယူပြီး ယူဇနာ ၁၂၀-ကွာ တောရကျောင်းသို့ သွားရောက် အားထုတ်လေသည်။ သုံးလပြည့်သော် ပဋိသမ႓ိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေသည်။ တိဿ သာမဏေလေး ရဟန်းကိစ္စပြီးကြောင်းကို ရှင်သာရိပုတ္တရာ သိလေသော် သွားရောက်ချီးမြောက်ရန် မြတ်စွာဘုရားထံ ခွင့်တောင်းလေသည်။ မြတ်စွာဘုရားသည် တိဿ သာမဏေကို အကြောင်းပြုပြီး ဝေနေယျအများ တရားထူးရမည့်အကြောင်း မြင်တော်မူ၍ အဂ္ဂသာဝကနှစ်ပါး ခြံရံကာ သံဃာတော် ၄၀၀၀-နှင့် ကိုယ်တော်တိုင် ကြွကာ ချီးမြောက်တော် မူလေသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၆။ ရေဝတ သာမဏေ- လကျာ်တော်ရံ ရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်သည်။ 'ခဒိရဝနိယ ရေဝတ' ဟုလည်း ခေါ်ကြသည်။ 'အိုအောင်မင်းအောင် ပေါင်းကြပါစေ' ဟူသော ဆုပေးသံကြောင့် မိမိယူရမည့် သတို့သမီးပျို နှင့် မိခင်အို၏ ဇရာရိပ်ကို နှိုင်းယှဉ်ကာ သံဝေဂ ဖြစ်၍ ထွက်ပြေးကာ ရဟန်းပြု သူဖြစ်သည်။ ……… နောင်တော်ကြီး သာရိပုတ္တရာအရှင်မြတ်၏ အတုလိုက်၍ ညီတော် နှစ်ပါးနှင့် နှမငယ်သုံးပါး လိုက်ပါ ရဟန်းဝတ်ပြီး ရဟန္တာများ ဖြစ်သွားသော် ညီထွေး ရေဝတ တစ်ဦးတည်း ကျန်ခဲ့၏။ မိဘဘိုးဖွားများက ရေဝတလည်း ရဟန်း ဝတ်သွားမည်လည်း စိုးရိမ်သဖြင့် အသက် ၁၆-နှစ်တွင် အသက် ၁၄-နှစ် အရွယ် သတို့သမီးနှင့် အိမ်ထောင်ချထား ပေးလေသည်။ အထက်တွင် ဆိုသကဲ့သို့ 'အိုအောင်မင်းအောင်' ဟူသော ဆုပေးချိန်တွင် ပါရမီရင့်မာသူဖြစ်၍ ဇာတိ၏ အကျိုးဆက် ဇရာ,မရဏ, အနိစ္စ တို့ကို ဆင်ခြင်မိကာ တောကျောင်းတစ်ခုသို့ အရောက် ပြေးလေတော့သည်။ တောကျောင်းသို့အရောက် မိဘခွင့်ပြု ချက် မရှိသော်လည်း ရှင်သာရိပုတ္တရာက 'ငါ၏ညီထွေး ရောက်လာလျှင် သင်္ကန်းဝတ်ပေးလိုက်ကြ' ဟု မှာထားရင်း ရှိသောကြောင့် ရှင်သာမဏေ ပြု ပေးလိုက်ကြသည်။ ရှင်ရေဝတသည် ဥပဇ္ဈာယ်ဆရာများထံမှ ကမ္မဋ္ဌာန်း ယူ၍ ထိုကျောင်းမှတဆင့် အလွန်ကြမ်းသောဒေသ, ချုံနွယ်ပိုနက်သော, ကျတ်တီးကုန်း ကျောက်စရစ်မြေ ရှိသော ရှားတောသို့ သွားရောက်ကာ တရားအားထုတ်လေသည်။ ထိုသတင်းကို ရှင်သာရိပုတ္တရာ ကြားသိသော် အားပေးစကား ပြောလို၍ မြတ်စွာဘုရားထံ လျှောက်ထား ခွင့်တောင်းလေသည်။ မြတ်စွာဘုရားက ရှင်ရေဝတ တရားအားထုတ်ချိန် ပရိတ်သတ် အနှောင့်အယှက် မဖြစ်စိမ့်သောငှာ တားမြစ်တော်မူသည်။ သုံးလအကြာ ရှင်သာရိပုတ္တရာ ခွင့်တောင်းသောအခါ ရှင်ရေဝတ ရဟန်းကိစ္စပြီးကြောင်း သိတော်မူ၍ မြတ်စွာဘုရားရှင် ဦးဆောင်ပြီး လက်ယာလက်ဝဲရံ ကိုယ်တော်များနှင့်တကွ ရဟန်းများစွာ သွားရောက် ချီးမြောက်တော် မူလေသည်။ (လာဘ်လာဘ ပေါများသောအရာ ဧတဒဂ်ရ ရှင်သီဝလိ မထေရ် ပါသောကြောင့်သာ လမ်းခရီးကြမ်း၌ သံဃာတော်များ ဆွမ်းအဆင်ပြေ ကြလေ၏။) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၇။ အရှင် ပုက္ကု သာတိ- ဗိမ္ဗိသာရမင်းကြီး၏ မိတ်ဆွေ တက္ကသီလပြည် (တက္ကသိုလ်ပြည်) မင်းကြီး ဖြစ်သည်။ မိမိဒေသ၌ ရတနာ အထူးအဆန်းတွေ့လျှင် အကြောင်းကြားတမ်း ကတိစကားအရ လောကတွင် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး ပေါ်ထွန်းနေကြောင်း သိရလေသည်။ ထိုအခါ ပုက္ကု သာတိ မင်းကြီးသည် မြတ်စွာဘုရားကို ရည်မှန်းကာ သင်္ကန်းဝတ် (ရဟန်းပြု) ပြီး တောထွက်လေသည်။ ထို့နောက် တက္ကသီလပြည် (ယခုအာဖဂန်?) မှ ရာဇဂြို ဟ် အထိ ၂၃၇-ယူဇနာကို ခြေလျှင်လျှောက်ကာ ဘုရားဖူး လာခဲ့သည်။ (ရာဇဂြို ဟ်ပြည်၌ ဘုရားရှင် ရှိမည် ထင်သောကြောင့် သာဝတ္ထိပြည်ကို ကျော်လာခဲ့သည်။) သာဝတ္ထိသို့ ပြန်သွားရန် ရာဇဂြိုဟ်ပြည် အိုးထိန်းသည် တစ်ဦး၏တဲတွင် တစ်ညနားလေသည်။ မြတ်စွာဘုရား သိမြင်တော်မူ၍ ကိုယ်တော်တစ်ဦးတည်း မထင်ရှားသော အသွင်ဖြင့် အိုးထိန်းသည်တဲ၌ တွေ့ဆုံအောင် ခြေလျှင်ကြွလာ ချီးမြောက်တော် မူလေသည်။ ညချမ်းအခါ မြတ်စွာဘုရားသည် ခန္ဓာ အာယတန ဓါတ် သစ္စာ စသည်တို့ကို ဟောပြောတော်မူရာ အနာဂမိမဂ် ရ၍ ဘုရားဖြစ်ကြောင်း သိလေတော့သည်။ ရဟန်းပြု ခွင့်တောင်းသော် 'ဧဟိဘိက္ခု' မခေါ်သောကြောင့် 'ပံ့သုကူ သင်္ကန်း' ရှာစဉ် နွားမဆိုးတစ်ကောင် ဝှေ့ခတ်မိ၍ အမှိုက်ပုံပေါ်၌ပင် စုတိစိတ် ကျတော်မူလေသည်။ … … …ပြီး၏။ (မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။)
https://www.dhammaransi.com/index.php/new/559-2016-11-05-23-54-13.html
အာဠဝကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠဝကသုတ္တန်)
၁။ လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။ အဖြေ - သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ) ၂။ လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။ အဖြေ - ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ) ၃။ လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။ အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ) ၄။ လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။ အဖြေ - အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။ (ပညာဇီဝိ ံ ဇီဝိတ မာဟု သေဌံ) ၅။ အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။ အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ) ၆။ ကျယ်ပြောသောဘဝကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။ အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏဝံ) ၇။ ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။ အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(ဝီရိယေန ဒုက္ခမစ္စေတိ) ၈။ စိတ်ဖြူ စင်အောင် ဘယ်လိုလုပ်ရမှာလဲ။ အဖြေ - ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ) ၉။ ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။ အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။ (သုဿုသာ လဘတေ ပညံ) ၁၀။ ဥစ္စာကို ဘယ်လို ရှာမှာလဲ။ အဖြေ - လုံလဝီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။ (ပတိရူပ ကာရီ ဓုရဝါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ) ၁၁။ အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။ အဖြေ - သစ္စာရှိ ဂတိတည် မှန်ကန်ရန်လိုတယ်။(သစ္စေန ကိတ္တိ ံ ပပ္ပေါတိ) ၁၂။ မိတ်ဆွေတွေ ရချင်ရင်ဘယ်လိုလုပ်ရမှာလဲ။ အဖြေ - ပေးကမ်းပါ။(ဒဒံ မိတ္တနိ ဂန္ထတိ) ၁၃။ ဘယ်တရားတွေကျင့်သုံးမှ နောက်ဘဝအရေးစိတ်အေးရမှာလဲ။ အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလဝီရိယ၊ စွန့်ကြဲပေးကမ်းမှု ရှိရမယ်။ (သစ္စံ ဒမ္မော ဓိတိ စာဂေါ)
https://www.dhammaransi.com/index.php/new/560-2016-11-05-23-53-02.html
ကထိန်ခင်းမည့် လှူဒါန်းမှု အစုစုနှင့် အကျိုးကျေးဇူးများ
ယပ်လှူရခြင်း အကျိုး (၉) မျိုး ၁။ ပူပန်မှုသောကမရှိခြင်း။ ၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။ ၃။ စိတ်အေးမြချမ်းသာခြင်း။ ၄။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။ ၈။ မာနမီးပူကင်းရှင်းခြင်း။ ၉။ ရန်သူများကိုအောင်နိုင်ခြင်း။ -------------------------------------- ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး ၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။ ၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။ ၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။ ၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။ ---------------------------------------- ထီးလှူရခြင်း အကျိုး (၈) မျိုး ၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။ ၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။ ၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။ ၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။ ၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။ ၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။ ၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။ ၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။ ------------------------------------------- သပိတ်လှူရခြင်း အကျိုး (၈) မျိုး ၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို သုံးဆောင်ရခြင်း။ ၂။ ဘေးဥပါဒ် မရှိခြင်း။ ၃။ ရောဂါရန်မာန်ဒဏ် အမျိုးမျိုးတို့မှ ကင်းရှင်းခြင်း။ ၄။ လူနတ်အပေါငးတို့၏ ပူဇော်မြတ်နီုးသည်ကို ခံရခြင်း။ ၅။ လာဘ်များခြင်း။ ၆။ စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း။ ၇။ စိတ်နှလုံး တည်တံ့ခြင်း။ ၈။ ကိလေသာ အာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း။ ------------------------------------------ အဝတ်သင်္ကန်းလှူရကျိုး (၈) မျိုး ၁။ ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း။ ၂။ အညစ်အကြေး ကင်းစင်ခြင်း။ ၃။ ကိုယ်ရောင် ထွက်ခြင်း။ ၄။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။ ၅။ ဦးခေါင်းထက်၌ အရော်င်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။ ၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ၀ါထည် အဝတ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။ ၇။ မဟာလတာတန်ဆာကို ဝတ်ဆင်ရခြင်း။ ၈။ ဧဟိဘိက္ခူ ခေါ်ခံရခြင်း။ ------------------------------------------- ရေစစ်လှူရခြင်း အကျိုး (၆) မျိုး ၁။ သူများထက် အသက်ရှည်ခြင်း။ ၂။ ရန်သူများ မဖျက်ဆီးနီုင်ခြင်း။ ၃။ လက်နက်များ မထိရှနိုင်ခြင်း။ ၄။ အဆိပ်ဘေးမှ ကင်းလွတ်ရခြင်း။ ၅။ အများလက်ချက်ဖြင့် မသေနိုင်ခြင်း။ ၆။ အေးအေးချမ်းချမ်း သန့်သန့်ရှငး်ရှင်း နေထိုင်ရခြင်း။ -------------------------------------------- သင်ဓုန်းဓားလှူရခြင်း အကျိုး (၇) ပါး ၁။ ရဲရင့်ခြင်း။ ၂။ ထိတ်လန့်တုန်လှုပ်မှု ကင်းခြင်း။ ၃။ ရဲရင့်မှု ဝေသာရဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း။ ၄။ မယိမ်းမယိုင် ခိုင်ခံ့ခြင်း။ ၅။ ဝီရိယစွမ်းအင် ထက်သန်ခြင်း။ ၆။ စိတ်နေစိတ်ထား မြင့်မားခြင်း။ ၇။ ကိလေသာကို ဖြတ်နိုင်သော အရဟတ္တမင်္ဂဉာဏ်နှင့် ပြည့်စုံခြင်း။ --------------------------------------------- အခင်း လှူရခြင်း အကျိုး (၆) မျိုး ၁။ တင့်တယ် လျောက်ပတ်သော လုံးရပ်သဏ္ဍာန်ရှိခြင်း။ ၂။ ကောင်းစွာ စေ့စပ်သောကိုယ်ရှိခြင်း။ ၃။ ဉာဏ်ပညာကြီးမားရခြင်း။ ၄။ အဝတ်ကောင်းများကို သုံးဆောင်ရခြင်း။ ၅။ အခင်းကောင်းများကိုသာ သုံးဆောင်ရခြင်း။ ၆။ မြတ်သောစျာန်သမာပတ် ချမ်းသာကို ခံစားရခြင်း။ ---------------------------------------------- ခါးပန်းကြိုးလှူရခြင်း အကျိုး (၆) ပါး ၁။ သမာဓိ မပျက်စီးခြင်း။ ၂။ သမာဓိကို စိုးပိုင်ခြင်း။ ၃။ ပရိသတ် မပြိုမကွဲခြင်း။ ၄။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း။ ၅။ သတိခိုင်မြဲခြင်း။ ၆။ ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း။ Credit-အနှိုင်းမဲ့ စာတိုပေစများ
https://www.dhammaransi.com/index.php/new/561-2016-11-05-23-51-57.html
လူသားမဖူး စေတီထူး
https://www.dhammaransi.com/index.php/new/562-2016-07-03-03-32-17.html
နိဗ္ဗာန်သို့ရောက်အောင်ပို့ပေးသော လောကီသစ္စာ ၄-ပါး။
ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ် ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊ လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ ဖြစ်သော လောဘတဏှာသည် (၂) “သမုဒယသစ္စာ” ဖြစ်၏။ ယခုလို ပဌာန်းတရားတော်ကို လေ့လာနာကြား မှတ်သားနေသည်၊ ပဌာန်းတရားတော်ကို ရွတ်နေသည်၊ ပဌာန်းတရားတော်၌ ကြောင်းကျိုးဆက်စပ် ဖြစ်ပျက်နေပုံများကို ၀ိပဿနာရှုနေသည် ဆိုလျှင် လောကီမဂ္ဂင် ငါးပါး ဖြစ်နေပြီ။ ဒီမဂ္ဂင် ငါးပါးက (၃) မဂ္ဂသစ္စာ ။ ဒီလို ရှုမှတ်ဆင်ခြင် နေချိန်မှာ ပြင်ပကဝင်လာနိုင် မယ့် ကိလေသာတွေ ယာယီချုပ်ငြိမ်းနေပြီ။ ဒါကို (၄) နိရောဓသစ္စာ ဟု ပြောနိုင်၏။ ဒါတွေ သည် တကယ့် အစစ်အမှန် လောကုတ္တရာ သစ္စာလေးပါးတော့ မဟုတ်သေးပါ၊ ဒီလို လောကီ သစ္စာလေးပါးက နေပြီးတော့ တဖြည်းဖြည်းချင်း တက်သွားပါမှ လောကုတ္တရာသစ္စာကို ရောက် မည်။ လောကီသစ္စာကိုလည်း အထင်သေးလို့ မဖြစ်ပါ။ အကုသိုလ်တွေကိုတော့ မဂ္ဂသစ္စာ မပွားရ၊ မိစ္ဆာဒိဌိ ဆိုတာ အယူမှားတာ၊ မိစ္ဆာဝါယာမ ဆိုတာ အကုသိုလ်လုပ်ငန်းကို အားထုတ်တာ၊ မိစ္ဆာသတိ ဆိုတာ အကုသိုလ် လုပ်ငန်းတွေကို အမှတ်ရနေတာ၊ မိစ္ဆာသမာဓိ ဆိုတာ အကုသိုလ် လုပ်ငန်းများ၌ စူးစိုက်တည်ကြည်တာ၊ ဒါတွေ ကိုပွားရင် အပါယ်ရောက်မယ်။ အပါယ်မဂ် ၄-ပါးဟုသာ မှတ်ရမယ်။ မဂ် ၅-ပါးပွားလျှင် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ရောက်၏။ မဂ် ၈-ပါး ပွားလျှင် နိဗ္ဗာန်ရောက်မည်။ အဲဒီလို ရောက်စေနိုင်သော လမ်းခရီးဖြစ်သည့်အတွက် ဒီတရားတွေကို “ မဂ္ဂင်္ဂ ါနိ ” ဟု ဟောကြားခြင်းဖြစ်သည်။ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ၅-ပါးက ရင့်ကျက်လာပြီဆိုလျှင် စိတ်တွေမှာ ဖုကြီး ၅-ခု ပေါ်လာသကဲ့သို့ ဒီမဂ္ဂင် ၈-ပါး ကလည်း တရားတွေ ကျင့်ပါများလာလို့ ရင့်ကျက် လာပြီဆိုလျှင် “ သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ” ဆိုတဲ့ ဖုကြီး ၅-ခု ဖြစ်လာပြီးတော့ ကျေးဇူးပြုသည်။ နိဗ္ဗာန် မရောက်မီ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ရောက် အောင် ပို့ပေးသော လမ်းခရီးဖြစ်၏။ နိဗ္ဗာန် ရောက်အောင်လည်း အထောက်အပံ့ပေး၏။ ဒါကြောင့် တရားကျင့်ကြံ ကြိုးစားအားထုတ်နေကြတဲ့ သူတော်စင်အပေါင်းတို့ကလည်း “ သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ” ဆိုတဲ့ တရားနဲ့အညီ ကျင့် ဆောင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ { နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/563-2016-06-18-07-37-13.html
“ဘုရားရှိခိုးရသော အကျိုး”
“ဟောသည်စာက အထက်ချင်းတွင်း မင်းကင်းမြို့နယ်၊ ကျွဲကျကျောင်းဆရာတော် ဦးဓမ္မသာမိရဲ့ လျှောက်လွှာပါဘုရား။” “ဦးဓမ္မသာမိ လျှောက်ထားတာက ဘုရားရှိခိုးခြင်းရဲ့ အကျိုးတရားများကို အမှတ်မထင် တွေ့ဖူးပါသတဲ့။ သို့သော်လည်း ဘယ်ဆီမှာ တွေ့ဖူးတယ်ဆိုတာ အမှတ်မရတော့ပါဘူးတဲ့။ယခုအခါ ဘုရား ရှိခိုးချင်သူတွေ တစ်စတစ်စ နည်းပါးလာပါသတဲ့။ သည်လိုနည်းပါးလာရခြင်းဟာ ဘုရားရှိခိုးခြင်းရဲ့ အကျိုးကို မသိကြလို့ ဖြစ်ပါလိမ့်မယ်တဲ့။ ဒါကြောင့်ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးချင်စိတ် ဖြစ်ပွားလာအောင် ဘုရားရှိခိုးခြင်းရဲ့အကျိုးကို ဖော်ပြပေးစေချင်ပါသတဲ့။အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင်လည်း ဘုရားရှိခိုးရသောအကျိုး ဘွဲ့ - ဂါထာအနက်နှင့်တကွ ဝတ်အဖွဲ့ဝင် အမျိုးသမီးများ ရွတ်ဆိုဖို့ရှစ်လုံးဖွဲ့ မြန်မာကဗျာကိုပါ ရေးသားချီးမြှင့်ပြီး ဓမ္မဗျူဟာ စာစောင်မှတစ်ဆင့် ဖြန့်ဝေပေးတော်မူပါ လို့လျှောက်ထားပါတယ် ဘုရား” “ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်ကွယ့်။ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းကို ဆိုလိုတာပဲ။ သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာအလွန်နက်ရှိုင်းတယ်။ ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် ဘုရားရှင် ဂုဏ်တော်တွေကို ဦးစွာ ရအောင် ကျက်မှတ်ရတယ်။ ကျက်မှတ်ပြီးတော့ နှုတ်ကရွတ်ဆိုရတယ်။ နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော် ဆင်ခြင်တာကို ဘုရားရှိခိုးတယ်လို့ခေါ်တယ်။ ဂုဏ်တော်ကို ဆင်ခြင်ရင်း ၊ဘုရားရှိခိုးခြင်းဟာ အလွန် အကျိုးများပါတယ်။ဂုဏ်တော်ဆင်ခြင်ရတဲ့အကျိုးတွေကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ) ၂၀၆-မှာ သည်လို ပြထားသကွယ့်။” “မိန့်တော်မူပါ ဘုရား” (၁)။ဘုရားရှင်၌ ရိုသေခြင်း၊တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။ (၂)။(က)။ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏ အကျိုး၌ ယုံကြည်မှု၊ သဒ္ဓါတရားတိုးပွားလာတယ်။ (ခ)။အမှတ်သတိ ကောင်းလာတယ်၊ မမေ့မလျော့ဘူး။ မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။ (ဂ)။ဉာဏ်ပညာထက်မြက်လာတယ်။ဉာဏ်ထက်မြက် လာလို့ စာကျက်လျှင် ရလွယ်တယ်။ စာကြည့်လျှင် မှတ်မိလွယ်တယ်။ (ဃ)။ကောင်းမှုတရားတိုးပွားလာတယ်။ ခန္ဓာကိုယ်အတွင်းမှာ ကုသိုလ်တရားတွေ ပွားများလာတယ်။ (၃)။ (က)။ နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။ (ခ)။နှစ်သက်ရုံမျှမက ဝမ်းသာခြင်းပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။ ၄။ (က)။ ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နှင်းနိုင်တယ်။မဟာရာဇဝင်မှာလာတဲ့မိဖုရားစောလုံဟာ ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး။ ကောသလမင်းရဲ့ မိဖုရားကို မီးပုံတွင်းပစ်ချတော့ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန် အန္တရာယ်ကို နှိမ်နှင်းတယ်။ (ခ)။အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာ ကြုံဦးတော့ ကြုံလာတဲ့ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။ (၅)။မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့်ထုံထားတော့ ဘုရားရှင်နှင့်အတူ နေရသလိုအမှတ်ရတယ်။ (၆)။မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး၊ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်ခြင်းကို ခံယူထိုက်တယ်။ (၇)။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်များ ဤမျှကြီးကျယ်ခမ်းနားလှပါကလား။ ငါလည်း ဤသို့သောဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။ (၈)။လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့်တိုင်အောင်မိမိမျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။ (၉)။အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်း မသိမြင်နိုင်စေကာမူ သေသည်ရဲ့ အခြားမဲ့မှာဒုဂ္ဂတိဘဝကို မလားနိုင်ဘူး။သုဂတိဘဝကိုသာ လားရောက်ဖို့ရှိတယ်။ ဘုရားရှိခိုးရတဲ့အကျိုးဟာ ယခုဘဝမှာပင် ခံစားနိုင်တဲ့ အကျိုးစိတ် ၁၃-ပါးရှိတယ်။ သည် ၁၃-ပါးကို တူရာ ပေါင်းလိုက်လျှင်ပစ္စုပ္ပန် ဘုရားရှိခိုးရကျိုး ရှစ်ပါးရှိတယ်။ နောင်ဘဝ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင်ဘုရားရှိခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်ကွယ့်။” “မှန်ပါ၊ ဘုရားရှိခိုးရတဲ့အကျိုးကို မေးတဲ့ဦးဓမ္မာသာမိကို ကျေးဇူးတင်လိုက်တာဘုရား” “ဘာကြောင့်တုန်းကွယ့်” “ဘာကြောင့်တုန်းဆိုတော့ တပည့်တော်များဟာ ဘုရားကိုသာ ရှိခိုးနေကြတယ်။ဘုရားရှိခိုးရတဲ့အကျိုး သည်မျှလောက် ကြီးမားမှန်းမသိဘူး။ ယခု ဦးဓမ္မာသာမိ မေးမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ်။ ဒါကြောင့် ဦးဓမ္မသာမိ ကိုအလွန် ကျေးဇူးတင်ပါတယ်။ ဦးဓမ္မာသာမိ လျှောက်ထားတဲ့ ဘုရားရှိခိုးသော အကျိုးဂါထာ ပါဌ်အနက်နှင့် မြန်မာကဗျာကိုလည်း ရေးဖွဲ့ပေးတော်မူပါဦး ဘုရား” “အေး-အေး၊ ရေးရသေးတာပ” “ဘုရားရှိခိုးရသောအကျိုး လေးပါးဂါထာပါဌ်အနက်” •••••••••••••••••••••••••••••••••••••••••••••••••••••••• (၁)။ ဗုဒ္ဓါနုဿတိနုယုတ္တော၊သဂါရဝေါ သပတိေဿာ။ သဒ္ဓါသတိပညာပုညံ၊ဝေပုလ္လံ အဓိဂစ္ဆာတိ။ (၂)။ ပီတိပါမောဇ္ဇဗဟုလော၊ ဘယဘေရဝပသယှော။ ဒုက္ခာဓိဝါသနသမတ္ထော၊သတ္ထာရာ သံဝါသသညံ။ (၃)။စေတိယံဝ ပူဇာရဟံ၊ ဗုဒ္ဓဘာဝဥ္စ နမတိ။ ဟိရောတ္တပ္ပံပစ္စုဋ္ဌာတိ၊ သုဂတိ သမ္ပရာယနော။ (၄)။တသ္မာ ဟဝေ အပ္ပမာဒံ၊ ကယိရာထ သုမေဓသော။ ဧဝံမဟာနုဘာဝါယ၊ ဗုဒ္ဓါနုဿတိယာ သဒါတိ။ (၁)။ ဗုဒ္ဓါနုဿတိနုယုတ္တော - ဗုဒ္ဓ၏ ဂုဏ် ကိုယ်လုံးထုံလျက် ယုံကြည်မြတ်နိုး ရှိခိုးဆည်းကပ် အားထုတ်တက်သော ပုဂ္ဂိုလ်သည်၊ သဂါရဝေါ -ဂုဏ်တော်ကိုးပါး မြတ်စွာဘုရား၌ စိတ်ထား ညွှတ်အိ ရိုသေခြင်းရှိ၏။ သပတိေဿာ-ကိုယ်ရောနှုတ်ပါ လွန်စွာမြတ်နိုး ရှိခိုးကျိုးနွံခြင်းလည်း ရှိ၏။ သဒ္ဓါသတိပညာပုညံ - သဒ္ဓါတရား၊ သတိတရား၊ ပညာတရား၊ကောင်းမှုကုသိုလ်တရားသည်၊ ဝေပုလ္လံ- ကောင်းကင်အလားထင်ရှားပြန့်ပြောခြင်းကို၊ အဓိဂစ္ဆာတိ- ရနိုင်၏။ (၂)။ ပီတိပါမောဇ္ဇဗဟုလော - နှစ်သက်ခြင်းတည်းဟူသော ပီတိတရား၊ ဝမ်းမြောက် ခြင်းတည်းဟူသော ပါမောဇ္ဇတရားသည်လည်း များစွာဖြစ်ပွားနိုင်သည်။ ဟောတိ - ဖြစ်၏။ ယဘေရဝပသယှော - ဘေးကြီးဘေးငယ် ရန်ကြီး ရန်ငယ်အသွယ်သွယ်တို့ကို နှိပ်နယ်နိုင်နင်းသည်။ ဟောတိ-ဖြစ်၏။ ဒုက္ခာဓိဝါသနသမတ္ထော - ဆင်းရဲဒုက္ခကြုံတွေ့ကလည်း ဓမ္မနှလုံးသွင်း သည်းခံခြင်းငှာ စွမ်းနိုင်သည်။ ဟောတိ-ဖြစ်၏။ သတ္ထာရာ - သက်တော်ထင်ရှားမြတ်စွာဘုရားနှင့်၊ သံဝါသသညံ - အတူတကွနေထိုင်ရသည်ဟူသော အမှတ်ကို၊ ပဋိလဘတိ -ရလေ၏။ (၃)။ စေတိယံဝ- ဗုဒ္ဓစံပျော် စေတီတော်ကဲ့သို့၊ ပူဇာရဟံ - ပူဇော်အထူးကို ခံယူခြင်းငှာထိုက်သည်၊ ဟောတိ-ဖြစ်၏။ ဗုဒ္ဓဘာဝဥ္စ- သမ္မာသမ္ဗုဒ္ဓလောကသကျင်္စ် ဘုရားအဖြစ်ကိုလည်း၊ နမတိ-စိတ်ညွှတ်၏။ ဟိရောတ္တပ္ပံ-မကောင်းမှု ဒုစရိုက်မှာ ရှက်ခြင်း၊ ကြောက်ခြင်းသည်၊ ပစ္စုဋ္ဌာတိ-ရေးရှုထင်၏။ သုဂတိ သမ္ပရာယနော- ယခုဘဝမဂ်ဖိုလ်မရသော်လည်း မရဏဖျက် ခန္ဓာပျက်ခဲ့လျှင် အထက်သုဂတိလျှင် လဲလျောင်းရာရှိသည်။ ဟောတိ-ဖြစ်၏။ (၄)။ တသ္မာ - အကျိုးတရား ထိုသို့များသောကြောင့်၊ သုမေဓသော- ကြောင်းကျိုးမြင်သိ ပညာရှိ သူတော်ကောင်းသည်၊ ဧဝံ-ဤသို့ဆိုအပ်ခဲ့ပြီးသည့် အတိုင်း၊ မဟာနုဘာဝါယ- ကြီးမြတ်သော အာနုဘော်ရှိသော၊ ဗုဒ္ဓါနုဿတိယာ- ဘုရားဂုဏ်၌ လွှမ်းထုံမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်း ဗုဒ္ဓါနုဿတိတရား၌၊ ကယိရာထ-လုံ့လကြိုးကုတ်စွမး်အားထုတ်၍ ပြုလုပ်လိုက်ကြကုန်ရာသတည်း။ (ဂါထာပါဌ် အနက်ပြီး၏။) “ဘုရားရှိခိုးရသောအကျိုး-ရှစ်လုံးဘွဲ့ကဗျာ” ••••••••••••••••••••••••••••••••••••••••••••••• (၁)။မြတ်ဘုရား၌၊ ဝတ်တွားရိုသေ။ သဒ္ဓါ, သတိ၊ ဓိတိပုညေ။ နေ့စဉ်ပွားလို့၊ ပယ်ရှားကိလေ။ နှစ်သက်ခြင်း၊ ရွှင်ခြင်းပါမောဇ္ဇေ။ (၂)။ဘေးနှင့်ရန်မျိုး၊ ပယ်ချိုးနိုင်သလေ။ ဆင်းရဲကြုံလည်း၊ ခံသည်းမသွေ။ မြတ်ဗုဒ္ဓနှင့်၊ တကွတူနေ။ ပူဇော်ထူး၊ ညွှတ်ဦးခံထိုက်ပေ။ (၃)။ဗုဒ္ဓစင်စစ်၊ ဖြစ်လိုက်ချင်သလေ။ ရှက်ကြောက်နှစ်ပါး၊ ထင်ရှားပေါ်ချေ။ သေမှာမကြောက်၊ ဆိုက်ရောက်နတ်ပြေ(ပြည်)။ ရှိ-ရှိခိုး၊ ကောင်းကျိုးအထွေထွေ။ (၄)။မြတ်ဗုဒ္ဓအား၊ ဝတ်တွားကော်ရော်။ ရှိခိုးရကျိုး၊ ကိုးမျိုးဖွင့်ဖော်။ ဝိသုဒ္ဓိကျမ်း၊ ရွှင်လန်းအလျော်။ ကဗျာဖွင့်၊ ဉာဏ်ဖြင့်ရှုကာမျှော်။ “သာဓု - သာဓု - သာဓု” -【အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ထီးချိုင့်မြို့- တည်တောဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ】
https://www.dhammaransi.com/index.php/new/564-2016-06-18-07-36-31.html
“ဣစ္ဆာပူရဏသစ္စာ”
သစ္စာသည် မှန်ကန်ခြင်းဖြစ်၏။ မှန်ကန်စွာပြောဆိုအပ်သောစကားသည် ဝစီသစ္စာ ဖြစ်၏။ ထိုဝစီသစ္စာကို မိမိသန္တာန်၌ ပြည့်စုံအောင် ဖြည့်ကျင့်ခြင်းသည် သစ္စာပါရမီမည်၏။ အကျင့်ပိုင်းဆိုင်ရာ ပဋိပတ္တိသစ္စာ ဖြစ်လေသည်။ သူတော်ကောင်းတို့ အလိုရှိအပ်၊ ဖြည့်ကျင့်အပ်သော သစ္စာပါရမီ သုံးမျိုးရှိ၏။ (၁)။ သဒ္ဓဟာပနသစ္စာ - မိမိအား ယုံကြည်စေရန် အမှန်ကို ပြောဆိုခြင်း၊ (၂)။ ဣစ္ဆာပူရဏသစ္စာ - မိမိအလိုရှိသည်ကို ပြည့်စုံစေရန် အမှန်ကိုပြောဆိုခြင်း၊ (၃)။ မုသာဝိရမဏသစ္စာ - မမှန်သောစကားကို ရှောင်ကြဉ်၍ အမှန်ကိုပြောဆိုခြင်း၊ ဤသစ္စာသုံးပါးအနက် ဣစ္ဆာပူရဏသစ္စာကို “အရေးပေါ်သစ္စာ” ဟုဆိုနိုင်ပါသည်။ သတ္တဝါတို့အား ဘေးအန္တရာယ်၊ ရန်စွယ်အသွယ်သွယ် ကြုံလာသောအခါ၌ လည်းကောင်း၊ ပြဿနာ အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသောအခါများ၌ လည်းကောင်း၊ ဣစ္ဆာပူရဏသစ္စာကို ပြုကြ၏။ ထိုသစ္စာပြု၍ ချမ်းသာခြင်းကိုလည်း ရောက်ဖူးခဲ့ကြကုန်၏။ မှန်ကန်သောအမှုကိုအခြေပြုပြီး မိမိတို့ လိုလားသော အရာကိုတောင့်တခြင်းသည် ဣစ္ဆာပူရဏသစ္စာ၏ အနက်ပင်တည်း။ သစ္စာသဘောမှာ အခြေခံအကြောင်းသည် ကုသိုလ်ဖြစ်စေ၊ ကုသိုလ်မဟုတ်သည် ဖြစ်စေ မှန်ကန်စွာပြောဆိုမှုပင် ဖြစ်၏။ ကုသိုလ်ပင်ဖြစ်စေကာမူ မမှန်မကန်ပြောဆိုလျှင် ဝစီသစ္စာမဖြစ်နိုင်တော့ပေ။ မမှန်ကန်သောကြောင့် အကျိုးသည်လည်းတစ်စုံတစ်ရာ သက်ရောက်နိုင်မည် မဟုတ်ပေ။ မှန်ကန်စွာပြောဆိုမှသာ အကျိုးရနိုင်ပေသည်။ သို့ဖြစ်ပါက ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ၊ မိမိပြုခဲ့သည့်အမှုကို ဟုတ်တိုင်းမှန်ရာ ထုတ်ဖော် ပြောဆိုရမည်ဖြစ်ပါလျှင် ထိုသို့ပြောဆိုတိုင်း၊ သစ္စာပြုတိုင်း မိမိတို့အလိုရှိရာ ပြည့်စုံနိုင်ပါမည်လော ဟု မေးနိုင်ဖွယ် ရှိလေသည်။ - ကျွနု်ပ်သည် မုသားစကားကို မတွန့်မရွံ့ အမြဲ ဆိုတတ်သူဖြစ်ပါ၏။ ဤမှန်သောသစ္စာစကားကြောင့် စည်းစိမ်ဥစ္စာ ပြည့်စုံချမ်းသာခြင်း ဖြစ်ရပါစေသတည်း။ -ကျွနု်ပ်သည် သေရည်အရက်ကို နှစ်သက်စွဲလမ်းစွာ တစ်သက်တာ သောက်စားမူးယစ်ခဲ့သူ ဧကန်ဖြစ်ပါ၏။ ဤမှန်သောသစ္စာစကားကြောင့် သေသည့်နောက် နတ်ပြည်သို့ ရောက်ရှိခံစားရပါစေသတည်း။ ထိုသို့ အနှစ်သာရကင်းမဲ့ ပေါ့ပျက်သောစကားများဖြင့် မတရားလောဘထား၍ ပြုအပ်သော သစ္စာတရား သည်ကား အကျိုးခံစားရန် အခွင့်အရေးဝေးလွန်းလှစွာ၏။ အကြောင်းရင်းခံက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မှန်ကန်စွာထုတ်ဖော်သော စကားသည် သစ္စာမည်သည်လည်း ဟုတ်၏။ ထိုသစ္စာစကားကြောင့် အကျိုးခံစားရမည်မှာလည်း ဧကန်ဖြစ်၏။ သို့ရာတွင် သစ္စာပြုသူ၏ ဆည်းပူးခဲ့သော အထုံပါရမီ၊ ကျင့်ကြံနေထိုင်သောအကျင့်စာရိတ္တအပေါ် များစွာ မူတည်နေလေသည်။ သဒ္ဓဟာပနသစ္စာ၊ ဣစ္ဆာပူရဏသစ္စာ၊ မုသာဝိရမဏသစ္စာ မည်သော သစ္စာသုံးပါးသည် မှန်ကန်သောစကားကိုသာ ပြောဆိုရခြင်းဖြစ်၏။မှန်ကန်သောစကားကို အလေးအမြတ်ထားသည့်သစ္စာဖြစ်ခြင်းကြောင့်လည်း သစ္စာပြုသူသည် မုသာဝိရမဏသစ္စာ ဟူသော မဟုတ်မမှန်စကားကိုရှောင်ကြဉ်၍ ဟုတ်မှန်သော စကားကိုသာ ပြောဆိုတတ်သည့် အလေ့အကျင့် အမြဲရှိနေသူဖြစ်ရပေသည်။ ရှေးသူတော်ကောင်းတို့၏နှလုံးသားသည် လွန်စွာ ဖြူစင်သန့်ရှင်း ကောင်းမွန်မြင့်မြတ်ကြပြီး ဖြောင့်မတ် မှန်ကန်ကြ၏။ ဦးခေါင်းပေါ် ဓားမိုးလျက် မုသားပြော ရမည်ဟုခြိမ်းခြောက်စေသော်လည်း အသက်ကိုသာ ဧကန်အမှန်အသေခံလိမ့်မည်။ မုသားစကားပြောလိမ့်မည်မဟုတ်ပေ။ မဟာသုတသောမ ဇာတ်တော်၌ ပေါရိသာဒအား မဟာသုတသောမမင်း ပြောသောစကားရှိသည်။ - “လောက၌ စင်ကြယ်သောသီလရှိ၍ သေရခြင်းက မြတ်သေး၏။ယုတ်မာသောသဘော ရှိပြီး အသက်ရှင် ရခြင်းသည် သူတစ်ပါးကဲ့ရဲ့အပ်သည်သာ ဖြစ်၏။ မမှန်မကန်ပြောဆိုသောစကားသည် သေသည်နောက် အပါယ်ဒုဂ္ဂတိဘေးမှ ပြေးလွတ်မည်မဟုတ်ပေ။ ကောင်းကင်ကြီး ထက်ခြမ်းကွဲသွားပြီဆိုလျှင်လည်းကောင်း၊ မဟာသမုဒ္ဒရာကြီးခန်းခြောက်သွားပြီဆိုလျှင်လည်းကောင်း၊ မြင်းမိုရ်တောင်ကြီးပြိုလဲ သွားပြီ ဆိုလျှင်လည်းကောင်း၊ ယုံလိုက ယုံပါ။ မဟာသုတသောမမင်း မုသားပြောသည်ဟု တစ်စုံတစ်ယောက်က ဆိုလာလျှင် မယုံပါလေနှင့်။ ထိုစကားကိုထောက်ခြင်းအားဖြင့် သူတော်ကောင်းတို့သည် မှန်ကန်သော သစ္စာတရားကို မည်မျှအလေးအနက် ထားကြောင်း ထင်ရှားလှသည်။ ပညာရှိ သူတော်ကောင်းတို့သည် မုသာဝါဒကို ရှောင်ကြဉ်နိုင်ခြင်းတည်းဟူသော မုသာဝိရမဏသစ္စာကို အမြဲစောင့်ထိန်းကျင့်ကြံကုန်ကြ၏။ ဟုတ်မှန်သော စကားကိုသာ ပြောဆိုတတ်ကြသည်။ မုသားသုံးရတော့ မည့်အခြေအနေသို့ကျရောက်လာပါက လုံးဝမပြောဆိုတော့ဘဲ ဆိတ်ဆိတ်နေခြင်းဖြင့် သစ္စာသဘောကို စောင့်ရှောက်ကြ၏။ ထို့ကြောင့် ရှေးသူတော်ကောင်းတို့ ခေတ်သည် သစ္စာဝန်ထမ်းများ နေထိုင်ကြရာ သစ္စာနိုင်ငံကြီး ဖြစ်၍ သစ္စာစကား၊ သစ္စာတရားများ ထွန်းကားစည်ပင်လျက် ရှိလေသည်။ သစ္စာတရား လက်ကိုင်ထားသူတို့အား ကောင်းကျိုးချမ်းသာများစွာဖြစ်စေသကဲ့သို့ မုသာဝါဒ တရားကြောင့်လည်း အပြစ်ဘေးဒဏ် ဒိဋ္ဌမြန်စွာ ကျခံရလေသည်။ ယခုခေတ်၌ကား မုသားစကားကို ထမင်းစား၊ရေသောက် ထည်လဲသုံးစွဲနေသူသာ များပြား၍လာကြရာ မုသားမပါ လင်္ကာမချောဆိုသည့်စကားကို မြိန်မြိန်ယှက်ယှက်ကြီး သုံးလျက် နေ့တဓူဝ လိမ်ညာနေရသည်ကိုပင် အရသာတွေ့နေကြလေသည်။ ထိုသူတို့အား အဘယ်မှာလျှင် သစ္စာ၏အစွမ်းအာနိသင် ထက်မြက် စူးရှနိုင်ပါမည်နည်း။ အဘယ်သို့လျှင် သစ္စာကောင်းကျိုး တိုးပွားချမ်းသာ ထင်ရှားနိုင်ပါမည်နည်း။ သစ္စာစကားကို တန်ဖိုးထားပါမှ သစ္စာတန်ခိုးဖြင့် လိုရာအကျိုးကို မုချမှန်စွာရမည် ဖြစ်သောကြောင့် သစ္စာဖြင့် ကောင်းကျိုးပြည့်ဝလိုသူတို့သည် မုသာဝါဒကံကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဒုကူလ နှင့် ပါရိကာ၊ ဗဟုသုန္ဒရီ တို့၏သစ္စာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သုဝဏ္ဏသာမဇာတ်တော်၌ အလောင်းတော် သုဝဏ္ဏသာမသည် ပိဠိယက္ခမင်းကြီး၏ မြားချက်ကြောင့် သတိမေ့မိန်းမူးနေစဉ် ဒုကူလနှင့်ပါရိကာ မိဘနှစ်ဖြာမှ ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ဖြင့် သားအသက်ရှင်ဖို့အရေး အလေးအနက်ထား၍ သစ္စာပြုကြလေသည်။ - ကျွန်တော်မျိုးမ၏သား သာမသည် တရားကိုသာ ကျင့်၏။ မြတ်သောအကျင့်ကိုသာ ကျင့်၏။ မှန်သောစကားကိုသာ ဆို၏။ မိဘတို့အား ပြုစုလုပ်ကျွေး၏။ အမျိုးထဲမှကြီးသူတို့အား ရိုသေ၏။ သာမကို ကျွန်တော်မျိုးမအသက်ထက် ပိုချစ်၏။ ကျွန်တော်မျိုးမတို့ မိဘနှစ်ဦး၏ကောင်းမှုကုသိုလ် အလုံးစုံကြောင့် သာမ၏ အဆိပ်သည် ပျောက်ကင်းပါစေသတည်း။ အမှန်တကယ်ပြုခဲ့သောအမှုကို အမှန်အတိုင်း ထုတ်ဖော် ပြောဆို၍ မိမိတို့အလိုလားဆုံး၊ သုဝဏ္ဏသာမ၏ အသက်ရှင်မှုကိုတောင့်တကြသော ဣစ္ဆာပူရဏသစ္စာ ဖြစ်၏။မိခင်ပါရိကာ သစ္စာပြုအပြီးတွင် အလောင်းတော် သုဝဏ္ဏသာမသည် ဘယ်ညာပြောင်း၍အိပ်စက်၏။ ဖခင်ဒုကူလကလည်း မိခင်နည်းတူ သစ္စာပြုလေလျှင် အလောင်းတော်သည် နံပါးတစ်ဖက်ဖြင့် ပြောင်းလဲ အိပ်စက်ပြန်၏။ လုံးလုံးလျားလျားသတိမရသေးချေ။ ထိုအခါ အလောင်းတော်၏ခုနစ်ဘဝမြောက်က မိခင်ဟောင်းဖြစ်ခဲ့သူ ဗဟုသုန္ဒရီနတ်သမီး ရောက်လာပြီး သစ္စာပြုပြန်၏။ - ကျွနု်ပ်သည် ဟိမဝန္တာ၌ ကာလကြာမြင့်စွာ နေထိုင် ခဲ့သော်လည်း သာမထက်ပို၍ ချစ်သောသူတစ်ဦးမျှ မရှိခဲ့။ ကျွနု်ပ်နေထိုင်ရာ ဂန္ဓမာဒနတောင်မှ သစ်ပင်ဟူသမျှ တို့သည် နံ့သာပင်ချည်းဖြစ်၏။ ဤသစ္စာစကားကြောင့် သာမ၏ အဆိပ်ပျောက်ကင်းပါစေသတည်း။ ထိုသို့ သုံးဦးသုံးလီ သစ္စာညီသဖြင့် အလောင်းတော် သုဝဏ္ဏသာမသည် မြားဆိပ်ကင်းပျောက် ချမ်းသာခြင်းသို့ ရောက်ရှိသွားရလေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သိဝိမင်း၏ သစ္စာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အလောင်းတော်သိဝိမင်းကြီးသည် အလှူဒါန စွန့်ကြဲ လှူဒါန်းရာ၌ မရောင့်ရဲနိုင်ရကား ကိုယ်အင်္ဂါအစိတ် အပိုင်းကိုပင် လှူရန် စိတ်အကြံဖြစ်လေသည်။ ထိုအခါ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအသွင် ဆောင်လျက် မင်းကြီးထံ မျက်လုံးအလှူခံလာသောအခါ အားရ ဝမ်းသာပီတိဖြာလျက် နှစ်ဖက်သောမျက်စိကို ထုတ်၍ ရက်ရောစွာ လှူဒါန်းတော်မူသည်။ မျက်စိနှစ်ကွင်းအလင်းမရတော့သည့် သိဝိမင်းကြီးသည် ထီးနန်းအုပ်ချုပ်မင်းလုပ်ရန် မစွမ်းနိုင်တော့သဖြင့် နန်းတော်ဆောင်မှဆင်းသက်တော်မူ၍ ဥယျာဉ်တော်တွင်း၌ နေထိုင်တော်မူ၏။ထိုအခါ သိကြားမင်း ရောက်လာပြီး လိုရာဆုကို တောင်းစေ၏။ မင်းကြီးက မျက်စိမမြင်တော့သဖြင့် သေခြင်းကိုသာ အလိုရှိကြောင်းပြောရာ သစ္စာပြုပြီးလျှင် သစ္စာအစွမ်းဖြင့် မျက်စိပြန်မြင်ရလိမ့်မည်ဟုသိကြားမင်းက အကြံပေးခဲ့၏။မင်းကြီးလည်း သိကြားမင်း၏အကြံပေးချက်ကို ယုံကြည်စွာဖြင့် သစ္စာပြုလေသည်။ - “ကျွနု်ပ်ထံသို့လာကြသော အလှူခံတို့အားလည်းကောင်း၊ အလိုရှိရာကို တောင်းရမ်းသူတို့အား လည်းကောင်း ကျွနု်ပ်သည် ချစ်ခင်နှစ်သက်ပါ၏။ ဤသစ္စာစကားကြောင့် ကျွနု်ပ်၏မျက်လုံးသည် ကောင်းစွာမြင်ရပါစေသတည်း။ ထိုသစ္စာပြုချက်ဖြင့် မင်းကြီး၏မျက်လုံးတစ်ဖက်သည် ပြန်မြင်ရ၏။ -မျက်မမြင်ပုဏ္ဏားသည် ကျွနု်ပ်ထံ မျက်လုံးအလှူခံလာ၏။ ထိုမျက်မမြင်ပုဏ္ဏားအား မျက်စိနှစ်ခုစလုံးပင်လှူဒါန်းခဲ့ပါ၏။ ထိုသို့လှူဒါန်းရသောကြောင့် ကျွနု်ပ်၏ စိတ်၌ နှစ်သက် ရွှင်လန်းဝမ်းမြောက်ဝမ်းသာ ရှိလှ၏။ ဤသစ္စာစကားကြောင့် ကျန်မျက်လုံးတစ်ဖက်သည် ထင်ရှားစွာမြင်ရပါစေသတည်း။ ဒုတိယသစ္စာပြုချက်ကြောင့် ကျန်နေသော မျက်လုံး တစ်ဖက်လည်း ထင်ရှားစွာဖြစ်ပေါ်လျက် သိဝိမင်းကြီးသည် မျက်စိနှစ်ကွင်း အလင်းပြန်ရသွားလေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သမ္ဗုလ၏ သစ္စာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလ၊ တော်လေးဝဟုဆိုလျှင် မိန်းမမြတ် စာရင်းဝင်များအဖြစ် ထင်ရှားကြလေသည်။ လင်ယောကျာ်းအပေါ် သစ္စာစောင့်သိသော၊ အလုပ်အကျွေးပြုအပ်သော မိန်းမမြတ်များဖြစ်ကြ၏။ သမ္ဗုလသည် ဗြဟ္မဒတ်မင်း၏သားတော် သောတ္ထိသေနမင်း၏ ကြင်ယာတော် ဖြစ်၏။ ကိုယ်ရောင် ထွန်းတောက်၍ မြတ်သောအဆင်းရှိ၏။ သောတ္ထိသေနမင်းမှာ နူနာရောဂါ စွဲကပ်သောကြောင့် ထီးနန်းကို စွန့်၍ မြို့တော်မှထွက်ခွာခဲ့လေရာ သမ္ဗုလသည်လည်း နောက် တော်ပါးမှတစ်ဖဝါးမခွာပင် လိုက်ပါခဲ့လေသည်။ တောတွင်းသို့ရောက်သောအခါ သမ္ဗုလသည် သစ်သီးဝလံ ရှာဖွေကျွေးမွေးခြင်း၊ ရေပူရေချမ်း ကမ်းလှမ်းခြင်းဖြင့် ဝတ်ကြီးဝတ်ငယ်ပြုလျက်နေလေ၏။ တစ်နေ့တွင် သစ်သီးရှာဖွေရန် ထွက်ခွာသွားစဉ် တောလမ်းခရီး၌ တာနောဘီလူး နှောင့်ယှက်သဖြင့် နေဝင်ချိန်ပြီးမှ နောက်ကျစွာပြန်ရောက်လာ၏။ထိုအခါ သောတ္ထိသေနမင်းသည် သမ္ဗုလအား သံသယစကားဖြင့် စွပ်စွဲပြောဆိုလေ၏။ သမ္ဗုလသည် အဖြစ်မှန်ကို ရှင်းပြပါသော်လည်း မယုံကြည်နိုင်အောင် ဖြစ်ရသောကြောင့် သောတ္ထိသေနမင်း ယုံကြည်စေရန် သမ္ဗုလသည် ရေပြည့်သော ရေအိုး တစ်လုံးကိုယူ၍ သစ္စာပြုလေ၏။ -ကျွနု်ပ်သည် အရှင့်သားမှတစ်ပါး သာလွန်၍ ချစ်ရသောသူ မရှိပါ။ဤမှန်သောသစ္စာစကားကြောင့် အရှင့်သား၏ ရောဂါဝေဒနာသည် ပျောက်ကင်းပါစေသတည်း။ သမ္ဗုလ သစ္စာပြုပြီးသည်နှင့် ရေအိုးထဲမှရေကို သောတ္ထိသေနမင်း၏ ဦးခေါင်းပေါ်သို့လောင်းချ လိုက်လေသည်။ တစ်ခဏအတွင်းမှာပင် သောတ္ထိ သေနမင်းတွင် စွဲကပ်နေသော နူနာရောဂါဝေဒနာသည် ပျောက်ကင်းခြင်းသို့ ရောက်လေ၏။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဇဂ္ဂန၏ သစ္စာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း သီဟိုဠ်ကျွန်းတွင် မိန်းမတစ်ဦးရောဂါဖြစ်ရာ ဆေးကု ဆရာသမားက ယုန်သားစိမ်းရလျှင် ကောင်းမည်ဟုဆို၏။ ထိုမိန်းမ၌ သားနှစ်ယောက်ရှိရာ သားကြီး ဖြစ်သူက သားငယ်ဖြစ်သူအား ယုန်ရှာရန် စေခိုင်း လေသည်။ သားငယ် ဇဂ္ဂနသည် အစ်ကို စေခိုင်းသောကြောင့် ယုန်ရှာရန် တောသို့ ထွက်လာရလေသည်။ တောစပ်သို့ ရောက်သောအခါ ယုန်တစ်ကောင်သည် ဇဂ္ဂနကိုမြင်သဖြင့် ကြောက်လန့်စွာထွက်ပြေးရာ နွယ်ပင်၌ ငြိနေလေတော့၏။ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ် မြည်ကြွေး ရုန်းကန်နေသော ယုန်ကို ဖမ်းပြီးနောက် ဇဂ္ဂနသည် ဆင်ခြင် စဉ်းစားလိုက်၏။ မိခင်၏ အသက်ကိုမသေစေလို၍ ယုန်ငယ်ကိုသတ်မည် ဆိုပါက တရားနည်းလမ်းမကျဟုဆင်ခြင်မိပြီး ယုန်ငယ်ကို ပြန်လွှတ်လိုက်လေသည်။ ဇဂ္ဂနအိမ်သို့ပြန်ရောက်သောအခါ အဖြစ်မှန်အတိုင်း ပြောပြလေရာ အစ်ကို၏ဆူပူကြိမ်းမောင်းခြင်းကို ခံရတော့၏။ ထိုအခါ ဇဂ္ဂနသည် မိခင်အနီးသို့ချဉ်းကပ် လာပြီး - -ကျွနု်ပ်သည် လူဖြစ်သည်မှစပြီး သေစေလိုသည့် စိတ်ဖြင့် သတ္တဝါကို သတ်ဖူးသည် မရှိပါ။ ဤ သစ္စာစကားကြောင့် ကျွနု်ပ်၏မိခင်သည် ကျန်းမာချမ်းသာပါစေသတည်း။ ဇဂ္ဂန သစ္စာဆိုပြီးသည့်ခဏမှာပင် မိခင်ကြီး၏ ရောဂါ ပျောက်ကင်းလျက် ကျန်းမာချမ်းသာခြင်းသို့ ရောက်လေသည်။ ထိုသို့သောအကြောင်းအရာတို့သည် ဣစ္ဆာပူရဏ သစ္စာ ပြုချက်များဖြစ်၏။ ထိုသစ္စာပြုချက်ကို သေရေး၊ရှင်ရေးတမျှ အရေးကြီးလှသောအကြောင်းတစ်စုံ တစ်ရာ ပေါ်ပေါက်မှသာလျှင် အသုံးပြုသင့်၏။ အကြောင်း ထူးမရှိဘဲ အလွယ်တကူ လိုရာစွဲသုံး သဘောမျိုးမလုပ်သင့်ပေ။ လုပ်ပါကလည်း မည်သည့် အကျိုးအာနိသင်မှ ရမည်မဟုတ်ပါချေ။ ပညာရှိသူတော်ကောင်းတို့ကား လောက၌ သစ္စာနှင့် တူသော မှီခိုအားထားရာသည် မရှိဟု နှလုံးသွင်းကြကုန်၏။ သစ္စာသည် သူတော်ကောင်း ပညာရှိတို့၏ အသက် သွေးကြော ပမာလည်းဖြစ်၏။ မုသားပြောဆိုမှုကို အသက်နှင့်လဲ၍ပင် ရှောင်ကြဉ်ကြကုန်၏။ ထို သူတော်ကောင်းတို့သည် အလေ့အကျင့်ဖြင့် ထုံမွှန်းအပ်သော သစ္စာ၏အစွမ်းဖြင့် အရေးကြုံ၍ လိုအပ်လာပါက လိုရာဆန္ဒပြည့်ဝကြစေကုန်၏။ ယေကေစိ မေ အတ္ထိရသာ ပထဗျာ၊ သစ္စံ သာဓုတရံ ရသာနံ။ မြေပြင်တစ်ဝှမ်းရှိ အလုံးစုံသော အရသာဟူသမျှတို့တွင် သစ္စာသည် အကောင်းမြတ်ဆုံးအရသာဖြစ်၏။ -【ဥက္ကလာမြင့်သန်းအောင်】 -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/565-2016-06-18-07-36-01.html
“ကျေးဇူးပြုဖူးထားသူကို မပြစ်မှားမိဖို့ပါ”
တစ်ခါတုန်းက ပ ဉ္စသိခနတ်သားဟာ ဂန္ဓဗ္ဗနတ်မင်းကြီးရဲ့ သမီး သူရိယဝစ္ဆသာ ဆိုတဲ့ နတ်သမီးလေးကို တစ်ဖက်သတ် ချစ်နေခဲ့ပါတယ်။ဒါပေမယ့် သူရိယဝစ္ဆသာ နတ်သမီးလေးက ပ ဉ္စသိခနတ်သားကို လုံးဝပြန်မချစ်ပါဘူး။ နတ်သမီးလေးချစ်နေတဲ့ နတ်သားက ရထားထိန်း မာတလိရဲ့သား သိခဏ္ဍိနတ်သားလေးကိုပါ။ ပ ဉ္စသိခနတ်သားက အနုပညာသမားဆိုတော့ သူခံစား နေရတာတွေကို ဒီအတိုင်းမထားပါဘူး။ ခံစားမှုတွေကိုပဲ အရင်းတည်ပြီး သီချင်း (၁၄)ပုဒ်တိတိ ရေးပစ်လိုက်ပါတယ်။ သီချင်းရေးပြီးတဲ့အခါ ကျတော့ ပ ဉ္စသိခနတ်သားက သူ့ရဲ့လက်စွဲတော် ဗေဠုဝပဏ္ဍုဆိုတဲ့ နတ်စောင်းကြီးကို ယူပြီး သူရိယဝစ္ဆသာနတ်သမီးလေးနေတဲ့ ဗိမာန်နားကို ထွက်ခဲ့ပါတယ်။ ဗိမာန်နားရောက်တော့ နတ်သမီးလေး ကြားလောက်မယ့်နေရာကို ရွေးချယ်ပြီး သူရေးခဲ့တဲ့ သီချင်း(၁၄)ပုဒ်တိတိကို ဆိုတော့တာပါပဲ။ ပ ဉ္စသိခနတ်သားဆိုခဲ့တဲ့ သီချင်း(၁၄)ပုဒ်ထဲက နှစ်ပုဒ်လောက်ကို မြည်းကြည့်ပါဦး။ ❖ “ချစ်နှမ သူရိယဝစ္ဆသာ....ချွေးထွက်နေသူတို့သည် လေနုအေးကို နှစ်သက်သကဲ့သို့ ၊ ရေငတ်နေသူတို့သည် ရေအေးကို နှစ်သက်သကဲ့သို့ ၊ ရဟန္တာအရှင်မြတ်တို့သည် လောကုတ္တရာတရားကို နှစ်သက်သကဲ့သို့ ငါကလည်း သင်နတ်သမီးကို နှစ်သက်လျက်ရှိပါတယ်။” ❖ “ချစ်နှမ .... သူရိယဝစ္ဆသာ မြတ်စွာဘုရားသည့် သဗ္ဗညုတဉာဏ်သို့ ရောက်၍ ဝမ်းမြောက်ရသကဲ့သို့ ငါကလည်း သင်ချစ်နှမကို ရပါက ဝမ်းသာရပါလိမ့်မယ်။” ပ ဉ္စသိခနတ်သားက သူ့ခံစားချက်တွေကို သီးသန့်မရေးဘဲ၊ ဘုရား ရဟန္တာတွေကိုပါ တိုင်တည်ပြီး ရေးသွားတာပါ။ ပ ဉ္စသိခနတ်သား သူရိယဝစ္ဆသာနတ်သမီး ဗိမာန်နားကို သီချင်းသွားဆိုတဲ့ အချိန်ဟာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကိုရပြီး ဘုရားဖြစ်ခါစ ကာလလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ကာလတစ်ခု ကြာလာတဲ့အခါမှာတော့ သိကြားမင်းမှာ အကြီးအကျယ် စိတ်ဆင်းရဲစရာ ကိစ္စကြီးတစ်ခုနဲ့ ကြုံလာရပါတယ်။ ကြုံလာတဲ့ကိစ္စကြီး ကတော့ (၇)ရက်ကြာရင်နတ်သက်ကြွေပြီး သေရတော့မှာပါ။ စိတ်ဆင်းရဲစရာကြီးနဲ့ ကြုံတွေ့နေရတဲ့ သိကြားမင်း ပထမဆုံးသတိရလိုက်တာက မြတ်စွာဘုရားပါ။ ဒါပေမယ့် သူတစ်ယောက်ထဲ မြတ်စွာဘုရားဆီ မသွားရဲပါဘူး။ ဒါကြောင့် ပ ဉ္စသိခနတ်သားကို အဖေါ်အဖြစ် ခေါ်ရပါတယ်။ ပ ဉ္စသိခနတ်သားကလည်း လက်ချည်းသက်သက် လိုက်မလာပါဘူး။ သူ့ရဲ့ လက်စွဲတော် ဗေဠုဝပဏ္ဍု ဆိုတဲ့ နတ်စောင်းကြီးကိုပါ တစ်ပါတည်း ယူခဲ့ပြန်ပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတဲ့နေရာ ရောက်တော့လည်း သိကြားမင်းက အရင်မဝင်ရဲပြန်ပါဘူး။ ဒါကြောင့် ပ ဉ္စသိခနတ်သားကိုပဲ အရင်ဝင်ခိုင်းရပြန်ပါတယ်။ ပ ဉ္စသိခနတ်သားကလည်း မြတ်စွာဘုရားဆီ ချက်ချင်း တန်းမဝင်သေးဘဲ မြတ်စွာဘုရားနဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး သူဆိုနေကျသီချင်း (၁၄)ပုဒ်ကို ပါလာတဲ့ နတ်စောင်းကြီး တီးခတ်ပြီး ဆိုတော့တာပါပဲ။ သီချင်းဆုံးသွားတော့ မြတ်စွာဘုရားကပဲ ပ ဉ္စသိခ နတ်သားကိုစနှုတ်ဆက်ပါတယ်။ပြီးတော့ မြတ်စွာဘုရားက “ပ ဉ္စသိခနတ်သား ... သင့်ရဲ့ စောင်းသံဟာ သီချင်းသံနဲ့ ကိုက်ညီသလို သီချင်းသံကလည်း စောင်းသံနဲ့ ကိုက်ညီလှပါတယ်။သင် ဒီသီချင်းတွေကို ဘယ်တုန်းက ရေးထားတာလဲ”လို့ ချီးကျူးရင်း မေးလိုက်ပါတယ်။ ပ ဉ္စသိခနတ်သားကလည်း သူ့ခံစားချက်တွေကို ရင်ဖွင့်ချင်နေတာနဲ့ အတော်ဖြစ်သွားပြီး မြတ်စွာဘုရားကို အစအဆုံး ရင်ဖွင့်ပြတော့တာပါပဲ။ရင်ဖွင့်ရင်းနဲ့ နောက်မှာ ပါလာတဲ့ သိကြားမင်းကိုတောင် သတိမရတော့ပါဘူး။ ဒီတော့ သိကြားမင်းက “ဟေ့ကောင် ငါ့ကိစ္စကိုလည်း လျှောက်ဦးကွ” လို့ လှမ်းသတိပေးရပါတော့တယ်။ ပ ဉ္စသိခနတ်သားလည်း သိကြားမင်း သတိပေးလိုက်မှ မြတ်စွာဘုရားကို လာရင်းကိစ္စလျှောက်ပြဖြစ်ပါတယ်။ နောက်ဆုံးတော့ မြတ်စွာဘုရားက သိကြားမင်းကို တရားဟော ပေးလိုက်တာ တရားနာနေဆဲမှာပဲ သိကြားအသစ် ပြန်ဖြစ်ပြီး သောတာပန်တည်သွားပါတယ်။ ဒီတော့ သိကြားမင်းက ပ ဉ္စသိခကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ “ပ ဉ္စသိခရေ...သင့်ရဲ့ ကျေးဇူးများလှတယ်။ဘာလိုချင်လဲ” ပ ဉ္စသိခနတ်သားက ပြုံးစိစိနဲ့ ပြန်ဖြေပါတယ်။ “အရှင်သိကြားမင်းကလည်း သိသားနဲ့။” နောက်ဆုံးတော့ သိကြားမင်းက ကျေးဇူးကို အာရုံပြုပြီး သိကြားမင်းအာဏာနဲ့ပဲ ပ ဉ္စသိခနတ်သားကို သူရိယဝစ္ဆသာနတ်သမီးလေးနဲ့ ပေးစားလိုက်ပါတော့သတဲ့။ (သုတ်မဟာဝါပါဠိတော်၊ သက္ကပဥ္စသုတ်) သူတို့နတ်ပြည်မှာလည်း အဲဒီလို အချစ် ဇာတ်လမ်းလေးတွေက ရှိနေတာပါပဲ။ သိကြားမင်းရဲ့ ကျေးဇူးဆပ်နည်းကို တခြားသူတွေက သဘော မကျချင်နေမယ် ။ ပ ဉ္စသိခနတ်သားကတော့ သဘောကျလို့ ဆုံးမှာ မဟုတ်ပါဘူး။ ပြီးတော့ တန်ပြန်အနေနဲ့ ကျေးဇူးလည်း ပြန်တင် ဖြစ်နေဦး မှာပါ။ ❖❖❖ ❖❖❖ ❖❖❖ ❖❖❖ တစ်ခါတလေတော့လည်း ဘာရယ်တော့ မဟုတ်ပါဘူး။ အိပ်ရာပေါ်လှဲရင်း ကိုယ့်ဘဝကိုယ် ပြန်စဉ်စားနေမိပါတယ်။ လောကီသဘောအရ အချမ်းသာကြီး၊အပြည့်စုံကြီး မဟုတ်တောင် သူ့အတိုင်းအတာလေးနဲ့သူတော့ တည်တည်ငြိမ်လေး ဖြစ်နေတာလေးကို တွေးမိပါတယ်။ ပြီးတော့ ဒီအခြေ အနေလေးရအောင် ဝန်းကျင်မျိုးစုံက အနေအထားမျိုးစုံနဲ့ ကျေးဇူးပြုခဲ့လို့ပဲ လို့လည်း ဆက်တွေးဖြစ်ပါတယ်။ တွေးရင်းနဲ့ ကိုယ့်ဝန်းကျင်က ကိုယ့်ကို ကျေးဇူးပြုခဲ့ပုံ ပုံရိပ်လေးတွေကို မြင်လို့ ရသလောက် မြင်ကြည့်မိပါတယ်။ ကြည့်မိသလောက်လေးတော့ ပုံရိပ်ကလေးတွေ ရိပ်ရိပ်ရိပ်ရိပ်နဲ့ ပေါ်လာတတ်ပါတယ်။ပုံရိပ်အဖြစ် ပုံဖေါ်လို့ မရတာလေးတွေ၊ ကိုယ်သိခွင့် ၊ မြင်ခွင့် မသာလိုက်ရတဲ့ ကျေးဇူးပြုမှုလေးတွေလည်း ရှိနေဦးမှာပါ။ ❖အဲဒီအချိန်မှာ အကောင်းဆုံးကတော့ ပေါ်လာတဲ့ ပုံရိပ်ကလေးတွေကို မေတ္တာပို့ပေးလိုက်တာထက် ကောင်းတာ ဘာမှမရှိပါဘူး။ ဒါမှလည်း ကြွေးကျေမှာပါ။ မေတ္တာပို့ဖြစ်နေချိန်မှာ ဖြစ်နေတဲ့ တဒင်္ဂငြိမ်းအေးမှု လေးကလည်း တန်ပြန်သက်ရောက်မှုလေးတစ်ခုပါ။ ကိုယ့်ကိုယ်ကိုလည်း အဓိပ္ပါယ် ရှိနေသလိုလို ခံစားနေရတတ်ပါတယ်။ ❖တစ်ခါတလေ ကျတော့လည်း အကြောင်းကိစ္စတစ်ခုကို အခြေခံပြီး လူတစ်ယောက်ကို မုန်းနေမိပြန်ပါရော။ ဘယ်လောက်အထိလဲဆိုရင် ပါးရိုက် ပစ်ချင် လောက်အောင် အထိကို မုန်းမိပါတယ်။ ကာယကံမြောက် ရိုက်ရဲလောက်အောင်တော့ သတ္တိမရှိပါဘူး။ အဲဒီအချိန်မှာ အိပ်ရာထဲလှဲပြီး အဲဒီလူကို ဇိမ်နဲ့ကို အားရပါးရ မုန်းနေမိပါတယ်။ သူ့ကိုမုန်းနေရတာကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်မိပြန်ပါတယ်။ ❖တကယ်တော့ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်ဟာ အာရုံတစ်ခုဆီမှာပဲ တည်တံ့ မနေချင်ပါဘူး။ အာရုံအဆင့်ဆင့်ဆီ ရောက်နေချင်ပါတယ်။ သူ့ အပေါ်မုန်းတဲ့စိတ်တွေဖြစ်နေရင်း သူ့အကြောင်းတွေ ဆက်တွေးနေဖြစ်တော့လည်း သူ့ရဲ့ ပုံရိပ်ကလေးတွေက ဆင့်ကဲဆင့်ကဲ ပေါ်လာပြန်ပါတယ်။ ပုံရိပ်မျိုးစုံ ပေါ်လာတာဆိုတော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့ ပုံရိပ်ကလေးတွေလည်း တွဲပေါ်လာပါတယ်။ သူ့ရဲ့ ကျေးဇူးပုံရိပ်ကလေးတွေ ပေါ်လာတဲ့အချိန်မှာတော့ စောစောက ဖြစ်နေတဲ့ အမုန်းစိတ်ကလေးတွေလည်း မသိမသာနဲ့ နောက်ကို ဆုတ်ဆုတ် သွားတတ်ပါတယ်။ “နေပါဦး၊ ဒီမှာ မုန်းလို့တောင် အားမရသေးဘူး” လို့ တားတာတောင် မရပါဘူး။ ဒီတော့လည်း တသီးတသန့် အားမထုတ်ရဘဲနဲ့ သူ့အပေါ်နားလည်ခွင့်လွှတ်တဲ့ စိတ်ကလေးတွေ ဝင်လာပြန်ရော။ “ဪ.... ပုထုဇဉ်ရဲ့စိတ်ရယ် မမြဲပါလား”လို့ တွေးရင်း ကိုယ့်ဘာသာကိုယ် ပြုံးလိုက် မိပြန်ပါရော။ ❖ကတညုတပုဒ်ကို အဋ္ဌကထာမှာ ဘယ်လိုဖွင့်ထားသလဲ ဆိုတော့ နည်းနည်းများများ တစ်စုံတစ်ခုနဲ့ ကိုယ့်အပေါ် ကျေးဇူးပြုခဲ့တာကို သတိရနေခြင်းလို့ ဖွင့်ထားပါတယ်။ အဓိကကတော့ သူပြုထားတဲ့ကျေးဇူးကို သိတတ်ဖို့ပါ။ ❖အမှန်တော့ သိရုံနဲ့တော့ မပြီးသေးပါဘူး။ သိပြီးရင် အခွင့်သာရင် ပြန်ဆပ်နိုင်ရပါမယ်။ ဒါကိုပဲ ကတညုတ = သူတစ်ပါးကျေးဇူး ပြုထားသည်ကို သိသူ၊ ကတဝေဒီ=သိသည့် အားလျော်စွာ ပြန်ဆပ်သူ။ အဲဒီလို ပေါင်းပြီး “ကတညုတ ကတဝေဒီ” ပုဂ္ဂိုလ်လို့ ဆိုကြတာပါပဲ။ ကိုယ်က ကတဝေဒီပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင်မှ ကတညုတ ပုဂ္ဂိုလ် အဆင့်လောက်အထိတော့ ရှိထားသင့်ပါတယ်။ ❖အဲဒီမှာ ပိုပြီးသတိထားဖို့ ကောင်းတာက ကျေးဇူးပြုဖူး ထားသူကို မပြစ်မှားမိဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျေးဇူးပြုထားသူ နဲ့ မပြုထားသူ နှစ်ယောက်မှာ ကျေးဇူးပြုထားဖူးသူကို ပြစ်မှားမိရင် ပိုအပြစ်ကြီးကြောင်း စာမှာ ပြထားလို့ပါ။ ❖တကယ်လို့များ …. တစ်စုံတစ်ယောက်အပေါ် အမုန်းစိတ်တွေများ ဖြစ်ခဲ့ရင် သူပြုခဲ့ဖူးတဲ့ ကျေးဇူးလေး တွေကို မြင်လို့ ရသလောက်သာ ရှာကြည့်လိုက်ပါတော့။ ဒါဆို ဖြစ်ဆဲစိတ်ရဲ့ နေရာမှာ အသွင်မတူတဲ့ စိတ်ကလေး ဝင်လာပါလိမ့်မယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】 (အလင်းတန်းဂျာနယ် ၈.၃.၂၀၀၄) Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/566-2016-06-18-07-35-16.html
“ရှေ့နောက်အစဉ်အားဖြင့် အကျိုးပေးပါ သိကောင်းစရာ”
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် မိမိတို့ပြုထားအပ်သော ကံကသာ မိမိတို့ကို ဖြစ်လေရာဘဝတိုင်း၌ အယုတ်အမြတ် စသည်ဖြင့် ဝေဖန်ပေးလျက် ရှိကြလေသည်။ ကံ၏စီမံခန့်ခွဲမှုကို ခံယူကြရပေသည်ဟု ယုံကြည်လျက်ရှိကြပေသည်။ ထိုထိုဘဝတို့၌ ဖြစ်ကြရသည့်အခါမှာ အသက်တို ရတာ၊ အသက်ရှည်ရတာ၊ အနာရောဂါများရတာ၊ အနာရောဂါကင်းရတာ၊ အဆင်းလှရတာ၊ အဆင်းမလှရတာ၊ ဘုန်းတန်ခိုးကြီးရတာ၊ ဘုန်းတန်ခိုးနည်းရတာ၊ ပစ္စည်းဥစ္စာပေါများရတာ၊ ပစ္စည်းဥစ္စာရှားပါးရတာ၊ အမျိုးမြတ်ရတာ၊ အမျိုး ယုတ်ရတာ၊ ပညာဉာဏ်ကြီးမားရတာ၊ ပညာ ဉာဏ်နည်းပါးရတာ စသည်များကို ကံကပင်လျှင် ဝေဖန်ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်းဖြစ်ပေသည် ဟု မြတ်စွာဘုရားဟောကြားတော်မူသည့် အတိုင်း ကံနှင့် ကံ၏အကျိုးပေးတို့ကို အထူး ယုံကြည်အားကိုးလျက် ရှိကြပေသည်။ ထို ကံတို့သည် အရှေ့နောက် အကျိုးပေးသော အစဉ်အားဖြင့် လေးမျိုး ကွဲလျက်ရှိပေသည်။ (၁)။ ဂရုကံ= ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသည့်ကံ။ (၂)။ အာသန္နကံ= သေခါနီးအခါ၌ပြုလုပ်အပ်သောကံ နှင့် အောက်မေ့အပ်သည့်ကံ။ (၃)။ အာစိဏ္ဏကံ= နေ့စဉ်အကြိမ်များစွာ လေ့ကျင့် အပ်သောကံ။ (၄)။ ကဋတ္တာကံ= ပြုဖူးကာမျှဖြစ်သောကံဟူ၍ အကျိုးပေးသောအစဉ်အားဖြင့် လေးမျိုး ကွဲပြားလျက်ရှိပေသည်။ “အကျယ်သိဖွယ်” •••••••••••••••••••••••••••••••••••••• (၁)။ ဂရုကံ= ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံဟူသည် ကုသိုလ်ကံ နှင့် အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိပေသည်။ ထိုနှစ်မျိုးတို့တွင် အကုသိုလ်ကံအရာ၌ “ပဥ္စာနန္တိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံ” တို့ ဖြစ်ကြပေသည်။ ထို “ပဥ္စာနန္တိယကံ ငါးပါးကို ပြုမိသောပုဂ္ဂိုလ်နှင့် နိယတမိစ္ဆာဒိဋ္ဌိ သုံးပါး” ရှိကြသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှ စုတေပြီးသည့်နောက်ကာလ ဒုတိယဘဝ၌ အပါယ်ငရဲသို့သာ ကျရောက်ကြရပေသည်။ မည်သည့်အကုသိုလ်ကံ၊ ကုသိုလ်ကံတို့ကမှ တားမြစ်၍ မရသောကြောင့် ကြီးလေးသော ဂရုကံတို့ဖြစ်ကြပေသည်။ ပဥ္စာနန္တိယကံ ငါးပါး ဆိုသည်မှာ- •••••••••••••••••••••••••••••••••••••• (၁)။ အမိကို သတ်ခြင်း၊ (၂)။ အဖကိုသတ်ခြင်း၊ (၃)။ ရဟန္တာ ကိုသတ်ခြင်း၊ (၄)။ ဘုရားကို သွေးစိမ်းတည်အောင်၊ သွေးခြည် ဥအောင်ပြုခြင်း၊ (၅)။ သံဃာကို သင်းကွဲအောင် ပြုခြင်းတို့ ဖြစ်သည်။ နိယတမိစ္ဆာဒိဋ္ဌိ သုံးပါး ဆိုသည်မှာ- •••••••••••••••••••••••••••••••••••••• ❖ အကြောင်းမရှိဘဲ ပုဂ္ဂိုလ်သတ္တဝါတွေအလိုလို ချမ်းသာသည်၊ အလိုလိုဆင်းရဲသည် ဟုစွဲယူ မှားသော မိစ္ဆာဒိဋ္ဌိကံသည် “အဟေတုကမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။ ❖ လှူဒါန်းပူဇော်ခြင်းစသည်များကို ပြုပါသော်လည်း အကျိုးမရရှိနိုင်ဟုစွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် “နတ္ထိကနိယတမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။ ❖ ကောင်းသည့်ကုသိုလ်အမှုကို ပြုပါသော်လည်း ကောင်းသည့်ကုသိုလ်ကံများဖြစ်မလာပေ။ မကောင်းသည့်အကုသိုလ်အမှုများကို ပြုပါသော်လည်း မကောင်းသည့်အကုသိုလ်ကံများ ဖြစ်မလာပေ ဟုစွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် “အကိရိယ နိယတမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။ ဤပဥ္စာနန္တရိယကံ နှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ရှိကြသော ပုဂ္ဂိုလ်တို့သည် သေပြီးသည်မှနောက် ကာလ ဒုတိယဘဝ၌ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။ မည်သည့်ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကမှ တားမြစ်လို့ မရသောကြောင့် “ဂရုကံ” တို့ ဖြစ်ကြပေသည်။ ကုသိုလ်ကံ အရာ၌ မဟဂ္ဂုတ်(စျာန်) ကုသိုလ်ကံတို့ ဖြစ်ကြပေသည်။ ထိုမဟဂ္ဂုတ်စျာန် ကုသိုလ်ကံတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဒုတိယဘဝတွင် ဗြဟ္မာ့ပြည်သို့ ဧကန်မုချ ရောက်ကြရမည် ဖြစ်ပေသည်။ မည်သည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကမှ တားမြစ်လို့မရသောကြောင့် ကြီးလေးသော “ဂရုကံ” တို့ဖြစ်ကြပေသည်။ (၂)။ အာသန္နကံ = သေခါနီးကာလ၌ ပြုအပ်သောကံ နှင့် အောက်မေ့အပ်သောကံဟူသည် ကုသိုလ်အာသန္နကံနှင့် အကုသိုလ်အာသန္န ကံဟူ၍ နှစ်မျိုးပင်ရှိပေသည်။ ကုသိုလ် အာသန္နကံသည် နေ့စဉ်မပြတ်မှီဝဲအပ်သော အကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ ကောင်းကျိုးများကို ပေးနိုင်ပေသည်။ အကုသိုလ် အာစိဏ္ဏကံသည်လည်း နေ့စဉ်မပြတ်မှီဝဲအပ်သော ကုသိုလ်အာစိဏ္ဏကံကို ပယ်ဖျက်၍ မကောင်းကျိုးများကို ပေးနိုင်ပေသည်။ အကုသိုလ်အာစိဏ္ဏကံကို ကုသိုလ်အာသန္နကံက ပယ်ဖျက်ရာ၌ သောဏမထေရ်၏ဖခင် မုဆိုးရဟန်းကြီး သာဓကဖြင့် ထင်ရှားလှပေသည်။ သောဏမထေရ်၏ ဖခင်မုဆိုးရဟန်းကြီး၌ ကွယ်လွန်လောက်သည့် ရောဂါဝေဒနာ များဖြစ်လာသောအခါ ခွေးမုဆိုးအလုပ်ကို တစ်သက်ပတ်လုံးပြုလုပ်ခဲ့သော အကုသိုလ်ကံ၏ အကျိုးပေးဖြစ်သည့် ခွေးကြီးများက သူ့ကို ကိုက်စားတော့မည့် နိမိတ်များထင်လာ၍ ကြောက်လန့် သောအသံဖြင့် သောဏတို့ ခွေးကြီးများကို မောင်းထုတ်ပေးကြပါဟု ပြောဆိုလေ၏။ ထိုအခါ သောဏမထေရ်က ဖခင်မုဆိုးရဟန်းကြီး ငရဲကျတော့မည့်ဘေးကို ကာကွယ်ပေးစေလို၍ စေတီရင်ပြင်တော်၌ ပန်းတွေပူဇော်လှူဒါန်းကာ ဖခင်မုဆိုးရဟန်းကြီးကို ရှိခိုး ပူဇော်စေ၏။ ထို့နောက်မကြာမီမှာပင် နတ်သမီးနိမိတ်တွေထင်လာ၍ သောဏတို့ ဖယ်ကြ၊ဖယ်ကြ သင်တို့၏ မိခင်တွေ လာနေပြီဟု ပြောဆိုကာ ပျံလွန်တော်မူသွားပြီး၊ နတ်ပြည်သို့ ရောက်သွားလေ၏။ ဤသာဓက၌ တစ်သက်ပတ်လုံး ခွေးမုဆိုး ပြုလုပ်ခဲ့သည့် အကုသိုလ်အာစိဏ္ဏကံကို ပျံလွန်တော်မူခါနီးမှာ ပန်းလှူဒါန်းပူဇော်သည့် အာသန္နကံက ပယ်ဖျက် လိုက်သည်မှာ ထင်ရှားလှပေသည်။ (၃)။ အာစိဏ္ဏကံ = နေ့စဉ်အကြိမ်ကြိမ် လေ့ကျင့်အပ်သော ကံဟူသည် ကုသိုလ်ကံ နှင့် အကုသိုလ်ကံဟူ၍ နှစ်မျိုးပင် ရှိပေသည်။ ဘုရား၌ ဆွမ်းတော်တင်၍ လှူဒါန်းခြင်း၊ ပန်း ရေချမ်း ဆီမီးလှူဒါန်းခြင်း၊ သံဃာတော်တို့အား ဆွမ်းလောင်းလှူဒါန်းခြင်း၊ ငါးပါးသီလကိုဆောက်တည်ခြင်း စသော နေ့စဉ်အကြိမ်ကြိမ် လေ့ကျင့်ပြုလုပ်အပ်သော ကံသည် “ကုသိုလ်အာစိဏ္ဏကံ” ဖြစ်ပေသည်။ ထို ကုသိုလ်အာစိဏ္ဏကံ၌ မိမိပြုခဲ့မိသည့် ကုသိုလ်များကို ပြန်သတိရ၍ အထပ်ထပ် ဝမ်းမြောက်မှုကို ဖြစ်စေသောကံသည်လည်း အာစိဏ္ဏကံပင် ဖြစ်ပေသည်။ မုဆိုး၊ တံငါအလုပ်ဖြင့် အသက်မွေးကြသော သူတို့ နေ့စဉ်အကြိမ်ကြိမ်ပြုလုပ်ကြသော ပါဏာတိပါတ စသော ကံသည် အကုသိုလ် အာစိဏ္ဏကံဖြစ်ပေသည်။ မိမိပြုခဲ့သည့် အကုသိုလ်များကို ပြန်သတိရ၍ အထပ်ထပ် နောင်တပူပန်မှုကိုဖြစ်စေတတ်သော ကံသည်လည်း အာစိဏ္ဏကံပင် ဖြစ်ပေသည်။ အာသန္နကံ ၊ အာစိဏ္ဏကံနှစ်ပါးတို့တွင် အားရှိသောကံသည် ရှေးဦးစွာအကျိုးပေး၏။ အားချင်းတူလျှင် “အာသန္နကံ” က ရှေးဦးစွာ အကျိုးပေး၏။ (၄)။ ကဋတ္တာကံ = ပြုဖူးကာမျှဖြစ်သော ကံ ဟူသည် ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ ဟူသော ရှေးကံသုံးပါးတို့မှ လွတ်သော အဖန်ဖန်ပြုအပ်သည့် ကံများသည် “ကဋတ္တာကံ” ဖြစ်ပေသည်။ အကြင်ပုဂ္ဂိုလ်၌ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ ဟူသော ဤကံလေးမျိုးလုံး ရှိနေ၏။ ထိုပုဂ္ဂိုလ်အတွက် ယခုဘဝမှ အခြားမဲ့ ဒုတိယဘဝ၌ ဂရုကံက အကျိုးပေးခွင့်ရလေသည်။ ဂရုကံ မရှိလျှင် အာသန္နကံက အကျိုးပေးခွင့် ရလေ၏။ အာသန္နကံက မရှိခဲ့လျှင် အာစိဏ္ဏကံက အကျိုးပေးခွင့် ရလေ၏။ အာစိဏ္ဏကံ မရှိခဲ့လျှင် ကဋတ္တာကံက အကျိုးပေးခွင့်ရလေ၏။ ဤကဲ့သို့အကျိုးပေးခွင့် အစဉ်အားဖြင့် ကံလေးမျိုး၏အကျိုးပေးပုံမှာ သိဖွယ်ကောင်းလှပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】 Posted by www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”] (သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး၏ “သိကောင်းစရာ ဓမ္မပဒေသာမှ”-)
https://www.dhammaransi.com/index.php/new/567-2016-06-18-07-34-38.html
“အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ”
ကံဆိုသည်မှာ ကမ္မ ဟူသော ပါဠိမှဖြစ်လာသော ဝေါဟာရ ဖြစ် သည်။(ကမ္မ = ကမ် = ကံ) အလုပ် ဟု အဓိပ္ပာယ်ရသည်။ ထိုအလုပ် သည် ကိုယ်ဖြင့် လုပ်သည့်အလုပ် (ကာယကံ)၊ နှုတ်ဖြင့် ပြောသည့် a အလုပ်(ဝစီကံ)၊ စိတ်ဖြင့် ကြံစည် သည့်အလုပ်(မနောကံ) ဟူ၍ သုံးမျိုး ရှိသည်။ ထိုအလုပ် သုံးမျိုးကိုပင် ကံဟု ခေါ်သည်။ ထိုကံများမှာ လှုံ့ဆော်သည့် အကြောင်းတရားမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာကြသည် မဟုတ်။ စိတ်နှင့် အတူ အမြဲ ယှဉ်တွဲဖြစ်ပေါ်နေသည့် စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။ စေတနာသည် ကောင်းသည် ဆိုးသည် အမျိုးမျိုးသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရား ဖြစ်သည်။ မည်သည့် အလုပ်ကိစ္စမဆို စေတနာ မပါလျှင် မအောင်မြင်နိုင်။ စေတနာ ပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။ ထိုသို့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ဟူသော ကံတရား မှန်သမျှ စေတနာရှိမှ ဖြစ်ပေါ်လာ ကြရသောကြောင့် -. . .ရဟန်းတို့၊ စေတနာကို ကံ ဟူ၍ ငါဘုရား ဟောတော်မူ၏။ စေတနာက စေ့ဆော် တိုက်တွန်း သောကြောင့် ကိုယ်မှု၊ နှုတ်မှု၊စိတ် မှုတို့ကို ပြုရ၏-ဟု အင်္ဂုတ္တိုရ် ပါဠိတော်၌ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။ အမှန်အားဖြင့် ကံဆိုသည်မှာ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု တို့ကိုပင် ခေါ်သည်။ သို့သော် ထိုကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ကြ ရသောကြောင့် အကျိုးတရားများ ဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့၏ ကံဟူသော နာမည်ကိုအကြောင်းရင်း စေတနာပေါ်တင်စား၍ ဖလူပစာ အားဖြင့် အကြောင်းရင်း စေတနာ ကိုပင် ကံဟု ဘုရားရှင်ဟောတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏။ စေတနာညံ့လျှင် ကံညံ့ရလေ၏။စင်စစ်အားဖြင့် ကံဆိုသည်မှာ အကျိုးတရားများကို ဖြစ်ပွား ပေါ်ပေါက်လာစေနိုင်သော အကြောင်းတရားပင် ဖြစ်လေသည်။ လူ့လောက၌ ကံသည် အလွန် အရေးကြီးသည်။ ကံကိုအကြောင်း ပြု၍ အကိရိယဝါဒ ခေါ် ကံမဲ့ဝါဒ၊ အဟေတုကဝါဒ ခေါ် အကြောင်းမဲ့ ဝါဒ၊ နတ္ထိကဝါဒခေါ် အကျိုးမဲ့ ဝါဒ၊ ဣဿရနိမ္မာနဝါဒ ခေါ် ဖန်ဆင်း ဝါဒ၊ ပုဗ္ဗေကတဟေတုဝါဒ ခေါ် အတိတ်ကံဝါဒ စသော အယူဝါဒ အမျိုးမျိုး ပေါ်ပေါက်လျက် ရှိလေသည်။ ကံနှင့် ကံ၏အကျိုးတရားတို့ ကို အကြွင်းမဲ့ ယုံကြည်ရခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ရန် ပထမဆုံး အခြေခံအချက်ကြီး ဖြစ်သည်။ ကောင်းမှုကံ၊ မကောင်းမှုကံ ဟူသည် ရှိ၏။ ကောင်းမှုကံသည် ကောင်းကျိုးပေးသကဲ့သို့ ၊ မကောင်း မှုကံသည် မကောင်းကျိုးပေးသည် ဟု ယုံကြည်စိတ်ရှိမှသာလျှင် ဗုဒ္ဓ ဘာသာဝင် ဖြစ်နိုင်သည်။ ဤကဲ့ သို့ ကံနှင့်ကံ၏အကျိုးတို့ကို သိမြင် ယုံကြည်ခြင်းမှာ မှန်ကန်သောအယူအမြင် ဖြစ်သည်ဟု ဘုရားရှင် ဟောကြားတော်မူ၏။ ပါဠိအားဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟု ခေါ်သည်။ ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိသည် ဟုယူသော အယူမှန်ဟု အဓိပ္ပာယ်ရ၏။ မြတ်စွာဘုရားသည် သတ္တဝါ တို့တွင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည့်အကြောင်းကို တောဒေယျ ပုဏ္ဏား၏သားဖြစ်သူ သုဘလုလင် အား - လုလင် . .သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကြ၏။ ကံက ပေးသော အမွေကို ခံယူကြရ၏။ ကံသာလျှင် ဆင်းရဲကြောင်း ချမ်းသာကြောင်း ဖြစ်၏။ ကံသာလျှင် ဆွေမျိုး ဖြစ်၏။ ကံသာလျှင် အားကိုး အားထား ကိုးကွယ်ရာရှိ၏။ ကံသာလျှင် သတ္တဝါတွေကိုအယုတ်အမြတ် ဖြစ်အောင် ဝေဖန် ဖန်တီးပေး၏။ဟု ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မ ဝိဘင်္ဂသုတ်၌ ဟောကြားထားပါသည်။ ဤဘုရားဟော တရားတော်တွင် ကံကပေးသော အမွေကို ခံယူကြရ၏။ ကံသာလျှင် အားထား ကိုးကွယ်ရာ ရှိ၏ ဟူသော အချက် နှစ်ချက်အရ ရှေးမြန်မာ ပညာရှင်ကြီးများက ကံကို အမိအဖတို့နှင့် ခိုင်းနှိုင်းလျက် ကံသာအမိ ကံသာ အဖဟု ဆုံးမလမ်းညွှန်ခဲ့ခြင်း ဖြစ်လေသည်။ သားသမီး ဆိုသူများမှာ မိဘတို့ ပေးသော အမွေကို ခံယူကြရသူများ ဖြစ်၏။ မိဘနှစ်ပါးသာ အားထားကိုးကွယ်ရာ ရှိ၏။ ထို့အတူ သတ္တဝါတို့မှာလည်း ကံက ပေးသော အမွေကို ခံယူကြရ၍ ကံသာလျှင် အားထားကိုးကွယ်ရာ ရှိကြ၏။ဤသို့ အမွေခံအမွေပေးခြင်း စသည်တို့ တူညီကြသောကြောင့် သတ္တဝါများ နှင့် သားသမီး၊ ကံနှင့် မိဘနှစ်ပါး တို့ကို နှိုင်းတု၍ ဖော်ပြသော စကားပုံကို ဆိုခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် မိမိ တို့ကို အမွေပေးမည့် ကံ၊ မိမိတို့ ကိုးကွယ် အားထားရမည့် ကံ၏ အကြောင်း တို့ကိုနားလည်ထားသင့်ကြလေသည်။ မိမိတို့ လက်ခံ ယုံကြည်ထားသည့်ပုဗ္ဗေကတဟေတု ဒိဋ္ဌိ ခေါ် အယူမှားသို့ ရောက်သွားနိုင် သောကြောင့်ဖြစ်၏။ သုဘလုလင်အား ဟောကြားခဲ့သည့် ဘုရားရှင်၏ ကမ္မဝါဒ၌ ကံ ဆိုသည်မှာ လွန်ခဲ့သောဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခု လက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးပင် ဖြစ်၏။ ဤကံနှစ်မျိုးစလုံးကို အားကိုးယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်နိုင်သည်။ အချို့သော ဗုဒ္ဓဘာသာဝင် ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် အတိတ်ကံကို အလွန်အစွဲသန်ကြ၏။ မည်သို့ သောအကြောင်းကိစ္စမဆို အတိတ်ကံကိုချည်း ပုံချကြသည်။ လက်ရှိ ဘဝ၌ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါထူမှု၊ ပညာရှိမှု၊ ပညာမဲ့မှု စသော ဖြစ်ပျက်သမျှ အားလုံးတို့သည် ရှေးဘဝက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်ကြသည်ဟု အယူရှိကြသည်။ ထိုသို့သောပုဂ္ဂိုလ်များကား ကံ နှင့်ပတ်သက်ရာ၌ တစ်ဘက်စွန်း ရောက်သောပုဂ္ဂိုလ်များဖြစ်သည်။ ပစ္စုပ္ပန်အကြောင်းကံကို လုံးဝပယ်ထား၍ အတိတ်ကံ အကြောင်း တစ်ခုကိုသာ လက်ခံ ယုံကြည်သောကြောင့် ပစ္စုပ္ပန်အကြောင်း တစ်ဘက်ကိုပယ်သော အယူဝါဒ (ဧကပက္ခဟိနဝါဒ) ရှိသူများ ဖြစ်၏။ ထို အယူဝါဒ ရှိသူများသည် ဒိဋ္ဌိကြီး သုံးမျိုးတွင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ခေါ် မိစ္ဆာဒိဋ္ဌိများဖြစ်ကြောင်းကို တိကအင်္ဂုတ္တိုရ်ပါဠိတော်၊ တိတ္ထာ ယတနသုတ်၌ မြတ်စွာဘုရား ဟောကြားတော် မူပေသည်။ ပုဗ္ဗေ ကတဟေတုဒိဋ္ဌိ ဆိုသည်မှာ နိဂဏ္ဌတက္ကတွန်းတို့ကဲ့သို့ ဖြစ်ဖြစ်သမျှ ပြုပြုသမျှ ရှေးအတိတ်ကံကြောင့်ချည်း ဖြစ်သည်ဟု မှားယွင်းစွာယူမှုမျိုး ဖြစ်သည်။ ပုဗ္ဗေ = ရှေးအတိတ်ဘဝများက ကတ =ပြုခဲ့သော ဟေတု=ကံ ဟူသောအကြောင်းကြောင့်ချည်းဖြစ်သည့် ဒိဋ္ဌိ =အယူအမြင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သူသည် ရှေးကံက တိုက်တွန်းသောကြောင့် သတ္တဝါတို့သည် သူတစ်ပါး အသက်ကို သတ်ကြရ၏။ သူတစ်ပါး ဥစ္စာကို ခိုးယူကြရ၏။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြရ၏။ လိမ်လည်ပြောဆိုကြရ၏။ ကြမ်းတမ်းသော စကားကို ပြောဆိုကြရ၏။ အကျိုးမရှိ ပေါ့ပျက်သော စကားသာ ပြောဆိုကြရ၏။ သူတစ်ပါး စည်းစိမ်ကို မတရား ကြံစည်ကြရ၏။ ညှဉ်းဆဲလိုသောစိတ် ရှိကြရ၏။ လွဲမှားသော အတ္တကို ယူကြရ၏ ဟု တစ်ဘက်စွန်း ရောက်သောအယူကို ယူ၏။ ထိုသို့ယူဆသဖြင့် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိအယူ ရှိသူများအဖို့ သူတော်ကောင်း ဖြစ်ကြောင်း၊ သူတော်ကောင်းတို့၏ တရားကို နာကြားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ တရားအားလျော်စွာ ကျင့်ခြင်း စသည်တို့သည် အကျိုးမပွား အလကားတရားတို့သာ ဖြစ်သွားကြ၏။ အကြောင်းမှာ လူလိမ္မာ သူတော်ကောင်း ဖြစ်ခြင်း နှင့် လူမိုက်၊လူယုတ်မာ ဖြစ်ခြင်း တို့သည် ရှေးကပြုခဲ့သော ကံ အကြောင်းတရား များကြောင့်သာ ဖြစ်သည်။အခြား အကြောင်းတစ်ပါး မရှိဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ ကို အမြတ်တနိုး အားကိုး ယုံကြည်သော သူတို့အား ပြုသင့် ပြုထိုက်သည့် ကောင်းမှု တို့ကို ပြုကျင့်ကြမည်။ မပြုသင့် မပြုထိုက်သည့် မကောင်းမှုတို့ကို ရှောင်ကြဉ်ကြမည် ဟူသော စိတ်ကောင်းဆန္ဒ၊ ဝီရိယတို့ မဖြစ်နိုင်ကြတော့ပေ။ အဘယ်ကြောင့် ဆိုသော် ပြုထိုက်သည်ကိုပြုခြင်း၊ မပြုထိုက်သည်ကို ရှောင်ရှားခြင်း တို့မှာ စိတ်ကောင်း ဆန္ဒ, ဝီရိယ တို့ကြောင့် ဖြစ်သည် မဟုတ်။ ရှေး အတိတ်ကံကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ဤသို့ ပုဗ္ဗေကတဟေတုအတ္တ ဝါဒ ရှိသူတို့သည် ပစ္စုပ္ပန်ကံကို လုံးဝမျက်ကွယ်ပြုထားသဖြင့် မျက်မှောက်၌ ကောင်းမှုကိစ္စများကို ဆောင်ရွက်လိုစိတ်နှင့် ဆောင်ရွက်မှုများမရှိသကဲ့သို့ မကောင်းသော ဒုစရိုက်များကို ရှောင်ရှားလိုစိတ်နှင့် ရှောင်ရှားမှုတို့ မရှိတော့ဘဲ ဖြစ်မှု ပျက်မှု၊ ကောင်းမှုဆိုးမှု အားလုံးတို့မှာ အတိတ်ကံလက်ချက်ချည်းသာ ဟု အတိတ်ကံကိုချည်း ပုံချနေကြသဖြင့် တစ်ဘက်စွန်း ရောက်၍ မှားသောအတ္တဝါဒဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူထားလေသည်။ အတိတ်ကံကိုသာ ယုံကြည်၍ ပစ္စုပ္ပန်ကံများကို လုံးဝ မျက်ကွယ်ပြုထားမည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် လူ့လောက၌ ကြာရှည်စွာရပ်တည် နိုင်မည် မဟုတ်ပေ။ အယုတ်ဆုံး အားဖြင့် ထမင်းစားနေစဉ်အခါ၌ပင် ထမင်းလုတ်ကို လက်ဖြင့် ယူ၍ ခံတွင်းသို့ထည့်ခြင်း အလုပ်ကို လည်း ပစ္စုပ္ပန်ကံဟု ဆိုရသည်။ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ လျောင်းမှု ဟူသော ဣရိယာပုထ် အလုပ်ကြီးသော်လည်း ပစ္စုပ္ပန်ကံ ဖြစ်သည်။ ဣရိယာပုထ်လေးပါးတို့ကို ပြောင်းလဲ လုပ်ကိုင်သဖြင့် ရရှိသော ကျန်းမာခြင်း စသည့်အကျိုးများကိုလည်း ပစ္စုပ္ပန်ကံ၏အကျိုးဟုဆိုရ၏ ဟု လယ်တီဆရာတော် ဘုရားကြီး မိန့်ကြားထား၏။ အမှန်စင်စစ် လောက၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါရမှု- စသော ကောင်းကျိုး ဆိုးပြစ်များ သည် အတိတ်ဘဝက ပြုလုပ်ခဲ့သည့် အတိတ်ကံသက်သက်ချည်း မဟုတ်။ မျက်မှောက်ဘဝတွင် “ဉာဏ်” ဦးဆောင်သည့် ကြိုးစားအားထုတ်မှု ဝီရိယကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ကံသည်လည်း အရေးပါသော အကြောင်းအရာ တစ်ခု ဖြစ်သည်။ ပုဗ္ဗ ပုညံ၊ ကောင်းမှုကံလျှင်၊ အခံရှိထ၊ ရှေးကမ္မထက်၊ လုံ့လ ပညာ၊ နှစ်ဖြာပင့်ထောက်၊ သမ္မာလှောက်၍၊ မီးတောက်လေကူ၊ ဟူ၏ ပမာ၊ များမကြာခင်၊ ပညာဥစ္စာ၊ ကြီးပွားရာ၏-ဟူသော မန်လည် ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်အတိုင်း ရှေးအတိတ်ကံကို မီး တောက် လေကူသည့်သဘောဖြင့် ပစ္စုပ္ပန်ကံက ကူညီမှ အကျိုးတရား ဖြစ်ပွား ပေါ်ပေါက်နိုင်ပေ၏။ပဝတ္တိအခါ၌ အတိတ်ကံများမှာ ပစ္စုပ္ပန် ကံ၏အကူအညီ မရပါက အနည်းငယ်မျှ လောက်သာ အကျိုးပေးနိုင်၏။ များသောအားဖြင့် လုံးဝအကျိုး မပေးနိုင်တတ်ကြချေ။ ဤအကြောင်းနှင့် ပတ်သက်၍ မဟာဇနကမင်းသား ဇာတ်သည် ထင်ရှားသောသာဓက ဖြစ်သည်။ အလောင်းတော် မဟာဇနက မင်းသားသည် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ခုနစ်ရက် ပတ်လုံး မလျှော့သော လုံ့လဝီရိယဖြင့် ကြိုးစားကူးခတ်ခဲ့ရာ မေခလာ နတ်သမီး ကယ်သဖြင့် အသက် ဘေးမှ လွတ်မြောက်ခဲ့သည့်အပြင် မူလ ရည်မှန်းချက်အတိုင်း မင်း အဖြစ်ကိုပင် ရရှိခဲ့သည်။ အလောင်းတော် ဇနကနှင့် အတူပါလာသော သင်္ဘောသားများ ကား ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန် ကံကို မပြုကြသဖြင့် သမုဒ္ဒရာရေ တွင်နစ်လျက် သေပွဲ ဝင်ကြရသည်။ ဤဇာတ်ဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် အတိတ်ကံကိုချည်း အားကိုး အားထားပြုခဲ့ပါမူ အခြားသင်္ဘောသားများနည်းတူ ပင်လယ်သမုဒ္ဒရာရေအလျဉ်ကြောဝယ် နစ်မျော သေဆုံးဖွယ်ရာ ရှိ၏။ ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန်ကံ ကူညီ၍သာ အသက်ဘေးမှ လွတ်မြောက်လာရခြင်း ဖြစ်သည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ရခြင်းသည်ကား အတိတ်ကံ၏ ကိစ္စဖြစ်သည်။ ပစ္စုပ္ပန်ကံ၏အကူအညီ မပါဘဲ အတိတ်ကံ သက်သက်ကြောင့် ဖြစ်ပေါ်ရသော အကျိုးတရားများကား အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့၌ ပဋိသန္ဓေလေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ပဋိသန္ဓေနေ၍ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲသားများနှင့် လူ၊ နတ်၊ဗြဟ္မာ သတ္တဝါများ အသီးသီး ဖြစ်လာရခြင်း သည်လည်းကောင်း၊ ထိုသို့ဖြစ် ကြရာ၌လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ခြင်း၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းများသည် လည်းကောင်း၊ ပဋိသန္ဓေတည် နေချိန်မှစ၍ မျက်စိ၊ နား၊ နှာခေါင်း စသည်တို့၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ပဋိသန္ဓေပညာ၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ကြွင်းသော အင်္ဂါကြီးငယ်၊ တင့်တယ်သော ရုပ်လက္ခဏာတို့နှင့် ပြည့်စုံမှု၊ မပြည့်စုံမှု စသည်တို့သည် လည်းကောင်း၊ အတိတ်ဘဝက ပြုလုပ်ခဲ့သော ကောင်းမှုကံ မကောင်းမှုကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး တရားများသာ ဖြစ်သည်။ ထို့အပြင် ဇောတိက၊ ဇဋိလ၊ မေဏ္ဍက စသောသူဌေးတို့မှာ မြေကြီးမှ ပတ္တမြားပြာသာဒ်ထွက်ပေါ်ခြင်း၊ အတောင်ရှစ်ဆယ် ရှိသော ရွှေတောင်ပေါက်ခြင်း၊ ရတနာခုနစ်ပါးဖြင့်ပြီးသော ဆိတ်ရုပ်ကြီးပေါ်လာခြင်း တို့သည် လည်းကောင်း၊ လောသကတိဿမထေရ်အား ပရိနိဗ္ဗာန်စံသည်အထိ ဆွမ်းဝအောင် ဘုဉ်းမပေးရခြင်း၊ အရှင်မဟာမောဂ္ဂလာန်မထေရ်အား ခိုးသား ငါးရာ သတ်၍ ပရိနိဗ္ဗာန်စံရခြင်း စသော ဝဋ်ကြွေးတို့သည် လည်းကောင်း ရှေးအတိတ်ကံ သက်သက်ကြောင့် ဖြစ်သော အကျိုးများ ဖြစ်သည်။ သတ္တဝါ တစ်ဦးတစ်ယောက် ပဋိသန္ဓေနေခိုက်မှာ မိဘတို့ ပိုင်ဆိုင် သော လယ်၊ ယာ၊ မြေ၊ ရွှေ၊ ငွေ၊ ရတနာ စသော ပစ္စည်းတို့ကို အမွေစားအမွေခံ အဖြစ်ရရှိနိုင်ခြင်းသည်လည်း အတိတ်ကံက ပေးသောအကျိုးပင် ဖြစ်၏။ ပစ္စုပ္ပန်ကံ နှင့် တစ်စုံတစ်ရာမျှ မသက်ဆိုင်ချေ။ အချုပ်အားဖြင့် ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ထိုက်သင့်သမျှ ရရှိခံစားရသော အကျိုးဟူသမျှကို အတိတ်ကံ၏ အကျိုး ဟု မှတ်ယူရမည်။ သို့ရာတွင် လက်ရှိဘဝ၌ စီးပွား ဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း၊ အသက် ရှည်ခြင်း၊ အနာရောဂါကင်းခြင်း -စသော အကျိုးတရားများ ဖြစ်လာရခြင်းသည် အတိတ်ကံသက်သက် မဟုတ်ချေ။ လယ်ယာ ထွန်ယက် စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များ မွေးမြူခြင်း၊ ကုန်စည်ရောင်းဝယ် ဖောက်ကားခြင်း၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ ရပ်များကို သင်ကြားခြင်း၊ ကိုယ် လက်လှုပ်ရှား ပြုလုပ်ခြင်း၊ မိမိနှင့် သင့်လျော်မည့် အစားအစာများကိုသာ မှီဝဲခြင်း၊စားသည့်အခါ၌လည်း အတိုင်းအရှည် ကြည့်၍ စားခြင်း၊ သင့်လျော်သည့် ဓာတ်စာဆေးဝါးများကို စားခြင်း၊ ဣရိယာပုထ် မျှတအောင် နေထိုင်ခြင်း - စသော ပစ္စုပ္ပန်ကံ၏ အထောက်အကူပြုမှုကြောင့် ထိုအကျိုးတရားများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။ ထို့အတူ လက်ရှိဘဝ၌ ပျက်စီး ၊ဆုတ်ယုတ်မှု အမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်းသည်လည်း ပစ္စုပ္ပန် အကုသိုလ်ကံ၏ အကူအညီရသောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ အတိတ်ကံကို ယုံကြည်ပြီး မီးပုံထဲသို့ ခုန်ဆင်းလျှင် မီးလောင်ခံရမည်။ ကျားပေါသည့်တောထဲသို့ သွားလျှင်လည်း ကျားဆွဲခံရမည်သာ ဖြစ်၏။ ထို့ကြောင့် - ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံ အတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။ လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွတည်း။ ဟု မန်လည်ဆရာတော် ဘုရားကြီးက ဆုံးမတော်မူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ကံ ဟူသော အရာ၌ အတိတ်ကံ တစ်မျိုးတည်း ကိုသာ မယူဘဲ၊ အတိတ်ကံ၊ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူခြင်းသည်သာ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ ကမ္မဝါဒဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓဘာသာ ကမ္မဝါဒီတို့သည် လက်ရှိဘဝ၌ အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ကံကို အားကိုး ယုံကြည်မှသာ မဇ္ဈိမ ပဋိပဒါ လမ်းဖြောင့် လမ်းမှန်သို့ရောက်၍ သမ္မာဒိဋ္ဌိအယူရှိသော ဗုဒ္ဓဘာသာ လူမျိုးအစစ် ဖြစ်နိုင်ကြပေမည်။ ထိုသို့မဟုတ်ဘဲ ဖြစ်ဖြစ်သမျှ ၊ ပြုပြု သမျှမှာ ရှေးဘဝကပြုခဲ့သည့် ကံကြောင့်သာဟု ယူဆခဲ့ပါလျှင် နိဂဏ္ဌတက္ကတွန်းတို့ယူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိသို့ ဝင်ရောက်သွားမည်ကို သတိပြုစရာ ကောင်းလှသည်။ အတိတ်က ပြုခဲ့သည့် ကံများ မှာ ကောင်းသည် ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ၊ အတိတ်ကံအတွက် ဆောင်ရွက်ဖွယ် စိုးစိမျှမရှိတော့ပြီ ဖြစ်၍ အတိတ်ကံကို ပဓာန မပြု၊ လျစ်လျူရှုထားပြီး ယခုလက်ရှိဘဝ၌ ပြုလုပ်၍ရနိုင်သော ပစ္စုပ္ပန်ကံ ကောင်းရန်အတွက်သာ ဉာဏ်နှင့် ယှဉ်၍ကြိုးစားအားထုတ်ကြရမည် ဖြစ်သတည်း။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 【ဥက္ကလာမြင့်သန်းအောင်】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/568-2016-06-18-07-33-49.html
“ဗြဟ္မာနတ်ပြည် စေတီတည်”
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ “ဗြဟ္မာနတ်ပြည် စေတီတည် မည်သည့်အုတ်နှင့် တည်လိမ့်နည်း” ဟု အမေးစကား ကြားသာ ကြားဖူးရာ အဖြေမသိဘဲ ဖြစ်နေပါသောကြောင့် ဖြေကြားပေး စေလိုပါသည် ဘုရား။ (အရှင်ဝိမလသာရ) “စူဠာမဏိစေတီ” ••••••••••••••••••••••••••••••• တောထွက်လာတဲ့ အလောင်းမင်းသိဒ္ဓတ်ဟာ အနောမာ မြစ်ကမ်းကို ရောက်တော့ ပါလာတဲ့ သန်လျက်နဲ့ ဥသျှောင်နှင့်တကွ ဆံထုံးကို အရင်းက ဖြတ်လိုက်တယ်။ အဲဒီ သျှောင်ထုံးကို “ငါသည် ဗုဒ္ဓ ဧကန် ဖြစ်မယ်ဆိုရင် ဒီဆံပင် မြေကြီးပေါ် ပြန်မကျပါစေနဲ့”လို့ အဓိဋ္ဌာန်ပြီး မိုးပေါ်ကို မြောက်တင်လိုက်ရာမှာ သိကြားမင်းက ဗုဒ္ဓလောင်းလျာရဲ့ သျှောင်ကေသာကို တာဝတိံသာ နတ်ပြည်ကိုယူသွားပြီး စူဠာမဏိစေတီ တည်တယ်။ သုံးယူဇနာ မြင့်တယ်။ရတနာခုနစ်ပါးနဲ့တည်တယ် (ဗုဒ္ဓဝံသ-ဋ္ဌ၊ ၃၂၂)။ မြင်းမိုရ်တောင်ရဲ့ထိပ်မှာ ဣန္ဒနီလာကျောက်နဲ့ တည်တယ်။သုံးယူဇနာ မြင့်တယ်။ (ထူပဝံသ၊ စာ ၁၆။ ဒါဌာဝံသ ၃၅ ဂါထာ)။ တာဝတိံသာ နတ်ပြည်မှာ တည်တယ်။ ယူဇနာသုံးဆယ် မြင့်တယ်။ (ဇိနာလင်္ကာ-ရ-ဋီ၊ စာ ၂၆၁)။ “ဒုဿစေတီ” ••••••••••••••••••••••••••••••• ပဒုမုတ္တရဘုရား လက်ထက်က အချစ်ဆုံး သူငယ်ချင်းဟောင်း ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာ (ဒီဗြဟ္မာက အနာဂါမ်ဖြစ်ပြီးသား၊အဝိဟာဘုံမှာ နေတယ်။ သံ ၁၊၈၅။ မ ၂၊ ၂၄၂) ယူလာတဲ့ ပရိက္ခရာ ရှစ်ပါးထဲက သင်္ကန်းကို ဝတ်ရုံပြီး မင်းသိဒ္ဓတ် ရဟန်းအသွင်ကို ယူလိုက်တယ်။ အဲဒီနောက် မင်းဝတ်စုံကို ကောင်းကင်သို့ မြှောက်တင်လိုက်ရာမှာ ဃဋိကာရဗြဟ္မာကြီးကပဲ ဒီဝတ်စုံကို ယူသွားပြီး ဗြဟ္မာ့ပြည်မှာ ဒုဿစေတီ တည်တယ်။ရတနာမျိုးစုံနဲ့ တည်တယ်။ ဆယ့်နှစ်ယူဇနာ မြင့်တယ်။ (ဗုဒ္ဓဝံသ-ဋ္ဌ၊ ၃၂၃။ ထူပဝံသ၊ စာ ၁၆)။ အခါတစ်ပါး အဘိညာဉ် တန်ခိုးရှင် အရှင် ဘဒ္ဒဇိမထေရ်ဟာ ဗြဟ္မာ့ပြည်က ဒုဿစေတီကို ထန်းတစ်ဖျား အမြင့်ရှိတဲ့ အရပ်ထိ လူ့ပြည်ကို တန်ခိုးနဲ့ ယူလာပြီး လူပရိသတ် ရဟန်းပရိသတ်ကို မြင်အောင် ပြဖူးသတဲ့ (မဟာဝံသ၊ ၃၃း၁၁)။ “ကမ္မဇစေတီ” ••••••••••••••••••••••••••••••• နတ်တွေ ၊ ဗြဟ္မာတွေဆိုတာ ကံကြောင့်ဖြစ်တဲ့ ကမ္မဇဗိမာန် ကိုယ်စီမှာ နေကြတယ်။ ဗြဟ္မာတွေက ကာမစည်းစိမ်ကို မခံစားကြဘူး။ နတ်တွေကတော့ ကာမစည်းစိမ်ကို ခံစားကြတယ်။ နိမ္မာနရတိ နတ်တွေလို အချို့နတ်တွေဟာ ရှိမြဲ စည်းစိမ်ထက် ပိုပြီး ခံစားလိုတဲ့အခါ ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ ဖန်ဆင်းပြီး၊စည်းစိမ် ခံစားကြတယ်။ နတ်တို့သနင်း သိကြားမင်းဟာ ဆင်စီးလိုတဲ့အခါ နတ်သားတစ်ယောက်က ဆင်လို ဖန်ဆင်းပြီး ပို့ဆောင်ပေးရတယ်။ နတ်တွေ ၊ ဗြဟ္မာတွေရဲ့ သဘာဝက အဲဒီသဘောမျိုး ရှိပါတယ်။ ဒါကြောင့် ဗြဟ္မာ့ပြည် ၊ နတ်ပြည်တွေမှာ လူ့ပြည်မှာလို စေတီကို အုတ်နှင့် တည်စရာ မလိုပါဘူး။ မိမိတို့ အလိုရှိသလို ရတနာမျိုးစုံနဲ့၊ ဒါမှမဟုတ် ဣန္ဒနီလာကျောက်နဲ့ လိုသလောက် အမြင့်ပမာဏနဲ့ ဖန်ဆင်းပြီး အဲဒီ နိမ္မိတ (ဖန်ဆင်းထားတဲ့) ထူပထဲမှာ မင်းသိဒ္ဓတ်ရဲ့ သျှောင်ကေသာတွေ ဝတ်ရုံတွေကို ထည့်သွင်းပြီး ပူဇော်ကိုးကွယ်ကြတယ်လို့ ယူနိုင်ပါတယ်။ “ကမ္မဇစေတီ” လို့ ခေါ်နိုင်ကောင်းပါတယ်။ ၁။ ဗြဟ္မာနတ်ပြည် စေတီတည် အုတ်သည် မလိုတည်း။ ၂။ ကံကြောင့်ဖြစ်သည် စိတ်ဖြင့်တည်၊စေတီထွန်းသတည်း။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ဆရာတော်အရှင်ကေလာသ၏ “ဓမ္မအမေးအဖြေများ”မှကူးယူပူဇော်ပါသည်။】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://www.dhammaransi.com/index.php/new/569-2016-06-18-07-32-09.html
စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ”
တစ်ခါတုန်းက ကဿပဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း a ပန်းနံ့သာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေး တစ်ယောက်လည်း ပါပါတယ်။ ပန်းပူဇော်သူတွေ ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတွေ မညီမညာဖြစ်နေတာ တွေ့ရတဲ့ အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ်။ ဒါတင်မကပါဘူး။ သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ပြီး၊ အဲဒီပူဇော်မှုကိုပဲ အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ်။ ဂုဏ်တော်ပွားတဲ့အခါ စိတ်က ကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ပြုထားတဲ့ ကောင်းမှုကို နှလုံးသားထဲမှာ ထည့်ထားလိုက်ပါတယ်။ သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့ ကုသိုလ်ကံကြောင့် တာဝတိ ံသာနတ်ပြည်မှာ “သုနိက္ခိတ္တနတ်သား”ရယ်လို့ ဖြစ်ရပါတယ်။ မြန်မာလိုပြောရင်တော့ “ကောင်းကောင်းထား”ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ်တဲ့။ ဂေါတမမြတ်စွာဘုရားရင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် တာဝတိံသာနတ်ပြည်ကို ရောက်လာပြီး ဘယ်လို ကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေ ရတာလဲလို့ ကောင်းကောင်းထား နတ်သားကို မေးတော်မူပါတယ်။ ဒီတော့ နတ်သားက “ တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။ အဲဒီကုသိုလ်ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရတာပါဘုရား” လို့ ပြန်လျှောက်ပြပါတယ်။ ရှင်မဟာမောဂ္ဂလာန်က လူ့ ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ပါတယ်။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိသတ်ကို ပြန်ဟောပြပေးတော်မူပါတယ်။ မြတ်စွာဘုရားရဲ့တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ငါတို့လည်း သုနိက္ခိတ္တနတ်သားလို ပိုက်ဆံ ကုန်စရာမလိုဘဲ သူများလှူတဲ့ ပန်းကို ကြည်ညိုဘွယ် ဖြစ်အောင်ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ်” လို့ နှလုံးသွင်းပြီး စေတီတော်ကို ရောက်တဲ့အခါ သူများတင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ်။ အဲဒီကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက် ကြရပါတယ်တဲ့။ 【၀ိမာနဝထ္ထုအဋ္ဌကထာ၊ သုနိက္ခိတ္တဝတ္ထု】 ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီဝတ္ထုလေးကို ထုတ်ပြလိုက်တာပါ။ပင်ကိုယ်အားဖြင့် သူ့ရဲ့ စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေပြုပြင်နေတဲ့ အချိန်မှာ ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့စိတ်လည်း ရှိမနေခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင် ဆရာကြီးလုပ်ချင်တဲ့စိတ် ရှိမနေခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့ လုပ်ခဲ့တာပါ။ပြီးတော့ ပိုက်ဆံလည်း မကုန်ခဲ့ပါဘူး။ ကုသိုလ်များ ရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။စေတီကနေ အိမ်ပြန်လာတဲ့အခါ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ဘယ်လောက်စိတ်ချမ်းသာနေမယ်ဆိုတာ တွေးကြည့်တဲ့သူတောင် စိတ်ချမ်းသာရတာပါ။ စာရေးသူက စိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…..? တချို့ ကျတော့ စိတ်ချမ်းသာကြပါတယ်။ တချို့ ကျတော့ စိတ်မချမ်းသာကြပါဘူး။ အဖြေကတော့ တိုတိုပါပဲ။ ကိုယ့်ရင်ထဲမှာ “အကုသိုလ်စိတ်တွေ”ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။ကိုယ့်ရင်ထဲမှာ “ကုသိုလ်စိတ်တွေ” ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။ တစ်ခါတလေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေ ကိန်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါနနဲ့ ယှဉ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်၊ ဝေယျာဝစ္စပရဟိတနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဂုဏ်တော်၊ မေတ္တာ၊ ၀ိပဿနာနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။ ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ် တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊ဣဿာမစ္ဆရိယပဲ ဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။ တကယ်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင် “ ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေရတာပဲ” ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေ လိုက်ပါ။ ဖြစ်နေတဲ့ အကုသိုလ် စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ်၊ ငါးမိနစ်-ဆယ်မိနစ်ပဲ ဖြစ်ဖြစ် အချိန်ကလေးယူပြီး ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိနေလိုက်ပါ။ သိပါ သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့ အကုသိုလ်က သိပ်ပြီး ကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။ သိပါများများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။ ဒါက “စိတ္တာနုပဿနာ”ခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။ ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခု ဝင်လာရင် အဲဒီအကုသိုလ်စိတ်ကို ဉာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို သေချာထုံထားလိုက်ပါ။ ကြာလာရင် ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။ ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူး ဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး “အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်။ ရုပ်ကိုလည်း ပူလောင်စေတယ်” လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ ဆင်ခြင်မှုကို အသိဉာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။ ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းက လက်မခံသေးဘူး ဆိုရင်တော့ အကုသိုလ် မထွက်သေးပါဘူး။ ဆင်ခြင်မှု တွေများလာတဲ့အခါ အသိဉာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေဝံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရတော့တာပါ။ ဆင်ခြင်တဲ့နေရာမှာ “ဘယ်သူတွေက၊ဘယ်တုန်းက၊ ဘယ်လိုပြုခဲ့လို့၊ဘယ်လိုဆိုးကျိုးတွေ ပေးသွားတာ” စသည့်ဖြင် ကိုယ်လက်တွေ့ တွေ့မြင်ခဲ့ရတာလေးတွေနဲ့ ယှဉ်ပြီး အကုသိုလ်ရဲ့ အကျိုးအပြစ်ကလေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင်ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ်ကြားဖူးထားတဲ့ အကုသိုလ် ဆိုးကျိုးဝတ္ထု ဇာတ်လမ်းတွေကို အာရုံပြုပြီး ဆင်ခြင်လို့လည်း ရပါတယ်။ အဓိကကတော့ ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ်ဆင်းရဲနေရတယ်ဆိုတာ သေချာ သိထားဖို့ပါပဲ။ သိထားပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအကုသိုလ် စိတ်ကလေးကို မလိုလားဘူးဆိုရင် ဆင်ခြင်ပြီးပဲပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့ လွယ်သွားတာ များပါတယ်။ တစ်ခုတော့ရှိပါတယ်။ အကုသိုလ်ပယ်ပုံနဲ့ ပတ်သက်လို့ အလေ့အထုံ နည်းနေသေးတယ်ဆိုရင်တော့ သူများထက် ပိုပြီး ထပ်ကာထပ်ကာလေး ဆင်ခြင် ဆင်ခြင် သိသိပေးနေရပါမယ်။ အလေ့အကျင့် လုပ်ပါများလာရင် အလုပ်က သင်သွားတာများပါတယ်။ ဆင်ခြင်လို့ ၊ သိလို့ အကုသိုလ်လေး ထွက်သွားတဲ့အခါ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတော့ ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်ကလေးတစ်ခု ရောက်လာအောင် လုပ်ရပါတယ်။ အလွယ်ဆုံးနည်းကတော့ အရဟံဂုဏ်တော်လေးကို ထပ်ကာထပ်ကာ ပွားနေလိုက်မယ်ဆိုရင်လည်း အလွယ်တကူ ကုသိုလ်စိတ်ကလေး ဝင်လာတာပါ။ အရဟံ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား လို့ ထပ်ကာထပ်ကာလေး ပွားနေလိုက်ပါ။ ဒါမှမဟုတ် အိမ်မှာရှိတဲ့ဘုရားကို ရေကပ်တာ၊ ပန်းကပ်တာတွေ လုပ်လိုက်ရင်လည်း ရပါတယ်။ လက်တွေ့ အသုံးချကြည့်လို့ ကိုယ်မျှော်လင့်သလို ဖြစ်သွားပြီဆိုရင် သိပ်ပျော်ရတာပါ။ နောင် အကုသိုလ်စိတ်ကလေး ဝင်လာလို့ စိတ်ဆင်းရဲ နေရတဲ့အခါပယ်ထုတ်ရမှာ ဝန်မလေးတော့ပါဘူး။ ဝင်လာတဲ့ အကုသိုလ်ကို ပယ်နည်းတွေက စာမှာ အများကြီးရှိနေတာပါ။ နည်းအများကြီးထဲကကိုယ့်အတွက် လွယ်တဲ့ နှစ်နည်းလောက်ကို လက်ကိုင်ထားလိုက်ရင် ရပါတယ်။ အကုသိုလ်ဝင်လာတဲ့အခါ ကိုယ့်အတွက် လွယ်တဲ့၊ကိုယ်လက်ကိုင်ထားတဲ့နည်းနဲ့ ပယ်ပယ်ထုတ်ထုတ်သွားဖို့ပါပဲ။ ဝင်လာတဲ့အကုသိုလ်ကို မပယ်ဘဲ မခွာဘဲ၊ ဒီအတိုင်းထားလိုက်ရင် အကုသိုလ်က တိုးတိုးပွားပွား လာတာ များပါတယ်။ ကိုယ့်ရင်ထဲမှာ အကုသိုလ်တိုးလေ တိုးတိုးပြီး စိတ်ဆင်းရဲရလေလေပါပဲ။ လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီး အရေးကြီးပါတယ်။ စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ်၊လောကုတ္တရာ အလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။ စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ကုသိုလ်နဲ့ အကုသိုလ်မှာ အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။ ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။ ဆိုလိုတာက ကုသိုလ် မဖြစ်ရင်နေပါစေ။ အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။ အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။ ဒီတော့ အကုသိုလ်စိတ် ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းက ဘာလဲ။ကုသိုလ်စိတ် ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းက ဘာလဲ။ စာပေအရပြောရရင်တော့ “အယောနိသော မနသိကာရ”ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ “ယောနိသောမန သိကာရ” ဖြစ်ရင် ကုသိုလ်စိတ်ဖြစ်ပါတယ်။ မြန်မာလို ပြောရရင်တော့ နှလုံးသွင်းမှားရင် အကုသိုလ်စိတ် ဖြစ်ပါတယ်။ နှလုံးသွင်းမှန်ရင် ကုသိုလ်စိတ် ဖြစ်ပါတယ်။ ဒါကိုထောက်ပြီး ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ အဓိကကျနေပါတယ်။ ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ ဖောက်ပြန်တဲ့အမူအရာ ပြနေဦးတော့ ကိုယ့်မှာ ယောနိသောမနသိကာရ ရှိနေရင် အကုသိုလ်စိတ် မဖြစ်တော့ပါဘူး။ အေးဆေးပါပဲ။ လူ ၃ ယောက် ရှိပါတယ်။ ❖ (၁)။ပထမတစ်ယောက်က ပင်ကိုယ်ပါရမီဓာတ်ခံ သိပ်အားကောင်းပါတယ်။ ဘယ်အာရုံဆိုးနဲ့ပဲတွေ့တွေ့ နှလုံးသွင်းမှန်နေတဲ့အတွက် သူ့ကိုကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ပါ။ ဘာမှမဖြစ်ပါဘူး။ တွေ့ဖူးကြမှာပါ။ ❖ (၂)။ဒုတိယတစ်ယောက်ကျတော့ ပင်ကိုယ် ဓာတ်ခံအားနည်းနေတဲ့အတွက် အာရုံဆိုးတစ်ခု တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားပြီး အကုသိုလ်စိတ် တန်းကနဲဖြစ်သွားပါတယ်။ ဒါပေမယ့် သူက နှလုံးသွင်းမှားတာကို ချက်ချင်းသိပြီး၊ ကိုယ့်ကိုယ်ကိုယ့် နှလုံးသွင်းမှန်အောင် ပြန်ပြီး ပြုပြင်ဆင်ခြင်ပြီး ယူပါတယ်။ နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ်တွေတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်ပေမယ့် ပြန်ပြုပြင်ယူလိုက်တော့ အကုသိုလ်စိတ်ဟာ ရင်ထဲမှာ အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဖြစ်ကျောရှည်မနေတော့ပါဘူး။ ❖ (၃)။တတိယတစ်ယောက်ကျတော့ အာရုံဆိုးတစ်ခုကို တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ်တွေ ဝင်လာပါတယ်။ ကိုယ်နှလုံးသွင်းမှားလို့ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတော့ဘဲ တစ်ဖက်က အာရုံဆီကိုပဲ စိတ်က ရောက်နေပြီး၊ အကုသိုလ်စိတ်တွချည်း ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။ “သူကငါ့ကို ဘယ်လိုပြောလိုက်တာ၊ ငါကလည်း ဘယ်လိုပြန်ပြောလိုက်တာ၊ အဲဒီအချိန်မှာ သူက အင်္ကျီပန်းရောင်လေး ဝတ်ထားတယ်။ငါက လှေကား လက်တန်းလေးကိုကိုင်ထားတယ်။” စသည်ဖြင့် ဖြစ်ပျက်သမျှ တွေကို အသေးစိတ်ပြန်ပြင်ယောင်ပြီး ထပ်ကာထပ်ကာ တွေးတွေးပြီး ခံစားနေတော့တာပါ။ ဒီလိုပါပဲ နောက်ရက် တွေမှာလည်း တွေးချိန် ရောက်လာတာနဲ့ “သူကငါ့ကို ဘယ်လိုပြောလိုက်တာ” စသည်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးတော့တာပါ။ ဖြစ်စတုန်းက ဒီလောက်မဟုတ်ပေမယ့် တွေးပါတွေးပါ များများလာတော့ အတွေးက အကုသိုလ်စိတ်ကို ပိုပိုတိုးတိုးသွားစေတော့တာပါ။ ကြာလာတော့ အာရုံဆိုးတစ်ခုတွေ့လို့ မကျေနပ်စိတ်ကို ပြန်ပြန်တွေးတတ်တဲ့ အထုံက ကိုရီးယားကား စွဲသလို စွဲသွားတော့တာပါ။အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာတော့ အတွေးက အားထုတ်စရာမလိုဘဲနဲ့ ပေါ်လာတော့တာပါ။ ဒီတော့ စိတ်ဆင်းရဲရပြန်ရော။ ကိုယ့်က တွေးတွေးပြီး စိတ်ဆင်းရနေရတဲ့အချိန်မှာ ဟိုတစ်ဖတ်သားက သိတောင်သိမှာမဟုတ်ပါဘူး။ လူသုံးမျိုးထဲမှာ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါရင်တောင် စိတ်ကို ပြန်ပြုပြင်ယူတဲ့ “ဒုတိယအမျိုးအစား” ထဲမှာ ပါအောင်တော့ ကြိုးစားရပါမယ်။ တကယ်လို့ တတိယအမျိုးအစားထဲမှာပါတယ်ဆိုရင်လည်း ဘာမှ အားငယ်စရာမလိုပါဘူး။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် လေ့ကျင့်ယူရင် ရတာပါပဲ။ အလေ့အကျင့်များလာတဲ့အခါ ဒုတိယအမျိုးအစားထဲမှာ ဝင်လာမယ်။ နောက် ဆက်လေ့ကျင်တဲ့အခါ ပထမအမျိုးအစားထဲမှာတောင် မယုံကြည်နိုင်လောက်အောင် ဝင်သွားတော့တာပါ။ အဲဒီ အထုံပါရမီဓာတ်ဟာ နောက်ဘဝအထိပါ ဆက်ပါ သွားတော့မှာပါ။ဝင်လာတဲ့ အကုသိုလ်ကို ပယ်တတ်သလို ပယ်ပယ်ပြီး နှလုံးသွင်းမှန်အောင်နေမယ်။ ကုသိုလ်လေးတွေ ဆက်ကာဆက်ကာ ပြုပြုပေးပြီး နေသွားမယ်ဆိုရင်တော့ စိတ်ဆင်းရဲလည်း ခဏသာ စိတ်ဆင်းရဲပြီး ကိုယ့်ရဲ့ စိတ်ကလေးက အချိန်များများ စိတ်ချမ်းသာနေတော့မှာပါ။ အဲဒီ စိတ်ချမ်းသာတဲ့ စိတ်ကလေးနဲ့ ၀ိပဿနာတရား အားထုတ်ဖြစ်လိုက်မယ် ဆိုရင်တော့…..။ ဒါက အကုသိုလ်စိတ်ဝင်လို့ သိပ်စိတ်ဆင်းရဲနေတဲ့သူ အတွက် ပြောတာပါ။ အဲဒီလောက်လည်း ကိုယ်က အကုသိုလ်စိတ် မဝင်ဘူး။ အဲဒီလောက်လည်း အရမ်းကာရော စိတ်ဆင်းရဲမနေဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကလေး အမြဲ ငြိမ်းအေးနေချင်တယ် ဆိုရင်တော့ နည်းတစ်မျိုးနဲ့ ထုံပွားကြည့်ရအောင်ပါ။ ဒီတော့ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…..? စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲကို “လောဘ၊ ဒေါသ၊ ဣသာမစ္ဆရိယ၊ ရာဂ၊ တဏှာ”စတဲ့ အကုသိုလ်တရားတွေ ဝင်လာလို့ပါ။ ဒီသဘောကို ကိုယ်က အရင် သဘောပေါက်ထားလိုက်ပါ။ ဒီတော့ မနက်အိပ်ယာထ နိုးတာနဲ့ “ငါ ဒီနေ့ သတိပဋ္ဌာန်ရယ်၊ နမောတဿရယ်နဲ့ ငါ့စိတ်ကလေးကို ငြိမ်းအေးအောင် နေမယ်” လို့ သုံးခါလောက် စိတ်ထဲကနေ အဓိဋ္ဌာန်လိုက်ပါ။ အိပ်ရာထကတည်းက သတိပဋ္ဌာန်လေးနဲ့ ထလိုက်ပါ။ ရေချိုးခန်းဝင်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ မျက်နှာသုတ်တာ၊ ခြေလှမ်းလှမ်းတာ၊ ခြင်ထောင်သိမ်းသာ၊ စောင်ခေါက်တာ၊ မီးဖိုချောင်ဝင်တာ စသည်တွေကို သိသိနေလိုက်ပါ။ တကယ်လို့ မှတ်ရတာ ကြာလာလို့ နည်းနည်းငြီးငွေ့လာရင် နမောတဿကို လှည့်ပွားနေလိုက်ပါ။ နမောတဿပွားလို့ အားရလာတဲ့အခါ သတိပဋ္ဌာန်ကို ပြန်မှတ်ပါ။ သတိပဋ္ဌာန်လေးနဲ့ နေလိုက်၊ နမောတဿလေးနဲ့ နေလိုက်နဲ့ သေချာ သတိကပ်ပြီး နေနေလိုက်ပါ။ သတိပဋ္ဌာန်လေးနဲ့ နေနေတဲ့အချိန်၊ နမောတဿပွားနေတဲ့ အချိန်လေးမှာ လောဘ၊ ဒေါသ စတဲ့ အကုသိုလ် တရားတွေ မဝင်ပါဘူး။ အဲဒီ အကုသိုလ်တရားတွေ မဝင်ရင် စိတ်ကလေး ငြိမ်းအေးနေတော့တာပါ။ တစ်နေ့လုံး မကျင့်နိုင်ရင်တောင် မနက်ပိုင်းလေးမှာတော့ အချိန်လေးသတ်မှတ်ပြီး ကျင့်ကြည့်စေချင်ပါတယ်။ ကျင့်စမှာ နည်းနည်းခက်ချင် ခက်မယ်။ ကျင့်ပါ များလာရင်တော့ မှတ်ရ၊ပွားရတာလွယ်သွားပါလိမ့်မယ်။ ၀ိပဿနာဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ တွေ့မြင်ပါမှ ၀ိပဿနာ စစ်စစ်ဖြစ်တာပါ။ ဒါပေမယ့် သွားရင်သွားတယ် လို့ သိနေတဲ့အချိန်မှာ၊ သောက်ရင်သောက်တယ်လို့ သိနေတဲ့အချိန်မှာ သတိ ဖြစ်နေတဲ့အတွက် အကုသိုလ်စိတ်ကလေးတွေက မဝင်ပါဘူး။ မဝင်တဲ့အတွက် စိတ်ကလေးက ငြိမ်းအေးနေတော့တာပါ။ ဒီလောက် ဆိုရင်ပဲ ကိုယ့်အတွက် တော်တော်လေး ဟုတ်နေပါပြီ။ ဒါလေးကို စမ်းပြီးတော့ ကျင့်ကြည့်စေချင်ပါတယ်။ စိတ်ကလေး ငြိမ်းအေးနေစေချင်လို့ပါ။ သိပ်ပြီး ခက်လှတဲ့ ကျင့်စဉ်လည်း မဟုတ်ပါဘူး။ တချို့ စိတ်ဆင်းရဲမှုတွေဟာ တွေးလို့ ဖြစ်ရတာပါ။ တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဆင်းရဲစရာတစ်ခု တွေးမိလိုက်တာနဲ့ “တွေးတယ်၊ တွေးတယ်” လို့ မှတ်ချက်လိုက်ပါ။ “တွေးတယ်၊ တွေးတယ်” လို့ သိချလိုက်ပါ။ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း နမောတဿကို အားရသလောက် ပွားချပစ်လိုက်ပါ။ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါ။ သေရင်တောင် အားလုံးကို ထားခဲ့ရဦးမှာဆိုတော့ သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် ကျန်တဲ့ စိတ်ညစ်စရာ ဆိုတာတွေက ဘာမှ မဟုတ်တော့ပါဘူး။ လူတော်တော်များများဟာ ပူလောင်နေကြတာ များပါတယ်။တချို့ ပစ္စည်းဥစ္စာတွေ သိပ် ချမ်းသာကြတာပါပဲ။ဒါပေမယ့် သူတို့ဟာလည်း ပူလောင်နေကြတာပါပဲ။ စိတ်ပူလောင်လာရင် သက်သာလို သက်သာငြား ထင်မိထင်ရာ အကုသိုလ်တွေကို လုပ်ချလိုက်ကြပါတယ်။ ဒါဆိုရင် သံသရာအတွက်ပါ ကြောက်စရာ ကောင်းသွားရပါတယ်။ လူနှစ်မျိုး ရှိပါတယ်။ စိတ်ပူလောင်နေလို့ သတိပဋ္ဌာန်အားထုတ်တဲ့သူရယ်။ ပင်ကိုယ်အားဖြင့် စိတ်ကအေးနေပေမယ့်၊အမြဲစိတ်ကလေး အေးနေဖို့ သတိပဋ္ဌာန်တရား အားထုတ်တဲ့ သူရယ်။ ဒီတော့ စိတ်ညစ်ရင်လည်း သတိပဋ္ဌာန်တရား အားထုတ်ရမှာပါ။ စိတ်ချမ်းသာရင်လည်း ဆက်ပြီး စိတ်ချမ်းသာဖို့ သတိပဋ္ဌာန်တရားပဲ အားထုတ်ရမှာပါပဲ။ တစ်ခါတုန်းက ပစ္စေကဗုဒ္ဓါလောင်းတစ်ပါးဟာ ကဿပဘုရားရှင်ရဲ့ သာသနာမှာ အနှစ် နှစ်သောင်း ရဟန်းတရားကို အားထုတ်ပြီး၊ကွယ်လွန်တဲ့အခါ ဗြဟ္မာ့ပြည်မှာ ဖြစ်ရပါတယ်။ ဗြဟ္မာ့ပြည်ကနေ စုတေတဲ့အခါ ကျတော့ ဗာရာဏသီပြည် မိဖုရားကြီးရဲ့ ဝမ်းမှာ ဝင်စားပါတယ်။ဗြဟ္မာ့ပြည်ကလာတာဆိုတော့ မင်းသားငယ်ဟာ မိန်းမတွေ ကိုင်တာ မကြိုက်ပါဘူး။ ရေချိုးတာ၊ ပြုတာကိုလည်း ယောကျ်ားတွေကပဲ ပြုပေးရပါတယ်။ နို့တိုက်တာတောင် မိန်းမတွေက ယောကျ်ားအသွင်ဝတ်ပြီး တိုက်ရပါတယ်။ မိန်းမတွေရဲ့ အနံ့အသက်ကိုတောင် အလိုမရှိတဲ့အတွက် “အနိတ္ထိဂန္ဓ” လို့ အမည်ပေးထားကြပါတယ်။ အရွယ်ရောက်လာတဲ့အခါ နန်းတွင်းကချေသည်တွေနဲ့ ချော့မြူဖြားယောင်းပေမယ့် မရပါဘူး။ သင့်တော်တဲ့ မင်းသမီး တစ်ပါးပါးနဲ့ လက်ထပ်ဖို့ တိုက်တွန်းတာကိုလည်း လက်မခံပါဘူး။တိုက်တွန်းပါများလာတော့ မင်းသားငယ်က အလွန်လှတဲ့ မိန်းမရွှေရုပ်တစ်ခုကို ထုစေပြီး “ဒီလောက်လှတဲ့ မိန်းမကို ရရင် ယူမယ်” လို့ ပြောလိုက်ပါတယ်။ အမှန်တော့ မရနိုင်လောက်ဘူး ထင်ပြီး မိန်းမမယူချင်လို့ ပြောလိုက်တာပါ။ အမတ်တွေ ရွှေရုပ်ကိုင်ပြီး ရှာကြတော့ မဒ္ဒရာဇ်တိုင်း၊ သာဂရမြို့က ဘုရင့်ရဲ့ သမီးတော်ကို ရခဲ့ပါတယ်။ ရလျှင်ရခြင်းပဲ အမတ်တွေက မင်းသားငယ်ဆီကို ရွှေရုပ်နဲ့ တူတဲ့ မင်းသမီးရပြီလို့ သတင်းပို့လိုက်ပါတယ်။ ဒီသတင်းကြားလိုက်ရုံနဲ့တင် မမြင်ရသေးဘဲ၊မင်းသမီး အပေါ် ချစ်ခင်မှုရာဂတွေ ဖြစ်လာပါသတဲ့။ အဲဒီ ရာဂနှိပ်စက်မှုကြောင့်ပဲ ရထားတဲ့ပထမစျာန်လည်း လျှောကျသွားပါသတဲ့။ မင်းသားငယ်ဟာ နေမထိ၊ထိုင်မသာနဲ့ တမန်စေလွှတ်ပြီး မြန်မြန်ခေါ်ခဲ့ဖို့ မှာပါသတဲ့။ ခေါ်လာရင်း မြို့အပြင် နန်းတော်နားရောက်ခါနီးမှာပဲ မင်းသမီးလေးက ကွယ်လွန်သွားပါသတဲ့။ ဒီသတင်းလဲကြားရော မင်းသားငယ်မှာ မဟာသောက ဖြစ်ရပါတော့တယ်။ဒါပေမယ့် မင်းသားငယ်က ပါရမီပါခဲ့သူ ဆိုတော့ ဖြစ်နေတဲ့ သောကရဲ့ အပြစ်ကို တူးဖြိုဖို့ အားထုတ်ပါတော့တယ်။ ဒီတော့ မင်းသားငယ်က ဆင်ခြင်ပါတယ်။ “ဒီသောကဟာ ပဋိသန္ဓေမနေတဲ့သူမှာ မဖြစ်ဘူး။ ပဋိသန္ဓေ နေတဲ့သူမှာသာ ဖြစ်ရတာ။ဇာတိတရားဟာ ဘဝကို စွဲဖြစ်တာပဲ” လို့ ရှေးက အားထုတ်ခဲ့ဖူးတဲ့ ဘာဝနာရဲ့ အစွမ်းနဲ့ ဆင်ခြင်ပါတယ်။ ဆင်ခြင်တဲ့အခါ အပြန်အလှန် ပဋိစ္စသမုပ္ပါဒ်ကို မြင်ပြီး ၀ိပဿနာတရား ဆက်ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွားပါတော့တယ်။ 【သုတ္တနိပါတ်အဋ္ဌကထ၊ ပထမတွဲ၊ နှာ ၆၀၊ ၆၁၊ ၆၂】 မင်းသားငယ်ဟာ သောကတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ သောကကို ပြန်သိလိုက်ပါတယ်။ သိတဲ့အခါ တရားသဘောနဲ့ ပြန်ဆင်ခြင်ပါတယ်။ ဆင်ခြင်လိုက်တဲ့အခါ ဖြစ်နေတဲ့သောကက ပျောက်သွားပါတယ်။ ဆင်ခြင်လို့ ရရှိတဲ့ တရားသံဝေဂ အသိကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ပွားပါတယ်။ နောက် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ကွက်ချင်း၊ တစ်ကွက်ချင်း ဖြစ်ဖြစ်သွားပုံလေးက သက်ရှိ တကယ့် တီဗွီ ဇာတ်လမ်းလေး တစ်ခုလိုပါပဲ။ သိပ်အားကျဖို့လည်း ကောင်းတာပါ။ သောကတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်လာတဲ့သောကကိုပဲ အခြေခံပြီး အမြတ်ဆုံး ပန်းတိုင်တစ်ခုကို ရောက်အောင် လှမ်းတက်လိုက်တာပါ။ ဒီတော့ ကိုယ်သောကဖြစ်လာတဲ့အခါ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးဦးတော့ ဖြစ်နေတဲ့သောကကို ပထမ သိလိုက်ရပါမယ်။ သိတာနဲ့ သောကဖြစ်ကြောမရှည်အောင် တစ်နည်းနည်းနဲ့ ဖြတ်ချလိုက်နိုင်ရပါမယ်။ ဘယ်သူပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တဲ့သူချည်းပါပဲ။ စိတ်မချမ်းသာချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် တချို့ကျတော့ မိသားစုကာမဂုဏ် အာရုံထက် ကျော်လွန်ပြီး၊ ပညာရှိတွေကဲ့ရဲ့တဲ့ လောကပြစ်၊ဓမ္မပြစ် သင့်စေတဲ့ တဏှာနဲ့ပဲ စိတ်ချမ်းသာမှုကို ရှာကြတာပါ။ တချို့ကျတော့ တရားနဲ့ပဲ ရှာကြတာပါ။ တဏှာနဲ့ ရှာတဲ့အခါ အခိုက်အတန့်တော့ စိတ်ချမ်းသာ သလို ထင်ရပေမယ့် နောက်တော့လည်း စိတ်ဆင်းရဲ ရတာပါပဲ။ ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေတဲ့သူဟာ ဘယ်တော့မှ စိတ်မချမ်းသာ နိုင်ပါဘူး။ နောက်ဆုံး စိတ်ဓာတ်တွေကျပြီး လုပ်မိလုပ်ရာတွေလုပ်ရင်း ပျက်စီးသွားရတော့တာပါ။ ကာမဂုဏ်နောက်ကို လိုက်နေတဲ့သူဟာ “တရားသံ” ကြားရင် သိပ်နားခါးတာပါ။ ဒါက တရားရဲ့ အရသာကို မသိသေးလို့ပါ။ နောက်ဆုံး စမ်းကြည့်တဲ့အနေနဲ့ ရိပ်သာတစ်ခုခုမှာ ပေတေပြီး ဆယ်ရက်လောက် ဝင်ပစ်လိုက်စမ်းပါ။ ကိုယ့်မှာ တရားပါရမီ ပါမလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ တကယ် တရားအရသာကို သိသွားတဲ့အခါ ကိုယ်တစ်ချိန်က အပျော်လိုက်ခဲ့တာ တွေကိုတောင် ရှက်ပြီးရင်းရှက်နေတော့မှာပါ။ တကယ်တော့ “ဘဝကို ဘယ်လိုနေမလဲ”ဆိုတဲ့ မေးခွန်းကို မကြာခဏ စဉ်းစားရမှာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ မနီးစပ်တဲ့သူကျတော့ တရားကိုဖယ်ပြီး စဉ်းစားလိုက်တာပါ။ ဒီတော့ အဓိကမကျတာတွေဘဲ၊ အာရုံညွှတ်ချ လိုက်တော့တာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ ယှဉ်ပြီး စဉ်းစားနိုင်ရပါမယ်။ ဒါမှ အမှန်ဆီကို ပို့ပေးနိုင်တာပါ။ ကိုယ့်အတွက်အားကိုးရာ မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော်တွေရှိတယ်ဆိုတာ သိထားပေးလိုက်စမ်းပါ။ တရားတော်တွေထဲမှာ လောကီကြီပွားရေးတွေကော၊ လောကုတ္တရာ ကြီးပွားရေးတွေကော အပြည့်အစုံဟောထားတာပါ။ ဒီစကားတွေပြောတော့ အဲဒီစာရေးနေတဲ့သူကကော တရားတွေ ဘယ်လောက်ရှိနေလို့လဲလို့ မေးချင်မေးစရာပါ။ ဘယ်လောက်မှ မရှိပါဘူး။ အပူတချို့ နဲ့ တစ်ခါတလေ ကြုံရတတ်လို့ ကိုယ်ချင်းစာစိတ်နဲ့ တရားနည်း မျှဝေတာပါ။ စိတ်ညစ်တဲ့အခါ တရားနဲ့ ထွက်ပေါက်ရှာနိုင်အောင်လို့ပါ။ လောကရဲ့ မမြဲတဲ့သဘောတွေကို ဉာဏ်ဖြစ်ပြီး မသိဦးတော့၊ ဆင်ခြင်သိနဲ့ သိလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော်လေး ဟုတ်သွားပါပြီ။ ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့။ သတိပဋ္ဌာန်ရှိပါတယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/570-2016-06-18-07-31-33.html
“စရိုက်ကြမ်းရင် မိုက်ကန်းတတ်တယ်”
ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက် နောက် အရည်အသွေးတစ်ခုကတော့ “ကိုယ်၊နှုတ်၊စိတ် မကြမ်းတမ်းခြင်း၊ ကိုယ်၊နှုတ်၊စိတ် သိမ်မွေ့ခြင်း” ဆိုတဲ့အရည်အသွေးပါပဲ။ “ကိုယ်ကြမ်း၊ နှုတ်ကြမ်း၊ စိတ်ကြမ်း”ဆိုတဲ့ အကြမ်း သုံးမျိုးဟာ လူသားတွေရဲ့ ဘဝကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အလှဖျက်တရားတွေဖြစ်ပါတယ်။ ရုပ်ရည် ဘယ်လောက်ပဲလှလှ၊ အသားအရေ ဘယ်လောက်ပဲနုနု၊ ကိုယ်,နှုတ်, စိတ်အမူအရာ ကြမ်းနေပြီဆိုရင် အဲဒီလူဟာ ကျက်သရေ လုံးဝ မရှိတော့ပါဘူး။ သူ့စိတ်၊ သူ့ဘဝဟာလည်း ဘယ်တော့မှ မငြိမ်းအေးနိုင်ပါဘူး။ ကိုယ်အမူအရာနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အပြုအမူတွေကို လုပ်ရင် ကိုယ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး၊ သို့မဟုတ် သူတစ်ပါးအကျိုး၊ သို့မဟုတ် မိမိ, သူတစ်ပါးနှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အပြုအမူတွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အပြုအမူတွေပါ။ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိုယ်အပြုအမူတွေကို ရှောင်ကြဉ်ပြီး လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကာယကံပိုင်းဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေနဲ့အညီ အခြေအနေ၊အချိန်အခါ အားလျော်စွာ၊ ပုဂ္ဂိုလ်အနေအထားအားလျော်စွာ၊ ပြုမူနေထိုင်တတ်မယ်ဆိုရင် ကိုယ်သိမ်မွေ့တယ် လို့ ခေါ်ပါတယ်။ နှုတ်အမူအရာနဲ့ မပြောသင့်၊ မပြောထိုက်တဲ့ စကားတွေကို ပြောရင် နှုတ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး၊ သို့မဟုတ် သူတစ်ပါးအကျိုး၊ သို့မဟုတ် မိမိ, သူတစ်ပါးနှစ်ဦးသားအကျိုး ပျက်စီးစေမယ့် စကားတွေဟာ မပြောသင့်မပြောထိုက်တဲ့ စကားတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ရိုင်းပျပျ စကားတွေဟာ မပြောသင့်မပြောထိုက်တဲ့ စကားတွေပါ။ မပြောသင့်မပြောထိုက်တဲ့ စကားတွေကို ရှောင်ကြဉ်ပြီး လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဝစီကံပိုင်း ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ အခြေအနေ၊ အချိန်အခါ အားလျော်စွာ၊ ပုဂ္ဂိုလ်အနေအထား အားလျော်စွာ ပြောဆိုဆက်ဆံတတ်မယ်ဆိုရင် “နှုတ်သိမ်မွေ့တယ်” လို့ ခေါ်ပါတယ်။ စိတ်အမူအရာနဲ့ မကြံစည်သင့်မကြံစည်ထိုက်တဲ့ အတွေးအကြံတွေကို ကြံစည်ရင် စိတ်ကြမ်းတယ်လို့ ခေါ်ပါတယ်။ မိမိအကျိုး သို့မဟုတ် သူတစ်ပါးအကျိုး၊ သို့မဟုတ် မိမိ, သူတစ်ပါးနှစ်ဦးသားအကျိုး ပျက်စီးစေမယ့် အတွေးအကြံတွေဟာ မကြံစည်သင့်၊ မကြံစည်ထိုက်တဲ့ အတွေးအကြံတွေပါ။ လောကကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ရိုင်းပျပျ အတွေးအကြံတွေဟာ မကြံစည်ထိုက်တဲ့ အတွေးအကြံတွေပါ။ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အတွေးအကြံတွေကို ရှောင်ကြဉ်ပြီး လူယဉ်ကျေးတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ မနောကံပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့ အညီ အခြေအနေ, အချိန်အခါ အားလျော်စွာ၊ ပုဂ္ဂိုလ်အနေအထားအားလျော်စွာ ကြံစည်တွေးတော တတ်မယ်ဆိုရင် စိတ်သိမ်မွေ့တယ်လို့ ခေါ်ပါတယ်။ ရှေးလူကြီးသူမတွေက လူတစ်ယောက် ကိုယ်အမူအရာကြမ်းရင် သူ့အဖေကြမ်းလို့၊ လူတစ်ယောက် နှုတ်အမူအရာကြမ်းရင် သူ့အမေကြမ်း လို့ - လို့ပြောဆိုလေ့ရှိကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကြမ်း၊ နှုတ်ကြမ်းမှုကြောင့် ကိုယ့်အဖေ၊ ကိုယ့်အမေမှာ ဂုဏ်သိက္ခာထိခိုက်ရပါတယ်။ လူတစ်ယောက် ကိုယ်ကြမ်းတာဟာ သူ့အဖေကြမ်း လို့ကြောင့်မှ မဟုတ်ဘဲ၊ အမေကြမ်းလို့ကြောင့်လည်း ဖြစ်နိုင်သလို၊ လူတစ်ယောက် နှုတ်ကြမ်းတာဟာ သူ့အမေကြမ်း လို့ကြောင့်မှ မဟုတ်ဘဲ၊ အဖေကြမ်း လို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မိဘကြမ်းတိုင်း သားသမီးကြမ်းတာ မဟုတ်ပါဘူး။ မိဘကြမ်းပေမယ့် သားသမီး သိမ်မွေ့နိုင်သလို၊ မိဘသိမ်မွေ့ပေမယ့်လည်း သားသမီးကြမ်းနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်နှုတ်စိတ်ကြမ်းတမ်းပြီဆိုရင်တော့ မိမိရဲ့ မိဘ၊ ဆွေမျိုး၊ ဆရာသမား၊ ပတ်ဝန်းကျင်ရဲ့ ဂုဏ်သိက္ခာ အနည်းနဲ့အများ ထိခိုက်ညှိုးနွမ်းရမှာ သေချာပါတယ်။ အဓိကကတော့ မိမိရဲ့ ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းခြင်းပါပဲ။ စိတ်ရင်းဘယ်လောက်ကောင်းကောင်း၊ သူများကို ဘယ်လောက်ကူညီ ကူညီ၊ ကိုယ်ကြမ်း၊ နှုတ်ကြမ်း၊စိတ်ကြမ်းဖြစ်နေမယ် ဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာဟာ အပြည့်အဝ မပေါ်လွင်တော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ပေါ်လွင်ပါတော့တယ်။ သူ့ရဲ့ ကျေးဇူးတရားဟာလည်း အပြည့်အဝ မထင်ရှားတော့ပါဘူး။ တစ်စိတ်တစ်ပိုင်းပဲ ထင်ရှားပါတော့တယ်။ “တို့က ဝုန်းဝုန်းဒိုင်းဒိုင်း အလုပ်အကိုင်ကြမ်းပေမယ့် စိတ်ထားက နူးညံ့ပါတယ်၊” “တို့က ဘွင်းဘွင်းရှင်းရှင်း အပြောအဆိုကြမ်းပေမယ့် စိတ်ရင်းက ကောင်းပါတယ်” ဆိုတဲ့ ဂုဏ်ယူစကားတွေဟာ တကယ်တော့ “မယုံတစ်ဝက်၊ ယုံတစ်ဝတ်၊ ယုံရခက်ကြီးပါ” ဆိုတဲ့ စာရင်းထဲ သွင်းရမယ့် နှစ်ထစ်ခွစကားတွေပါပဲ။ ကံကောင်းထောက်မလို့ စိတ်ထားနူးညံတယ်၊ စိတ်ရင်းကောင်းတယ်ပဲထား၊ ကိုယ့်ရဲ့ ကိုယ်ကြမ်း၊ နှုတ်ကြမ်းမှုကြောင့် တစ်ဖက်သားမှာ စိတ်ချမ်းသာမှု မရနိုင်တာကတော့ သေချာပါတယ်။ ကိုယ်နှုတ်ကြမ်းသလောက် စိတ်ပါကြမ်းပြီ ဆိုရင်တော့ ကိုယ်နဲ့ပတ်သက်ဆက်ဆံရသူအားလုံး အကြီးအကျယ် စိတ်ဆင်းရဲနေရတော့မှာပါပဲ။ ကိုယ်ကြမ်း နှုတ်ကြမ်းသူဟာ သူ့စိတ်နဲ့ မတည့်တဲ့တစ်နေ့မှာ သူတစ်ပါးအကျိုး ပျက်စီးလောက်အောင် စိတ်မကြမ်းဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲ။ ကိုယ်၊ နှုတ်ဆိုတာ စိတ်ရဲ့ ပုံရိပ်တွေဖြစ်လို့ ကိုယ်ကြမ်း၊ နှုတ်ကြမ်းသူရဲ့စိတ်ကို နူးည့ံပါတယ်လို့ ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ။ စိတ်ကြမ်းရင် ကိုယ်နှုတ်ကြမ်းပါတယ်။ စိတ်သိမ်မွေ့ရင် ကိုယ်နှုတ် သိမ်မွေ့ပါတယ်။ စိတ်ကို သိမ်မွေ့စေတဲ့ တရားတွေထဲမှာ သတိပဋ္ဌာန် တရားဟာ အစွမ်းအထက်ဆုံးပါပဲ။ သတိပဋ္ဌာန်ပွားသူရဲ့ စိတ်မှာ ကိလေသာအကြမ်းအတမ်းတွေ ကင်းရှင်းနေလို့ စိတ်လည်း သိမ်မွေ့ပါတယ်။ ပြောသင့် မပြောသင့် စဉ်းစားပြီးမှပြောတယ်၊ ပြောတော့လည်း အမှတ်သတိနဲ့ ရှုမှတ်ပြီးပြောတယ်ဆိုတော့ နှုတ်လည်း သိမ်မွေ့ပါတယ်။ လုပ်သင့်၊ မလုပ်သင့် စဉ်းစားပြီးမှ လုပ်တယ်။ လုပ်တော့လည်း အမှတ်သတိနဲ့ လုပ်တယ် ဆိုတော့ ကိုယ်လည်း သိမ်မွေ့ပါတယ်။ ကိုယ်နှုတ်စိတ် သိမ်မွေ့သူဟာ ကိုယ်ကိုယ်တိုင်လည်း အလိုလိုနေရင်း စိတ်ချမ်းသာသလို ကိုယ့်ကြောင့် စိတ်ချမ်းသာသွားတဲ့ ပတ်ဝန်းကျင်ရဲ့ မေတ္တာ တုံ့ပြန်မှုကိုလည်း ရတဲ့အတွက် ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ရပါတယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ】
https://www.dhammaransi.com/index.php/new/571-2016-06-18-07-30-50.html
“အပေးအယူ ဒဿန”
ဒါနအစွမ်း လက်ရုံးတန်းဖို့ ဆုံးခန်းရောက်ဖွယ် ဤကျမ်းငယ်ကား အဘယ်ထုတ်ချောက် ရေးသား လောက်လိမ့်၊ နှိုင်းထောက်ကြံချယ် ဉာဏ်မမယ်တို့ စိတ်ဝယ်ဝိုးဝါး မထွေပြားနှင့်၊ ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍ အမြိုက်တရား ဟောဖော်ကြားလျက်၊အများဝေနေ ကျွတ်လွတ်စေ၏။ ထွေထွေများမြောင် ဒါနဆောင်သော် ပြောင်တလက်လက် အရောင်ထွက်၍ ခေါင်ထက်ခေါင်နင်း ဖြစ်ကြခြင်းနှင့်၊ ယင်းသည့်ဒါန မပါကြသည့် ဒုက္ခသည်စု တွေ့တိုင်းရှု၍ လူမှုအားကိုး ဒါနမျိုးကို ပျိုးလေဆန်းဆန်း နေ့စဉ်လန်းအောင် ကျွတ်တမ်းဝင်လိုဘိမူကား။ (ကိုယ်ကျင့်အဘိဓမ္မာ) သုမေဓာရှင်ရသေ့လေးသည် ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်မှာ “နောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ ဂေါတမဗုဒ္ဓရယ်လို့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်တော်ရပြီး နောက်ပိုင်း သူက စဉ်းစားသည်။ “ငါသည် ဘုရားဖြစ်ဖို့ ဗျာဒိတ်ရတာတော့ ဟုတ်ပြီ။ ဗျာဒိတ်ရရုံနှင့်တော့ ဘုရားမဖြစ်နိုင်သေး။ ဘုရားဖြစ်ရာဖြစ်ကြောင်း ပါရမီကောင်းမှုတွေ ဖြည့်ဆည်းမှ ဘုရားဖြစ်လိမ့်မည်။ ငါ့ရှေ့က ပွင့်တော်မူကြသော နောင်တော်ဘုရားတို့သည် အဘယ် အကျင့်ကိုများ စတင်ကျင့်သွား ကြပါလေသနည်း” ဟု အတိတ်ကို မြင်နိုင်သောဉာဏ်ဖြင့် ပြန်လည်ငဲ့မျှော် ကြည့်သောအခါ နောင်တော်ဘုရားအားလုံးတို့သည် ဒါနပါရမီအကျင့်ကို ရှေးဦးစွာ ဖြည့်ကျင့်သွားကြသည်ကို မြင်ရလေသည်။ ထိုကဲ့သို့ မြင်တော်မူရ၍ အလောင်းတော်သည် ဒါနပါရမီကို ဦးစွာ ဖြည့်ကျင့်ခဲ့သည်။လေးအသင်္ချေ ကမ္ဘာတစ်သိန်း အတွင်းမှာလည်း ဒါနကို ဦးစားပေး ဖြည့်ကျင့်ခဲ့သည်။ နောက်ဆုံး ဝေဿန္တရာ ဘဝမှာလည်း ဒါနပါရမီကို အထူးတလည် ဖြည့်ကျင့် ခဲ့သည်။ဝေဿန္တရာမင်းသားလေးသည် အမိဝမ်းမှ ကျွတ်လျှင်ကျွတ်ချင်း ထူးဆန်းသောစကားတစ်ခွန်းကို ပြောလေသည်။ “အမေ...ဘာများပေးလှူစရာ ရှိပါသလဲ”တဲ့။ ဝေဿန္တရာသည် လူ့ဘဝခရီးကို ထိုစကားတစ်ခွန်းနှင့် စတင်ခဲ့သည်။ သူ၏ဒါနအထုံက အဲသည်လို ပါလာခဲ့သည်။ ဝေဿန္တရာသည် အရွယ်ရောက်သောအခါမှာလည်း ထူးခြားသော ချဉ်ခြင်းတစ်ခု ဖြစ်သည်။ “အခုနေအခါ နှလုံးသားကို အလှူခံသူများလာလျှင် နှလုံးသားကို ထုတ်လှူချင်လိုက်တာ။ မျက်လုံးကိုများ အလှူခံသူလာလျှင် မျက်လုံးကို ဖောက်ထုတ်လှူချင်လိုက်တာ။ အသားကိုများ အလှူခံသူလာလျှင် အသားတွေကို လှီးဖဲ့လှူချင်လိုက်တာ။ အသွေးကိုများ အလှူခံသူလာလျှင် သွေးတွေကို ဖောက်ထုတ်လှူချင်လိုက်တာ”။ အလောင်းတော်၏ ဒါနပါရမီအထုံက ထိုမျှ ကြီးမားလှပါသည်။ တောင်မြို့ဆရာတော်က “ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍” ဟု ဆိုခဲ့သည်။ ဂင်္ဂါ၀ါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားအဆူဆူ တို့သည် ဒါနကူလို့ ဘုရားဖြစ်ကြရသည်။ဘုရားအဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးရာ၌ ဒါနက အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။အတုမရှိသောပုဂ္ဂိုလ်၊ နှိုင်းယှဉ်ဖွယ်မရှိ၊ အနှိုင်းမဲ့သော ပုဂ္ဂိုလ်၊ သုံးလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်ကြီးကို ကမ္ဘာလောက အတွင်း ပေါ်ထွန်းလာအောင် တည်ဆောက်ရာမှာ ဒါနသည် ဦးစီးဦးဆောင်အနေဖြင့် ပါဝင်ခဲ့လေသည်။ ဘုရားဖြစ်ဖို့ ပါရမီဖြည့်ရသည်။ ပါရမီက ဒါနသီလ စသည် ဆယ်ပါးရှိသည်။ ပါရမီဆယ်ပါးလုံးသည် ဒါန၏ စွန့်ခြင်းသဘော၊ ပေးခြင်းသဘောကို အခြေခံကြရသည်။ ထို့ကြောင့် ပါရမီဟူသည် ရယူခြင်း၊ သိမ်းပိုက်ခြင်းမဟုတ်၊ စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းသာ ဖြစ်သည်။ လောက၌လည်း ကြီးကြီးမားမားစီမံကိန်း တစ်ခုကို ထူထောင်ရာ၊ တည်ဆောက်ရာမှာ ရယူခြင်းဖြင့် ထူထောင်လို့မရ။ သိမ်းပိုက်ခြင်းဖြင့် တည်ဆောက်လို့မရ။ စွန့်လွှတ်ခြင်းဖြင့်သာ ထူထောင်ရမည်။ ပေးဆပ်ခြင်းဖြင့်သာ တည်ဆောက်ရမည်။ ပါရမီဟူသည် မြင့်မြတ်သူတို့၏ အလုပ်ဟု စာကဆိုသည်။ လောက၌ မြင့်ဖို့ကတော့ သိပ်ခက်လှသည်မဟုတ်။ ကြိုးစားဖို့နှင့် ပါးနပ်ဖို့သာ လိုသည်။ မြတ်ဖို့ကျတော့ နည်းနည်းခက်သွားသည်။ မြတ်ဖို့ကျတော့ ရိုးသားဖို့ လိုသည်၊ ဖြူစင်ဖို့၊ ဖြောင့်မတ်ဖို့လိုသည်၊ ကောင်းမွန်ဖို့ လိုသည်။ ပါရမီဟူသည် မြင့်မြတ်သူတို့အလုပ်ဟု ဆိုသော်လည်း အမှန်က မြင့်ဖို့က လိုရင်းမဟုတ်။ မြတ်ဖို့ကသာ လိုရင်းဖြစ်သည်။ ရာဇဝင်၌ ပေးဆပ်သူတို့နှလုံးသားဟု တင်စားမှုများ ရှိသည်။ ထိုသို့တင်စားခံရာ၌ မြင့်က အဓိကမကျ။ မြတ်ကသာ အဓိကကျသည်။ မမြင့်သော်လည်း မြတ်သူတို့၏ နှလုံးသားမှန်လျှင် “ပေးဆပ်သော နှလုံးသား” ဖြစ်နိုင်သည်။ သုမေဓာသည် ပေးဆပ်သူတို့နှလုံးသားဖြင့်သာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကုန်ဆုံးခဲ့သည်။ နောက်ဆုံး နှလုံးပြည့်ဝ၊ နှလုံးလှသောအခါ ဘုရားဖြစ်သည်။ဘုရားဖြစ်သောအခါ သာမန်အားဖြင့် ဒါနက စ၍ ဟောသည်။ဒါနကထာပြီးမှ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ၊ သာမုက္ကံသိကကထာ တို့ကို ဟောသည်။ ဣတိဝုတ်ပါဠိတော်၊ ဒါနသုတ်၌ ဘုရားရှင်က “သတ္တဝါတွေဟာ ငါဘုရားလို ဒါန၏အကျိုးကြီးမားပုံကို သေချာမသိလို့ ဒါနနည်းနေကြတာ၊ ငါဘုရားလိုများ ဒါနအကျိုးကြီးမားပုံကို ပြည့်ပြည့်စုံစုံ သိကြမယ်ဆိုလျှင် နောက်ဆုံး ထမင်းလုတ်တောင်မှ မျိုကျလိမ့်မည်မဟုတ်၊ ပေးကမ်းလှူဒါန်းကြလိမ့်မည်”ဟု မိန့်ခဲ့၏။ လောက၌ စွန့်ခြင်း၊ ပေးခြင်း ဒါနတရား အရေးပါလှပါသည်။ သုံးလောက အဓိပတိ၊ သုံးလောကဥသျှောင်၊ သုံးလောကထွတ်တင် ဘုရားရှင်ဟူသော ပုဂ်္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကို သွန်းလုပ်ရာမှာ ဒါနသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။သာသနာငါးထောင် တည်တန့်ရာတွင် ဒါနသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ကျောင်းကန်ဘုရားစသော သာသနိက အဆောက်အအုံတွေ တည်ဆောက်ရာမှာ ဒါနသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ကမ္ဘာ့အံ့ဖွယ် ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ကြည့်ပါ။မည်သူတွေ၊ မည်သို့မည်ပုံ တည်ဆောက်ခဲ့ကြသနည်း။ ဒါနသမားတွေက စွန့်ခြင်း၊ ပေးခြင်းဖြင့်သာ တည်ဆောက်ခဲ့ကြသည်။ မိမိတို့ လက်ရှိဘဝကို ပြန်စဉ်းစားကြည့်စေချင်သည်။ လူ့ဘဝကို ရောက်လာကြသည်။ နှစ်ခုနစ်ဆယ်ခန့်၊ ရှစ်ဆယ်ခန့်နေပြီး ပြန်လည် ထွက်ခွာရမည်။ ဘဝဟူသည် သင်္ခါရဖြစ်သည်၊ သင်္ခါရသည် အစဉ်ထာဝရ မဟုတ်လေသောကြောင့် ဘင်ကာလသို့ မကြာခဏချဉ်းကပ်ရသည်။ ဘင်ဟူသည် “ဘင်္ဂ- ပျက်စီးခြင်း” ဖြစ်သည်။ မကြာခဏ သေကြေပျက်စီးရသဖြင့် ဘာတစ်ခုမျှ ကိုယ်တကယ် ပိုင်တာမရှိ။ ဘာတစ်ခုမျှ ဖက်တွယ်ထားလို့မရ၊ အားလုံးကို စွန့်ပစ်ခွဲခွာ လာလမ်းကိုသာ ပြန်ကြရဦးမည်။ မိမိတို့ လူ့ဘဝကို လာခဲ့ကြသည်၊ ဘာလုပ်ဖို့လာခဲ့သလဲ၊ ပေးဖို့ လာခဲ့လေသလား၊ ယူဖို့ လာခဲ့လေသလား။ သေသေချာချာစဉ်းစား ဖို့လိုသည်၊ စဉ်းစားရမည်။ လူသားသတ္တဝါကို လောဘတဏှာ အတ္တက ပြဋ္ဌာန်းလေတော့ ယူချင်စိတ်၊ ရချင်စိတ်က များသည်။ ငယ်ငယ်ကတည်းက ယခုထိ ယူဖို့၊ ရဖို့သာ လုံးပမ်းသည်။ အသက်နှစ်ဆယ်လောက်ထိ အယူနှင့်သာ ကြီးပြင်းခဲ့ကြသည်။ တချို့ သုံးဆယ်လောက်အထိ မိဘဆီမှာ လက်ဖြန့်တုန်း ရှိသေးသည်။လူအများစုသည် ကိုယ်က ရဖို့၊ ယူဖို့လောက်သာ နှလုံးသွင်းကြသည်။ ပေးရမည့်တာဝန်ရှိပါလားဆိုတာ လုံးဝမစဉ်းစားကြ။ အမှန်က ဒုတိယအရွယ်လောက်ကစပြီး ပေးနိုင်တာကို ပေးရတော့မည်။ ထိုသို့ ပေးနိုင်ဖို့အတွက် ပထမ အရွယ်မှာကတည်းက ပေးဖို့တွေ၊ ပေးစရာတွေ ရှာထားရမည်။ ပညာပေးမှာလား၊ ဥစ္စာပေးမှာလား၊ အကြံဉာဏ် ပေးမှာလား၊ အကူအညီပေးမှာလား၊ တစ်ခုခုတော့ ပေးနိုင်ရမည်။ “ဒုက္ခ” ပေးတာမှလွဲ၍ ကျန်တာအားလုံး ပေးနိုင်လျှင် ကောင်းသည်။ အပေးနှင့်အယူမှာ အယူဆိုတာက ကောင်းသော၊ မြတ်သော သဘောမဟုတ်။ ပေးရ၊ ကမ်းရ၊ စွန့်ရ၊ ကြဲရတာကသာ ကောင်းသော၊ မြတ်သောသဘောရှိသည်။ ထို့ကြောင့် အယူဘက်က မနေချင်နှင့်။ အပေးဘက်က နေနိုင်အောင်ကြိုးစား။ ယူရသော ပီတိနှင့် ပေးရသောပီတိနှစ်ခုအနက် ပေးရသောပီတိကသာ ကောင်းမြတ်သည်။ “မိမိတို့ နားလည်ထားရမှာက သမုဒ္ဒရာရေ မျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်ဘဝတာကို တစ်ခဏသာနေပြီး ပြန်လည်ထွက်ခွာသွားရသောအခါ ကိုယ်တစ်သက်လုံး ယူခဲ့သမျှတွေကို ချန်ထား၊ ပေးထားရစ်ခဲ့ရပြီး ကိုယ်တစ်သက်လုံးပေးခဲ့သမျှတွေကိုသာ ကိုယ်ယူသွားရလိမ့်မည် ဆိုတာ ဖြစ်သည်။” အရေးကြီးလို့ ပြန်ပြောပါမည်။ ကိုယ် ယခုလက်ရှိဘဝကနေ ထွက်ခွာ သွားသောအခါ ကိုယ်တစ်သက်လုံး ယူခဲ့သမျှတွေကို ပေးထားခဲ့ရပြီး၊ ကိုယ်တစ်သက်လုံး ပေးခဲ့သမျှတွေကိုသာ ယူသွား ရပါလိမ့်မည်။ ဒုက္ခတွေ ပေးထားလျှင် ဒုက္ခတွေသာ ယူသွားရလိမ့်မည်။ သုခတွေပေးထားလျှင် သုခတွေကို ယူသွားရလိမ့်မည်။ လောက၌ စျေးဝယ်၊ စျေးရောင်းရာတွင် စျေးဝယ်သူတွေက ငွေကြေးကို ပေး၍ ပစ္စည်းကို ယူသည်။ စျေးရောင်းသူက ပစ္စည်းကို ပေး၍ ငွေကြေးကို ယူသည်။ ထိုစျေးရောင်းစျေးဝယ်တို့၏ အပေးက အယူ သဘောပါသည်၊ ကုသိုလ်မဖြစ်၊ ပါရမီမဖြစ်၊ ကုသိုလ်ပါရမီဖြစ်သော အပေးကား အယူမဖက် အပေးသက်သက်သာ ဖြစ်သည်။ ကုသိုလ်ပါရမီဖြစ် အလှူဒါနပြုရာ၌ သပ္ပုရိသဒါနခေါ်- သူတော်ကောင်း အလှူငါးမျိုး အင်္ဂုတ္တိုရ် ပါဠိတော်၌ လာရှိသည်။ ❦သဒ္ဓါဒါန- ကံနှင့် ကံအကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၊ ❦သက္ကစ္စဒါန- လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်ကို သေချာဂရုတစိုက်ပြု၍ လှူဒါန်းခြင်း၊ ❦ကာလဒါန- အချိန်အခါ၊ အခြေအနေ၏ တောင်းဆိုချက်နှင့် လိုက်လျောညီထွေ လှူဒါန်းခြင်း၊ ❦အနုဂ္ဂဟဒါန-ချီးမြှောက်လိုသောစိတ်ဖြင့် လှူဒါန်းခြင်း၊ ❦အနုပဃာတဒါန- မိမိဂုဏ်ကို လည်းကောင်း၊ သူတပါးဂုဏ်ကို လည်းကောင်း အစွန်းအငြိ အထိအခိုက် မရှိစေဘဲ လှူဒါန်းခြင်းတို့ဖြစ်သည်။ ပေးဆပ်သူတို့ နှလုံးသားပိုင်ရှင်များအနေဖြင့် သူတော်ကောင်း ဒါနငါးမျိုးကိုတော့ သတိချပ်ရမည်။ ❦သဒ္ဓါဒါနဖြစ်အောင် ကံကံအကျိုးကို ယုံကြည်စွာ ပေးလှူရမည်။ ❦သက္ကစ္စဒါနဖြစ်အောင် လှူဖွယ်ပစ္စည်းနှင့် အလှူခံ ပုဂ္ဂိုလ်ကို လေးစားသမှုပြု၍ လှူရမည်။ ❦ကာလဒါနဖြစ်အောင် လိုအပ်တာလေးတွေ သေချာကြည့်ရှု ဖြည့်ဆည်း ပေးပြီးတော့ လှူရမည်။ အနုဂ္ဂဟဒါနဖြစ်အောင် အလှူခံတို့ကို ချီးမြှောက်လိုသော စိတ်မှတပါး ကျန်တာ ဘာစိတ်မှ မထားဘဲ လှူရမည်။ ❦အနုပဃာတဒါနဖြစ်အောင် မိမိသူတပါး နှစ်ဦးသားလုံးကို မထိခိုက်စေဖို့၊ အလှူခံပုဂ္ဂိုလ်ကိုလည်း မထိခိုက် စေဖို့၊ မိမိကိုယ်ကိုလည်း မထိခိုက်စေဖို့ သတိပြု၍လှူရမည်။ မိမိတို့သည် “ပေးဖို့လာခဲ့လေသလား၊ ယူဖို့ လာခဲ့လေသလား”ဟု အသေအချာ စဉ်းစားတော့ ယူဖို့လာခဲ့ခြင်းမဟုတ်၊ ပေးဖို့လာခဲ့ခြင်းသာဖြစ်သည်။ ကိုယ်တတ်နိုင်တာ တစ်ခုခုပေးကြရလိမ့်မည်။ သို့သော် မိမိ၏အပေးသည် ဒုက္ခမဟုတ်။ သုခသာဖြစ်ရမည်။ အနှောင့်အယှက် မဟုတ်။ အကူအညီသာ ဖြစ်ရမည်။ အမှန်တော့ ယခုဘဝမှ ကိုယ်ပြန်လည် ထွက်ခွာသွားသောအခါ ကိုယ်ပေးခဲ့သမျှတွေကို ကိုယ်ယူသွားရပါလိမ့်မည်။ ။ သင် ဘာတွေယူသွားချင်ပါသလဲ။ ဒုက္ခတွေလား၊ သုခတွေလား။ ဒုက္ခတွေယူချင်လျှင် ဒုက္ခတွေပေးပေါ့။ သုခတွေယူချင်လျှင် သုခတွေပေးပေါ့။ ရှင်းရှင်းလေးပါနော်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】 Posted by►
https://www.dhammaransi.com/index.php/new/572-2016-06-18-07-27-54.html
“နတ်လှူဒါန်းတဲ့ ဆွမ်းသင်္ကန်း”
တစ်နေ့သ၌ အရှင်အနုရုဒ္ဓါ မထေရ်ဟာ သူဝတ်ရုံနေတဲ့ သင်္ကန်း ဆွေးမြည့်နေသဖြင့် သင်္ကန်းချုပ်ရန် လမ်းဆုံ လမ်းခွ လမ်းလေးမနဲ့ အမှိုက်ပုံစတဲ့နေရာတွေမှာ ကောင်းနိုးရာရာ ပိတ်စတွေကို ရှာဖွေ နေပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘုရားက တပည့်သား သံဃာတော် များအား ပ့ံသကူသင်္ကန်းကိုသာ ဝတ်ရုံစေပါတယ်။ ဂဟပတိ စီဝရခေါ်တဲ့ လူဒါယကာ၊ဒါယိကာမတွေ လှူတဲ့သင်္ကန်းကို ခွင့်ပြုတော် မမူသေးပါ။ အရှင်အနုရုဒ္ဓါဟာ ရာဇင်္ဂြိုဟ်ရဲ့အမှိုက်ပုံမှာ သင်္ကန်းလျာအတွက် သင့်နိုးရာရာ အဝတ်စတွေကို ရှာဖွေနေပါတယ်။ အဲဒီမှာ အမှိုက်ထဲက ရွှေဆိုတာကို အမှိုက်ပုံထဲက ဝင်းဝင်းလက်လက် အမြိတ်စ ထွက်နေတဲ့ ဝတ်စုံတစ်ခုကို တွေ့မြင်လိုက်တယ်။ အရှင်ဟာ ဝတ်စုံကို အ့ံသြစွာ ယူလိုက်တဲ့အခါ တစ်ထည်းတည်း မဟုတ်၊ သုံးထည်ပင် ဖြစ်နေပါတယ်။ ကျောင်းရောက်တော့ ဖြန့်ကြည့်သောအခါ အဖိုးတန် ပ့ံသကူ သင်္ကန်းပေတကား။ အရှင်အနုရုဒ္ဓါဟာ ကျောင်းရောက်တော့ ဖြန့်ကြည့်လိုက်တဲ့အခါ အလျား တစ်ဆယ့်သုံးတောင်၊ အနံ လေးတောင်ရှိတာကိုတွေ့ရပြီး သင်္ကန်းချုပ်ရန် စီမံပါတော့တယ်။ အမှန်စင်စစ် အရှင်မြတ်ရရှိတဲ့ သင်္ကန်းလျာ အဝတ်ဟာ နတ်ပုဆိုးများ ဖြစ်ပါတယ်။ အရှင်ရဲ့ မယားဟောင်း ဖြစ်ခဲ့ဖူးတဲ့ “ဇာလိနီနတ်သမီး” ဟာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာပြီး အရှင်မြတ်အတွက် ဖန်တီးဆက်ကပ်ခြင်းသာ ဖြစ်ပေတယ်။ ဪ... ချစ်မေတ္တာ သံယောဇဉ်ဆိုတာ နှစ်ဘဝ၊ သုံးဘဝ ကူးတဲ့တိုင် အငွေ့မပြယ်နိုင်ပါတကား။ မှန်ပါတယ်။ မိမိတို့ရဲ့ ဗုဒ္ဓဘုရားရှင်ပင်လျှင် ဟိုကမ္ဘာခြားက ပွင့်တော်မူခဲ့တဲ့ ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်တုန်းက သုမိတ္တာ မင်းသမီးဟာ ကြာပန်းတွေလှူကာ ပါရမီဖြည့်ဖက် ဖြစ်ပါစေ လို့ ဆုတောင်းခဲ့သေးတာပဲ။ဘုရားအလောင်းတော်က သုမေဓာ ရသေ့ဘဝ နဲ့ ဘုရားကို တံတားခင်းပြီး ဘုရားဆုပန် သုမိတ္တာက ပါရမီဖြည့်ဖက် ဆုပန်။ သူတို့ ဆုပန်တာတွေ ပြည့်ခဲ့တယ်လေ။ ဒါဟာလည်း ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲတဲ့ပြယုဂ် တစ်ခုလို့ ပြောနိုင်ပေတာပေါ့။ စန္ဒကိန္နရီ ဇာတ်တော်မှာ ကိန္နရာနဲ့ ကိန္နရီတို့ဟာလည်း သိပ်ချစ်ကြတဲ့ စံပြ ဇနီးမောင်နှံတွေပေါ့။ အဲဒီလို ဘဝ အဆက်ဆက်ချဖူးသော ရေစက်၊ ပန္နက်ခဲ့ဖူးတဲ့ သစ္စာကြောင့် ချစ်မေတ္တာခိုင်မြဲစွာနဲ့ လက်တွဲကြရတဲ့ ချစ်မေတ္တာဇာတ်လမ်း မှတ်တမ်းတွေဟာ နိပါတ်ဇာတ်တွေထဲမှာ မြောက်မြားစွာ ရှိလေရဲ့။ “ရဟန်းများချုပ်တဲ့ သင်္ကန်း” ••••••••••••••••••••••••••••••••••••• အခုလည်းကြည့်။ လွန်ခဲ့တဲ့ သုံးဘဝတုန်းက မယား ဖြစ်ခဲ့ဖူးတဲ့ ဇာလိနီ နတ်သမီးဟာ ချစ်မေတ္တာရေစက် မကုန်ဘဲ အရှင်အနုရုဒ္ဓါအတွက် သင်္ကန်းချုပ်နိုင်ရန် နတ်ပုဆိုး အကောင်းစားတွေ ချပေးခဲ့ပြီလေ။ အရှင်အနုရုဒ္ဓါ သင်္ကန်းချုပ်သောနေ့။ ဟိုစဉ်က ယနေ့ကဲ့သို့ ဒကာ, ဒကာမတို့ ဝယ်ယူ လှူဒါန်းသော သင်္ကန်းမျိုးစုံ အလွယ်တကူ ဝတ်ရုံ သုံးဆောင်ရခြင်း မဟုတ်ပေ။ သင်္ကန်းလျာ ပုဆိုးကို အရင်ရအောင်ရှာပြီးတော့ ကောင်းနိုးရာရာတို့ကို စပ်ဟပ်ချုပ်ဆိုးပွဲမှာ ဗုဒ္ဓကိုယ်တော်တိုင်ပင် ပါဝင်ဆောင်ရွက်တော်မူတယ်။ အဂ္ဂသာဝကတွေလည်း မြောက်မြားစွာ ပါဝင်ကူညီ ဆောင်ရွက်ကြတယ်လေ။ ဗုဒ္ဓဘုရားရှင်အတွက် သင်္ကန်းတော်ကိုပင် မိထွေးတော်ဂေါ်တမီ အထူးစပယ်ရှယ် ရက်လုပ်ခဲ့တဲ့အကြောင်းတွေ ပိဋကတ်စာပေထဲမှာ အထင်အရှား ရှိသေးရဲ့၊ ထားတော့။ “နတ်ဆွမ်းတွေ လှူဒါန်းပြန်ပြီ” ••••••••••••••••••••••••••••••••••••• မယားဟောင်း တော်စပ်ခဲ့တဲ့ ဇာလိနီ နတ်သမီးဟာ အရှင်အနုရုဒ္ဓါအတွက် နတ်သင်္ကန်းကိုသာ လှူဒါန်းသည်မဟုတ်။ ဘုရားရှင်နဲ့တကွ ရဟန်းသံဃာတွေအတွက် ဆွမ်း၊ ခဲဘွယ် ဘောဇဉ်တွေ လာရောက်လှူဒါန်းကြရန် ရွာသူရွာသားတွေကို နှိုးဆော်ပြီး နိဗ္ဗာန်ဆော်လည်း လုပ်သေးတယ်။ သဒ္ဓါ၊ စေတနာတရား အားကောင်းကြတဲ့ ရွာသူရွာသား၊ ဒကာ,ဒကာမတွေ ယာဂုစတဲ့ စားဖွယ် သောက်ဖွယ်တွေ လာဖို့ကြတာ မကုန်နိုင် မခန်းနိုင်ပါဘဲ။ ပိုလျှံနေလေတော့ စွန့်ပစ်ကြရတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာ၊ ဆိုစရာ ရှိလာပြန်တယ်။ လူတွေဟာ သိတယ် မဟုတ်လား။ ဘယ်သူမှ အကဲ့ရဲ့မလွတ်ဘူး။ ပိုလျှံတော့လည်း ပိုလျှံလို့၊ မလောက်မင ဖြစ်ပြန်ရင်လည်း တိုင်းတိုင်းထွာထွာ ကပ်စေးနှဲ ကော်တရာတွေလို့ ပြောကြဦးမှာပါပဲ။ လောကကြီးမှာ အကဲ့ရဲ့လွတ်သူ မရှိဘူး။ ဘုရားရှင်ကိုလည်း ဘာသာချင်း မတူတဲ့ တိတ္တိ ၊တက္ကဒွန်းတွေက ကဲ့ရဲ့ကြတာပဲ။ အဂ္ဂသာဝက၊ မဟာသာဝက္က အစရှိတဲ့ ရဟန္တာတွေကိုလည်း အပြစ်တွေလျှောက်ပြောကာ ကဲ့ရဲ့ကြတာပါပဲ။ ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပုပ်ချခြင်းဆိုတာ လောကဓံတရားပဲလေ။ လောကဓံတရားကို လောကထဲမှာရှိတဲ့ လူသားတိုင်း ခံကြရပေတယ်။ ဒါပေမယ့် ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်တွေကတော့ ဘယ်သူကပင် ကဲ့ရဲ့,ကဲ့ရဲ့၊ အပြစ်ပြောပြော တုန်လှုပ်တဲ့သဘော မရှိကြတော့ပါ။ “ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ” အစရှိတဲ့ မင်္ဂလာ တရားတော်နဲ့ ပြည့်စုံတော် မူကြပေတယ်။ အဓိပ္ပာယ်ကတော့ အကြင်ရဟန္တာပုဂ္ဂိုလ်၏စိတ်သည် လောကဓံ တရားရှစ်ပါးတို့နှင့် တွေ့ကြုံ ရင်ဆိုင်ရသော်လည်း တုန်လှုပ်ခြင်း အလျဉ်း မရှိတော့ပေတဲ့။ လောကဓံ တရားရှစ်ပါးကို သိကြားပြီးသား ဖြစ်ပါလိမ့်မယ်။ အကျယ် မပြတော့ပါဘူး။ “ရဟန္တာဟာ အလှူမခံပါ” ••••••••••••••••••••••••••••••••••••• အခုလည်းပဲ သာမန် လူသားတွေ မဟုတ်တဲ့ ရဟန်းတွေကလည်း အရှင်အနုရုဒ္ဓါကို အ,မနာပ ပြောကြသေးရဲ့။ “အရှင်အနုရုဒ္ဓါဟာ ဒကာ,ဒကာမတွေကို လုံလောက်ရုံ မပို့ခိုင်းဘဲ သူ့မှာ ဒကာ,ဒကာမတွေ များကြောင်း၊ ပေါကြောင်း သိအောင် တမင်လုပ်တာပဲ” တဲ့ဗျာ။ မခက်ဘူးလား။ အပြောကတော့ လွတ်ကို မလွတ်နိုင်ဘူး။ ဒီကိစ္စကို မြတ်စွာဘုရားက ရှင်းပေးတော်မူတယ်။ “ရဟန်းတို့... ငါ၏သားတော် အနုရုဒ္ဓါဟာ ယာဂုဆွမ်း စတာတွေကို ဆွေမျိုး၊ အလုပ်အကျွေး၊ ဒကာ,ဒကာမတွေကို ယူဆောင်ခိုင်းခြင်းမဟုတ်။ ငါ့သားတော် အနုရုဒ္ဓါဟာ ဒီလို စကားမျိုး၊ အလှူခံတာမျိုး ဘယ်တော့မှမဆို။ ရဟန္တာတို့မည်သည် ပစ္စည်းဝတ္တုနဲ့စပ်တဲ့စကားကို ပြောကြားခြင်း အလျဉ်းမရှိပေ။ ဤယာဂုဆွမ်း စတာတွေဟာလည်း ရွာသူရွာသားတွေကြောင့် မဟုတ်။ နတ်တို့ရဲ့အာနုဘော်ကြောင့် ဖြစ်လာခြင်း ဖြစ်ပေတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ မိန့်ကြားစကားကို နားဆင်လိုက်ရတဲ့ အခါကျမှ ရဟန်းတွေဟာ ယုံမှားသံသယ ရှင်းသွားကြတယ်။ ဪ... တကယ်တော့ ငယ်စဉ်ကပင် မရှိဆိုတဲ့စကား မကြားဖူးရုံမျှမက “မရှိမုန့်” ထင်နေတဲ့ နတ်သုဓာ၊ နတ်မုန့်တွေကို အစဉ်စားသုံးလာခဲ့တဲ့ အရှင်အနုရုဒ္ဓါ၊ နတ်သမီး လှူဒါန်းတဲ့နတ်သင်္ကန်းကို ဆင်မြန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ၊ ဘုရားရှင် ကိုယ်တော်တိုင် သင်္ကန်းချုပ်ရာမှာ ပါဝင်ဆောင်ရွက်ပေးတဲ့ အရှင်အနုရုဒ္ဓါ၊ နတ်တွေ လှူဒါန်းတဲ့ ယာဂုဆွမ်းတွေကို ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတွေကို မကုန်နိုင် မခန်းနိုင် လှူဒါန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ။ ဒိဗ္ဗစက္ခုအဘိညာဉ်(နတ်တို့၏မျက်စိကဲ့သို့ အရာ ခပ်သိမ်းကို မြင်စွမ်းရှိခြင်း)ကို ရရှိတော်မူတဲ့ ရဟန္တာ အရှင် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးအား ရိုသေ ညွှတ်နိုး လက်စုံမိုးပြီး ရှိခိုးပူဇော်လိုက်ရပါတယ်။ “မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်” ••••••••••••••••••••••••••••••••••••• “အကြင်ပုဂ္ဂိုလ်တို့ကား အာသဝေါတရား ကုန်ခန်း၏။ အစာအာဟာရ၌လည်း စွဲလမ်းငြိတွယ်ခြင်း မရှိ။ ရာဂကင်းရာ နိဗ္ဗာန်အာရုံ၌သာ ကျက်စားတော့၏။ ကောင်းကင်တွင် ငှက်တို့၏ခြေရာကို မမြင်၊ မတွေ့ရသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့ကား လားရာ မရှိတော့ချေ။ (ဓမ္မပဒ အဋ္ဌကထာ၊ အရှင်အနုရုဒ္ဓါ မထေရ် ဝတ္တုများ ကိုးကား ရေးသားပူဇော်ပါသည်။) 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/573-2016-06-18-07-27-05.html
လောကထဲမှာ လူဟူ၍ ဖြစ်ကြရသော သူတို့သည် ပညာရှိသူ သူတော်ကောင်နှင့် ပညာမဲ့သူ လူမိုက် ဟူ၍ နှစ်မျိုးရှိကြပေသည်။ ပညာရှိသူ သူတော်ကောင်း တို့၏လုပ်ကိုင်ဆောင်ရွက်ချက်တို့သည် မိမိအတွက်လည်း အကျိုးရှိ၊ သူတစ်ပါးအတွက်လည်း အကျိုးရှိကြပေသည်။ မိမိလည်း ချမ်းသာ၊ သူတစ်ပါးတို့လည်း ချမ်းသာကြရပေသည်။ မျက်မှောက် ဘဝအတွက်လည်း အကျိုးရှိ၊ နောင်သံသရာ ဘဝများအတွက်လည်း အကျိုးရှိကြပေသည်။ သို့ဖြစ်၍ ပညာရှိ သူတော်ကောင်းတို့နှင့် အတူတကွ နေထိုင် လိုကြပေသည်။ ပေါင်းသင်းဆက်ဆံ လိုကြပေသည်။ ပညာမဲ့သူ လူမိုက်တို့၏ လုပ်ကိုင်ဆောင်ရွက်ချက်တို့သည် အကျိုးရှိအောင်ပင် လုပ်ကိုင်ဆောင်ရွက်ပါသော်လည်း အကျိုးမဲ့များသာဖြစ် သွားတတ်ကြပေသည်။ ဇာတ်တော်၊ နိပါတ်တော်များ၌ ပညာမဲ့သူတို့၏ ဆောင်ရွက်ချက်ကြောင့် အကျိုးမဲ့ဖြစ်ကြရသည့် သက်သေ၊ သာဓကများ အများအပြား ရှိခဲ့ကြပေသည်။ သို့ဖြစ်၍ ပညာမဲ့သူများနှင့် အတူတကွ မနေထိုင်လိုကြပေ။ ပေါင်းသင်းဆက်ဆံခြင်း မပြုလုပ်လိုကြပေ။ ထင်ရှားသော သာဓကတစ်ခုမှာ ရှေးအခါက ဘုရားလောင်း သူဌေး၌ အလွန်အသိဉာဏ်ကင်းမဲ့သူ ရောဟိဏီအမည်ရှိတဲ့ အခိုင်းအစေ ကျွန်မတစ်ယောက် ရှိခဲ့လေသည်။ ရောဟိဏီသည် တစ်နေ့သောအခါ ကောက်နယ်တာလင်း၌ နွားများဖြင့် စပါးသွား နယ်လေသည်။ သူ့ကို အလွန်ခင်မင်တဲ့ သူ့မိခင်အို အဖွားက ကောက်နယ်ရာသို့ လိုက်သွားပြီးလျှင် ကောက်တလင်း အနီးအနား၌ လဲလျောင်းကာ အနားယူနေ၏။ မှက်၊ ခြင်၊ ယင်တို့သည် အဖွားကိုယ်မှာ နားကြ (ကိုက်ကြ) လေ၏။ ထိုအခါ မိခင်အိုအဖွားက မှက်၊ ခြင်၊ ယင်တွေကို မောင်းပေးပါ ဦးဟု ပြောရာ ရောဟိဏီသည် ကျည်ပွေ့ယူ၍ မိခင်အိုအဖွား၏ ကိုယ်၌ နားနေကြသော မှက်၊ ခြင်၊ ယင်တို့ကို ရိုက်ချ၍ မောင်းလိုက်ပေသည်။ မှက်၊ ခြင်၊ ယင်တို့ကို မထိမှန်ပါဘဲ မိခင်အိုအဖွားကို ထိမှန်၍ သေဆုံးသွားရလေသည်။ အသိဉာဏ်ကင်းမဲ့သူတို့၏ ဆောင်ရွက်ချက်တို့သည် အကျိုးကို လိုလား၍ ဆောင်ရွက်ပါသော်လည်း အကျိုးမဲ့သာဖြစ်သွားတတ်ကြပေသည်။ ထိုထို ပါဠိတော်တို့၌ ပညာရှိဟူ၍ သိနိုင်ကြောင်း လက္ခဏာများ နှင့် ပညာမဲ့သူ လူမိုက်ဟူ၍ သိနိုင်ကြောင်း လက္ခဏာတို့ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်မှာ အများအပြားပင် ရှိခဲ့ပေသည်။ ထို လက္ခဏာတို့တွင် “အင်္ဂုတ္တိုရ်ပါဠိတော် အစ္စယသုတ်”၌ ဟောကြားတော်မူခဲ့သည့် ပညာရှိဟူ၍ သိနိုင်ကြောင်း လက္ခဏာနှင့် ပညာမဲ့သူ လူမိုက် ဟူ၍ သိနိုင်ကြောင်း လက္ခဏာများမှာ သိမှတ်ဖွယ်ရာ လိုက်နာကျင့်ကြံဖွယ်ရာ ကောင်းလှပါပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ပညာရှိသူ သူတော်ကောင်းလက္ခဏာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အကြင်သူတစ်ယောက်သည်- (၁)။ မိမိ၏ အပြစ်ကို အပြစ်အားဖြင့် ရှုလေ့ရှိ၏။ (၂)။ မိမိအပြစ်ကို မြင်ခဲ့သော် တရားနှင့်လျော်ညီစွာ ကုစားလေ့ ရှိ၏။ (၃)။ သူတစ်ပါးက အပြစ်ကို ဝန်ခံ၍ တောင်းပန်လာခဲ့သော် တရားနှင့်လျော်ညီစွာ သည်းခံလေ့ရှိ၏။ ထိုသူသည် ပညာရှိသူတော်ကောင်းပင် ဖြစ်ပေသည် ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ပညာမဲ့သူ လူမိုက်လက္ခဏာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အကြင်သူတစ်ယောက်သည် (၁)။ မိမိအပြစ်ကို အပြစ်အားဖြင့် ရှုလေ့မရှိ။ (၂)။ မိမိအပြစ်ကို မြင်ခဲ့သော် တရားနှင့် လျော်ညီစွာ ကုစားလေ့ မရှိ။ (၃)။ သူတစ်ပါးက အပြစ်ကို ဝန်ခံ၍ တောင်းပန်ပါသော်လည်း သည်းခံခြင်း မရှိ။ (ရန်ငြှိုးထားလျက် ရှိတတ်၏) ထိုသူသည် ပညာမဲ့သူ လူမိုက် ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ လောကီနယ်ထဲ၌ နေထိုင်ကြရသော ပုဂ္ဂိုလ်တို့သည် တစ်ယောက် တည်း တစ်ကိုယ်တည်းသာ နေထိုင်ကြရသည် မဟုတ်ပေ။ အများနှင့် စုပေါင်း၍ အတူတကွ နေထိုင်ကြရပေသည်။ တစ်အိမ်တည်းမှာ စုပေါင်း၍၊ တစ်ကျောင်းတည်းမှာ စုပေါင်း၍၊ တစ်မြို့တစ်ရွာတည်းမှာ စုပေါင်း၍ အတူတကွ နေထိုင်ကြရပေသည်။ ဤကဲ့သို့ စုပေါင်း၍ နေထိုင်ကြရာတွင် ပညာမဲ့သူ လူမိုက်တို့သည် သူတစ်ပါးတို့၏ ကြည်ညိုဖွယ်ဂုဏ်၊ ချီးမွမ်းဖွယ်ဂုဏ်တို့ကို မကြည့်ရှုတတ်ကြပေ။ သူတစ်ပါးတို့၏ ကဲ့ရဲ့ဖွယ် အပြစ်များကိုသာ ကြည့်ရှုတတ်ကြပေသည်။ မိမိ၏ အပြစ်ကိုကား မကြည့်ရှုတတ်ကြပေ။ ပညာရှိ သူတော်ကောင်းတို့သည် သူတစ်ပါးတို့၏ ကဲ့ရဲ့ဖွယ် အပြစ်များကို မကြည့်ရှုပါဘဲ မိမိ၏ အပြစ်ကိုသာ ကြည့်ရှုလေ့ ရှိကြပေသည်။ ပညာမဲ့သူ လူမိုက်တို့သည် မိမိမှာ အပြစ်များ ရှိလာခဲ့သော် ထိုအပြစ်များကို တရားနှင့် လျော်ညီစွာ ပျောက်ကင်းအောင် ကုစားလေ့ မရှိကြပေ။ မိမိ၏ အပြစ်များကို ဖုံးကွယ်၍ ထားတတ်ကြပေသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိမှာ အပြစ်များ ရှိခဲ့သော် ထိုအပြစ်များကို သင့်လျော်သော ပုဂ္ဂိုလ်တို့ထံ တင်ပြ၍ တရားနှင့်လျော်ညီစွာ ပျောက်ကင်းအောင် ကုစားတတ်ကြပေသည်။ ပညာမဲ့သူ လူမိုက်တို့သည် တစ်ဦးတစ်ယောက်က မိမိကို ပြစ်မှားကျူးလွန်မိ၍ ထိုအပြစ်များကို သည်းခံပါရန် ဝန်ချတောင်းပန်ပါသော်လည်း သည်းခံခြင်း မရှိမူ၍ ရန်ငြိုးဖွဲ့ထားတတ်ကြပေသည်။ ပညာရှိ သူတော်ကောင်းတို့သည် တစ်ဦးတစ်ယောက်က မိမိကို ပြစ်မှားကျူးလွန်မိ၍ ထိုအပြစ်များကို သည်းခံပါရန် ဝန်ချတောင်းပန်လာခဲ့သော် အနာမယူ ရန်ငြိုးမထားမူ၍ တရားနှင့်လျော်ညီစွာ သည်းခံခွင့်လွှတ်တတ်ကြပေသည်။ ဤကဲ့သို့ ပညာရှိ သူတော်ကောင်းတို့သည် မိမိ အပြစ်ကိုသာ ကြည့်ရှုတတ်ကြပေသည်။ မိမိမှာ အပြစ်ရှိသည်ဟု သိခဲ့သော် တရားနှင့်လျော်ညီစွာ ကုစားလေ့ ရှိကြပေသည်။ သူတစ်ပါးတို့၏ အပြစ်ကိုလည်း တရားနှင့်လျော်ညီစွာ သည်းခံတတ်ကြပေသည်။ ထိုကဲ့သို့ အပြစ်ကင်းအောင် ပြုပြင်တတ်ကြပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】 Posted by www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/574-2016-06-18-07-26-36.html
“မာတလိ၏ အတွေးစများ”
သူ၏နာမည် မာတလိ၊ ပြည့်စုံအောင် ပြောရသော် မာတလိ နတ်သား။ ပို၍ပြည့်စုံအောင်ဆိုရလျှင် သိကြားမင်း၏ အပါးတော်မြဲနတ်သား တစ်ယောက်။ သူ၏ အလုပ်တာဝန်က ရထားထိန်း။ သိကြားမင်းကြီး သွားလိုရာ ခရီးကို သူက ရထားမောင်းပြီး လိုက်ပို့ပေးရသည်။ ခရီးစတွင် သွားခါနီးတိုင်း သိကြားမင်းကြီး၏ အပြုအမူလုပ်ရပ်တစ်ခုကို မာတလိ အမြဲတမ်း တွေ့မြင်နေရသည်။ တစ်ကြိမ်လည်း မဟုတ်၊ တစ်ခါလည်း မဟုတ်။ နှစ်ကြိမ်၊ သုံးကြိမ် အကြိမ်းများစွာ...၊ တစ်ခါ နှစ်ခါ သုံးခါ အခါများစွာ... များစွာ။ အဲသည် သိကြားမင်းကြီး အပြုအမူ လုပ်ရပ်ကတော့ တစ်ခြား မဟုတ်။ “ရှိခိုးခြင်း၊ ဦးချခြင်း၊ အရိုအသေပြုခြင်း” တို့ပင် ဖြစ်သည်။ ဘယ်သူ့ကို ရှိခိုးတာလဲ။ ဘာကို ရှိခိုးတာလဲ။ ဘာဖြစ်လို့ ရှိခိုးတာလဲ။ ဤသည်တို့ကား အရှင်သခင် သိကြားမင်းနှင့်ပတ်သက်၍ သိချင်နေသော ရထားထိန်း မာတလိ၏ဆန္ဒများ ဖြစ်လေသည်။ ယနေ့လည်း... ကြည့်။ “မာတလိ ရထားပြင်ထား။ ဒီကနေ့ ငါခရီး သွားစရာ ရှိတယ်” သိကြားမင်း ခိုင်းစေချက်အရ မာတလိ နတ်သားသည် အာဇာနည် နတ်မြင်းပေါင်း တစ်ထောင် ကရသော နတ်ရထားကို ပြင်ဆင်ထားရသည်။ ပြီးလျှင် ဝေဇယန္တာပြာသာဒ်ထက်မှ ဆင်းသက်လာမည့် သိကြားမင်းကို စောင့်ရင်း “သိကြားမင်း ရှိခိုးရခြင်း” ၏ အကြောင်းကို တွေးနေမိလေသည်။ မာတလိ၏ အတွေးအာရုံထဲတွင် အရပ် လေးမျက်နှာကို စောင့်ကြပ်နေကြသော ဓတရဋ္ဌ နတ်မင်းကြီး၊ ဝိရုဋ္ဌက နတ်မင်းကြီး၊ ဝိရူ ပက္ခ နတ်မင်းကြီး၊ ကုဝေရ နတ်မင်းကြီး လေးယောက်တို့ ပေါ်လာကြသည်။ ဤနတ်မင်းကြီး လေးယောက် သို့မဟုတ် နတ်မင်းကြီး လေးပါးတို့က သိကြားမင်းအား ညွတ်တွားခယ ရှိခိုးကြသည်ကိုလည်း မြင်ဖူး၏။ စတုမဟာရာဇ် နတ်ပြည်၊ တာဝတိံသာ နတ်ပြည်တို့မှ ဒေဝါအလီလီသော နတ်သား နတ်သမီး အပေါင်း တို့ကလည်း သိကြားမင်းထံ လာရောက်ကြပြီး သိကြားမင်း၏ ခြေ၌ ဦးခိုက်ကြရသည်ကိုလည်း မြင်ဖူး၏။ သို့ပင်ဖြစ်ပါလျက် သိကြားမင်းသည် ခရီးထွက်သည့် အခါတိုင်း ရထားပေါ်သို့ မတက်မီ ရထား နံဘေးတွင် ခြေစုံရပ်လျက် အောက်အရပ် (လူ့ပြည်အရပ်)သို့ ဦးညွတ် ရှိခိုးသည်ကို တွေ့ရ၏။ လောကပါလ နတ်ခေါ် စတုမဟာရာဇ် နတ်မင်းကြီး လေးပါးတို့မှအစထားပြီး နတ်ဒေဝတာ အပေါင်းတို့၏ ဦးခေါင်းညွတ်ကျိုး ရှိခိုးခြင်းကို ခံရသော သိကြားမင်းက ဘယ်သူ့ကိုများ ရှိခိုးလေသနည်း။ ငါတို့အရှင် သိကြားမင်းက ရှိခိုးရမည့်သူ ရှိသေးသလော့။ အ့ံသြစရာကောင်းလေစွ။ မာတလိ၏ အတွေးတွင် သူ၏အရှင်သခင် သိကြားမင်းသည် နတ်အပေါင်းတို့၏ အရှင်သခင် ဖြစ်သည်။ နတ်ဘုရင် မင်းတရားကြီး ဖြစ်သည်။ ဘုန်းတန်ခိုး တေဇောလည်း အကြီးမားဆုံးဖြစ်သည်။ အားလုံးသော နတ်အပေါင်းတို့ကသာလျှင် သိကြားမင်းကို ရှိခိုးဦးတိုက်ကြရသည်။ သိကြားမင်းက ရှိခိုးရသူ မရှိ။ သိကြားမင်း ရှိခိုးခံရမည့်သူ မရှိနိုင်။ သိကြားမင်းထက် ကြီးသူ မရှိနိုင်။ သို့ပါလျက်နှင့် သိကြားမင်းက တရိုတသေ ရှိခိုးနေ၏။ တလေးတစား ညွတ်တွားနေ၏။ “ဘယ်သူ့ကိုများ ရှိခိုးလေသနည်း” ငါသိကြားမင်းကို မေးလျှောက်ကြည့်ဦးမည်ဟု စိတ်အကြံဖြစ်သော်လည်း မေးရန် သင့်မသင့်။ မေးလိုက်လျှင် ငါ့ကိုများ အမျက်မာန်ရှလေမလား။ စဉ်းစားရင်ချင့်ချိန်ရင်းနှင့်ပင် အချိန်တွေ ကုန်လွန်လာခဲ့သည်။ “ယနေ့တော့ ဒီကိစ္စကို ငါမေးဖြစ်အောင် မေးမည်” မာတလိ နတ်သားသည် သိကြားမင်း အလာကို စောင့်ကြိုနေလေ၏။ မကြာပါ။ မာတလိ မျှော်လင့်နေချိန်မှာပင် အရှင်သိကြားမင်းသည် ပြာသာဒ်ပေါ်မှ ဆင်းသက်လာလေသည်။ ရထားနံဘေးသို့ ရောက်သောအခါ ပြုမူနေကျအတိုင်း ရထားပေါ်သို့ မတက်မီ ခြေစုံရပ်ပြီး ရှိခိုးလေ၏။ ရှိခိုးပြီးနောက် သိကြားမင်းသည် ရထား ထွက်ခွာရန် မာတလိကို လှည့်ကြည့်လိုက်သည်။ အသင့်စောင့်နေသော မာတလိသည် သိကြားမင်းကို လက်အုပ်ချီကာ မေးမြန်း လျှောက်တင်ပါ လေတော့သတည်း။ “အရှင်သိကြားမင်း အကျွနု်ပ်မေးပါရစေ။ မေးခွင့်ပြုပါ” “အရှင်သိကြားမင်းကို ဗေဒင်သုံးပုံကို ဆောင်သော ဗြဟ္မဏတို့ကလည်းကောင်း၊ မြေပေါ်နေသူ အပေါင်းတို့ကလည်းကောင်း၊ မင်းစိုးရာဇာတို့က လည်းကောင်း၊ နတ်မင်းကြီး လေးယောက်တို့က လည်ကောင်း များသော အခြံအရံ ရှိကြသော တာဝတိံသာ နတ်တို့ကလည်းကောင်း ရှိခိုးကြကုန်၏။ အရှင်သိကြားမင်း၊ အရှင်သိကြားမင်းသည် ဤကဲ့သို့ လူမင်း၊ နတ်မင်း၊ အပေါင်းတို့၏ ဦးခေါင်းညွတ်ကျိုး ရှိခိုးခြင်းကို ခံယူရသည်ဖြစ်ပါလျက် အရှင်သိကြားမင်းက ရှိခိုးရသောသူ ရှိပါသေးသလား၊ ရှိပါသေးက အဘယ်နတ်မင်းပါနည်း”။ မာတလိ၏ သိလိုရေးကြောင့် မေးမြန်းလာချက်ကို သိကြားမင်းက ကောင်းစွာ ဖြေကြားပေး၏။ “မာတလိ ဗေဒင် သုံးပုံတတ်သော ပုဏ္ဏား၊ မြေ၌နေသူများ၊ မင်းစိုးရာဇာများ၊ နတ်မင်းကြီးများ၊ တာဝတိံသာ နတ်သားများက ငါ့ကိုရှိခိုးကြသည် မှန်ပါ၏။ ငါရှိခိုးသည်ကား - ❖-သီလနှင့်ပြည့်စုံသော သီလဝန္တပုဂ္ဂိုလ်၊ ❖-တည်ကြည်သော သမာဓိ တရားနှင့်ပြည့်စုံသူ၊ ❖-မြင့်မြတ်သော အကျင့်သိက္ခာရှိသူ ရဟန်းတော်များကို ရှိခိုးခြင်းဖြစ်၏။ (သိကြားမင်းသည် ရတနာသုံးပါးကို အမြဲဆည်းကပ် ကိုးကွယ်သော သမ္မာဒိဋ္ဌိ အယူရှိသူ ဖြစ်ကြောင်း ထင်ရှား၏။ သင်တို့လည်း ရတနာသုံးပါးကို မမေ့ကြနှင့် ဟု သတိပေးရာ ရောက်ပါ၏။) သိကြားမင်း၏ အကျယ်တဝင့်ဖြေကြားချက်ကို သိရသောအခါ မာတလိနတ်သားသည် သိကြားမင်း အောက်သို့ ငုံ့၍ရှိခိုးခြင်း အကြောင်းအရာကို ထင်လင်းစွာ၊ အမြင်ရှင်းစွာ သေသေချာချာ သိသွားလေတော့သည်။ မာတလိ နတ်သားသည်လည်း အရှင်သိကြားမင်း၏ ကောင်းမွန်သော အလေ့အထများကို အတုယူကာ ထိုကဲ့သို့ ကျင့်ဝတ်သိက္ခာ၊ ကောင်းမှု ကုသိုလ်များနှင့် ပြည့်စုံကြသူများကို သူလည်း ရှိခိုးပါကြောင်း ကောင်းစွာ လျှောက်တင်လိုက်သည်မှာ- “အရှင်သိကြားမင်း၊ အရှင်သိကြားမင်းသည် မြင့်မြတ်သူများရှိခိုးသကဲ့သို့ အကျွနု်ပ် မာတလိ နတ်သားကလည်း အရှင်သိကြားမင်းကဲ့သို့ ရှိခိုးပါ၏။ ဦးညွတ်ပါ၏။ အရိုအသေပြုပါ၏။” ဟူသတည်း။ မာတလိလည်း သိကြားမင်းနှင့်ပတ်သက်သော သူသိချင်သော ကိစ္စကို သိရပေပြီ။ သိကြားမင်းလည်း မာတလိ၏ မေးခွန်းကို ဖြေဆိုပြီးလေပြီ။ ထို့နောက်တွင် သိကြားမင်းသည် အာဇာနည်း မြင်းပေါင်း တစ်ထောင်က,သော နတ်ရထားကြီးကို စီးကာ မိုးကောင်းကင် တိမ်ယံကြားတွင် ရှေ့လျား သွားလာ ပျောက်ကွယ်သွားပါတော့သည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 【ကိုးကားမှု-သံယုတ္တနိကာယ်၊ သက္ကသံယုတ်ပါဠိတော်】 -【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】 Posted by www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]